ရေစက်
Vol. 89 Ch. 1327
အစကနေ ယခုချိန်ထိ ဆူဇီမိုသည် တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ ဘေးကနေ အေးစက်စွာသာ စောင့်ကြည့်နေခဲ့၏။
အစက သူဖိနှိမ်ထားခဲ့သော အတွေးသည် ပြန်လည်ထင်ဟပ်လာခဲ့၏။
စောစောက ပေမင်ရွှယ်ထံမှ သိုင်းတာအို၏ ရှားရှားပါးပါး စိတ်ဓာတ်ခိုင်မာမှုကို သူခံစားမိသောအခါ ဆူဇီမိုသည် သူမကို တပည့်တစ်ယောက်အဖြစ် လက်ခံဖို့ တွေးထားခဲ့ပြီဖြစ်၏။
သို့သော်လည်း သူ၏ သရုပ်သကန်က တစ်မူထူးခြားနေသောကြောင့် သူက အဲဒါကို ပြန်လည်စဉ်းစားနေရဆဲဖြစ်၏။
သူသည် ထိပ်သီးဂိုဏ်းကြီးများနှင့် ကမ္ဘာဦးမျိုးနွယ်များကို ဆန့်ကျင်ခဲ့၏။ သူက ကျင့်ကြံရေးလောကမှာ ပြန်လည်ပေါ်ထွက်လာမည်ဆိုလျှင် သေချာပေါက် အမဲလိုက်ခံရဦးမည်ဖြစ်၏။
သူ့အနေဖြင့် သူ့ကိုယ်သူ ကာကွယ်ဖို့ပင် ခက်ခဲနေလေသည်။ သူက တပည့်တစ်ယောက်ကို လက်ခံမည်ဆိုလျှင် ထိုတပည့်အတွက် သူက ကပ်ဆိုးတစ်ခု ဖြစ်လာနိုင်၏။
တကယ်တော့.. ဆူဇီမို၏ အစွမ်းအစအရ သူသည် တပည့်များကို လက်ခံဖို့ အဆင့်မီနေခဲ့သည်မှာ ကြာခဲ့လေပြီ။
ဤနှစ်များအတွင်း သူသည် အဲဒါကို မပြုလုပ်ခဲ့ခြင်းမှာ သူသည် သူ၏တပည့်များကို ပြဿနာတက်၍ ရောပါငြိစွန်းစေမည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။
သို့သော် ယခုအခါ ပေမင်ရွှယ် ရင်ဆိုင်နေရသည့် အခြေအနေများအားလုံးကို တွေ့မြင်ရပြီးနောက်.. လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုက သူ၏ရင်ထဲမှာ ကြီးထွားလာပြီး နောက်ဆုံး သူက တပည့်တစ်ယောက် လက်ခံဖို့ စိတ်ပိုင်းဖြတ်လိုက်ပြီဖြစ်၏။
ပေမင်ရွှယ်သည် ပင်ယန်းမြို့မှာတုန်းက သူနှင့် တူလေသည်။
သူသည် အရင်တုန်းက တျဲယွဲ့ ပြုမူခဲ့သလိုပင် ဘေးကနေ အရာရာတိုင်းကို အေးစက်စွာ စောင့်ကြည့်နေခဲ့၏။
အဲဒါက လျှို့ဝှက်ဆန်းကြယ်၍ ဖော်မပြတတ်သော အထုံရေစက်ခံစားချက်တစ်ခုဖြစ်၏။
ပို၍အရေးကြီးသည်မှာ ပေမင်ရွှယ်သည် သိုင်းတာအိုကို ကျင့်ကြံထားပြီး ရိုင်းစိုင်းသော လေဟာနယ်စီးကြောင်းများထဲကနေ သူ့ကို ကယ်တင်ခဲ့၏။ အဲဒါက သူ့အသက်ကို ကယ်တင်ခဲ့ခြင်းနှင့် တူညီလေသည်။
သူ အရင်တုန်းက တျဲယွဲ့ကို ခေါ်လာခဲ့သလိုပင်.. သူမကလည်း တူညီသော ပုံစံဖြင့် သူ့ကို ဤနေရာသို့ ခေါ်လာခဲ့၏။ အဲဒီအချိန်မှစ၍ သူသည် အခွင့်အလမ်းတစ်ခုကို ရရှိကာ ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ခဲ့၏။
တကယ်တော့ ပေမင်ရွှယ်၏ တွေ့ကြုံခံစားရပုံသည် သူနှင့် အတော်လေးဆင်တူ၏။
အရာရာတိုင်းသည် ကြိုတင်ပြဋ္ဌာန်းထားသည့်အလား… ကံကြမ္မာနှင့် ရေစက်တို့၏ ကြောက်စရာကောင်းလောက်အောင် ပေါင်းစည်းထားမှုတစ်ခုဖြစ်၏။
ယခု ဆူဇီမိုသည် အသတ်ဖြတ်ကျိန်စာ၏ စွန်းထင်းခြင်းကို ခံထားရပြီး သူက အဲဒါကို မည်သို့မည်ပုံ ဖြေရှင်းရမလဲ သဲလွန်စ မရရှိသေးပေ။ သူက လောလောဆယ် ပေမင်မြို့မှာ ဆက်လက်၍ နေရပေဦးမည်။
“အစ်မ.. နင်အဆင်ပြေရဲ့လား”
ပေမင်အောင်က စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်၏။
ပေမင်ရွှယ်သည် တစ်ချိန်လုံး မည်သည့် ဝမ်းနည်းမှုကိုမှ ထုတ်ဖော်မပြသသော်လည်း နန်းကုန်ယွီ၏ စကားများက တကယ့်ကို နာကျင်ထိခိုက်ရလေသည်။
“အဆင်ပြေပါတယ်”
ပေမင်ရွှယ်က ပြုံးပြလိုက်၏။
ပေမင်အောင်သည် သူ့အစ်မ၏ အပြုံးကို မြင်ရမှ နောက်ဆုံး စိတ်သက်သာရာရသွား၏။
“အစ်မ.. ဘာမှမပူနဲ့.. အဲဒီမှာ နောက်ထပ်သုံးနှစ်ကျန်သေးတယ်.. ကျုပ်က သေချာပေါက် ကောင်းကောင်းကျင့်ကြံမယ်.. ဒေါင်ဖန်ရွှမ်၊ ဒေါင်ဖန်ကျစ်၊ နန်းကုန်ယွီ.. သူတို့တစ်ယောက်ကိုမှ ကျုပ်ခွင့်မလွှတ်ဘူး”
ပေမင်အောင်သည် လက်သီးနှစ်ဖက်ကိုဆုပ်ပြီး ကျိန်ဆိုလိုက်၏။
“အင်း.. မောင်လေး.. ငါ နင့်ကို ယုံတယ်”
ပေမင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။
“အစ်မ.. ကျုပ် အခု ကလန်ရဲ့ ပင်မခန်းမကို သွားပြီးတော့ ကျင့်ကြံတော့မယ်.. ကျုပ်က ဒီအချိန်အတောအတွင်း ပြန်မလာဖြစ်ဖို့များတယ်.. အစ်မက ကိုယ့်ဘာသာကိုယ် ရှင်သန်နိုင်တယ်မလား”
ပေမင်အောင်က မေးလိုက်၏။
“အဆင်ပြေတယ်.. ငါ့ကို ပူမနေနဲ့”
ပေမင်ရွှယ်က ပြောလိုက်၏။
“သွားပြီးတော့ ကျင့်ကြံချေ.. ဒီအချိန်အတောအတွင်း ငါ့ဆီကို လာလည်စရာ မလိုဘူး.. ဒါက ပေမင်မြို့ပဲ.. ကြီးကြီးမားမား ဘာမှဖြစ်မှာ မဟုတ်ဘူး… ရှေးတော်ဝင်မိသားစုသုံးစုက လူတွေက ဒီလိုပဲ လာလိုက် ပြန်လိုက် ရှိရုံပဲ”
ပေမင်အောင်က ခေါင်းညိတ်လိုက်၏။
ချက်ချင်းပင် သူသည် တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား.. မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို ကြည့်ကာ မျက်မှောင်ကြုတ်၍ အော်ပြောလိုက်၏။
“ဟေး.. ခင်ဗျား အခုချိန်ထိ ထွက်မသွားသေးဘူးလား”
ပေမင်ရွှယ်သည် ဆူဇီမို၏ မမာမကျန်းဖြစ်နေသော မျက်နှာကို တွေ့သောအခါ သူမ၏ နှလုံးသားက နူးညံ့သွား၏။
“မောင်လေး.. သွားပြီးတော့ ကျင့်ကြံတော့.. လူကြီးမင်းဆူရဲ့ ကိစ္စကို ငါကိုင်တွယ်လိုက်မယ်”
ပေမင်အောင်က တွေဝေတုံ့ဆိုင်းစွာဖြင့် ခေါင်းညိတ်လိုက်၏။
“အဲ့လိုဆိုလည်း ပြီးတာပဲ.. အစ်မ တစ်ခုခုဖြစ်မယ်ဆိုရင် ကလန်ရဲ့ မဟာခန်းမမှာ ကျုပ်ကို လာရှာလိုက်”
“အင်း”
ပေမင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။
ပေမင်အောင်သည် ဆူဇီမိုကို နောက်ဆုံးတစ်ကြိမ် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီးနောက် လှည့်ထွက်ကာ ပျောက်ကွယ်သွားလေသည်။
ပေမင်ရွှယ်သည် သူထွက်ခွာသွားတာကို စောင့်ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ပြန်လှည့်လိုက်၏။ သူမက ခြံဝန်းထဲရှိ အပျက်အစီးများကို တိတ်တဆိတ် ငေးကြည့်ပြီး သူမ၏ မျက်လုံးများက တဖြည်းဖြည်း နီရဲလာ၏။
နောက်ဆုံးမှာတော့.. သူမသည် ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်ချပြီး သူမ၏ ဒူးနှစ်ဖက်ကို လက်ဖြင့်ပိုက်ကာ မျက်ရည်များက စီးကျလာလေသည်။
ဤမိန်းကလေးသည် ဒေါင်ဖန် ရှေးတော်ဝင်မိသားစု၏ အနိုင်ကျင့်ခံရစဉ်က မည်သည့် ကြောက်ရွံ့မှုကိုမှ မပြသခဲ့ပေ။
သူမသည် နန်းကုန်ယွီ၏ သစ္စာဖောက်ခြင်းကိုခံရပြီး လှောင်ပြောင်ခံခဲ့ရစဉ်ကပင် ငိုကြွေးခဲ့ခြင်း မရှိပေ။
သို့သော်လည်း ဒေါင်ဖန် ရှေးတော်ဝင်မိသားစု၊ နန်းကုန်ယွီနှင့် သူမ၏မောင် ထွက်ခွာသွားပြီးနောက်.. သူမသည် သူမ ရင်ထဲရှိ စိတ်ခံစားချက်များနှင့် မကျေမချမ်းမှုများကို နောက်ဆုံးမှာ ဖွင့်ထုတ်လာခဲ့၏။
သူမသည် ဘာပဲပြောပြော ၁၅နှစ် ဝန်းကျင်သာ ရှိသေးပြီး ကိစ္စများစွာကို တွေ့ကြုံခံစားခဲ့ရ၏။
ဆူဇီမိုသည် သူမကို နှစ်သိမ့်ပေးခြင်း မရှိဘဲ ဘေးကနေသာ မတ်တတ်ရပ်ကြည့်နေ၏။
သို့သော်လည်း သူ၏မျက်လုံးထဲတွင် ချီးကျူးလိုသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။
အတန်ကြာပြီးနောက်.. ရှိုက်ငိုနေသော အသံက တဖြည်းဖြည်း ရပ်တန့်သွား၏။
ပေမင်ရွှယ်သည် သူမ၏ လက်နှစ်ဖက်ကို ထုတ်ပြီး သူမ မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်လိုက်၏။ သူမက မတ်တတ်ထရပ်ပြီး သူမကို ကြည့်နေသော ဆူဇီမိုကို မြင်သည့်အခါ သူမ၏ မျက်နှာက နီမြန်းသွား၏။
“ကျွန်မ တောင်းပန်ပါတယ်… ကျွန်မ ရှင့်ကို အထင်သေးစရာတွေ မြင်တွေ့စေခဲ့ပြီ”
သူမက ပြောလိုက်၏။
စောစောက သူမသည် မကျေမချမ်းဖြစ်နေခဲ့ပြီး ဆူဇီမို အနားတွင် ရှိနေသေးသည်ကို မေ့လျော့သွားခဲ့၏။
ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။
“ရပါတယ်”
“လူကြီးမင်းဆူက ဘယ်ကိုသွားရမှာလဲ.. အဲဒါက အနီးနားဒေသတစ်ခုဆိုရင် ကျွန်မ ရှင့်ကို ပြန်ပို့ပေးမယ်လေ”
ပေမင်ရွှယ်က မေးလိုက်၏။
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“အဆင်ပြေမယ်ဆိုရင် ငါက လောလောဆယ် ဒီမှာပဲ နေချင်သေးတယ်.. ငါသိချင်တာ တကယ်လို့ မင်းက..”
“ကျွန်မက အဆင်ပြေပါတယ်.. ဘာမှမဖြစ်ဘူး”
ပေမင်ရွှယ်က ပြောလိုက်၏။
“ဒီနေရာမှာ အခန်းလွတ်တချို့ ရှိနေသေးတာပဲ.. ဒါပေမဲ့လို့ အခုလို အဖြစ်အပျက်မျိုးက နောက်နောင်ဆက်ပြီး ဖြစ်လာဦးမှာပဲ.. ရှင့်ကို အနှောင့်အယှက်ဖြစ်စေမှာပဲ ကျွန်မ စိုးရိမ်မိတယ်”
“အဲဒါက ဘာမှမဖြစ်ဘူး”
ဆူဇီမိုက လက်ကာပြလိုက်၏။
“ငါ ဂရုမစိုက်ဘူး”
ပေမင်ရွှယ်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
လူကြီးမင်းဆူသည် မော်တယ်တစ်ယောက်သာ ဖြစ်သော်လည်း သူသည် ကျင့်ကြံရေးလောကနှင့် ပတ်သက်သည့် ကိစ္စတချို့ကို အတော်အတန် သိရှိထားပုံရ၏။ ဒါ့အပြင် ယနေ့ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းအပေါ်မှာ သူက မည်သည့် ကြောက်ရွံ့မှုကိုမှ မပြသခဲ့ပေ။
အဲဒါက အခြားသော သာမန်မော်တယ်များသာဆိုလျှင် အခြားအရာများကို အသာထား.. ကြောက်စရာကောင်းသော စိတ်ဝိညာဉ်တောကောင်များနှင့် သားရဲများကို မြင်တွေ့ရလျှင်ပင် သူတို့က လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပေလိမ့်မည်။
သို့သော်လည်း လူကြီးမင်းဆူက အဆင်ပြေနေပုံရ၏။
သို့သော်လည်း သူက ကျင့်ကြံသူတစ်ယောက်နှင့်လည်း မတူပေ။
“တော်တော်ထူးဆန်းတဲ့လူပဲ”
ပေမင်ရွှယ်က တွေဝေသွားသော်လည်း များစွာ စဉ်းစားတွေးတောခြင်း မရှိပေ။
ဘာကြောင့်ရယ်မသိ.. သူမသည် ဤအစိမ်းရောင်ဝတ်လူအပေါ်မှာ ရှင်းမပြနိုင်သော ယုံကြည်မှုခံစားချက်တစ်ခု ရှိနေ၏။ သူက သူမကို သေချာပေါက် ထိခိုက်နာကျင်အောင် မလုပ်ဟု သူမက ယုံကြည်နေသည့်အလားပင်။
“သူတို့ပြောနေတဲ့ ပေမင်ရှေးတော်ဝင်မိသားစုဆိုတာ ဘယ်လိုမျိုးလဲ”
ဆူဇီမိုက မေးလိုက်၏။
ပေမင်ရွှယ်က ခဏမျှ တွေးတောပြီးနောက်.. ဘာကိုမှ ဖုံးကွယ်ထားခြင်း မရှိပေ။
“ရှေးဟောင်းခေတ်တုန်းက တောင်ပိုင်းဒေသမှာ ရှေးတော်ဝင်မိသားစု လေးစု ရှိခဲ့တယ်.. အဲဒါက ဒေါင်ဖန်၊ နန်းကုန်၊ ချီမန်နဲ့ ပေမင်မိသားစုတွေပဲ.. ဒါပေမဲ့လို့ နောက်ပိုင်းမှာတော့ ပေမင်ရှေးတော်ဝင်မိသားစုက တဖြည်းဖြည်း ကျဆင်းလာပြီးတော့ ပြန်လည်ဦးမော့မလာတော့ဘူး”
“ရှေးဟောင်းခေတ်တုန်းက ပေမင်ရှေးတော်ဝင်မိသားစုက တခြားရှေးတော်ဝင်မိသားစုသုံးစုနဲ့ ယှဉ်နိုင်ပြီးတော့ ကလန်သားပေါင်း သန်းရာချီ ရှိခဲ့တယ်.. ကံဆိုးစွာနဲ့ပဲ အခုချိန်မှာတော့ ဒီမြို့လေးတစ်မြို့ပဲ ကျန်တော့တယ်”
ပေမင်ရွှယ်က သူမကိုယ်သူမ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။
“အဲ့လိုဆိုရင်တောင် အဲဒီ ရှေးတောင်ဝင်မိသားစုသုံးစုက ပေမင်မြို့ကို လက်မလွှတ်နိုင်သေးဘူး.. သူတို့က ဒီမှာရှိတဲ့ ပစ္စည်းတွေကို လုယက်ဖို့အတွက် မကြာမကြာ ရောက်လာတတ်ကြတုန်းပဲ”
“သူတို့က ပေမင်ရှေးတော်ဝင်မိသားစု ထိန်းသိမ်းစောင့်ရှောက်နေတဲ့ လျှို့ဝှက်ချက်ကို လာရှာနေကြတာလား”
ဆူဇီမိုက အကဲစမ်းသလို မေးလိုက်၏။
“အင်း”
ပေမင်ရွှယ်က ပြန်ဖြေလိုက်၏။
“ပြောကြတာတော့ ကျွန်မတို့ မိသားစုက မျိုးဆက်အလိုက် တုန်လှုပ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတယ်တဲ့.. ဒါပေမဲ့လို့ အဲဒါကို ကျွန်မလည်း မသိဘူး.. ဘယ်သူကမှလည်း ကျွန်မတို့ကို ပြောမပြခဲ့ဘူး.. တခြားကလန်သားတွေအတွက်လည်း အတူတူပဲနေမှာ”
“ဒီနှစ်တွေထဲမှာ ရှေးတော်ဝင်မိသားစုသုံးစုက ပေမင်ရှေးတော်ဝင်မိသားစုမှာရှိတဲ့ ရတနာတွေ၊ ကျင့်ကြံရေးနည်းစနစ်တွေနဲ့ လျှို့ဝှက်အတတ်တွေ အကုန်လုံးကို လုယူသွားခဲ့ကြပြီ… ပေမင်မြို့ကိုတောင် မြေလှန်ရှာခဲ့ကြပြီးပြီ.. ဒါပေမဲ့လို့ ဘာလျှို့ဝှက်ချက်ကိုမှ ရှာမတွေ့ခဲ့ကြဘူး”
ခဏမျှ ရပ်တန့်ပြီးနောက်.. သူမက ဆက်ပြောလိုက်၏။
“အဲဒီ ရှေးတော်ဝင်မိသားစုသုံးစုက ပေမင်ကလန်သားတွေကို အခုချိန်ထိ အသက်ရှင်ခွင့်ပေးထားသေးတယ်ဆိုတာ သူတို့က ကျွန်မတို့ဆီကနေ အဲဒီ လျှို့ဝှက်ချက်လို့ခေါ်တဲ့ အရာကို ရှာတွေ့နိုင်ဖို့ မျှော်လင့်နေသေးလို့ပဲ”
“ဟင်းဟင်း.. အဲ့လိုမျိုး တုန်လှုပ်စရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခု တကယ်သာ ရှိမယ်ဆိုရင် ရှာတွေ့ပြီးသွားတာ ကြာလှပေါ့.. ဘာလို့ အခုလောက် အကြာကြီး ပုန်းကွယ်နေနိုင်ပါ့မလဲ”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
သို့သော်လည်း ထိုကောလာဟလက ပေမင်ရှေးတော်ဝင်မိသားစုအတွက် လုံးလုံးမကောင်းတာတော့ မဟုတ်ပေ။
ထိုကောလာဟလကြောင့်သာ မဟုတ်လျှင် ပေမင်ရှေးတော်ဝင်မိသားစုသည် ကလန်သားတစ်ယောက်မှ မကျန်အောင် ဖျက်ဆီးခံခဲ့ရသည်မှာ ကြာနေခဲ့ပေလိမ့်မည်။