နတ်ဖီးနစ်ကျွန်း
Vol. 89 Ch. 1331
အဲ့ဒါသည် ရေလိုကြည်လင်နေသောမျက်လုံးများနှင့် အနက်ရောင်ဆံပင်များကို ရေတံခွန်တစ်ခုကဲ့သို့ ဖြန့်ချထားသော မိန်းမပျိုတစ်ယောက်ဖြစ်၏။ သူမသည် အနီရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အခန်းထဲတွင် မလှုပ်မယှက်ထိုင်ကာ အစစ်အမှန်နဂါးခန္ဓာကို ငေးကြည့်နေ၏။
ဆူဇီမိုသည် ငေးငိုင်သွားပြီး သူမကိုတျဲယွဲ့နှင့် အမှတ်မှားလုနီးပါးဖြစ်သွား၏။
သို့သော် ဤအမျိုးသမီးသည် ချောမောလှပသော်လည်း သူမ၏အော်ရာက တျဲယွဲ့နှင့်ယှဥ်နိုင်ဖို့ ဝေးကွာလွန်းသေးကြောင်း သူကမကြာခင် နားလည်သွား၏။
တျဲယွဲ့က စွမ်းအားကြီမားသော ၊ ယုံကြည်မှုရှိသော၊ အထက်စီးဆန်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးနိုင်၏။
သူမသည် လောကတစ်ခုလုံးကို အထက်စီးကနေ ကြည့်ပြီး မခံမရပ်နိုင်အောင် မောက်မာဝံကြွားသည့်အလားထင်ရပြီး သူမကိုမည်သူကမှ ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ဆူဇီမိုသည် မိန်းမပျိုကို သူ၏စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးနောက် တုန်လှုပ်သွားရဆဲ ဖြစ်၏။
ပေါင်းစည်းခန္ဓာအဆင့်...
ဤမိန်းမပျိုသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က သူသတိလစ်နေစဥ် သူ့ကိုထိခိုက်အောင်လုပ်မည်ဆိုလျှင် သူက ယခုအချိန်မှာ အလောင်းတစ်လောင်းဖြစ်နေလောက်လေပြီ။
သို့သော်လည်း သူက ဤအမျိုးသမီးကို တစ်ခါမှမတွေ့မြင်ဖူးခဲ့ကြောင်း သေချာလေသည်။
သူသည် သူမ၏မျက်လုံးထဲမှ မည်သည့်ရန်လိုမှုကိုမှ မတွေ့မြင်ရပေ။
တစ်ဖက်မှာတော့ မိန်းမပျိုသည် သူ့ကိုထူးဆန်းစွာကြည့်နေ၏။
သူမသည် စူးစမ်းလိုပြီး တစ်မူထူးခြားသောပုံစံဖြင့် သူ့ကို စေ့စေ့စပ်စပ်အကဲခတ်ကြည့်နေ၏။
“ရှင် နိုးလာပြီပဲ”
မိန်းမပျိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ခင်ဗျားက ဘယ်သူလဲ... ကျုပ်ဘယ်ကိုရောက်နေတာလဲ”
ဆူဇီမိုက စိတ်ကိုလျှော့ချခြင်းမရှိဘဲ လေးနက်သောအသံဖြင့်မေးလိုက်၏။
ကောင်းကင်နှင့်မြေကြီး တောင်ကြား တိုက်ပွဲပြီးသွားခဲ့သည်မှာ တစ်နှစ်ကြာသွားခဲ့ပြီဖြစ်၏။ သူသည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများမှ ဂိုဏ်းကြီးများနှင့် အဖွဲ့အစည်းကြီးများကို ဆန့်ကျင်ခဲ့ပြီး ကမ္ဘာဦးမျိုးနွယ် ၆စု နှင့်လည်း ရန်သူဖြစ်လာသည်ကို လူတိုင်းက သိရှိထားကြပြီဖြစ်၏။
သူက ဘယ်နေရာကိုရောက်ရောက် ဘေးကင်းလုံခြုံလိမ့်မည် မဟုတ်ပေ။
အားလုံးခြုံပြီးပြောရလျှင် ထျန်ဟွမ်ကုန်းမြေတိုက်တွင် မည်သည့်ဂိုဏ်း သို့မဟုတ် မည်သည့်အဖွဲ့အစည်းကမှ ထိပ်သီးဂိုဏ်းကြီးများနှင့် သို့မဟုတ် ကမ္ဘာဦးမျိုးနွယ်များနှင့်ပင်လျှင် ရန်ဘက်အဖြစ်ခံပြီး သူ့ကိုလက်ခံထားရဲကြလိမ့်မည် မဟုတ်ပေ။
“ရှင်ဘာမှစိုးရိမ်စရာမလိုဘူး... ဒီနေရာမှာ ဘယ်သူကမှ ရှင့်ကိုထိခိုက်အောင် မလုပ်နိုင်ဘူး”
မိန်းမပျိုက အလေးမထားဟန်ဖြင့် ပြောဆိုလိုက်၏။
ဆူဇီမိုက ခဏမျှမှင်တက်သွား၏။
ခဏကြာရပ်တန့်ပြီးနောက် သူမက ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒါက နတ်ဖီးနစ်ကျွန်းပဲ”
ဆူဇီမိသည် နတ်ဖီးနစ်ကျွန်းဟူသော စကားကိုကြားရချိန်တွင် ရင်တစ်ချက်ထိတ်သွား၏။
စောစောက သူသည် ဖြစ်နိုင်ခြေ အမျိုးမျိုးကိုစဥ်းစားတွေးတောနေခဲ့၏။ သို့သော်လည်း သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေ ထွက်ခွာပြီး တောင်ပိုင်းပင်လယ်အထက် မိုင်ပေါင်း သန်းချီကွာဝေးသော နတ်ဖီးနစ်ကျွန်းသို့ ရောက်ရှိလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
နတ်ဖီးနစ်ကျွန်းသည် ထိပ်သီးအဖွဲ့အစည်းကြီးနှစ်ခုဖြစ်သော ကျွန်းနှစ်ကျွန်းထဲမှ တစ်ကျွန်းဖြစ်၏။
အခြားကျွန်းမှာ အရှေ့ပင်လယ်တွင်တည်ရှိသော ဖန်လိုင်ကျွန်းဖြစ်၏။
တည်နေရာရွှေ့ပြောင်းအဆောင်ကြီးနှင့်ဆိုလျှင်ပင် ဆူဇီမိုအနေဖြင့် ထျမ်ဟွမ်ကုန်းမြေတိုက်ကြီးကနေ နတ်ဖီးနစ်ကျွန်းသို့ ရောက်ရှိဖို့အတွက် ဤမျှရှည်လျားသော အကွာအဝေးတစ်ခုကို ဖြတ်ကျော်လာနိုင်ဖို့ ခက်ခဲလေသည်။
ရှေးဟောင်းခေတ် တည်နေရာရွှေ့ပြောင်း ဝင်္ကပါကသာလျှင် ထိုကဲ့သို့လုပ်ပေးနိုင်စွမ်းရှိပေလိမ့်မည်။
တကယ်တော့... ဆူဇီမိုတုန်လှုပ်သွားရသည်မှာ သူသည် နတ်ဖီးနစ်ကျွန်းသို့ ပို့ဆောင်ခံလိုက်ရသောကြောင့်သာလျှင် မဟုတ်ပေ။ အဲ့ဒါထက် သူသည် ကျင့်ကြံရေးလမ်းကြောင်းသို့ စတင်ဝင်ရောက်ချိန်ကတည်းက နတ်ဖီးနစ်ကျွန်းနှင့် နက်ရှိုင်းသော ပတ်သက်ဆက်နွယ်မှုတစ်ခုရှိခဲ့သောကြောင့်ဖြစ်၏။
သူ၏ညာဘက်လက်က နတ်ဖီးနစ်အရိုးဖြစ်၏။
တစ်ခါတုန်းက အင်မော်တယ်နတ်ဖီးနစ်တစ်ကောင်သည် နတ်ဖီးနစ်ကျွန်းသို့ဆင်းသက်လာခဲ့ပြီး နတ်ဖီးနစ်ကျွန်းကို မြင့်မားတိုးတက်လာစေခဲ့သည်ဟု ကျင့်ကြံရေးလောကမှာဆိုကြလေသည်။
အဲ့ဒါကြောင့် ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ကျင့်ကြံသူများစွာသည် သူ့ကို နတ်ဖီးနစ်ကျွန်းက အရိုက်အရာဆက်ခံသူအဖြစ် အမှတ်မှားခဲ့ကြလေသည်။
ဒါ့အပြင်... နတ်ဖီးနစ်ကျွန်းကို ဆေဘာဧကရာဇ်က တည်ထောင်ခဲ့ခြင်းဖြစ်၏။
ဒဏ္ဍာရီအရဆို ရှေးဟောင်းခေတ်တုန်းက ဆေဘာဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကနေ တောင်ပိုင်းပင်လယ်သို့ ထွက်ခွာလာခဲ့၏။ ထို့ကြောင့်ပင်လျှင် ဓားတာအိုက ယခုအချိန်တွင် ထျန်ဟွမ်ကုန်းမြေတိုက်မှာ စိုးမိုးနေခြင်းဖြစ်၏။
ဆေဘာဧကရာဇ်ထွက်ခွာမလာခင်က သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူ၏ အမွေအနှစ်ကို ချန်ထားရစ်ခဲ့ပြီး အဲ့ဒါက ရှေးဟောင်းတိုက်ပွဲမြေရှိ ဆေဘာတောင်စိတ်ဝိညာဥ်ပင်လယ်ဖြစ်၏။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် တည်ငြိမ်ပင်လယ်ကျမ်းကို အမွေဆက်ခံရရှိခဲ့၏။ နောက်ပိုင်းတွင် ယန်ပေးချန်က သူ့အား ဒီလှိုင်းကျမ်းကိုလည်း သင်ကြားပေးခဲ့၏။ ဆိုလိုသည်မှာ သူသည် ဆေဘာဧကရာဇ်၏ အမွေအနှစ်အပြည်အစုံကို ဆက်ခံရရှိထားခဲ့လေသည်။
သူသည် တစ်နေ့မှာ ဤနေရာသို့ခြေချဖို့ ကံကြမ္မာက ကြိုတင်ပြဋ္ဌာန်းပြီးသားဖြစ်ပုံရ၏။
“တာအိုရောင်းရင်း... ကျွန်မက ရှင့်ကိုဘယ်လိုခေါ်ရမလဲ”
မိန်းမပျိုကမေးလိုက်၏။
ဆူဇီမိုက ရင်ထဲမှာလှုပ်ခတ်သွား၏။
မိန်းမပျိုက သူ့ကိုမသိသည့်အချက်ကိုထောက်ကြည့်လျှင် ကောင်းကင်နှင့်မြေကြီး တောင်ကြားမှ တိုက်ပွဲသတင်းသည် နတ်ဖီးနစ်ကျွန်းသို့ ရောက်ရှိမလာသေးကြောင်းသိသာ၏။
နောက်ဆုံးမှာတော့ နတ်ဖီးနစ်ကျွန်းသည် တောင်ပိုင်းပင်လယ်မှာတည်ရှိပြီး ထျန်ဟွမ်ကုန်းမြေတိုက်ကနေ မိုင်ပေါင်းသန်းချီကွာဝေးလေသည်။ သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်ရှိ ကိစ္စအဝဝနှင့်ပတ်သက်၍ လျစ်လျူရှုထားသည်မှာ ယုတ္တိတန်လေသည်။
တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် မိန်းမပျိုက သူ့ကိုဤကဲ့သို့ခေါ်ဆိုပုံနှင့်ပတ်သက်၍ တစ်နည်းတစ်ဖုံထူးခြားနေသည်ဟု ခံစားရ၏။ သူမသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး သူကတော့ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်သာလျှင်ဖြစ်၏။
ပုံမှန်အခြေအနေမှာဆိုလျှင် တာအိုရောင်းရင်းဟူသော အခေါ်အဝေါ်ကို ကျင့်ကြံခြင်းအဆင့်တူသော သို့မဟုတ် ဝါစဥ်တူသော တစ်စုံတစ်ယောက်အပေါ်မှာသာ ခေါ်ဆိုတတ်ကြလေသည်။
သူ့အပေါ် အမျိုးသမီး၏ စိတ်နေသဘောထားက အနည်းငယ်ထူးဆန်းနေ၏။
ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောလိုက်၏။
“ကျုပ်က... လုံမိုပါ”
အဲ့ဒီနောက် သူကမေးလိုက်၏။
“တာအိုရောင်းရင်း... ကျုပ်ကရော ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ”
“ကျွန်မက မိုယင်... နတ်ဖီးနစ်ကျွန်းရဲ့ ဆေဘာအခြွေအရံပဲ”
မိန်းမပျိုကပြန်ဖြေလိုက်၏။
“ဆေဘာအခြွေအရံလား”
ဆူဇီမိုက ကြောင်အ,မှင်တက်သွား၏။
မိုယင်ကရှင်းပြလေသည်။
“မျိုးဆက်တိုင်းမှာ နတ်ဖီးနစ်ကျွန်းက နဂါးဝိညာဥ်ဆေဘာရဲ့ဘေးမှာ ကျင့်ကြံပြီးတော့ စောင့်ရှောက်ဖို့အတွက် ဆေဘာအခြွေအရံတစ်ယောက်ကို ထားတတ်ကြတယ်... ဆေဘာအခြွေအရံက နဂါးဝိညာဥ်ဆေဘာကိုင်ဆောင်တဲ့သူကို သူတို့ရဲ့ သခင်အဖြစ် အလုပ်အကျွေးပြုရတယ်”
“နဂါးဝိညာဥ်ဆေဘာလား”
ဆူဇီမိုက ပို၍ပင်ဒွိဟဖြစ်သွား၏။
မိုယင်က စိတ်ရှည်လက်ရှည်ရှင်းပြလေသည်။
“ဆေဘာဧကရာဇ်က ရှေးဟောင်းခေတ်တုန်းက ဘိုးဘေးနဂါးတစ်ကောင်ကိုသတ်ဖြတ် သူ့ရဲ့အရိုးတွေကို ထုတ်နုတ်ပြီး နဂါးဝိညာဥ်ဆေဘာကို ကိုယ်တိုင်ဖန်တီးခဲ့တယ်... နက်ရှိုင်းတဲ့ ပင်လယ်ရဲ့အအေးဓာတ်ကိုသုံးပြီး အဲ့ဒီသတ္တုကိုအအေးခံတယ် အဲ့ဒီနောက် အဲ့ဒါကို ဘိုးဘေးနဂါးဝိညာဥ်နဲ့ပေါင်းစည်းလိုက်တယ်... ဒီနဂါးဝိညာဥ်ဆေဘာက မူလဓမ္မရတနာတစ်ခုပဲ... အဲ့ဒါက နတ်ဖီးနစ်ကျွန်းအတွက် ဆေဘာဧကရာဇ်ချန်ထားခဲ့တဲ့ အဆုံးစွန်ရတနာတစ်ခုဆိုလည်း ဟုတ်တယ်”
ဘိုးဘေးနဂါးတစ်ကောင်ကို သတ်ဖြတ်ပြီး သူ၏အရိုးများနှင့် ဝိညာဥ်ကို ထုတ်နုတ်ကာ ဆေဘာတစ်လက်ကိုပုံသွင်းခဲ့လေသည်။
ဆူဇီမိုက တိတ်တဆိတ် ပြောစရာစကားမဲ့သွားရ၏။ ထိုကဲ့သို့သော နည်းလမ်းများက တကယ့်ကိုကြောက်စရာကောင်း၏။
ဆေဘာဧကရာဇ်ဆိုတဲ့အတိုင်းပါပဲလား...
သူက ခဏမျှစဥ်းစားပြီးနောက် တစ်ဖန်ထပ်၍မေးလိုက်၏။
“အဲ့လိုဆိုရင် အဲ့ဒီနဂါးဝိညာဥ်ဆေဘာကို ကိုင်ဆောင်ဖို့က ခက်ခဲမှာပဲ”
မိုယင်က ခေါင်းညိတ်ပြ၏။
“နတ်ဖီးနစ်အရိုး ရှိတဲ့သူတွေကပဲ နဂါးဝိညာဥ်ဆေဘာကို ဖိနှိမ်နိုင်လိမ့်မယ်”
ဆူဇီမို၏အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
မိုယင်ကပြောလေသည်။
“ရှင့်မှာ နတ်ဖီးနစ်အရိုး ရှိတယ်ဆိုတာ လျှို့ဝှက်ချက်မဟုတ်ဘူး... နတ်ဖီးနစ်အရိုးရဲ့ တည်ရှိမှုကြောင့်သာမဟုတ်ရင် ကျွန်းမှာရှိတဲ့ ပညာရှင်တွေက ရှင့်ကို လေဟာနယ်စီးကြောင်းထဲကနေ အတင်းအကျပ်ကယ်ထုတ်ဖို့နေနေသာ ရှင့်ရဲ့တည်ရှိမှုကိုတောင် အာရုံခံမိခဲ့မှာမဟုတ်ဘူး”
ဆူဇီမိုက နားလည်သဘောပေါက်သွား၏။
သူသည် နတ်ဖီးနစ်ကျွန်းသို့ရောက်ရှိလာသည်မှာ မတော်တဆမဟုတ်ပေ။
အကြောင်းမှာ နတ်ဖီးနစ်ကျွန်းရှိပညာရှင်များသည် နတ်ဖီးနစ်အရိုး၏တည်ရှိမှုကို အာရုံခံမိသွားပြီး သူ့ကိုလေဟာနယ်စီးကြောင်းထဲကနေ ကယ်ထုတ်ပေးခဲ့ခြင်းဖြစ်၏။
“ကျုပ်က နဂါးဝိညာဥ်ဆေဘာကိုကိုင်ဆောင်နိုင်မယ်လို့ ခင်ဗျားက ဆိုလိုချင်တာလား”
ဆူဇီမိုက တစ်ဖန်ထပ်၍မေးလိုက်၏။
“အဲ့ဒါက ဖြစ်နိုင်ခြေရှိတာပါ”
မိုယင်ကပြောလိုက်၏။
“ဒါပေမယ့်လို့... ရှင့်ရဲ့ကျင့်ကြံမှုအဆင့်က အရမ်းကိုနိမ့်နေပြီးတော့ ရှင်က ဓမ္မဝိသေသအဆင့်မှာပဲရှိနေသေးတယ်... ရှင့်အနေနဲ့ နဂါးဝိညာဥ်ဆေဘာကို ဖိနှိမ်ဖို့က ခက်ခဲနေဦးမှာပဲ... အဲ့ဒီမူလဓမ္မလက်နက်မှာ ဘိုးဘေးနဂါးတစ်ကောင်ရဲ့ ဝိညာဥ်ရှိတဲ့အတွက် အရမ်းကိုကြမ်းကြုတ်ခက်ထန်တယ် သာမန်ကျင့်ကြံသူတွေက သူ့ရဲ့အနားကိုတောင် ချည်းကပ်နိုင်မှာမဟုတ်ဘူး”
ခဏမျှရပ်တန့်ပြီးနောက် သူမက စကားလမ်းကြောင်းပြောင်းကာ ဆက်ပြောလိုက်၏။
“ဒါပေမယ့်လို့... ရှင်က အဲ့ဒီစီနီယာရဲ့ အရိုက်အရာဆက်ခံသူပဲ ရှင်က ပေါင်းစည်းခန္ဓာအဆင့်ကို တက်လှမ်းပြီးသွားရင်တော့ နဂါးဝိညာဥ်ဆေဘာကို ကိုင်ဆောင်ဖို့ အခွင့်အလမ်းတစ်ရပ်ရှိလာလိမ့်မယ်”
“ဟမ်...”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး သူမက ပိုမိုလေးနက်သောတစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေကြောင်း သတိထားမိသွား၏။
“အဲ့ဒီစီနီယာဆိုတာက....”
သူက မိုယင်ကိုကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။
“ခင်ဗျား... ဘယ်သူ့ကို ပြောတာလဲ”
“ကျွန်မလည်း... မသိဘူး”
မိုယင်က ပြန်လည်စဥ်းစားရင်း သူမ၏မျက်လုံးထဲမှ ရိုသေလေးစားမှုတစ်စွန်းတစ်စနှင့်အတူ သူမ၏ခေါင်းကိုခါပြလိုက်၏။
“ကျွန်မသိတာကတော့... သူက သွေးနီရောင်ဝတ်ရုံနဲ့ အမျိုးသမီးတစ်ယောက်ပဲ”
ထိုစကားကိုကြားပြီးနောက် သူကဆက်လက်၍ သံသယမရှိတော့ပေ။
တျဲယွဲ့က နတ်ဖီးနစ်ကျွန်းသို့ ရောက်ရှိခဲ့ပေလိမ့်မည်။
သူ ဒဏ်ရာအပြင်းအထန် ရရှိခဲ့စဥ်က တျဲယွဲ့သည် အချိန်တစ်ခုကြာအောင် ထွက်ခွာသွားခဲ့၏။
ယခုအခါ သူမသွားခဲ့သောနေရာများ၏လမ်းကြောင်းက တဖြည်းဖြည်း ပို၍ရှင်းလင်းလာ၏။
သူမသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေသို့သွားပြီး သွေးရောင်မျက်နှာကို ဖိနှိမ်ကာ အသောကပန်းကိုလုယူလာခဲ့၏။
သူမသည် နတ်ဖီးနစ်ကျွန်းသို့လည်းရောက်ရှိလာခဲ့ပြီး နတ်ဖီးနစ်အရိုးကို ယူဆောင်ဖို့အတွက် အခြားသောပညာရှင်များကိုလည်း ဖိနှိမ်ကောင်းဖိနှိမ်ခဲ့ပေလိမ့်မည်။
ထိုအဆုံးစွန်ရတနာနှစ်ခုသည် ဆူဇီမိုကို တျဲယွဲ့ပေးခဲ့သော လက်ဆောင်နှစ်ခုဖြစ်၏။ ထိုပစ္စည်းနှစ်ခုသည် သူ၏ကျင့်ကြံရေးလမ်းကြောင်းမှာ အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်ခဲ့၏။
“သူမလောက် သန်မာပြီးတော့ အထက်စီးဆန်တဲ့ အမျိုးသမီးတစ်ယောက်ကို ကျွန်မတစ်ခါမှမတွေ့ခဲ့ဖူးဘူး... ပြိုင်ဘက်ကင်းတယ်... နတ်ဖီးနစ်ကျွန်းက ပညာရှင်တွေအားလုံး ပူးပေါင်းလိုက်တာတောင် သူမကို ဘယ်သူကမှ မတားနိုင်ခဲ့ဘူး “
မိုယင်က ပြောရင်းနှင့် စိတ်လှုပ်ရှားတက်ကြွလာ၏။
တကယ်ဆို... ဆူဇီမိုသည် သူမ၏မျက်လုံးထဲတွင် ရှင်းမပြနိုင်သော စိတ်အားထက်သန်မှုနှင့် ရူးသွပ်သော အထင်ကြီးလေးစားမှုတစ်ခုကိုတွေ့မြင်လိုက်ရ၏။