ပေမင်ရွှယ်
Vol. 89 Ch. 1324
“မောင်လေး... နင့်ရဲ့လက်နက်ကိုသိမ်းလိုက် မရိုင်းပျနဲ့”
မိန်းကလေးက လူငယ်လေး၏ပခုံးကိုပုတ်ပြီး သူ့ကိုငေါက်ငမ်းလိုက်၏။
“ဟွန့်...”
လူငယ်လေးက အံကိုကြိတ်ပြီး ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်၏။ သူက စိတ်မပါသော်လည်း မိန်းကလေး၏ အမိန့်ကိုနာခံပြီး သူ၏ဓားပျံကို ဖြည်းဖြည်းချင်း ပြန်ရုပ်လိုက်၏။ သို့သော်လည်း သူသည် စိတ်အေးသက်သာမနေနိုင်ပေ။ သူ၏ ကြွက်သားများက အနည်းငယ်တင်းမာနေပြီး အချိန်မရွေးခုန်ဝင်၍ တိုက်ခိုက်နိုင်သည့်အလား စိုးရိမ်တကြီး စောင့်ကြည့်နေ၏။
ယခုအချိန်တွင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က အသက်ဖြတ်ကျိန်စာ၏ စွမ်းအားဖြင့် ချုပ်နှောင်ခြင်းခံထားရပြီး သူက သူ၏ဓမ္မစွမ်းအားများကို အသုံးပြုနိုင်ခြင်းမရှိပေ။ အခြားသူများအတွက်တော့ သူ့ပုံစံသည် မည်သည့်ကျင့်ကြံမှုကိုမှ မကျင့်ကြံထားသော မော်တယ်တစ်ယောက်နှင့်တူနေ၏။
အဲ့ဒါကြောင့် လူငယ်လေးနှင့် မိန်းကလေးက ဆူဇီမို၏ ကျင့်ကြံမှုအဆင့်ကို မပြောနိုင်သည်မှာ အံအားသင့်စရာမရှိပေ။
ထိုအခိုက်အတန့်တွင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ဆူဇီမို၏ခွန်အားကို ထွင်းဖောက်မြင်နိုင်လိမ့်မည်မဟုတ်ပေ။
“ငါ့အသက်ကို ကယ်ခဲ့တဲ့သူက မင်းလား”
ဆူဇီမိုက မိန်းကလေးကိုကြည့်ပြီး မေးလိုက်၏။
သူမက ပြန်ပြောင်းစဥ်းစားနေသောအမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
“အဲ့ဒီနေ့တုန်းက ကျွန်မအပြင်ဘက်မှာ ကျင့်ကြံနေတုန်း ရုတ်တရက် ကောင်းကင်က တိမ်ညိုတိမ်မဲတွေနဲ့ ပြည့်နှက်လာပြီးတော့ လျှပ်စီးတေ တဖျပ်ဖျပ်လက်လာတယ်... မိုးကြိုးတစ်စင်းက ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ကို ပစ်ချလိုက်တယ်... ရှင်က မလှမ်းမကမ်းမှာ လဲကျနေတာ.. မိုးကြိုးစက်ကွင်းမိပြီးတော့ သတိလစ်သွားခဲ့တာဖြစ်ရမယ်... အဲ့ဒါကြောင့် ကျွန်မက ရှင့်ကို ဒီကိုခေါ်လာခဲ့တာ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“လူကြီးမင်း... ကျွန်မက ရှင့်ကို ဘယ်လိုခေါ်ရမလဲ”
မိန်းကလေးက ထပ်မံ၍မေးလိုက်၏။
ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောလိုက်၏။
“ငါ့ရဲ့မျိုးရိုးနာမည်က ဆူ”
သူသည် ယခုအချိန်မှာ ဘယ်နေရာကိုရောက်နေသလဲ မသိရပေ။ သူ၏အမြုတေစိတ်ဝိညာဥ်က ချုပ်နှောင်ခံထားရပြီး သူ၏တိုက်ခိုက်ရည်ခွန်အားကပါ ကြီးမားစွာ လျော့ကျနေသည့်အတွက် သူသည် သူ့အကြောင်းအရာရာတိုင်းကို ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ပေ။
တကယ်တော့... လူငယ်လေးနှင့် မိန်းကလေး၏ အတွေ့ကြုံအရ သူ၏ နာမည်ကိုထုတ်ပြောလျှင်တောင် သူတို့က အဲ့ဒါကို ကြားဖူးလိမ့်မည်မဟုတ်ကြောင်း သူက ခန့်မှန်းမိ၏။
ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိလူတိုင်းသည် တာအိုအရှင်အထီးကျန်သိုင်းသခင်ကို သိကြ၏။
သို့သော်လည်း အထီးကျန်သိုင်းသခင်၏ နာမည်အမှန်က ဆူဇီမိုဖြစ်သည်ကို သိသည့်သူ များများစားစားမရှိပေ။
“ဟွန့်...”
ကောင်းလေးက အေးစက်စွာနှစ်တစ်ချက်မှုတ်ပြီး လှောင်ပြောင်လိုက်၏။
“ခင်ဗျားက တော်တော်လျှို့ဝှက်တာပဲ... တစ်ချက်ကြည့်လိုက်ရုံနဲ့ ခင်ဗျားက လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာ ကျုပ်ပြောနိုင်တယ်”
မိန်းကလေးက တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။
သူမ၏ထင်မြင်ချက်အရ ထိုသူသည် စိမ်းသက်သောနေရာတစ်ခုသို့ ရောက်ရှိလာပြီး ယခုမှ နိုးထလာသည့်အတွက် အပြင်လူများကို သတိကြီးကြီးထားနေသည်မှာ ယုတ္တိတန်လေသည်။
“မင်းတို့ရဲ့ နာမည်တွေကရော”
ဆူဇီမိုကမေးလိုက်၏။
“ကျွန်မနာမည်က... ပေမင်ရွှယ်”
မိန်းကလေးက ပြုံး၍ မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိပေ။ သူမက သူမဘေးရှိ လူငယ်လေး၏ ပုခုံးကို ပုတ်ပြလိုက်၏။
“ဒါကတော့... ကျွန်မရဲ့မောင်လေး ပေမင်အောင်... သူက လူကြီးမင်းဆူအပေါ် နည်းနည်းရိုင်းပျမိသွားရင် ကျေးဇူးပြုပြီး သူ့ကိုအပြစ်မတင်ပါနဲ့”
“အစ်မ... သူဘယ်သူလဲဆိုတာတောင် နင်သိလို့လား... ငါတို့ရဲ့ နာမည်တွေ သူ့ကိုဘာလို့ပြောပြနေတာလဲ”
ပေမင်အောင်ဟုခေါ်သော လူငယ်လေးသည် စိတ်အလိုမကျဟန်ဖြင့် သူ၏ခန္ဓာကိုယ်ကို လှုပ်ခါလိုက်၏။
ပေမင်ရွှယ်က ပြုံး၍ သူမ၏ခေါင်းကိုခါပြလိုက်၏။
ထိုကဲ့သို့သောတစ်စုံတစ်ရာကို ဖုံးကွယ်နေစရာ မလိုအပ်ပေ။
“ပေမင်....”
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်၍ တီးတိုးရေရွတ်လိုက်၏။
“အဲ့ဒီမျိုးရိုးနာမည်က ကြားနေကျတော့ မဟုတ်ဘူး”
ထိုစကားကိုကြားသောအခါ ပေမင်အောင်သည် မကျေမချမ်းဖြင့် သူ၏လက်သီးကိုတင်းတင်းဆုပ်လိုက်၏။
ပေမင်ရွှယ်၏ မျက်လုံးထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်က ဖျပ်ခနဲလက်သွားပြီး သူမက ခေါင်းကိုအနည်းငယ်ငုံ့ထားလိုက်၏။
“ဒါက ဘယ်နေရာလဲ”
ဆူဇီမိုက တစ်ဖန်ထပ်၍ မေးလေသည်။
ပေမင်ရွှယ်က ပြောလိုက်၏။
“ဒါက... ပေမင်မြို့ပဲ ဒီမြို့မှာရှိတဲ့သူတွေအကုန်လုံးက ကျွန်မရဲ့ ကလန်သားတွေပဲ”
“ပေမင်မြို့လား”
ဆူဇီမိုက တွေဝေရှုပ်ထွေးနေဆဲ ဖြစ်ပြီး ထပ်၍မေးလိုက်၏။
“ပေမင်မြို့က ဘယ်နေရာမှာလဲ... အဲ့ဒါက အရှေ့ပိုင်းဒေသမှာလား... အလယ်ပိုင်းတိုက်မှာလား”
ပေမင်ရွှယ်က သူမ၏ခေါင်းကို ခါပြလိုက်၏။
“ပေမင်မြို့က ထျန်ဟွမ်ကုန်းမြေတိုက်ရဲ့ တောင်ပိုင်းဒေသမှာ တည်ရှိတာပဲ”
“တောင်ပိုင်းဒေသလား...”
ဆူဇီမိုက တုန်လှုပ်သွား၏။
သူသည် တည်နေရာရွှေ့ပြောင်းဝင်္ကပါကို အသက်သွင်းပြီးနောက် အာကာသဥမင်သည် သီဖန်း၏ ဖျက်ဆီးခြင်းကိုခံရကာ ယခုသူက တောင်ပိုင်းဒေသသို့ရောက်ရှိလာခဲ့လေသည်။ သူသည် အရင်က ဤနေရာသို့ တစ်ခါမှခြေမချခဲ့ဖူးဘဲ သူ့အတွက် အလွန်တရာစိမ်းသက်နေ၏။
တကယ်တော့... သူသည် တောင်ပိုင်းဒေသနှင့်ပတ်သက်၍ နားလည်မှုတချို့ ရှိလေသည်။ ဥပမာအားဖြင့် မင်းကျန်ရှိသော ဗုဒ္ဓကျောင်းတော် ၆ ကျောင်းထဲမှတစ်ကျောင်းဖြစ်သည့် ဒီပင်္ကရာကျောင်းတော်သည် တောင်ပိုင်းဒေသ၏ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်၏။
သူသည် တာအိုအမွေအနှစ်ကုန်းမြေမှာ မင်းကျန်နှင့်ခွဲခွာပြီးကတည်းက သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ပြန်မတွေ့ကြရတော့ပေ။
မင်းကျန်သည် ယခင်က ကမ္ဘာ့ကွန်ချာဗုဒ္ဓ၏ အမွေအနှစ်ကိုရရှိခဲ့ပြီး သူ၏ ကျင့်ကြံမှုက သိပ်ပြီးနောက်ကျကျန်ခဲ့လိမ့်မည် မဟုတ်ပေ။ သူက ဓမ္မဝိသေသအဆင့်သို့ ဝင်ရောက်နေပြီးလောက်လေပြီ။
သူက သူ၏ကမ္ဘာ့ကွန်ချာအစစ်အမှန်ခန္ဓာကို ထုတ်ဖော်မည်ဆိုလျှင် သူက ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်နိုင်ပေလိမ့်မည်။
မင်းကျန်သည် လောကီရေးရာဘွဲ့ထူးများကို စိတ်မဝင်စားတော့၍ ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အတွက် တိုက်ပွဲမှာ ဝင်ပါမလာတော့တာများလား။
ဒါမှမဟုတ်... မင်းကျန်က တစ်ခုခုဖြစ်နေတာများလား..။
မြောက်ပိုင်းဒေသကို.. မဟာကျိုးမြို့တော်သည် အမျိုးမျိုးသောဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများနှင့်ပူးပေါင်း၍ အုပ်ချုပ်လေသည်။
အလယ်ပိုင်းတိုက်သည် ထိပ်သီးဂိုဏ်းကြီးများအပေါ် လုံးလုံးလျားလျား မှီခိုထား၏။
တောင်ပိုင်းဒေသကတော့ မြောက်ပိုင်းဒေသနှင့် အလယ်ပိုင်းတိုက်တို့နှင့် မတူပေ။
တောင်ပိုင်းဒေသ၏ အသန်မာဆုံးအဖွဲ့အစည်းမှာ ဒဏ္ဍာရီလာ ရှေးတော်ဝင်မိသားစု ၃စုဖြစ်၏။
အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း ၊ သားရဲနယ်မြေ ၈ခွင် ၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်း၊ ဗုဒ္ဓကျောင်းတော် ၆ ကျောင်း ၊ မိစ္ဆာဒိဋ္ဌိ ၅ဝါဒီနှင့် တစ်သီးပုဂ္ဂလ ၄အုပ်စုပြီးလျှင် ရှေးတော်ဝင်မိသားစု ၃စု လာလေသည်။
ရှေးတော်ဝင်မိသားစု ၃စုသည် မြောက်ပိုင်းဒေသမှာတုန်းက ဆူဇီမိုနှင့် တိုက်ခိုက်ခဲ့ဖူးသော ယုဝမ်မိသားစုနှင့် ထာဘာမိသားစုတို့နှင့် ကွဲပြားခြားနားလေသည်။
ဤရှေးတော်ဝင်မိသားစု ၃စုသည် ရှေးဟောင်းခေတ်ကနေ အမှန်တကယ်ဆင်းသက်လာခြင်းဖြစ်ပြီး တောင်ပိုင်းဒေသကို အုပ်စိုးလေသည် သူတို့သည် အဓွန့်ရှည်တည်တံ့နေခဲ့ပြီး မရေမတွက်နိုင်သော မုန်တိုင်းများကို တွေ့ကြုံဖြတ်ကျော်ခဲ့ဖူးလေသည်။
ကြောက်စရာအကောင်းဆုံးအချက်မှာ ရှေးဟောင်းခေတ်မှာတုန်းက တောင်ပိုင်းဒေသ၏ ရှေးတော်ဝင်မိသားစု ၃စုသည် ဧကရာဇ်များကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်၏။
ထို့ကြောင့်ပင်လျှင် ရှေးတော်ဝင်မိသားစု ၃စုက ရှည်လျားသော သမိုင်းကြောင်းများ ကိုယ်စီရှိနေကြခြင်းဖြစ်၏။
ရှေးတော်ဝင်မိသားစု ၃စု၏ မျိုးရိုးနာမည်များက ကွဲပြားခြားနားကြ၏။
ဒေါင်ဖန် ၊ နန်းကုန်နှင့် ရှီမန် ရှေးတော်ဝင်မိသားစုတို့ဖြစ်ကြ၏။
တောင်ပိုင်းဒေသတွင် ထိုမျိုးရိုးနာမည်သုံးခုသည် မည်သည့်တာအိုဘွဲ့ထက်မဆို ပို၍အသုံးဝင်လေသည်။
ထိုမျိုးရိုးသုံးခုမှ ကျင့်ကြံသူများသည် တောင်ပိုင်းဒေသကို လွှမ်းမိုးခြယ်လှယ်နိုင်ကြ၏။
“လူကြီးမင်းဆူ... ရှင့်ရဲ့စကားကိုနားထောင်ကြည့်ရတာ ရှင်က တောင်ပိုင်းဒေသက မဟုတ်တဲ့ပုံပဲ”
ပေမင်ရွှယ်က မျက်မှောင်အနည်းငယ်ကြုတ်၍ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
“အင်း...”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“ခင်ဗျားက တောင်ပိုင်းဒေသကမဟုတ်ဘူးဆိုရင် ဒီနေရာကို ဘယ်လိုရောက်လာတာလဲ... ပေမင်မြို့ကိုရောက်လာရတဲ့ ခင်ဗျားရဲ့ရည်ရွယ်ချက်က ဘာလဲ”
ပေမင်အောင်က ချက်ချင်းပင်မေးခွန်းထုတ်လိုက်၏။ ဒီတစ်ကြိမ်တွင်တော့ ပေမင်ရွှယ်က သူ့ကိုတားဆီးခြင်းမရှိတော့ပေ။
ဘာပဲပြောပြော သူမသည် ထိုသူ၏နောက်ခံကိုမသိရခင်ကတည်းက ဆူဇီမိုကို ကယ်တင်ဖို့အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးလေပြီ။
ဆူဇီမိုက လူကောင်းလားလူဆိုးလားဆိုတာ သူမလည်းပဲ မသိပေ။
ဆူဇီမိုမှာ တကယ်ပင်အခြားသော ရည်ရွယ်ချက်ရှိနေမည်ဆိုလျှင် သူမက သူ့ကိုပေမင်မြို့မှာ ဆက်နေခွင့်ပေးလိမ့်မည် မဟုတ်ပေ။
“အဲ့ဒါက ပြောရရင်တော့ အရှည်ကြီးပဲ”
ဆူဇီမိုက ခါးသက်စွာဖြင့်ရယ်မောလိုက်၏။
သူက တောင်ပိုင်းဒေသသို့ မည်သို့မည်ပုံရောက်ရှိလာသလဲ ရှင်းပြမည်ဆိုလျှင် ဤလူငယ်လေးနှင့် မိန်းကလေးသည် သေချာပေါက် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပေလိမ့်မည်။
“ဟွန့်...”
လူငယ်လေးကလှောင်ရယ်လိုက်၏။
“အစ်မ... ကျုပ်မပြောဘူးလား ဒီလူက လူကောင်းမဟုတ်ပါဘူးလို့”
ဆူဇီမိုက သူတို့ကိုအရေးလုပ်၍ ငြင်းဆိုမနေတော့ပေ။ သူ၏အကြည့်က ပေမင်ရွှယ်၏ဒါန်ထျန်သို့ ရွေ့လျားသွားပြီး သူကမျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“မင်းရဲ့ဒါန်ထျန်က ကြေမွပျက်စီးထားတာပဲ”
စောစောတုန်းက လူငယ်လေးနှင့် မိန်းကလေး၏ ပြောဆိုနေသော စကားများကို သူကြားသောအခါ ပေမင်ရွှယ်၏ ဒါန်ထျန်သည် သူမကျင့်ကြံခြင်းမှာ အမှားအယွင်းတစ်ခုပြုလုပ်ခဲ့ခြင်းကြောင့် ပျက်စီးသွားခြင်းသာဖြစ်မည်ဟု သူကတွေးထင်ထား၏။
ကြည့်ရသည်မှာ ပေမင်ရွှယ်၏ ဒါန်ထျန်သည် ပြင်ပအားတစ်စုံတစ်ရာကြောင့် ပျက်စီးသွားခဲ့သည်မှာ သိသာနေ၏။
ပေမင်ရွှယ်က ပြန်ဖြေခြင်းမရှိဘဲ ပြန်လှန်မေးလိုက်၏။
“လူကြီးမင်းဆူ... ရှင်ကလည်း ကျင့်ကြံခြင်းအကြောင်း သိထားတာလား”
“နည်းနည်းပါးပါးပေါ့...”
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
ပေမင်ရွှယ်က သူမ၏နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။
“ဘာမှဖုံးကွယ်နေစရာတော့မရှိပါဘူး... ကျွန်မရဲ့ဒါန်ထျန်က ပျက်စီးသွားတယ်ဆိုတော့လည်း ပျက်စီးသွားတယ်ပေါ့.. အလွန်ဆုံး ကျွန်မကအစကနေ ပြန်စရုံပေါ့”
သူမ၏မျက်လုံးထဲတွင် သူမ၏ဒါန်ထျန်ပျက်စီးသွားခြင်းမှာ နစ်နာဆုံးရှုံးမှု သို့မဟုတ် စိတ်ပျက်အားငယ်မှု တစ်စွန်းတစ်စမှမရှိပေ။
ဆူဇီမိုပင်လျှင် ဤကဲ့သို့မယိမ်းမယိုင်သောအကြည့်ကို စိတ်ထဲကနေ ချီးကျူးလိုက်ရ၏။
“အစ်မ... ဘာမှမပူနဲ့ ငါနင့်အတွက်သေချာပေါက်လက်စားချေပေးမယ်”
ပေမင်အောင်က ထိုစကားကိုကြားသောအခါ သူက လောလောဆယ်မှာဆူဇီမိုကို တိုက််ခိုက်ဖို့ပင်မေ့လျော့သွား၏။ သူက တစ်ဘက်သို့လှည့်ပြီး အံကိုတင်းတင်းကြိတ်ကာ မုန်းတီးစွာဖြင့်ပြောဆိုလိုက်၏။
“မောင်လေး... ဒီကိစ္စမှာဝင်မပါနဲ့”
ပေမင်ရွှယ်က သူမ၏ခေါင်းကိုခါပြလိုက်၏။
“ကျုပ်က ဘာလို့ဝင်မပါရမှာလဲ”
ပေမင်အောင်က မကျေမချမ်းဖြင့်ပြောဆိုလိုက်၏။
“အစ်မ.. နင်က... နောက်ဆုံးမှာ နင့်ရဲ့အမြုတေကိုဖွဲ့တည်နိုင်ခဲ့ပြီလေ... ဒါပေမယ့်လို့ အဲ့ဒါကို ဟိုအမျိုးသမီးက ဖျက်ဆီးပစ်ခဲ့တာပဲ... အဲ့ဒီရန်ကြွေးက ဘယ်လိုမှညှိနှိုင်းလို့ မရတော့ဘူး”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး အနည်းငယ်ယိမ်းယိုင်လှုပ်ရှားသွား၏။
၁၆နှစ်ဝန်းကျင်မျှသာရှိသေးသော ဤပေမင်ရွှယ်က အမြုတေတစ်ခုကို ဖွဲ့တည်နိုင်ခဲ့ဖူးလေသည်။
ထိုကဲ့သို့သော ပါရမီအရည်အချင်းက တကယ့်ကိုတုန်လှုပ်စရာကောင်း၏။