← Chapters

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်

Vol. 89 Ch. 1332

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်

Vol. 89 Ch. 1332

မိုယင်ထံမှ စကားလုံးအနည်းငယ်မျှနှင့် နတ်ဖီးနစ်ကျွန်းမှာ စိုးမိုးဗိုလ်ကျခဲ့သော သွေးနီရောင်ဝတ် အမျိုးသမီး၏ ပုံရိပ်က ဆူဇီမို၏ အတွေးထဲသို့ ဝင်ရောက်လာ၏။

ဆူဇီမိုက ငြိမ်သက်နေ၏။

တျဲယွဲ့သည် နဂါးသင်္ချိုင်းတောင်ကြားတွင် တစ်ခဏမျှသာ ပေါ်လာခဲ့သော်လည်း မွေးနီတစ္ဆေက သူမ၏ နာမည်ကို ကြားရလျှင် စိုးရိမ်ပူပန်နေဆဲ၊ ကြောက်ရွံ့နေဆဲ ဖြစ်၏။

မိုယင်သည် အနည်းငယ် နီမြန်းသော မျက်နှာနှင့်အတူ သူမ၏ခေါင်းကို​ အနည်းငယ် ငုံ့ထား၏။ သူမက သူမ၏ အနီရောင်ဝတ်ရုံစကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

“အဲဒီနေ့က စပြီး ကျွန်မက ဒီလိုမျိုး အနီရောင်ဝတ်ရုံတွေကို ဝတ်ဆင်တော့တာပဲ”

“ဒါပေမဲ့လို့ ကျွန်မက အဲဒီစီနီယာနဲ့ ယှဉ်ရင်တော့ အရမ်းကို နိမ့်ကျနေသေးတယ်”

ဆူဇီမိုက ကြောင်အ,မှင်တက်သွား၏။

မိုယင်သည် တျဲယွဲ့ ဘယ်သူဆိုတာ သို့မဟုတ် သူမ၏ နာမည်ကိုပင် မသိရှိပေ။ ဒါတောင် သူမက လုံးဝ ညှို့ငင်ဖမ်းစားခံခဲ့ရ၏။

ကြည့်ရသည်မှာ တျဲယွဲ့က သူမကို သေချင်စေသည်ဆိုလျှင်ပင် သူမက တွေဝေတုံ့ဆိုင်းနေလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုက ဒွိဟဖြစ်နေဆဲပင်။

ပုံမှန်အားဖြင့်ဆိုလျှင်.. တျဲယွဲ့သည် နတ်ဖီးနစ်ကျွန်းသို့ ရောက်ရှိလာပြီး နတ်ဖီးနစ်အရိုးကို ယူဆောင်သွားချိန်၌ သူမက ကျွန်းမှ ပညာရှင်များနှင့် တိုက်ခိုက်ခဲ့ပေလိမ့်မည်။

ထိုအခါ.. နတ်ဖီးနစ်ကျွန်းမှ လူများသည် သူ့ကို အရိုးထိတိုင် မုန်းတီးနေသင့်သည် မဟုတ်ပါလား။

တျဲယွဲ့သည် ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေထံမှ သူတို့၏ အဆုံးစွန်ရတနာတစ်ခုကို လုယူခဲ့သော်လည်း သူတို့သည် ဆူဇီမိုအပေါ် အငြိုးအတေး မထားကြသည်မှာ နားလည်လက်ခံ၍ ရ၏။

အကြောင်းမှာ တျဲယွဲ့သည် နဂါးသင်္ချိုင်းတောင်ကြားသို့ ရောက်ရှိလာပြီးနောက်… သွေးမျက်နှာ၏ တည်ရှိမှုကို ရှာဖွေတွေ့ရှိခဲ့၏။ အဲဒါသည် သူမက ကိုယ်တော်ယွမ်ပေနှင့် မွေးနီတစ္ဆေကို ကြီးမားသည့် ကပ်ဘေးတစ်ခုကနေ ကယ်တင်ပေးခဲ့ခြင်းနှင့် တူလေသည်။

သို့သော်လည်း.. နတ်ဖီးနစ်ကျွန်းကရော ဘာကြောင့်လဲ။

နတ်ဖီးနစ်ကျွန်းမှာလည်း သွေးရောင်မျက်နှာက ပေါ်ထွက်ခဲ့သောကြောင့်လား။

ဆူဇီမိုက ကြိုးစား၍ မေးကြည့်လိုက်၏။

“သွေးနီရောင်ဝတ် အမျိုးသမီး ရောက်ရှိလာပြီးတဲ့နောက်.. သူက ဒီကျွန်းမှာ ပုန်းကွယ်နေတဲ့ ပြဿနာတစ်ခုခုကို ရှာဖွေဖော်ထုတ်ပေးခဲ့တာများလား”

“ဟင့်အင်း”

မိုယင်က ဆူဇီမို၏ မေးခွန်းတွင် တစ်နည်းတစ်ဖုံ တွေဝေရှုပ်ထွေးသွားဟန်ဖြင့် သူမ၏ ခေါင်းကို ခါပြလိုက်၏။

သူမက ပြောလေသည်။

“အဲဒီစီနီယာ ရောက်လာပြီးတော့ နတ်ဖီးနစ်အရိုးကို ချက်ချင်းယူသွားချင်ခဲ့တယ်… ဒါပေမဲ့လို့ ကျွန်းမှာရှိတဲ့ ပညာရှင်တွေက အဲဒါကို ခွင့်မပြုနိုင်တဲ့အတွက် နှစ်ဦးနှစ်ဖက် တိုက်ခိုက်ခဲ့ကြတယ်”

“နောက်ဆုံးမှာတော့ ကျွန်းရဲ့ ပညာရှင်တွေက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားတာပဲ”

ဆူဇီမိုက ထိုရလဒ်မှာ အံ့အားသင့်သွားခြင်း မရှိပေ။

မိုယင်က ဆက်ပြောလေသည်။

“နတ်ဖီးနစ်အရိုးက နတ်ဖီးနစ်ကျွန်း ပိုင်တဲ့အရာ မဟုတ်ဘဲနဲ့ အဲဒါက သူမရဲ့မိတ်ဆွေ ပိုင်တဲ့ပစ္စည်းတစ်ခုလို့ အဲဒီစီနီယာက ပြောခဲ့တယ်”

“သူမရဲ့ မိတ်​ဆွေလား”

ဆူဇီမိုက အနည်းငယ် တွေဝေသွား၏။

မိုယင်က ပြောလေသည်။

“တကယ်တော့ နတ်ဖီးနစ်ကျွန်းမှာ အစကတည်းက နတ်ဖီးနစ်တစ်ကောင် ချန်ထားခဲ့တဲ့ အရိုးတစ်ချောင်း ရှိခဲ့တယ်.. ဒါပေမဲ့လို့ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်က နောက်ထပ် အင်မော်တယ်နတ်ဖီးနစ်တစ်ကောင်က ကျွန်းပေါ်ကို ထပ်ပြီးကျလာခဲ့တယ်”

“လွန်ခဲ့တဲ့ နှစ်နှစ်ရာကလား”

ဆူဇီမိုက အလေးအနက် ပြန်လည်စဉ်းစားလိုက်၏။

ထိုအချိန်တုန်းက သူသည် ပင်ယန်းမြို့အပြင်ဘက်မှာ တျဲယွဲ့နှင့် တွေ့ဆုံခဲ့လေသည်။ ထိုကိစ္စနှစ်ခုက စပ်ဆက်မှုရှိနေမလား သူက စဉ်းစားကြည့်လိုက်၏။

“နတ်ဖီးနစ်က ကျွန်းကို ရောက်လာတဲ့အချိန်မှာ သူက ဒဏ်ရာအပြင်းအထန် ရရှိနေပြီးတော့ သေလုသေခင် ဖြစ်နေပြီ.. အဲဒါကြောင့် သူက သူ့ကိုယ်သူ လောင်ကျွမ်းပြီးတော့ ထွက်ရပ်လမ်းကို ဝင်ရောက်ခဲ့တယ်”

ဒဏ္ဍာရီအရဆို.. နတ်ဖီးနစ်မျိုးနွယ်မှာ အထီး အမ နှစ်မျိုးစလုံးသည် ထွက်ရပ်လမ်းသို့ ဝင်ရောက်ခြင်း စွမ်းရည်ကို ပိုင်ဆိုင်ထားကြ၏။

သူတို့က အောင်မြင်သွားသည်နှင့် သူတို့က ပြန်လည်မွေးဖွားလာပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ပို၍ပင် သန်မာလာမည်ဖြစ်၏။

တကယ်တော့.. ထွက်ရပ်လမ်းမှတစ်ဆင့် ပြန်လည်မွေးဖွားခြင်းက ကျဆုံးသွားမည်ဆိုလျှင် သူတို့ကလည်း သေဆုံးရမည်ဖြစ်ပြီး ပစ္စည်းတစ်ခုကို ချန်ထားရစ်ခဲ့ကြပေလိမ့်မည်။

နတ်ဖီးနစ်အထီးသည် အမြုတေသွေးတစ်စက်ကို ချန်ထားရစ်ခဲ့မည်ဖြစ်၏။ နတ်ဖီးနစ်အမကတော့ အရိုးတစ်ချောင်းကို ချန်ထားရစ်ခဲ့မည်ဖြစ်၏။ အဲဒါက နတ်ဖီးနစ်အရိုးဖြစ်၏။

မိုယင်က ဆက်ပြောလေသည်။

“ကံဆိုးစွာနဲ့ပဲ.. နတ်ဖီးနစ်ရဲ့ ပြန်လည်မွေးဖွားခြင်းက ကျရှုံးသွားပြီးတော့ နတ်ဖီးနစ်အရိုးတစ်ချောင်းပဲ ကျန်ရစ်ခဲ့တယ်… အဲဒါကတော့ အဲဒီစီနီယာ ယူသွားခဲ့တဲ့ နတ်ဖီးနစ်အရိုးပဲ”

ဆူဇီမိုက လေးတွဲ့စွာ သက်ပြင်းချလိုက်၏။

ထိုနေရာအရောက်တွင် ကိစ္စများစွာက ရှင်းလင်းသွားခဲ့လေပြီ။

တျဲယွဲ့ပြောဆိုသော သူမ၏ မိတ်ဆွေမှာ သေဆုံးသွားသော အင်မော်တယ်နတ်ဖီးနစ် ဖြစ်ပေလိမ့်မည်။

ကိစ္စက ထိုသို့ဆိုလျှင် ဆူဇီမို၏ ညာဘက်လက်ထဲရှိ နတ်ဖီးနစ်အရိုးသည် နတ်ဖီးနစ်၏ ထွက်ရပ်လမ်းသို့ ဝင်ခြင်းတွင် ကျဆုံးမှုကနေ ကျန်ရစ်ခဲ့သော အရိုးဖြစ်ပေလိမ့်မည်။

နတ်ဖီးနစ်ကျွန်းသည် သူ့အပေါ် ရန်လိုစိတ် မရှိကြခြင်းမှာ တျဲယွဲ့၏ အစွမ်းကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်၏။ တစ်ချိန်တည်းမှာပင်.. နတ်ဖီးနစ်အရိုးသည် အစကတည်းက နတ်ဖီးနစ်ကျွန်း ပိုင်ဆိုင်သောအရာ မဟုတ်ခဲ့သောကြောင့်လည်း ဖြစ်လေသည်။

မိုယင်က ပြောလေသည်။

“တကယ်တော့ နတ်ဖီးနစ်ကျွန်းက ရှင့်ကို စောင့်နေကြတာ.. နတ်ဖီးနစ်အရိုးနဲ့ အဲဒီစီနီယာရဲ့ အရိုက်အရာဆက်ခံသူက တစ်နေ့ ဒီနေရာကို သေချာပေါက် ရောက်လာမယ်ဆိုတာ ကျွန်းက ပညာရှင်တွေက သိထားကြတယ်”

ဆူဇီမိုက ခဏမျှ တွေးတောလိုက်၏။

“ခင်ဗျားပြောသလိုဆိုရင် နတ်ဖီးနစ်ကျွန်းမှာ အရင်ကတည်းက နောက်ထပ် နတ်ဖီးနစ်အရိုးတစ်ချောင်း ရှိသေးတာပေါ့”

“အင်း”

မိုယင်က ခေါင်းညိတ်ပြ၏။

“ဒါပေမဲ့လို့… အဲဒီနတ်ဖီးနစ်အရိုးမှာ ပိုင်ရှင်ရှိနေပြီ.. သူကတော့ ကျွန်မတို့ကျွန်းရဲ့ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ပဲ”

နောက်ထပ် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်… ။ ဒါ့အပြင် သူသည် နတ်ဖီးနစ်အရိုးကို ပိုင်ဆိုင်ထားသည့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်၏။

မိုယင်က ပြောလေသည်။

“ဒါပေမဲ့လို့… စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ဒီနှစ်တွေထဲမှာ နဂါးဝိညာဉ်ဆေဘာကို မဖိနှိမ်နိုင်ခဲ့ဘူး”

ဆူဇီမိုက သူ၏မျက်ခုံးကို အနည်းငယ်တွန့်လိုက်၏။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် အဲဒါကို မဖိနှိမ်နိုင်သည့်အတွက် နဂါးဝိညာဉ်ဆေဘာက တကယ့်ကို အံ့ဩစရာကောင်းနေသည်။

“အရင်ဆုံး အနားယူလိုက်ဦးပေါ့”

မိုယင်က ပြောလေသည်။

“ရှင် နေရထိုင်ရကောင်းလာတဲ့အခါ.. ကျွန်းသခင်ကို သွားပြီးတွေ့ကြတာပေါ့.. သူက ရှင့်ကို လေဟာနယ်စီးကြောင်းထဲကနေ ကိုယ်တိုင်ဆွဲထုတ်ပေးခဲ့တဲ့သူပဲ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“ကျုပ် အခု အဆင်ပြေတယ်.. နတ်ဖီးနစ်ကျွန်းရဲ့ ကျွန်းသခင်ကို ကျေးဇူးတင်ကြောင်းပြောဖို့အတွက် ကျုပ် အခုသွားနိုင်တယ်”

ထိုစဉ်မှာပင် ဆူဇီမိုက မျက်မှောင်ကြုတ်ပြီး သူ၏အကြည့်က အခန်းတံခါး၏ ဝင်ပေါက်ဝဆီသို့ ရွေ့လျားသွား၏။

သူသည် မည်သည့်အသံကိုမှ မကြားရသော်လည်း ဘာကြောင့်ရယ်မသိ သူ၏ အာရုံခံသတိစိတ်က လှုပ်ခတ်သွား၏။

အဲဒါသည် တစ်စုံတစ်ယောက်က ဝင်ပေါက်ဝဆီသို့ ချဉ်းကပ်လာနေသည့်အလားပင်။

ထိုအခိုက်အတန့်တွင် မိုယင်က ဆူဇီမို၏ရှေ့မှာ မျက်နှာချင်းဆိုင်ထိုင်နေ၏။ သူမက တံခါးနှင့် ပိုမိုနီးကပ်သော်လည်း မည်သည့်အရာကိုမှ သတိမထားမိခဲ့ပေ။

“ဘာဖြစ်လို့လဲ”

မိုယင်သည် ဆူဇီမို၏ အမူအရာ ပြောင်းလဲသွားသည်ကို တွေ့မြင်သောအခါ သူမကလည်း ဝင်ပေါက်ဝကို အလိုလိုလှည့်ကြည့်လိုက်၏။

ဒေါက်… ဒေါက်… ဒေါက်…

တစ်စုံတစ်ယောက်က တံခါးခေါက်လိုက်၏။

“ဘယ်သူလဲ”

မိုယင်က မတ်တတ်ရပ်ပြီး မေးလိုက်၏။

“ကျုပ်ပါ”

ညင်သာ၍ သံလိုက်ဓာတ်ပါသော အမျိုးသားတစ်ယောက်၏ အသံက ထွက်ပေါ်လာ၏။

မိုယင်က မတ်တတ်ထရပ်ပြီး တံခါးကိုဖွင့်ကာ ဝင်ရောက်လာသူကို အနည်းငယ် ဦးညွှတ်လိုက်၏။

“စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကို နှုတ်ဆက်ပါတယ်”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်…

နတ်ဖီးနစ်အရိုး ပိုင်ဆိုင်ထားသော နတ်ဖီးနစ်ကျွန်းမှ ပုဂ္ဂိုလ်တစ်ယောက်…

ဆူဇီမို၏ အကြည့်က စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ပေါ်သို့ ဆင်းသက်သွား၏။

ထိုအမျိုးသားသည် အသက် ၃၀ကျော်အရွယ်မှာရှိပြီး အဖြူရောင်အင်္ကျီကို ဝတ်ဆင်ထား၏။ သူက စာပေသမားပုံပေါက်ပြီး နွေးထွေးသော အမူအရာနှင့်အတူ ဆူဇီမိုကို ကြည့်နေ၏။

သူတို့၏ အကြည့်များက လေထဲမှာ တွေ့ဆုံသွားကြ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က မသိမသာ ခေါင်းညိတ်ပြပြီး ဆူဇီမိုကို နွေးထွေးပျူငှာစွာ ပြုံးပြလိုက်၏။

ဆူဇီမိုကလည်း မတ်တတ်ထရပ်ပြီး လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။

“ကျုပ်က လုံမိုပါ.. စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကို နှုတ်ဆက်ပါတယ်.. ကျုပ်ကို ခင်ဗျားတို့ရဲ့ ကျွန်းက လက်ခံပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ကျုပ်တို့ရဲ့ ကျွန်းလား.. မဟုတ်သေးဘူးလေ.. ခင်ဗျားမှာ နတ်ဖီးနစ်အရိုး ပိုင်ဆိုင်ထားမှတော့ ခင်ဗျားကလည်း နတ်ဖီးနစ်ကျွန်းက လူပဲပေါ့”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ပြုံးလိုက်၏။

“ကျွန်းကို ရောက်လာပြီးမှတော့ ဘာမှ တခမ်းတနားတွေ လုပ်နေစရာမလိုဘူး.. ခင်ဗျားက နတ်ဖီးနစ်ကျွန်းကို ကိုယ့်အိမ်ကိုယ့်ရာလို သဘောထားနိုင်တယ်”

ဆူဇီမိုကလည်း ပြုံးပြလိုက်၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် ခဏမျှ စဉ်းစားတွေးတောပြီးနောက် ရုတ်တရက် မေးလိုက်၏။

“မသင့်လျော်ဘူးဆိုပေမဲ့ ကျုပ်မှာ တောင်းဆိုစရာတစ်ခုရှိတယ်.. ညီအစ်ကိုလုံမို.. ခင်ဗျားရဲ့ နတ်ဖီးနစ်အရိုးကို ထုတ်ပြီးတော့ ကျုပ်ကို တစ်ချက်ကြည့်ခိုင်းလို့ ရမလား”

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်၍ ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် သူ၏ ညာဘက်လက်ကို ဆန့်ထုတ်ပြလိုက်၏။

“ကျုပ်ညာဘက်လက်ရဲ့ လက်ဝါးအရိုးက နတ်ဖီးနစ်အရိုးပဲ”

သူက အဲဒါကို ဖုံးကွယ်နေစရာ မလိုပေ။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ မျက်လုံးက အထင်ကြီးလေးစားမှုဖြင့် ဝင်းလက်သွား၏။

“တကယ့်ကို အံ့မခန်းပါပဲလား”

သူက ချီးကျူးလိုက်၏။

“နတ်ဖီးနစ်အရိုးကို လူတစ်ယောက်ရဲ့ အရွတ်၊ အရိုး၊ မျိုးဆက်သွေးနဲ့ ချိတ်ဆက်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုက တကယ်ရှိနေတာပဲ.. အဲဒါက နတ်ဘုရားလက်ရာတစ်ခုလို့တောင် ပြောလို့ရနေပြီ”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က သူ၏လက်ဖဝါးကို လှန်ပြီး အရိုးနီအပိုင်းအစတစ်ခုကို ထုတ်ပြလိုက်၏။

“ညီအစ်ကိုလုံမို.. တစ်ချက်ကြည့်ပါဦး.. ဒါက ကျုပ်ရဲ့ နတ်ဖီးနစ်အရိုးပဲ”

ထိုနတ်ဖီးနစ်အရိုးသည် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ ပစ္စည်းတစ်ခုဖြစ်သော်လည်း ၎င်းသည် သူ၏ မျိုးဆက်သွေးနှင့် ချိတ်ဆက်ထားခြင်း မရှိဘဲ ထိုသူ ပိုင်ဆိုင်သည့် အဆုံးစွန်ရတနာတစ်ခုဟုသာ သတ်မှတ်နိုင်ပေလိမ့်မည်။

သူက စိတ်လှုပ်ရှားနေပုံရပြီး မေးလိုက်၏။

“အခုအချိန်မှာ အဲဒီစီနီယာက ဘယ်နေရာမှာလဲ ကျုပ်သိချင်မိတယ်.. ကျုပ်က သူမဆီကို အလည်သွားဖို့ အခွင့်အရေးတစ်ခုများ ရှိနိုင်မလား”

All Chapters