← Chapters

ချောချောမွေ့မွေ့

Vol. 89 Ch. 1333

ချောချောမွေ့မွေ့

Vol. 89 Ch. 1333

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ မျက်လုံးထဲတွင် ဆူဇီမိုက ရိုသေလေးစားမှုနှင့် မျှော်မှန်းတမ်းတသည့် အရိပ်အယောင်များကို တွေ့မြင်လိုက်ရသည်။ သို့သော်လည်း ဘာကြောင့်ရယ်မသိ… သူ၏ရင်ထဲမှာ ထူးဆန်းသည့် ခံစားချက်တစ်ခုက လှိုက်တက်လာ၏။

သူက ခေါင်းခါပြလိုက်၏။

“သူမက ထွက်သွားခဲ့တာ ကြာလှပြီ”

“ထွက်သွားတာလား.. သူမက ဒီနှစ်တွေထဲမှာ ပြန်မလာခဲ့ဘူးလား”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က တစ်ဖန်ထပ်၍ မေးလိုက်၏။

ဘေးကနေ မိုယင်ကလည်း မျှော်လင့်စောင့်စားနေ၏။

ဆူဇီမိုက ခေါင်းခါပြလေသည်။ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် စိတ်ပျက်သွားပုံရပြီး နောင်တရနေသည့်ဟန်ဖြင့် ပြောလိုက်၏။

“အဲဒီနေ့တုန်းက ကျုပ်က အပြင်ဘက်မှာ စွန့်စားသွားလာနေလို့ ကျွန်းမှာ ရှိမနေခဲ့ဘူး.. အဲဒါကြောင့် ကျုပ်က အဲဒီစီနီယာနဲ့ တွေ့ခွင့်မရလိုက်ဘူး… ကျွန်းက ကျင့်ကြံသူတွေ ပြန်ပြောပြမှပဲ ကျုပ်က အထင်ကြီးလေးစားခဲ့ရတယ်… အခုတော့ အဲဒီစီနီယာရဲ့ ဂုဏ်ကျက်သရေကို တွေ့မြင်ရဖို့ ကျုပ်မှာ အခွင့်အရေး ထပ်မရှိတော့ဘူးဆိုတော့.. ဘယ်လောက်တောင် နှမျောဖို့ကောင်းလိုက်သလဲ”

သူသည် ဆူဇီမိုကို တစ်ချက်ကြည့်ပြီး အပြုံးတစ်ခုနှင့်အတူ စကားလမ်းကြောင်းပြောင်းလိုက်၏။

“ညီအစ်ကိုလုံမို.. ကျုပ်ထင်တာ မမှားဘူးဆိုရင် ခင်ဗျားကို လူသားတစ်ယောက်လို့ ဆက်ပြီး သတ်မှတ်လို့ မရတော့ဘူးထင်တယ်.. ဟုတ်တယ်မလား”

ပုံမှန်အားဖြင့်ဆိုလျှင်.. အစစ်အမှန်နဂါးခန္ဓာ၏ မျိုးဆက်သွေးသည် ပုန်းလျှိုးငြိမ်သက်နေပြီး မည်သည့် သားရဲချီကိုမှ ထုတ်ဖော်ပြသခြင်း မရှိဘဲ တိတ်တဆိတ် လှည့်ပတ်စီးဆင်းနေ၏။

သို့သော်လည်း.. စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် တကယ်ပင် အမြင်စူးရှပြီး တစ်စုံတစ်ရာ ထူးခြားနေသည်ကို သတိထားမိခဲ့၏။

ဆူဇီမိုက လိမ်ညာခြင်း မရှိဘဲ ခေါင်းညိတ်ပြလိုက်၏။

နတ်ဖီးနစ်ကျွန်းသည် ကျွန်းနှစ်ကျွန်းထဲမှ တစ်ကျွန်းဖြစ်ပြီး ကျင့်ကြံရေးလောက၏ ထိပ်သီးအဖွဲ့အစည်းကြီးတစ်ခုလည်း ဖြစ်၏။ ၎င်းသည် အင်မော်တယ်ဂိုဏ်း ၉ဂိုဏ်း၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်းနှင့် ဗုဒ္ဓကျောင်းတော် ၆ကျောင်းတို့နှင့်အတူ ရင်ဘောင်တန်း ရပ်တည်နိုင်ပြီး ပညာရှင်များစွာ ရှိလေသည်။ ဤကိစ္စကို သေချာပေါက် ဖုံးကွယ်ထားလို့ရမည် မဟုတ်ပေ။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ပြုံးပြလိုက်၏။

“ညီအစ်ကို လုံမို.. ဘာမှမပူနဲ့.. နတ်ဖီးနစ်ကျွန်းက အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေလိုမျိုး မိစ္ဆာသားရဲတွေကို လက်မခံနိုင်တဲ့ အဖွဲ့အစည်းတစ်ခု မဟုတ်ဘူး”

“နတ်ဖီးနစ်ကျွန်းက မတူညီတဲ့ မျိုးနွယ်စု အားလုံးကို လက်ခံထားတယ်.. ဒီကျွန်းမှာရှိတဲ့ ကျင့်ကြံသူတွေ အကုန်လုံးကလည်း လူသားတွေချည်းပဲ မဟုတ်ဘူး… အဲဒီမှာ သားရဲတွေ၊ တောကောင်တွေ၊ ငါးတွေ၊ လိပ်တွေနဲ့ ပင်လယ်မွန်းစတားတွေလည်း သန်းနဲ့ချီပြီး ရှိနေတာပဲ.. သက်ရှိအားလုံးက တန်းတူရည်တူပဲ.. အားလုံးက တူညီစွာ ဆက်ဆံခံရလိမ့်မယ်”

“အို..”

ဆူဇီမိုက အံ့အားသင့်သွား၏။ အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းများကြားတွင် သားရဲတောကောင်များသည် လူသားများ၏ အစီးအနင်းတောကောင် သို့မဟုတ် စိတ်ဝိညာဉ်တောကောင်အဖြစ်သာ နေထိုင်ကြလေသည်။

မည်သည့်ဂိုဏ်းကမှ သားရဲတစ်ကောင်ကို သူတို့၏ အရိုက်အရာဆက်ခံသူအဖြစ် ရွေးချယ်လိမ့်မည် မဟုတ်ပေ။

အထက်လမ်းဂိုဏ်းသား ကျင့်ကြံသူ အများစုသည် သားရဲများကို သတ်ဖြတ်ခြင်းက သူတို့၏ သမိုင်းပေးတာဝန်တစ်ခုလို ခံယူထားကြ၏။

ထို့ကြောင့်ပင်လျှင်.. များစွာသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများသည် မိစ္ဆာသားရဲများကို နှိမ်နင်းသတ်ဖြတ်ခြင်းဟူသော ခေါင်းစဉ်ဖြင့် ဆူဇီမိုကို ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်၏။

တကယ်ဆို.. ဂိုဏ်းများစွာသည် သူတို့၏ ဂုဏ်သိက္ခာကိုပင် မငဲ့ကွက်ဘဲ ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် သူ့ထက် အဆင့်ကြီးနှစ်ဆင့်မြင့်သော ကျင့်ကြံသူများကိုပင် စေလွှတ်ခဲ့ကြ၏။

ကျင့်ကြံရေးလောကတွင် မျိုးနွယ်စုတစ်သောင်း ဝင်ဆံ့နိုင်သော ဤကဲ့သို့သော အဖွဲ့အစည်းတစ်ခု ရှိနေလိမ့်မည်ဟု ဆူဇီမိုက ထင်မှတ်မထားပေ။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က သူ၏ခန္ဓာကိုယ်ကို အနည်းငယ် စောင်းငဲ့ပြီး လျှို့ဝှက်သော ပုံစံဖြင့် ဆူဇီမိုကို တီးတိုးကပ်ပြောလိုက်၏။

“ပွင့်ပွင့်လင်းလင်း ပြောရရင်.. ညီအစ်ကိုလုံမို.. ကျုပ်က အစတုန်းက လူသားတစ်ယောက်ဆိုပေမဲ့လို့ အခုချိန် ကျုပ်ရဲ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတစ်ဝက်က လူသားမျိုးနွယ်သွေး မဟုတ်တော့ဘူး”

“ဟားဟား”

ဆူဇီမိုက အကြည့်ချင်းဖလှယ်ပြီး ပြုံးလိုက်၏။

သူတို့၏ ဆက်ဆံရေးက ပို၍ ရင်းနှီးမှုရှိလာသည်ဟု ထင်ရ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် ပေါင်းရသင်းရ လွယ်ကူပြီး အတွေ့အကြုံကြွယ်ဝလေသည်။ သူသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်သော်လည်း မည်သည့်ဖိအားမှ မရှိဘဲ သူ့အပေါ် လူများကို စိတ်ချယုံကြည်စေနိုင်သော အစွမ်းအစ ရှိလေသည်။

သို့သော်လည်း ဘာကြောင့်ရယ်မသိ…။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်အပေါ် ဆူဇီမို၏ ထင်မြင်ချက်က ဘေးနားတွင် တိတ်တဆိတ် ငြိမ်သက်နေသော မိုယင်အပေါ်လောက် မကောင်းလှပေ။

တကယ်တော့.. ဆူဇီမိုသည် နတ်ဖီးနစ်ကျွန်းသို့ ရောက်ရှိလာကာစဖြစ်ပြီး ဤနေရာနှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးသည့်အတွက် သူ့အနေဖြင့် အခြားသူများအပေါ် စိုးရိမ်ပူပန်တတ်သည်မှာ သဘာဝကျလေသည်။

“ညီအစ်ကိုလုံမို.. ခင်ဗျားရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ထိ သက်သာနေပြီလဲ”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က တစ်ဖန်ထပ်၍ မေးလိုက်၏။

ဆူဇီမိုက ပြုံးပြလိုက်၏။

“ကျုပ် အခုအဆင်ပြေနေပြီ”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ဟားတိုက်ရယ်မောလိုက်၏။

“ကောင်းတာပေါ့ကွာ.. ငါ မင်းကို နတ်ဖီးနစ်ကျွန်းတစ်ဝိုက်ကို ခေါ်သွားပြီးတော့ ဒီမှာရှိတဲ့ နေရာတွေနဲ့ ယဉ်ကျေးမှုတွေကို မိတ်ဆက်ပေးမယ်.. ညီအစ်ကိုလုံမို ဘယ်လိုလဲ”

အစကတော့ ဆူဇီမိုသည် နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်ဆီသို့ အလည်အပတ်သွားချင်ခဲ့၏။ သို့သော်လည်း စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ စိတ်အားထက်သန်မှုတွင် သူက မငြင်းဆန်နိုင်ဘဲ သဘောတူစွာ ခေါင်းညိတ်လိုက်ရ၏။

သူ့အနေဖြင့် နတ်ဖီးနစ်ကျွန်းကို လှည့်ပတ်ကြည့်ရှုပြီး ဤနေရာအပေါ် အကြမ်းဖျင်း နားလည်သဘောပေါက်လာရမည်မှာ ကောင်းသည့်အချက်ပင်ဖြစ်၏။

သူ့အနေဖြင့် နတ်ဖီးနစ်ကျွန်းသခင်ဆီ နောက်မှ အလည်သွားဖို့ကလည်း နောက်ကျလိမ့်မည် မဟုတ်ပေ။

“ညီအစ်ကိုလုံမို.. ကျေးဇူးပြုပြီး ဒီဘက်ကို…”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် တံခါးကိုဖွင့်ပြီး ဖိတ်ခေါ်သည့် လက်ဟန်အမူအရာတစ်ခု ပြုလုပ်ပြလိုက်၏။

“ကျုပ် မဝံ့ရဲပါဘူး စီနီယာ ကောင်းကင်ဘုံဖီးနစ်.. ခင်ဗျား အရင်သွားပါ”

ဆူဇီမိုက လမ်းဖယ်ပေးလိုက်၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ဆက်လက်၍ မပြောဆိုတော့ဘဲ အခန်းထဲကနေ အရင်ထွက်သွား၏။ များစွာအားထုတ်မှု မရှိဘဲ သူက လေထဲသို့ ရောက်ရှိသွားလေပြီ။

ဆူဇီမိုနှင့် မိုယင်က နောက်ကနေ နီးကပ်စွာ လိုက်ပါသွား၏။

အခန်းထဲကနေ ထွက်ခွာလာပြီးနောက်.. စိုထိုင်း၍ အငန်ဓာတ်ပါသော ရနံ့တစ်ခုက လွှမ်းခြုံလာ၏။ အဲဒါက ပင်လယ်ရေရနံ့ဖြစ်ပြီး တဝုန်းဝုန်းအသံများက သူ၏နားထဲမှာ ပို၍ရှင်းလင်းလာ၏။

လေထဲသို့ ရောက်ရှိလာပြီး ဆူဇီမိုသည် လှမ်းမျှော်ကြည့်ရှုကာ တုန်လှုပ်သွားရ၏။

သူတို့သည် ကီလိုမီတာ ထောင်ပေါင်းများစွာ ဖြန့်ကြက်ထားသော အလွန်တရာ ကြီးမားသည့် ဧရာမ ကျွန်းတစ်ခုအထက်မှာ ရောက်ရှိနေကြ၏။

သို့သော်လည်း.. ဤကဲ့သို့ ကျယ်ပြန့်သည့် ကျွန်းသည် အကန့်အသတ်မဲ့၍ ခမ်းနားထည်ဝါသော သမုဒ္ဒရာရေပြင်နှင့် နှိုင်းယှဉ်လျှင် အလွန်တရာ သေးငယ်နေသည်ဟု ထင်ရ၏။

ဆူဇီမိုသည် စိတ်ဝိညာဉ်ပင်လယ်ကို အရင်က တွေ့မြင်ခဲ့ဖူးပြီး ထိုအထဲမှာ ပါရှိသည့် တာအိုသဘောတရားကို နားလည်ဆင်ခြင်ခဲ့၏။

သူသည် နှစ်တစ်ထောင်သွေးပင်လယ်ကိုလည်း တွေ့မြင်ခဲ့ဖူးပြီး ထိုအထဲမှာ အသက်အန္တရာယ်နှင့်ပင် ရင်ဆိုင်ခဲ့ရ၏။

သို့သော်လည်း သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် တကယ့်ကို ကြီးမားကျယ်ပြန့်သည့် သမုဒ္ဒရာကို ပထမဆုံးအကြိမ် တွေ့မြင်ရခြင်းဖြစ်၏။ အဲဒါက မည်သည့် စိတ်ဝိညာဉ်ပင်လယ် သို့မဟုတ် နှစ်တစ်ထောင်သွေးပင်လယ်ထက်ကို များစွာပို၍ ခမ်းနားလေသည်။

လှိုင်းလုံးများက ကျယ်လောင်စွာ တဝုန်းဝုန်း ရိုက်ခတ်နေ၏။

သမုဒ္ဒရာ၏ အပြာရင့်ရောင် ရေမျက်နှာပြင်က ကြီးမားသော လှိုင်းလုံးများနှင့်အတူ တလိပ်လိပ် တက်လာနေ၏။ ပင်လယ်ရေမျက်နှာပြင်အောက်တွင် မရေမတွက်နိုင်သော ပင်လယ်မွန်းစတားများ၊ မိစ္ဆာသားရဲများနှင့် ကြောက်စရာကောင်းသော အန္တရာယ်များက ပုန်းလျှိုးနေကြ၏။

အခြားအရာများကို အသာထား.. သမုဒ္ဒရာ၏ စွမ်းပကားကပင်လျှင် လူတစ်ယောက်၏ စိတ်နှလုံးကို တုန်လှုပ်သွားစေနိုင်၏။

ဆူဇီမိုသည် ပင်လယ်သမုဒ္ဒရာကို ငေးကြည့်နေရင်း သူ၏စိတ်ထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာ၏။ သူသည် ဒီလှိုင်းကျမ်းနှင့် တည်ငြိမ်ပင်လယ်ကျမ်းအပေါ် သစ်လွင်သော နားလည်မှုတစ်ခု ရရှိလာ၏။

မိုယင်သည် အဲဒါကို သတိထားမိသွားပြီး သူမဘာသာသူမ ခေါင်းညိတ်လိုက်၏။

အဲဒါသည် ဉာဏ်အလင်းပွင့်သည့် အခြေအနေတစ်ခုဖြစ်၏။ ဉာဏ်အလင်းပွင့်မှုအချိန်က ပိုကြာမည်ဆိုလျှင် သူတို့၏ ကျင့်ကြံမှုအပေါ် ရရှိမည့် အကျိုးအမြတ်က ပိုများလေဖြစ်၏။

ကျင့်ကြံသူများစွာသည် သူတို့၏ ဉာဏ်အလင်းပွင့်မှု အခြေအနေမှာ အဆင့်သေးများ သို့မဟုတ် အဆင့်ကြီးတစ်ဆင့်ကိုပင် ချိုးဖျက်တက်လှမ်းနိုင်ကြ၏။

“ညီအစ်ကိုလုံမို.. ဟိုမှာတစ်ချက်ကြည့်လိုက်ဦး”

ထိုစဉ်မှာပင်.. စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ဆူဇီမိုကို တံတောင်ဖြင့် ညင်သာစွာ တွတ်ပြီး အဝေးတစ်နေရာသို့ လက်ညိုးထိုးပြလိုက်၏။

“သူတို့က နတ်ဖီးနစ်ကျွန်းရဲ့ အစောင့်တွေပဲ.. အဲဒီမှာ လူသားတွေတင် မဟုတ်ဘူး.. သားရဲတွေလည်း ပါတာပဲ”

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က တံတောင်ဖြင့် တွတ်လိုက်သည့်အတွက် ဆူဇီမိုသည် ဉာဏ်အလင်းပွင့်မှု အခြေအနေကနေ နိုးထလာ၏။

မိုယင်က နှမျောသည့်ပုံဖြင့် မျက်မှောင်ကြုတ်လိုက်၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က အဲဒါကို တမင်သက်သက် လုပ်သည်ဟု သူမ မထင်ပေ။ သို့သော်လည်း ဉာဏ်အလင်းပွင့်မှု အခြေအနေတစ်ခုက ရှားရှားပါးပါး ဖြစ်၏။ ယခု ဆူဇီမိုက နိုးထလာပြီဖြစ်တာကြောင့် သူသည် တူညီသော ထိုအခြေအနေသို့ တစ်ဖန်ပြန်လည်ဝင်ရောက်နိုင်မလား မသေချာတော့ပေ။

ဆူဇီမိုက အမူအရာကင်းမဲ့နေ၏။

တကယ်တော့ စောစောက သူ၏ ဉာဏ်အလင်းပွင့်မှုသည် နက်ရှိုင်းမှုမရှိဘဲ သူနားလည်ဆင်ခြင်နိုင်မည့် ကိစ္စများကလည်း အကန့်အသတ်ရှိလေသည်။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ ဟန့်တားနှောင့်ယှက်မှု မရှိလျှင်တောင် သူ့အနေဖြင့် ဓမ္မဝိသေသအဆင့်ကနေ ပေါင်းစည်းခန္ဓာအဆင့်သို့ ချိုးဖျက်တက်လှမ်းနိုင်ဖို့က မဖြစ်နိုင်ပေ။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ အကြည့်နောက်သို့ လိုက်ပါရင်း ဆူဇီမိုက နတ်ဖီးနစ်ကျွန်းတစ်ဝိုက်တွင် ကင်းလှည့်နေကြသည့် ဧရာမ ပင်လယ်ငှက်များကို စီးနင်းထားသော ကျင့်ကြံသူတစ်အုပ်စုကို တွေ့မြင်လိုက်ရ၏။

ထိုကျင့်ကြံသူတိုင်းက နိုးထဝိညာဉ်အဆင့်မှာ ရှိနေကြ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် စောစောက ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းကို လုံးဝ မသိရှိခဲ့သည့်အလား ဆူဇီမိုကို ဦးဆောင်ခေါ်သွားပြီး နတ်ဖီးနစ်ကျွန်းရှိ ယဉ်ကျေးမှုများကို ဆက်လက်မိတ်ဆက်ပေးနေ၏။

သူတို့သုံးယောက်သည် နတ်ဖီးနစ်ကျွန်းအစောင့်များ ဘေးကနေ ဖြတ်သွားသောအခါ ထိုသူများ အားလုံးသည် ပင်လယ်ငှက်များပေါ်ကနေ ဆင်းသက်​ပြီး စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကို ရိုသေလေးစားစွာဖြင့် ဦးညွတ်လိုက်ကြ၏။

စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် နတ်ဖီးနစ်ကျွန်းမှာ အလွန်တရာ မြင့်မားသော ဂုဏ်အဆင့်အတန်းတစ်ခု ရှိကြောင်း သိသာလေသည်။

ထိုစဉ်မှာပင်.. စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က အကဲစမ်းသည့် ပုံစံဖြင့် ပြောလိုက်၏။

“မိုယင်.. ဒီမှာ ဘာမှလုပ်စရာ မရှိဘူး.. နင်လုပ်စရာရှိတာကို အရင်သွားလုပ်နှင့်လေ.. ညီအစ်ကိုလုံမိုကိုတော့ ငါပဲ အဖော်ပြုပေးလိုက်မယ်”

မိုယင်က ခဏမျှ တွေးဝေသွားပြီးနောက် သူမ၏ ခေါင်းကို ခါပြလိုက်၏။

“ရပါတယ်.. ကျွန်မက နတ်ဖီးနစ်ကျွန်းရဲ့ ဆေဘာအခြွေအရံတစ်ယောက်ဆိုတော့ ကျွန်မမှာ လုပ်စရာ ဘာမှမရှိဘူး.. ကျွန်မက ရှင်တို့နှစ်ယောက်နောက်ကို လိုက်နေရုံပဲ”

All Chapters