တစ်နှစ်
Vol. 89 Ch. 1329
“အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ”
ပေမင်ရွှယ်က တုန်လှုပ်သွား၏။
ထိုပြုမူလှုပ်ရှားမှုတစ်ခုသည် လှုပ်ရှားကွက် ၉ကွက်ကို သူမ ထပ်တလဲလဲ လေ့ကျင့်ခဲ့စဉ်ကထက် များစွာပို၍ အကျိုးသက်ရောက်မှု ရှိနေ၏။
လူကြီးမင်ဆူ ပြောသလို သိုင်းတာအို၏ အသွင်ပြောင်းလဲခြင်း ၉ရပ်မှာ သွေဖယ်မှုတစ်ခုက ကမ္ဘာတစ်ခု ခြားစေနိုင်တာများလား…။
သူမ၏ ပြုမှုလှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက ဤကဲ့သို့ တုန်လှုပ်စရာကောင်းသည့် အကျိုးသက်ရောက်မှုတစ်ခုကို ထုတ်ပေးနိုင်မည်ဆိုလျှင် သူမသည် သိုင်းတာအို၏ ဒုတိယမြောက် အသွင်ပြောင်းလဲခြင်း ချီငါးခုအဆီအနှစ်ကို တစ်လ သို့မဟုတ် နှစ်လ ကျင့်ကြံပြီးနောက် ရောက်ရှိသွားနိုင်လေသည်။
သုံးနှစ်ကြာပြီးလျှင် သူမသည် သွေးချီရွှေအမြုတေတစ်ခုကို ကျင့်ကြံကာ အမြုတေဖွဲ့တည်ခြင်းအဆင့်သို့ တစ်ဖန်ပြန်လည် ဝင်ရောက်သွားနိုင်ကောင်းလေသည်။
ပေမင်ရွှယ်သည် ဒေါင်ဖန်ရွှမ်၊ ဒေါင်ဖန်ကျစ်၊ နန်းကုန်ယွီနှင့် အခြားသူများ၏ မျက်နှာအမူအရာများကို မြင်ယောင်မိသောအခါ သူမ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းက ဖျပ်ခနဲလက်သွား၏။ သူမသည် ဤအသက်အရွယ်မှာပင် ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုကို ထုတ်ဖော်နိုင်နေပြီဖြစ်၏။
ဆူဇီမိုက သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။
“စောစောက လှုပ်ရှားပုံကို မင်း မှတ်မိလား”
“အင်း”
ပေမင်ရွှယ်က ခေါင်းညိတ်ပြီး ဆူဇီမို၏ ရှေ့မှောက်တွင် ထိုလှုပ်ရှားကွက်ကို ပြန်လည်ပြုလုပ်ပြလိုက်၏။
ဆူဇီမိက သူ၏ခြေထောက်ကို တစ်ဖန်ဆန့်ထုတ်ပြီး သူမကို သုံးချက်ဆင့်၍ ကန်လိုက်၏။ ထိုကန်ချက်များက ပေမင်ရွှယ်၏ ခန္ဓာကိုယ်ပေါ်သို့ လျှပ်စီးကဲ့သို့ ကျဆင်းသွားပြီး သူမက လုံးဝ မတုံ့ပြန်နိုင်ခဲ့ပေ။
သူမ၏ ခန္ဓာကိုယ်မှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားရပြီး အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ရ၏။ သို့သော်လည်း သူမသည် အံကိုတင်းတင်းကြိတ်ပြီး တိတ်ဆိတ်ငြိမ်သက်နေ၏။
ဆူဇီမိုသည် သူမ၏ ပြုမူလှုပ်ရှားမှုများကို အမှန်ပြင်ပေးနေခြင်းဖြစ်ကြောင်း သူမက သိထား၏။
ပေမင်ရွှယ်သည် သူမ၏ ပထမကြိုးပမ်းမှုတွင် အမှား ၁၀ခုကျော်ကို ပြုလုပ်ခဲ့၏။
ဆူဇီမိုသည် တစ်ခေါက်သာလျှင် သရုပ်ပြခဲ့ပြီး ပေမင်ရွှယ်က အမှား ၃ခုကိုသာလျှင် ပြုလုပ်လာတော့၏။ တစ်စုံတစ်ယောက်အနေဖြင့် ထိုကဲ့သို့သော မှတ်ဉာဏ်နှင့် ပါရမီအရည်အချင်းတစ်ခု ရှိသည်မှာ ရှားရှားပါးပါး ဖြစ်လေသည်။
သို့သော်လည်း ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး မည်သည့် အားပေးအားမြှောက်ပြုမှုကိုမှ ထုတ်ဖော်မပြသပေ။
ပေမင်ရွှယ်သည် သိုင်းတာအိုကို ကျင့်ကြံချင်သည်ဆိုလျှင် သူမသည် မမျှော်မှန်းနိုင်သော အခက်အခဲများနှင့် အတားအဆီးများကို တွေ့ကြုံဖြတ်ကျော်ရပေမည်။ အဲဒါက ပထမအဆင့်သာ ဖြစ်၏။
ပေမင်ရွှယ်သည် ပထမလှုပ်ရှားကွက်နှင့် ရင်းနှီးကျွမ်းဝင်လာပြီးနောက် ဆူဇီမိုက ဒုတိယလှုပ်ရှားကွက်ကို သရုပ်ဖော်ပြသလိုက်၏။
ပေမင်ရွှယ်က ဆက်လက်၍ လေ့ကျင့်နေ၏။
တစ်ညကြာပြီးနောက်.. ဆူဇီမိုသည် ပထမအသွင်ပြောင်းလဲခြင်း၏ လှုပ်ရှားကွက် ၉ခုစလုံးကို ပေမင်ရွှယ်အား သင်ကြားပြသပေးခဲ့ပြီဖြစ်၏။
သိုင်းတာအို၏ အသွင်ပြောင်းလဲခြင်း ၉ရပ်က လောကတစ်ခွင် ပျံ့နှံ့နေခဲ့ပြီဖြစ်၏။
သို့သော်လည်း မှန်ကန်သော လမ်းညွှန်ပြသမှု ရှိခြင်း မရှိခြင်းပေါ်မူတည်၍ ရလဒ်က အမျိုးမျိုးကွဲထွက်သွားနိုင်၏။
ဒါ့အပြင်.. တာအိုကို ရှင်းပြ၍ သင်ကြားပေးနေသောသူက သိုင်းတာအိုကို ဖန်တီးခဲ့သော သူကိုယ်တိုင်ပင် ဖြစ်နေ၏။
ဆူဇီမို၏ ကျင့်ကြံမှုနှင့် အသိအမြင်အရ သူ့အနေဖြင့် ပေမင်ရွှယ်ကို မပြောနှင့်.. ဓမ္မဝိသေသ တာအိုအရှင်များပင်လျှင် သင်ကြားပြသပေးဖို့ လုံလောက်တာထက် ပိုလေသည်။
ဆူဇီမိုသည် ဂိုဏ်းတစ်ဂိုဏ်းကို တည်ထောင်မည်ဆိုလျှင် ထိုဂိုဏ်းသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရှိ အဆင့်မြင့်ဂိုဏ်း ၁၀၈ ဂိုဏ်းထက် သေချာပေါက် အားနည်းလိမ့်မည် မဟုတ်ပေ။
သိုင်းတာအို၏ ပထမအသွင်ပြောင်းလဲခြင်းကို ပေမင်ရွှယ်အား သင်ကြားပေးပြီးနောက်.. ဆူဇီမိုသည် ထပ်မံ၍ ပေါ်မလာတော့ဘဲ သူ၏ အချိန်အများစုကို သူ၏ အခန်းထဲမှာသာ ကုန်ဆုံးစေ၏။ သူက အသတ်ဖြတ်ကျိန်စာကို ဖယ်ထုတ်နိုင်မည့် နည်းလမ်းများကို ရှာဖွေနေခြင်းဖြစ်၏။
တစ်ခဏအတွင်းမှာပင်.. တစ်လတာက ကုန်ဆုံးသွား၏။
ဤနေ့တွင် ပေမင်ရွှယ်က တံခါးခေါက်၍ ခပ်အုပ်အုပ် အော်ခေါ်လိုက်၏။
“လူကြီးမင်းဆူ.. “
ဆူဇီမိုက တံခါးကို တွန်းဖွင့်ပြီး ပေမင်ရွှယ်ကို ကြည့်လိုက်၏။ သူက မသိမသာ ခေါင်းညိတ်၍ ပြောလိုက်၏။
“မဆိုးဘူး.. မင်းက ပထမအသွင်ပြောင်းလဲခြင်းကို ပကတိအဆင့်ထိ ကျင့်ကြံထားခဲ့ပြီပဲ”
ပေမင်ရွှယ်ကလည်း ပြုံးပြလိုက်၏။
“အဲဒါက လူကြီးမင်းဆူရဲ့ လမ်းညွှန်ပြသမှုကြောင့်ပါပဲ”
ဆူဇီမိုကြောင့်သာ မဟုတ်လျှင် သူမသည် တစ်လမပြောနှင့်.. တစ်နှစ်အတွင်းမှာပင် သိုင်းတာအို၏ ပထမအသွင်ပြောင်းလဲခြင်းကို ပကတိအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ချင်မှ ကျင့်ကြံနိုင်ပေလိမ့်မည်။
“ငါ မင်းကို သိုင်းတာအိုရဲ့ ဒုတိယမြောက်အသွင်ပြောင်းလဲခြင်းကို သရုပ်ပြပေးမယ်.. သေချာလိုက်ကြည့်ထား”
ခြံဝန်းထဲသို့ ရောက်ရှိလာပြီးနောက်… ဆူဇီမိုက သိုင်းတာအို၏ ဒုတိယမြောက်အသွင်ပြောင်းလဲခြင်းမှ လှုပ်ရှားကွက် ၉မျိုးကို သရုပ်ဖော်ပြသလိုက်၏။
ပေမင်ရွှယ်သည် တစ်ခုတလေမှ လွတ်ထွက်မသွားချင်ဘဲ မမှိတ်မသုန် စောင့်ကြည့်နေ၏။
“သိုင်းတာအိုရဲ့ အခြေခံအုတ်မြစ်က လူတစ်ယောက်ရဲ့ ပါရမီအလားအလာကို အဆက်မပြတ် ဖွင့်လှစ်ပေးဖို့ပဲ.. လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အကန့်အသတ်မဲ့တဲ့ ပါရမီအလားအလာတွေနဲ့ ကြီးမားတဲ့ ရတနာတစ်ခုပဲ”
“လူတစ်ယောက်ရဲ့ ကိုယ်တွင်းအင်္ဂါ ငါးခုကို မဟာဂမ္ဘီရ ရတနာငါးမျိုးလို့ ခေါ်နိုင်တယ်.. အဲဒီ ကိုယ်တွင်းအင်္ဂါ ငါးခုကို သန့်စင်ပေးမယ်ဆိုရင် လူတစ်ယောက်က အဲဒီ ရတနာငါးခုရဲ့ ဂမ္ဘီရချီတွေကို ရရှိနိုင်ပြီးတော့ ဒွါရ ခုနှစ်ပေါက်ကို ရှင်းလင်းလာနိုင်လိမ့်မယ်.. သူတို့က လောကဆိုင်ရာ အမြင်နဲ့အကြားရဲ့ စွမ်းအားကို ပိုင်ဆိုင်လာနိုင်မယ်.. သူတို့ရဲ့ ခွန်အားက အဆပေါင်းများစွာ တိုးလာပြီးတော့ သူတို့ရဲ့ သက်လုံအားက ကြာရှည်ခံလာလိမ့်မယ်.. သူတို့ရဲ့ ကိုယ်ကာယက တုန်လှုပ်စရာကောင်းလာပြီး မြင်းငါးကောင်ကတောင် သူတို့ကို ဆုတ်ဖြဲနိုင်မှာ မဟုတ်တော့ဘူး”
(လူတစ်ယောက်၏ ခြေနှစ်ဖက်၊ လက်နှစ်ဖက်နှင့် လည်ပင်းတို့ကို ကြိုးနှင့်ချည်ကာ မြင်းငါးကောင်ဖြင့် ဆွဲ၍ တစ်ပိုင်းစီပြတ်ထွက်စေသော ရှေးခေတ်က သေဒဏ်အပြစ်ပေးမှုကို ဆိုလိုခြင်းဖြစ်သည်။)
ဆူဇီမိုသည် သိုင်းတာအို၏ ဒုတိယမြောက်အသွင်ပြောင်းလဲခြင်း၏ အနှစ်သာရနှင့် လေးနက်သိမ်မွေ့မှုကို ပေမင်ရွှယ်အား မခြွင်းမချန် သင်ကြားပေးနေ၏။
သူမ နားမလည်တာ တစ်စုံတစ်ရာရှိလျှင် ဆူဇီမိုသည် ရိုးရှင်းသော စကားလုံးများဖြင့် သူမကို သဘောပေါက် နားလည်စေ၏။
ပေမင်ရွှယ်သည် သူမ၏ ခန္ဓာကိုယ်က နေ့စဉ်နှင့်အမျှ သိသိသာသာ ပြောင်းလဲလာသည်ကို ရှင်းလင်းစွာ ခံစားနေရ၏။
အဲဒါက ပကတိအသွင်ပြောင်းလဲခြင်းတစ်ရပ်ဖြစ်၏။
နှစ်လကြာပြီးနောက်.. သူမသည် ချီငါးခုအဆီအနှစ်တွင် ပကတိအဆင့်ကို ရောက်ရှိလာခဲ့၏။ သူမ၏ အမြင်၊ အကြားနှင့် အနံ့ခံအာရုံတို့သည် ယခင် သူမ ရွှေအမြုတေအဆင့်မှာ ရှိခဲ့စဉ်ကထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။
ဤကဲ့သို့သော အခြေအနေက အရမ်းကို ကြောက်စရာကောင်း၏။
အဲဒါသည် သိုင်းတာအို၏ ဒုတိယမြောက်အသွင်ပြောင်းလဲခြင်းသာ ရှိသေး၏။
နောက်ထပ် သုံးလ ကုန်ဆုံးသွားခဲ့၏။
သိုင်းတာအို၏ တတိယမြောက်အသွင်ပြောင်းလဲခြင်း၊ ကြေးအရေပြား သံမဏိအရိုးမှာ ပကတိအဆင့်သို့ ရောက်ရှိလာခဲ့၏။
သူမ ကျင့်ကြံမှု၏ ဤအဆင့်၌ ပေမင်ရွှယ်၏ ခန္ဓာကိုယ်သည် သူမ ရွှေအမြုတေအဆင့်မှာ ရှိခဲ့စဉ်ကထက်ပင် ပိုမိုသန်မာလာပြီဖြစ်၏။ သူမသည် လက်နက်အတော်များများကို မှုစရာမလိုတော့ပေ။
လေးလ ကြာပြီးနောက်.. သိုင်းတာအို၏ စတုတ္ထမြောက်အသွင်ပြောင်းလဲခြင်းမှာ ပကတိအဆင့်ကို ရောက်ရှိသွားခဲ့၏။
တတိယမြောက်နှင့် စတုတ္ထမြောက် အသွင်ပြောင်းလဲခြင်းတို့ အပြီး၌ ပေမင်ရွှယ်၏ ခန္ဓာကိုယ်သည် မာကြောမှုနှင့် နူးညံ့သိမ်မွေ့မှုတို့ဖြင့် ယခုအခါ ပေါင်းစည်းသွားခဲ့ပြီဖြစ်၏။ သူမသည် ပေါ့ပါးဖျတ်လတ်၍ သူမ၏ ခွန်အားက အဆင့်တူချင်းမှာရှိသော မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်များနှင့် ယှဉ်နိုင်နေပြီဖြစ်၏။
သိုင်းတာအို၏ အသွင်ပြောင်းလဲခြင်း ၉ရပ်သည် ပေမင်ရွှယ်၏ ခန္ဓာကိုယ်အလားအလာကို ၎င်း၏ အကန့်အသတ်နီးပါးအထိ မြှင့်တင်ပေးခဲ့၏။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ဆူဇီမိုသည် ပေမင်မြို့သို့ ရောက်ရှိနေသည်မှာ တစ်နှစ်ကြာသွားခဲ့ပြီဖြစ်၏။
ပြီးခဲ့သည့် တစ်နှစ်အတွင်း.. သူ၏အချိန်အများစုကို သူ၏အခန်းထဲမှာသာ ကုန်ဆုံးစေခဲ့၏။ တကယ်တော့ သူသည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ဖို့နှင့် အသတ်ဖြတ်ကျိန်စာကို ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းနေခဲ့ခြင်းဖြစ်၏။
သို့သော်လည်း မည်သည့် သဲလွန်စမှ ရှိမလာခဲ့ပေ။
ပေမင်ရွှယ်၏ ကျင့်ကြံမှုက ခုန်ပေါက်၍ တိုးမြင့်လာခဲ့၏။
တစ်နှစ်အတွင်းမှာပင်… သူမသည် သိုင်းတာအို၏ ပဉ္စမမြောက် အသွင်ပြောင်းလဲခြင်းဖြစ်သော ခြင်ဆီရှင်းလင်းခြင်းကို ကျင့်ကြံထားနိုင်ခဲ့ပြီဖြစ်၏။ သူမသည် ဆဋ္ဌမမြောက် အသွင်ပြောင်းလဲခြင်း၊ သွေးချီရွှေအမြုတေအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့လေသည်။
“လူကြီးမင်းဆူ.. ကျွန်မက သိုင်းတာအိုရဲ့ ဆဋ္ဌမမြောက် အသွင်ပြောင်းလဲခြင်းကို ကျင့်ကြံထားခဲ့ပြီးပြီ.. အခုဆို ကျွန်မက ခဲပြဒါးစပ်သွေးအဆင့်ကို ရောက်နေပြီ… ကျွန်မက သွေးချီရွှေအမြုတေတစ်ခုကို စုဖွဲ့ဖို့ အခုကြိုးပမ်းကြည့်သင့်လား”
ပေမင်ရွှယ်က ကျေနပ်နှစ်ခြိုက်နေ၏။
သူမသည် ပြီးခဲ့သည့် တစ်နှစ်အတွင်း များစွာတိုးတက်ပြောင်းလဲလာခဲ့၏။
အခြားသူများသည် အဲဒါကို ခံစားမိနိုင်မှ ခံစားမိနိုင်မည် ဖြစ်သော်လည်း သူမသည် တစ်နှစ်အတွင်း ပကတိအသွင်ပြောင်းလဲသွားခဲ့သည်ကို ရှင်းလင်းစွာ ခံစားမိနေ၏။
သူမသည် သူမ၏ သွေးချီရွှေအမြုတေကို မစုဖွဲ့ရသေးသော်လည်း သူမ၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားအရ ရွှေအမြုတေအချို့ကိုပင် အနိုင်ယူနိုင်သည်ဟု ယုံကြည်နေ၏။
“ခဲပြဒါးစပ်သွေးလား.. မင်း အဲဒါကို မလုပ်ရသေးဘူး”
ဆူဇီမိုက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
“အခြားသူတွေအတွက်တော့ ခဲပြဒါးစပ်သွေးအဆင့်ထိ ကျင့်ကြံတာက သူတို့အတွက် လုံလောက်လိမ့်မယ်.. ဒါပေမဲ့လို့ မင်းကတော့ မရဘူး.. မင်းက နောက်ထပ်ဆက်ပြီး ကျင့်ကြံရဦးမယ်.. ခဲပြဒါးစပ်သွေးအဆင့်က ခြင်ဆီရှင်းလင်းခြင်းရဲ့ အဆင့်မြင့်ကျွမ်းကျင်မှုပဲ ရှိသေးတယ်”
“ဆူနာမီသွေးကမှ ပကတိအဆင့်ရဲ့ အမှတ်သင်္ကေတပဲ”
ဆူဇီမိုသည် ပေမင်ရွှယ်ကို သူ၏တပည့်အဖြစ် လက်ခံဖို့ ရည်ရွယ်ထားပြီဖြစ်တာကြောင့် သူသည် သူမ၏ အခြေခံအုတ်မြစ်ကို ပြီးပြည့်စုံအောင် တည်ဆောက်ပေးရပေလိမ့်မည်။ အဲဒါကို ပေါ့ပေါ့တန်တန် သဘောထား၍ မရနိုင်ပေ။
“ဆူနာမီသွေးလား..”
ပေမင်ရွှယ်က တုန်လှုပ်သွား၏။
သူမသည် ယခင်က ရွှေအမြုတေတစ်ယောက် ဖြစ်ခဲ့ပြီး ဆူနာမီသွေးဆိုတာကို သိထားလေသည်။
သို့သော်လည်း အဲဒါက ဖြစ်နိုင်ပါ့မလား…။
ရှေးတော်ဝင်မိသားစုသုံးစုကို မပြောနှင့်… ကျင့်ကြံရေးလောကတစ်ခုလုံးမှာပင် ဆူနာမီသွေးအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည့်လူက များများစားစား မရှိပေ။
“ဆူနာမီသွေးဆိုတာ မျိုးဆက်သွေးစွမ်းအားရဲ့ အကန့်အသတ်မလား.. ကျွန်မ အဲဒါကို လုပ်နိုင်ပါ့မလား.. “
ပေမင်ရွှယ်က သံသယဝင်နေဆဲဖြစ်၏။
“မဟုတ်သေးဘူး”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“ဆူနာမီသွေးက မျိုးဆက်သွေးရဲ့ အကန့်အသတ် မဟုတ်သေးဘူး”
“ဆူနာမီသွေးက အကန့်အသတ် မဟုတ်သေးဘူးလား”
ပေမင်ရွှယ်က တုန်လှုပ်သွား၏။
ရုတ်တရက်… အပြင်ဘက်ကနေ အော်သံတစ်သံက ထွက်ပေါ်လာ၏။
“အစ်မ.. အစ်မ.. ကျုပ်ပြန်လာပြီ”
အနည်းငယ် စိတ်လှုပ်ရှားနေသော အသံတစ်သံက ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင်.. ဗလတောင့်တောင့် လူငယ်တစ်ယောက်သည် မြင့်မားသော စိတ်ဝိညာဉ်နှင့်အတူ ခြံဝန်းထဲသို့ ဝင်ရောက်လာ၏။ သူက ပေမင်ရွှယ်ကို တွေ့မြင်သောအခါ.. စိတ်လှုပ်ရှားစွာဖြင့် ပြေးချလာလေသည်။
“အစ်မ.. ကျုပ်က ရွှေအမြုတေတစ်ခုကို ဖွဲ့တည်ခဲ့ပြီ… ကျုပ်က အခု ရွှေအမြုတေတစ်ယောက် ဖြစ်နေပြီဗျ”
ပေမင်အောင်က အသက် ၁၃နှစ်သာ ရှိသေး၏။
သူ၏ အသက်အရွယ်နှင့် ရွှေအမြုတေအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သည်မှာ သူ၏ ပါရမီအရည်အချင်းက တကယ့်ကို တုန်လှုပ်စရာကောင်း၏။ သို့သော်လည်း ဆူဇီမိုအတွက်တော့ ရွှေအမြုတေအဆင့်သို့ စောလျင်စွာ တက်လှမ်းခြင်းသည် ပေမင်အောင်အတွက် ကောင်းသည့်အရာတစ်ခု ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။
အမြုတေဖွဲ့တည်ခြင်းကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ။ ထိုအဆင့်သို့ မြန်မြန်ဆန်ဆန် ဝင်ရောက်နိုင်ခြင်းသည် ပိုတော် ပိုကောင်းသည်ဟု အဓိပ္ပာယ်မရပေ။
အကြောင်းမှာ.. အမြုတေတစ်ခုကို ဖွဲ့တည်ပြီးနောက် ရွှေအမြုတေနယ်မြေတစ်ခုကို ဖန်တီးနိုင်ဖို့ အခွင့်အရေးတစ်ခု ရှိသောကြောင့်ပင်။ အမြုတေတစ်ခုကို မဖွဲ့တည်ခင် အခြေခံအုတ်မြစ်ကို ကျစ်လစ်ခိုင်မာအောင် တည်ဆောက်နိုင်လေလေ.. ရွှေအမြုတေနယ်မြေတစ်ခုကို ဖန်တီးနိုင်ဖို့ အခွင့်များလေဖြစ်ပြီး ထိုရွှေအမြုတေနယ်မြေ၏ စွမ်းအားကလည်း ပိုမိုသန်မာလာမည် ဖြစ်၏။