ပင်လယ်ကမ်းစပ်
Vol. 89 Ch. 1330
“အဲ့ဒါကောင်းတာပေါ့”
ပေမင်ရွှယ်က ပေမင်အောင်၏ပခုံးကို ညင်သာစွာ ပုတ်လိုက်၏။
“မင်းက ရွှေအမြုတေအဆင့်ကို ဒီလောက်မြန်မြန်ဆန်ဆန် ရောက်သွားပြီပဲ... မင်းက အရင်တုန်းကငါ့ထက်တောင် ပိုပြီးသန်မာနေပြီပဲ”
“ဟီးဟီး... ဒါတင်ဘယ်ကမလဲ”
ပေမင်အောင်က လျှို့ဝှက်စွာဖြင့် ပြောဆိုလိုက်၏။
“အစ်မ... ဘေးဘက်ကိုရွှေ့လိုက်... ကျုပ်အစ်မကို တစ်ချက်ကြည့်ခိုင်းမယ်”
ပေမင်ရွှယ်က တွေဝေရှုပ်ထွေးစွာဖြင့် နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ ပေမင်အောင်သည် သူ၏ခါးကိုမတ်ပြီး သူ၏စိတ်ဝိညာဥ်စွမ်းအင်ကို လှည့်ပတ်လိုက်၏။ ချက်ချင်းပင် အကန့်အသတ်မဲ့သော သမုဒ္ဒရာတစ်စင်သည် အလွန်တရာအေးစက်နေသော အော်ရာတစ်ခုနှင့်အတူ သူ၏နောက်ဘက်မှာပေါ်ထွက်လာ၏။
ခြံဝန်းထဲရှိအပူချိန်က ထိုးဆင်းသွားလေသည်။
“ရွှေအမြုတေနယ်မြေလား”
ပေမင်ရွှယ်က အံ့အားတသင့်ရေရွတ်လိုက်၏။
ပေမင်အောင်က ခေါင်းညိတ်၍ ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောဆိုလိုက်၏။
“အစ်မ... ကျုပ်က ပေမင်မိသားစုရဲ့ အမွေအနှစ်အမြုတေနယ်မြေကိုကျင့်ကြံထားခဲ့ပြီ... ကျုပ်က ရှေးတော်ဝင်မိသားစုပြိုင်ပွဲကျရင် သေချာပေါက် လူတိုင်းကို တုန်လှုပ်စေပြီး အစ်မအတွက်လက်စားချေပေးမယ်”
“မောင်လေး... မင်း မဆင်မခြင်လျှောက်မလုပ်နဲ့”
ပေမင်ရွှယ်က အလောတကြီး ပြောဆိုလိုက်၏။
“ဒေါင်ဖန်ရွှမ်နဲ့ ဒေါင်ဖန်ကျစ်က နှစ်ယောက်စလုံး ရွှေအမြုတေနယ်မြေတွေကို ကျင့်ကြံထားတယ်... နောက်ပြီး သူတို့က နင့်ထက် အဆင့်သေး နှစ်ဆင့်သုံးဆင့်ပိုမြင့်သေးတယ် နင်... သူတို့ကို အထင်သေးလို့မရဘူး”
“အစ်မ... ဘာမှမပူနဲ့ ကျုပ်ရဲ့ကျင့်ကြံမှုက နောက်တစ်နှစ်ဆို သေချာပေါက်ထပ်တိုးလာဦးမှာပဲ... ဟမ့် စောင့်ကြည့်လိုက်ဦး”
ပေမင်အောင်က အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်၏။
အဲ့ဒီနောက် သူက တစ်စုံတစ်ရာကို သတိထားမိသွားပုံရပြီး ပေမင်ရွှယ်ကို အကဲခတ်ကြည့်ကာ တွေဝေစွာဖြင့် ပြောဆိုလိုက်၏။
“အစ်မ... ကြည့်ရတာ နင်လည်း အတော်လေးပြောင်းလဲသွားတဲ့ပုံပဲ”
သိုင်းတာအိုကို ကျင့်ကြံပြီးနောက် လူတစ်ယောက်တွင် စိတ်ဝိညာဥ်စွမ်းအင် ရှိလာမည်မဟုတ်သည့်အတွက် သူတို့၏ ကျင့်ကြံမှုအဆင့်ကို မြင်ရလိမ့်မည် မဟုတ်ပေ။
ပေမင်အောင်၏ မျက်လုံးထဲတွင် ပေမင်ရွှယ်သည် စိတ်ဝိညာဥ်ချီမရှိသော မော်တယ်တစ်ယောက်သာဖြစ်နေဆဲပင်။ သို့သော်လည်း သူမထံမှ ဖြာထွက်နေသည့်အော်ရာက ရွှေအမြုတေတစ်ယောက်ဖြစ်သော သူ့ကိုပင် ဖိအားအငွေ့အသက်တစ်ခုပေးနေ၏။
“အင်း... ပြီးခဲ့တဲ့နှစ်မှာ ငါလည်း သိုင်းတာအိုကိုကျင့်ကြံရင်းနဲ့ အတော်လေးအကျိုးအမြတ်ရခဲ့တယ်”
မောင်နှမနှစ်ယောက်သည် သူတို့၏ကျင့်ကြံခြင်းမှာ အာရုံစိုက်နေခဲ့ကြပြီး သူတို့မတွေ့ခဲ့ရသည်မှာ တစ်နှစ်ကြာသွားခဲ့ပြီဖြစ်၏။ ပေမင်ရွှယ်သည် မည်သည့်အရာကိုမှ ဖုံးကွယ်ထားခြင်းမရှိဘဲ သူမ၏မောင်လေးနှင့် ပျော်ရွှင်မှုများကိုမျှဝေနေ၏။
“အစ်မ... နင်က အဲ့ဒီသိုင်းတာအိုကို ကျင့်ကြံနေတုန်းပဲလား”
ပေမင်အောင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“ကျုပ်အထင်တော့... အဲ့ဒီသိုင်းတာအိုက လုံးဝဟန်ပြသက်သက်ပဲ... အစ်မ အဲ့ဒါကို ကျင့်ကြံပြီးတော့ အချိန်ဖြုန်းမနေနဲ့တော့”
“ပေါက်ကရတွေ....”
ပေမင်ရွှယ်က အနည်းငယ် မကျေမနပ်ဖြစ်သွား၏။
“ပြီးခဲ့တဲ့နှစ်မှာ ငါက သိုင်းတာအိုရဲ့ ပဉ္စမမြောက်အသွင်ပြောင်းလဲခြင်း ခြင်ဆီရှင်းလင်းခြင်းကို ကျင့်ကြံနိုင်ခဲ့ပြီးပြီ”
ပေမင်အောင်က အထင်သေးစွာဖြင့် နှုတ်ခမ်းစူလိုက်၏။
“အစ်မ... အဲ့ဒီသိုင်းတာအိုက ကျင့်ကြံဖို့မထိုက်တန်ဘူးလို့ ကျုပ်ထင်တယ်... စဥ်းစားကြည့်လေ အစ်မက သွေးချီရွှေအမြုတေတစ်ခုကို စုဖွဲ့နိုင်ခဲ့မယ်ဆိုရင်တောင် အစ်မက ရွှေအမြုတေနယ်မြေတစ်ခုကို ဖန်တီးန်ိင်မှာမဟုတ်ဘူး... အစ်မရဲ့ အောင်မြင်ထွန်းပေါက်မှုကလည်း အကန့်သတ်ရှိနေမှာပဲ”
“အဲ့ဒီ.. သတ္တမမြောက်အသွင်ပြောင်းလဲခြင်းတို့... အဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်းတို့ဆိုတာ အဲ့ဒီမိစ္ဆာအထီးကျန်သိုင်းသခင်ရဲ့ စိတ်ကူးစိတ်သန်းတွေပဲ ဖြစ်ရမယ်... သူတောင်မှ အဲ့ဒါကိုအောင်မြင်အောင်ကျင့်ကြံနိုင်မှာ မဟုတ်လောက်ဘူး”
ပေမင်အောင်ပြောသော တချို့အရာများက မမှားပေ။
သိုင်းတာအိုကို ကျင့်ကြံခြင်းကနေ ရွှေအမြုတေနယ်မြေများကိုအမှန်တကယ်ပင် ဖန်တီးနိုင်လိမ့်မည်မဟုတ်ပေ။
အကြောင်းမှာ ရွှေအမြုတေနယ်မြေများသည် စိတ်ဝိညာဥ်ချီများ၏ စံနမူနာဖြစ်နေသောကြောင့်ပင်။ အမြုတေတစ်ခုကိုဖွဲ့တည်ပြီး သူတို့၏ စိတ်ဝိညာဥ်စွမ်းအင်က ကောင်းကင်နှင့်မြေကြီးနှင့် ယှက်ဖြာသွားသည့်အခိုက်အတန့်မှာ ရွှေအမြုတေနယ်မြေတစ်ခုက မွေးဖွားပေါ်ထွက်လာပေလိမ့်မည်။
သိုင်းတာအိုကို ကျင့်ကြံခြင်းသည် စိတ်ဝိညာဥ်ချီကို မလိုအပ်သည့်အတွက် ရွှေအမြုတေနယ်မြေတစ်ခုကိုလည်း ဖန်တီးနိုင်လိမ့်မည် မဟုတ်ပေ။
ပေမင်ရွှယ်က တိတ်ဆိတ်ငြိမ်သက်နေပြီး ပေမင်အောင်နှင့် ငြင်းဆန်ခြင်းမရှိပေ။
“အား... ခင်ဗျားက ဘာလို့ဒီမှာရှိနေသေးတာလဲ”
ပေမင်အောင်၏အကြည့်က ရွေ့လျားသွားပြီး မလှမ်းမကမ်းရှိ ဆူဇီမိုကို တွေ့မြင်သောအခါ သူကမျက်မှောင်ကြုတ်လိုက်၏။
တင်းမာခက်ထန်သောအမူအရာနှင့်အတူ သူက ဆူဇီမိုရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ရွှေအမြုတေတစ်ယောက်၏ အော်ရာကို ထုတ်ဖော်ကာ ဖိအားပေးလိုက်၏။
“ခင်ဗျားဘယ်သူလဲ... ပေမင်မြို့ကို ခင်ဗျားဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ”
ဆူဇီမိုက သူ၏ခေါင်းကိုအနည်းငယ်ငုံ့ပြီး လူငယ်လေးကိုစိတ်ဝင်စားစွာ ကြည့်နေ၏။
သူသည် သူ၏စိတ်ဝိညာဥ်အသိစိတ်ကို အသုံးမပြုနိုင်သော်လည်း သူ၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ရှိနေဆဲဖြစ်ပြီး ရွှေအမြုတေတစ်ယောက် ထုတ်ဖော်နိုင်သည့်စွမ်းပကားက သူ့အတွက်ဟာသတစ်ခုသာဖြစ်၏။
“မောင်လေး... မရိုင်းစမ်းနဲ့”
ပေမင်ရွှယ်က အလျင်အမြန်လျှောက်လှမ်းလာပြီး ပေမင်အောင်၏ရှေ့ကနေ ပိတ်ရပ်လိုက်၏။
“မဟာခန်းမဆီသွားပြီးတော့ ကျင့်ကြံတော့... ဒီမှာ ရှိတဲ့ကိစ္စတွေကို အရေးလုပ်မနေနဲ့”
ပေမင်အောင်သည် ငယ်ရွယ်၍ စိတ်လိုက်မာန်ပါပြုလုပ်တတ်သော်လည်း သူက ပေမင်ရွှယ်၏စကားကို အလွန်တရာနာခံတတ်ပြီး သူမနှင့် အတိုက်အခံမပြုလုပ်ဝံ့ပေ။
“ဟမ့်... ခင်ဗျားကံကောင်းသွားတယ်မှတ်”
ပေမင်အောင်က ပြောဆိုလိုက်၏။
“ခင်ဗျားက ပေမင်ရှေးတော်ဝင်မိသားအပေါ် မကောင်းတဲ့ရည်ရွယ်ချက် တစ်စုံတစ်ရာရှိနေမယ်ဆိုတာ ကျုပ်ရှာတွေ့မယ်ဆိုရင် ကျုပ်အစ်မက ခင်ဗျားကိုကာကွယ်ပေးနေရင်တောင် ကျုပ်ခင်ဗျားကို ကောင်းကောင်းအပြစ်ပေးမယ်”
ထိုသို့ပြောရင်း သူ၏အင်္ကျီလက်စကို လှုပ်ခါကာ သူက ဝံ့ကြွားစွာဖြင့် ထွက်ခွာသွား၏။
“လူကြီးမင်းဆူ... ကျွန်မမောင်လေးက ငယ်သေးတယ်... သူက ကလေးပဲရှိပါသေးတယ်”
ပေမင်ရွှယ်က ဆူဇီမိုကိုဦးညွှတ်လိုက်၏။
“သူ့ကိုယ်စား... ကျွန်မကပဲ ရှင့်ကိုတောင်းပန်ပါရစေ”
ဆူဇီမိုသည် ပြုံးရုံသာပြုံးနေပြီး ပေမင်အောင်လို အဆင့်မျိုးနှင့် ဖက်ပြိုင်၍ ရန်ဖြစ်နေလိမ့်မည် မဟုတ်ပေ။
သူက စေ့စေ့စပ်စပ်အကဲခတ်ကြည့်လိုက်၏။ သူမစိတ်ထဲမှာတစ်စုံတစ်ရှိနေသည့်အလား ပေမင်ရွှယ်မျက်မှောင်ကြုတ်ထားသည်ကို မြင်သောအခါ သူက မေးလိုက်လေသည်။
“ဘာလဲ... သိုင်းတာအိုမှာ ရွှေအမြုတေနယ်မြေတစ်ခုကို မကျင့်ကြံနိုင်လို့ မင်းကစိတ်ပျက်နေတာလား”
ပေမင်ရွှယ်က ခဏမျှတိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ခေါင်းညိတ်ပြလိုက်၏။ သူမ၏ ထင်မြင်ချက်အရ သူမသည် သွေးချီရွှေအမြုတေတစ်ခုကို စုဖွဲ့နိုင်ခဲ့မည်ဆိုလျှင်တောင် ကျေနပ်အားရစရာမရှိပေ။ သူမသည် ဒေါင်ဖန်ကျစ်ကဲ့သို့ ရွှေအမြုတေနယ်မြေများကို ကျင့်ကြံထားသည့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှင် ရှုံးနိမ့်နေရဦးမည်ဖြစ်၏။
“ရွှေအမြုတေနယ်မြေတွေဆိုတာ စိတ်ဝိညာဥ်ပညာရပ်တွေရဲ့ စံနမူနာတစ်ခုသာသာပဲ အဲ့ဒါက ပြိုင်ဘက်ကင်းနေတာမဟုတ်ဘူး”
ဆူဇီမိုက တည်တံ့စွာဖြင့်ပြောဆိုလိုက်၏။
“မင်းက လုံလောက်အောင်သန်မာမယ်ဆိုရင် အဲ့ဒါကို အလွယ်တကူချေဖျက်နိုင်တယ်... ဆိုရိုးစကားထဲကလို တစ်ဖက်သတ်ခွန်အားက အရာရာပဲ... မင်းက ကြယ်တာရာဖြည့်သွင်းခြင်းနဲ့ မဖျက်ဆီးနိုင်သောစိန်အဆင့်ကို ဖြတ်ကျော်နိုင်ခဲ့မယ်ဆိုရင် မင်းက မင်းရဲ့ကိုယ်ကာယနဲ့ ရွှေအမြုတေနယ်မြေအများစုကို ဖိနှိမ်နိုင်လာလိမ့်မယ်... မင်းက နဂါးဆင်အင်အားကို ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် မင်းက နံပါတ်တစ်ပကတိသက်ရှိဖြစ်လာလိမ့်မယ်”
ဆူဇီမိုတစ်ယောက်သာလျှင် ထိုကဲ့သို့သော စကားမျိုးကိုပြောဆိုရဲပေလိမ့်မည်။
သူကသာလျှင် ထိုသို့ပြောဆိုဖို့ အဆင့်မီပေလိမ့်မည်။
ပေမင်ရွှယ်၏ မျက်လုံးများက တဖြည်းဖြည်းဝင်းလက်တောက်ပလာ၏။
ဆူဇီမိုက ဆက်ပြောလေသည်။
“နောက်ပြီး... သိုင်းတာအိုမှာ ရွှေအမြုတေနယ်မြေမရှိဘူးဆိုတာအမှန်ပဲ... ဒါပေမယ့်လို့ သိုင်းတာအိုမှာ မျိုးဆက်သွေးနယ်မြေရှိတယ်... မျိုးဆက်သွေးရဲ့ အထွတ်အထိပ်ကိုရောက်လာပြီးရင် မျိုးဆက်သွေးနယ်မြေတစ်ခုဖြစ်ပေါ်လာလိမ့်မယ်”
“မျိုးဆက်သွေးနယ်မြေလား...”
ပေမင်ရွှယ်က တီးတိုးရေရွတ်လိုက်၏။
သိပ်မကြာခင် သူမသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။
“လူကြီးမင်းဆူ... ကျွန်မသိပြီ ရှင့်ရဲ့လမ်းညွှန်ပြသပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
ဆူဇီမိုကခေါင်းညိတ်လိုက်၏။
“ဟမ်....”
ရုတ်တရက် သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သူ၏အမူအရာကပြောင်းလဲသွား၏။
“လူကြီးမင်းဆူ ဘာဖြစ်လို့လဲ”
ဆူဇီမို၏တစ်မူထူးခြားမှုကို သတိထားမိသွားပြီး ပေမင်ရွှယ်က မေးလိုက်လေသည်။
“ဘာမှမဟုတ်ဘူး....သွားပြီးကျင့်ကြံတော့'
ဆူဇီမိုသည် လက်ကာပြလိုက်သော်လည်း သူ၏မျက်လုံးထဲတွင် ဝမ်းသာပျော်ရွှင်မှုက ထင်ဟပ်နေ၏။
“စောစောက သူသည် အစစ်အမှန်နဂါးခန္ဓာ၏တည်ရှိမှုကို အမှန်တကယ်ပင် အာရုံခံမိလိုက်၏။
.......
အစစ်အမှန်နဂါးခန္ဓာသည် ဖြည်းဖြည်းချင်း နိုးထလာပြီး သူ၏အောက်ဘက်တွင် သစ်သားကုတင်တစ်လုံးရှိနေသည်ကို ခံစားမိလိုက်၏။
သူက မျက်လုံးကိုဖွင့်ပြီး ခေါင်မိုးကိုကြည့်လိုက်၏။
ဤနေရာက ရိုင်းစိုင်းသောလေဟာနယ်စီးကြောင်းထဲမှာ မဟုတ်တော့ပေ။
လေဟာနယ်စီးကြောင်းထဲမှာ သစ်သားခေါင်မိုးနှင့် ကုတင်တို့သေချာပေါက်ရှိနေလိမ့်မည် မဟုတ်ပေ။
အစစ်အမှန်နဂါးခန္ဓာသည် စကားပြောဆိုခြင်းမရှိသလို အလောတကြီးထထိုင်ခြင်းလည်း မရှိပေ။
အရင်ဆုံး သူက သူ၏ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးကြည့်လိုက်၏။
အစစ်အမှန်နဂါးခန္ဓာ၏ မျိုးဆက်သွေးက တကယ့်ကိုစွမ်းအားကြီးမားပြီး သူ၏ပြန်လည်ကုသနိုင်စွမ်းကလည်း တုန်လှုပ်စရာကောင်း၏။
သူသည် ကောင်းကင်နှင့်မြေကြီးတောင်ကြားတိုက်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း ယခုအခါသူသည် မည်သည့်ဒဏ်ရာအနာတရမှ မရှိဘဲ သူ၏ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်နေပြီဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် အသက်ဖြတ်ကျိန်စာကြောင့် အခက်တွေ့နေရ၏။
သို့သော်လည်း အစစ်အမှန်နဂါးခန္ဓာအတွက် ထိုကဲ့သို့သော ပြဿနာမရှိပေ။
ကောင်းကင်နှင့်မြေကြီး တောင်ကြားမှာတုန်းက သူ၏အသိစိတ်ထဲရှိ စိတ်ဝိညာဥ်လိပ်သည် အသက်ဖြတ်ကျိန်စာ၏ စွမ်းအားကို လုံးဝဖိနှိမ်နိုင်ခဲ့၏။
အစစ်အမှန်နဂါးခန္ဓာ၏ နားရွက်ကလှုပ်သွားပြီး နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။
သူသည် ကမ်းခြေသို့ ရေလှိုင်းများရိုက်ခတ်နေသည့်အသံကို ဝိုးတဝါးကြားလိုက်ရ၏။
ဒါအပြင် သူသည် ပင်လယ်ရေရနံကိုလည်း ရှုရှိုက်မိလေသည်။
“ငါဘယ်ကိုရောက်နေတာလဲ... ငါက ပင်လယ်ကမ်းစပ်ကို ပို့ဆောင်ခံလိုက်ရတာများလား”
အစစ်အမှန်နဂါးခန္ဓာက ကုတင်ပေါ်ကနေ ဖြည်းဖြည်းချင်းထထိုင်လိုက်၏။ သူက သူရောက်ရှိနေသည့်နေရာကို သွားရောက်စစ်ဆေးတော့မည့်ဆဲဆဲမှာပင် သူ၏အကြည့်က ရွေ့လျားသွားပြီး တုန်လှုပ်သွားရ၏။
အခန်းထဲတွင် တစ်စုံတစ်ယောက်က ထိုင်နေလေသည်။
သို့သော်လည်း သူက အဲ့ဒါကိုလုံးဝသတိမထားမိခဲ့ပေ။