လူငယ်လေးနှင့် မိန်းမပျို
Vol. 89 Ch. 1323
ရုတ်တရက် ဆူဇီမိုက အသံတစ်သံကို ကြားလိုက်ရ၏။
“အစ်မ.. အဲဒီလူက သတိလစ်နေတုန်းလား”
အနည်းငယ် နုနယ်သော လူငယ်တစ်ယောက်၏ အသံတစ်သံက ထွက်ပေါ်လာပြီး မကျေနပ်မှု တစ်စွန်းတစ်စ ပါဝင်နေ၏။
“အခုထိတော့ မရသေးဘူး”
နောက်ထပ် အသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံက အတော်လေး သာယာနာပျော်ဖွယ်ကောင်းပြီး မိန်းမပျိုလေးတစ်ယောက်၏ အသံနှင့် တူလေသည်။
ဆူဇီမိုက သူ၏မျက်လုံးကို ဖွင့်ပြီး ကြည့်ရှုလိုက်၏။
သူသည် အတော်အတန် ကျယ်ဝန်းသော အခန်းတစ်ခုထဲမှာ ရောက်ရှိနေ၏။ သူက စန္ဒကူးခုတင်တစ်လုံးပေါ်မှာ လှဲလျောင်းနေရပြီး သူ့ကို ထူထဲသော စောင်တစ်ထည်ဖြင့် ခြုံပေးထားလေသည်။
အရောင်ဖျော့ဖျော့ ခန်းစည်းများ ရှိနေပြီး ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်ခုက ဖြာထွက်နေ၏။
ခုတင်၏ဘေးရှိ သစ်သားစားပွဲပေါ်တွင် ရိုးရှင်းသော ရေဇလုံတစ်လုံးနှင့် ကြေးမုံတစ်ချပ် ရှိနေ၏။
အခန်းသည် အတော်လေး ရှင်းလင်း၍ သေသပ်နေ၏။ အလှဆင်ထားသည့် အရာများက ရိုးရှင်းသော်လည်း အဲဒါက အတော်လေးကို ကြော့ရှင်းသေသပ်နေ၏။ အဲဒါက မိန်းမပျိုလေးတစ်ယောက်၏ အခန်းတစ်ခန်းနှင့် တူလေသည်။
အခန်းတံခါးကို တင်းကျပ်စွာ ပိတ်ထားသော်လည်း ဆူဇီမိုသည် သူ၏အမြင်အာရုံအရ လမ်းလျှောက်လာနေသော ပုံရိပ်နှစ်ခုကို မြင်နိုင်လေသည်။
ဘယ်ဘက်ရှိ ပုံရိပ်က အနည်းငယ် ပုပြီး သူ၏ ပခုံးနှစ်ဖက်က ကျယ်၍ တက်ကြွစွာဖြင့် လျှောက်လှမ်းလာ၏။
ညာဘက်ရှိ ပုံရိပ်က အနည်းငယ် ပိုမြင့်ပြီး သူမ၏ ဆံပင်ရှည်များက တဖျပ်ဖျပ် လှုပ်ခါနေ၏။ သူမသည် ဆွဲဆောင်မှုရှိသော ကြော့ရှင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထား၏။ သူမသည် စောစောက စကားပြောလိုက်သော အစ်မဖြစ်သူ ဖြစ်ရပေမည်။
“အစ်မ.. အဲဒီလူရဲ့ နောက်ခံက ဘာမှန်းမသိရဘူးနော်.. နင် သူ့ကို ဒီလောက်အကြာကြီး ဂရုစိုက်ပေးပြီးပြီပဲ.. ငါ့အထင်တော့ နင် သူ့ကို အပြင်ထုတ်လိုက်သင့်တယ်.. သူ့ဘာသာသူ ရှင်သန်ဖို့ ကြိုးစားလိမ့်မယ်”
ဘယ်ဘက်ရှိ လူငယ်လေးက ပြောလိုက်၏။
“အခုချိန်မှာ သူ့ကို အပြင်ထုတ်လိုက်တာက သူ့ကို သတ်လိုက်တာနဲ့ ဘာများကွာခြားဦးမှာလဲ”
မိန်းကလေးက သူမ၏ ခေါင်းကို ခါပြလိုက်၏။
“ငါတို့က သူနိုးလာတဲ့အထိ စောင့်ရမယ်.. ပြီးတော့မှ နောက်ထပ် ထပ်ပြီး စဉ်းစားကြတာပေါ့”
“ဒါပေမဲ့ အစ်မ.. နင့်ရဲ့ ဒန်ထျန်က ပျက်စီးထားတယ်လေ.. ဒါတောင် နင်က အဲဒီလူကို နေ့စဉ်နဲ့အမျှ ဒုက္ခခံပြီး ဂရုစိုက်ချင်နေတုန်းလား.. ငါစိုးရိမ်တာက နင့်ရဲ့ခန္ဓာက…”
လူငယ်လေးက တွေဝေတုံ့ဆိုင်းနေ၏။
“အဲဒါက ဘာမှမဖြစ်ပါဘူး”
မိန်းကလေးက ပြုံးလိုက်၏။
“ဒီအချိန်အတောအတွင်း ငါက သိုင်းတာအိုကို စတင်ကျင့်ကြံပြီးတော့ အသိအမြင်တချို့ ရရှိနေပြီ.. ငါ့ရဲ့ အခြေအနေက အတော်လေး တိုးတက်နေပြီ”
“အစ်မ.. နင်က အဲဒီ သိုင်းတာအိုကို ကျင့်ကြံနေတုန်းလား”
လူငယ်လေးက မျက်မှောင်ကြုတ်လိုက်၏။
“အပြင်ဘက်ကနေ ငါကြားတာတော့.. အဲဒီမိစ္ဆာ အထီးကျန်သိုင်းသခင်က ကမ္ဘာဦးတဗူးနဲ့ ပူးပေါင်းပြီးတော့ အလယ်ပိုင်းတိုက်မှာ လူများစွာကို သတ်ဖြတ်ခဲ့တယ် ပြောတယ်.. အဲဒီမိစ္ဆာ ချန်ထားရစ်တဲ့ ကျင့်ကြံရေးနည်းစနစ်ကို ကျင့်ကြံတာက ဘာများကောင်းတာ ရှိလို့လဲ”
မိန်းကလေးက မငြင်းဆန်ဘဲ တည်တံ့စွာဖြင့်သာ ပြောဆိုလိုက်၏။
“အဲဒါတွေက ကောလာဟလတွေပဲ.. ရှေးတော်ဝင်မိသားစုသုံးစုက ကျင့်ကြံသူတွေက ဓမ္မဝိသေသ အဆင့်သတ်မှတ်ချက်တိုက်ပွဲကိုတောင် သွားခဲ့တာ မဟုတ်ဘူး.. ဘယ်သူက အဲဒါကို ကိုယ်တိုင်မြင်ခဲ့တာမို့လို့လဲ.. အဲဒါတွေက ကောလာဟလတွေပဲ”
ဆူဇီမိုက ရင်ထဲမှာ လှုပ်ခတ်သွား၏။
ရှေးတော်ဝင်မိသားစုသုံးစုလား…
“ဒါပေမဲ့လို့… အထီးကျန်သိုင်းသခင်က အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေကို ဆန့်ကျင်ခဲ့တယ်လို့ ငါကြားတယ်.. အစ်မ စဉ်းစားကြည့်လေ.. သူကသာ ဆိုးယုတ်တဲ့ မိစ္ဆာတစ်ကောင် မဟုတ်ဘူးဆိုရင် အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေက သူ့ကို ဘာလို့ ဖယ်ကြဉ်မှာလဲ”
လူငယ်လေးက အလျှော့ပေးဖို့ ငြင်းဆန်ပြီး ဆက်လက်ပြောဆိုနေ၏။
မိန်းကလေးက တိတ်ဆိတ်ငြိမ်သက်သွား၏။
ခဏမျှ ရပ်တန့်ပြီးနောက်.. သူမက ဆက်ပြောလေသည်။
“တခြားအရာတွေနဲ့ ပတ်သက်ပြီးတော့ ငါသေချာမသိဘူး.. ဒါပေမဲ့လို့ အထီးကျန်သိုင်းသခင်က တာအိုတစ်ခု တည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာ သင်ကြားပေးခဲ့တာတော့ ငါကိုယ်တိုင် မြင်တွေ့ခဲ့တယ်.. အဲဒါက လောကကို ကောင်းချီးမင်္ဂလာ ဆောင်ကြဉ်းပေးခဲ့တဲ့ ဂုဏ်ကျက်သရေ ထွန်းတောက်တဲ့ အောင်မြင်ရရှိမှုပဲ”
“သိုင်းသုတ္တန်တစ်ဝက်ကို လောကမှာ ဖြန့်ဝေပေးခဲ့တဲ့အတွက် လောကမှာရှိတဲ့ သက်ရှိအားလုံးက အဲဒါကို ကျင့်ကြံနိုင်ကြပြီ.. အဲ့ဒါမျိုး မဟာအကျိုးဆောင်မှုတစ်ခုကို ဘယ်အရာကမှ မဖျက်ဆီးပစ်နိုင်ဘူး”
လူငယ်လေးက မကျေမနပ်ဖြစ်နေဆဲဖြစ်ပြီး ဆက်ပြောလိုက်၏။
“အဲ့လိုဆိုပေမဲ့လို့.. အထီးကျန်သိုင်းသခင် သိုင်းတာအိုကို ဖြန့်ဝေပြီးကတည်းက လူဘယ်နှစ်ယောက်ကများ သွေးချီရွှေအမြုတေကို စုဖွဲ့နိုင်ခဲ့လို့လဲ”
“အဲဒါက မထူးဆန်းဘူး”
မိန်းကလေးက ပြောလိုက်၏။
“ကျင့်ကြံခြင်းဆိုတာ အစကတည်းက ကောင်းကင်ဘုံကို ဖီဆန်ရတာပဲ.. စိတ်ဝိညာဉ်ရင်းမြစ်ရှိတဲ့ လူတွေကြားမှာတောင် အမြုတေတစ်ခုကို ဖွဲ့တည်နိုင်တဲ့သူက တစ်သောင်းမှာ တစ်ယောက် မရှိဘူး.. နောက်ပြီး သိုင်းတာအိုကို ကျင့်ကြံရတာက ပိုပြီးတော့ ခက်ခဲတယ်”
“ထားလိုက်ပါတော့.. အဲဒါနဲ့ ပတ်သက်ပြီး ငြင်းမနေတော့ဘူး”
သူမက လက်ကာပြပြီး အပြုံးတစ်ခုနှင့်အတူ စကားလမ်းကြောင်းပြောင်းလိုက်၏။
“မင်း အခုထိ နေ့လယ်စာ မစားရသေးဘူးမလား.. ငါ လုပ်စရာရှိတာလုပ်ပြီးရင် မင်းအတွက် စားစရာတစ်ခုခု လုပ်ပေးမယ်”
ထိုသို့ပြောရင်း မိန်းကလေးက တံခါးကို တွန်းဖွင့်လိုက်၏။
မောင်နှမနှစ်ယောက်သည် ဝင်ပေါက်ဝမှာ မတ်တတ်ရပ်လိုက်ချိန် ဆူဇီမိုက သူ၏မျက်လုံးများကို ဖွင့်ကာ သူတို့နှစ်ယောက်ကို တည်ငြိမ်စွာ ကြည့်နေသည်ကို တွေ့မြင်လိုက်ရ၏။
လူငယ်လေးက အသက်မကြီးသေးဘဲ ၁၃နှစ်ဝန်းကျင်လောက်သာ ရှိပေလိမ့်မည်။ သူ၏ အသက်အရွယ်အရ သူက ရင့်ကျက်တည်ငြိမ်သည့်ပုံပေါက်လေသည်။
မိန်းကလေးကတော့ ၁၆နှစ်ဝန်းကျင်ရှိပြီး ကောင်းကောင်းအရွယ်မရောက်သေးပေ။ သို့သော်လည်း သူမက နှင်းလိုဖြူဆွတ်သော အသားအရေနှင့်အတူ သွယ်လျ၍ ကြော့ရှင်းကြည့်ကောင်းလေသည်။ သူမသည် အလွန်တရာ ချောမောပြီး သူမ၏ မျက်လုံးများက တောက်ပ၍ အသက်ဝင်နေ၏။
“အား..”
လူငယ်လေး၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်၏။ ဖျတ်ခနဲဆို သူက မိန်းကလေး၏ ရှေ့သို့ ရောက်ရှိလာပြီး ဆူဇီမိုကို စိုးရိမ်တကြီး စိုက်ကြည့်လိုက်၏။
ဆူဇီမို နိုးလာသည်ကို မြင်သောအခါ မိန်းကလေး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် ပျော်ရွှင်မှု အရိပ်အယောင်က ပေါ်ထွက်လာ၏။ သို့သော်လည်း သူမက လူငယ်လေးနှင့် ယှဉ်လျှင် များစွာပို၍ တည်ငြိမ်လေသည်။
ဆူဇီမိုက သူ့ခန္ဓာကိုယ်ပေါ်ရှိ စောင်ကိုခွာချပြီး ဖြည်းဖြည်းချင်း မတ်တတ်ထရပ်လိုက်၏။
“ဟမ်”
လူငယ်လေးက ရင်တစ်ချက်ထိတ်သွားပြီး လျင်မြန်စွာ တုံ့ပြန်လိုက်၏။ သူ၏ခါးပေါ်ရှိ သိုလှောင်အိတ်ကို ပုတ်ပြီး စိတ်ဝိညာဉ်အင်းကွက်တစ်ခု ပါရှိသော ဓားပျံတစ်လက်ကို ဆွဲထုတ်လိုက်၏။ အဲဒါက အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်တစ်ခုဖြစ်၏။
သူသည် ဘယ်ဘက်လက်ဖြင့် လက်ဟန်ချိပ်စည်းတစ်ခုကို ဆင့်ခေါ်ပြီး ညာဘက်လက်ဖြင့် သူ၏ဓားပျံကို ထိန်းချုပ်ကာ အချိန်အရွေး တိုက်ခိုက်တော့မည့်ပုံရှိ၏။ သူက သတိပေးလိုက်လေသည်။
“အစ်မ.. သတိထား”
ဆူဇီမိုက ဂရုတစိုက် စောင့်ကြည့်နေ၏။ လူငယ်လေးက အခြေတည်အဆင့်မှာသာ ရှိပြီး သူ၏ ပြုမှုလှုပ်ရှားမှုများက အတော်လေး မြန်ဆန်သည်ဟု ဆိုရပေမည်။
သို့သော်လည်း မိန်းကလေးက လုံးဝ မလှုပ်ရှားပေ။
ကောင်လေးက အရမ်းသတိကြီးကြီးထားနေသည်ကို မြင်သောအခါ သူမက ပြုံး၍ သူမ၏ ခေါင်းကို ညင်သာစွာ ခါလိုက်၏။ သူမက ကောင်လေးကို တွန်းဖယ်ပြီး ဆူဇီမိုဘက်သို့ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။
“လူကြီးမင်း.. ကျေးဇူးပြုပြီး ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ.. ကျွန်မမောင်လေးက ကျွန်မကို စိုးရိမ်ပူပန်နေလို့ပါ”
ဆူဇီမိုက တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ခေါင်းညိတ်ပြ၍ မိန်းကလေးကို ဂရုတစိုက် အကဲခတ်ကြည့်လိုက်၏။
သူသည် ကစဉ့်ကလျားလေဟာနယ်ထဲမှာ ရှိနေခဲ့စဉ်က သိုင်းတာအိုသုတ္တန်ကို တစ်စုံတစ်ယောက် ရွတ်ဆိုနေသည်ကို ကြားခဲ့ရပြီး အဲဒါက ဤမိန်းကလေးထံမှ ဖြစ်ရပေမည်။
အဲဒါက အရမ်းကို ကြောက်စရာကောင်းသော တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်၏။
ဤမိန်းကလေးသည် သိုင်းတာအိုကို ကျင့်ကြံထားပြီး သူမက အာကာသဆုံမှတ်တစ်ခု အနီးနားမှာ ရှိနေခဲ့၏။ ထိုမှတစ်ဆင့် သူမသည် လေဟာနယ်စီးကြောင်းထဲရှိ ဆူဇီမိုနှင့် ဆက်သွယ်မှုတစ်ခု ပြုလုပ်မိသွားခဲ့၏။
ထို့ကြောင့်ပင်လျှင် ဆူဇီမိုက လေဟာနယ်စီးကြောင်းထဲကနေ လွတ်မြောက်လာခဲ့ခြင်း ဖြစ်၏။
မဟုတ်ပါက.. သူသည် ဤအာကာသဆုံမှတ်ကို လွဲချော်သွားလျှင် ဘယ်လောက်ကြာကြာ ဆက်ပြီး လွင်မျောနေဦးမလဲ မသိရပေ။
တစ်နည်းအားဖြင့်ဆိုလျှင်.. သူ့ရှေ့ရှိ မိန်းကလေးက တမင်မရည်ရွယ်သော်လည်း သူမက သူ့အသက်ကို ကယ်တင်ပေးခဲ့ခြင်း ဖြစ်၏။
ဆူဇီမိုသည် မိန်းကလေးကို ငေးငိုင်စွာဖြင့် ကြည့်နေ၏။
သို့သော်လည်း ကောင်လေး၏ အမူအရာက ပို၍ပင် သုန်မှုန်ခက်ထန်လာ၏။
“ဟေး.. ခင်ဗျား ဘာကို ကြည့်နေတာလဲ.. ခင်ဗျား အဲ့တိုင်းဆက်ပြီး ကြည့်နေမယ်ဆိုရင် ခင်ဗျားရဲ့ မျက်လုံးတွေကို ကျုပ် ထိုးဖောက်ပစ်လိုက်မယ်ဆိုတာ ယုံလား”
ဆူဇီမိုသည် မိန်းကလေးအပေါ် မကောင်းသော ရည်ရွယ်ချက် ရှိနေသည်ဟု ကောင်လေးက တွေးမိသွားပြီး သူက အော်ဟစ်ပြောဆိုလိုက်ခြင်း ဖြစ်၏။
ဆူဇီမိုက ငေးငိုင်နေရာကနေ နိုးထလာပြီး လူငယ်လေး၏ ခြိမ်းခြောက်မှုကို ကြားသောအခါ သူက ရယ်မိသွား၏။
သူသည် ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ဖြစ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်တွင် နံပါတ်တစ် တာအိုအရှင်ဟု သတ်မှတ်နိုင်လေသည်။ သို့သော် ယခုအခါ သူသည် အခြေအတည်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ခြိမ်းခြောက်ခြင်းကို ခံနေရ၏။
သို့သော်လည်း ဤကောင်လေးကို အပြစ်တင်လို့ မရပေ။
ယခုအချိန်မှာ သူ၏ အခြေအနေက အနည်းငယ် ထူးခြားနေ၏။
သူသည် လေဟာနယ်စီးကြောင်းထဲကို မဝင်ရောက်ခင်က အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်သည် ဝူရှဲ့ ထုတ်ဖော်လိုက်သော အသတ်ဖြတ်ကျိန်စာ၏ သက်ရောက်ခြင်းကို ခံခဲ့ရ၏။
ယခုအချိန်ထိကို ထိုစွမ်းအားက ပျက်ပြယ်မသွားသေးဘဲ ဆူဇီမို၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို လွှမ်းခြုံထားဆဲဖြစ်၏။
အဲဒါကြောင့် ဆူဇီမိုသည် သူ၏ အမြုတေစိတ်ဝိညာဉ်စွမ်းအားကို လုံးဝ အသုံးပြုနိုင်ခြင်း မရှိပေ။
တစ်နည်းအားဖြင့်ဆိုလျှင် သူသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်၊ ဓမ္မပညာရပ် သို့မဟုတ် ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသကိုပင် ထုတ်ဖော်နိုင်ခြင်း မရှိပေ။
အခြားသူများသည် သူ့ကို ထွင်းဖောက်၍ မြင်ရလိမ့်မည် မဟုတ်ဘဲ သူ့ကို မော်တယ်တစ်ယောက်အဖြစ်သာ မှတ်ယူကြပေလိမ့်မည်။
တကယ်တော့ အဲဒါသည် သူ့ကိုယ်သူ ကာကွယ်နိုင်ခြင်း မရှိဟု မဆိုလိုပေ။
ဆူဇီမို၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာအရ သူက လှုပ်ရှားခြင်း မရှိလျှင်တောင် မည်သည့် ဓမ္မဝိသေသ တာအိုအရှင်ကမှ သူ့ကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
ဒါ့အပြင် သူက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်အတူ တုန်လှုပ်စရာကောင်းသော အနီးကပ်တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်လေသည်။
လူငယ်လေးနှင့် မတူဘဲ မိန်းကလေးက ဆူဇီမို၏ အတန်ကြာ စိုက်ကြည့်ခြင်းကို ခံရသော်လည်း သူမက မနှစ်မြို့ဖွယ်ရာ မခံစားရပေ။
ဘာကြောင့်ရယ်မသိ.. သူမ၏ ဆဋ္ဌမမြောက်အာရုံကြောင့်လား မပြောတတ်ပေ။
သူမသည် အစိမ်းရောင်ဝတ်လူ၏ အကြည့်မှ မည်သည့် မကောင်းသည့် ခံစားချက်ကိုမှ မရရှိပေ။
ဒါ့အပြင်.. အစိမ်းရောင်ဝတ်လူ၏ မျက်လုံးများသည် ကြည်လင်၍ တောက်ပနေ၏။ သူက သူမကို ငေးကြည့်နေသော်လည်း သူမကို သူကြည့်သည့်ပုံစံသည် သူမ အရင်က တွေ့မြင်ခဲ့ဖူးသည့် လူများစွာနှင့် ကွဲပြားခြားနားလေသည်။ အဲဒါသည် သူမကို မသိစိတ်အရ အလိုလို ယုံကြည်မှုတစ်ခု ပေးနေ၏။