ပေမင်ရှေးတော်ဝင်မိသားစု
Vol. 89 Ch. 1325
ပေမင်ရွှယ်က ဘယ်လောက်ကြာအောင် ကျင့်ကြံထားခဲ့သလဲ ဆူဇီမိုမသိရှိသော်လည်း သူမ၏ လှုပ်ရှားမှုများအရ ဆုံးဖြတ်ရမည်ဆိုလျှင် သူမသည် သိုင်းတာအို၏ ပထမအသွင်ပြောင်းလဲခြင်းဖြစ်သော နွားရိုင်းကိုးကောင် ကျားနှစ်ကောင်ကို စဦးအောင်မြင်မှု ရရှိနေလေပြီ။
ရွှေအမြုတေဖျက်ဆီးခံရခြင်း၏ နာကျင်မှု ၊ စိတ်ပျက်အားငယ်မှုနှင့် တွေဝေရှုပ်ထွေးမှုတို့သည် ဆူဇီမိုကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးသော တစ်စုံတစ်ရာဖြစ်၏။ အဲ့ဒါသည် သာမန်လူများ တောင့်ခံနိုင်သော တစ်စုံတစ်ရာမဟုတ်ဘဲ သူ၏စိတ်ဓာတ်နှင့်ပင်လျှင် သူသည် တစ်ခါတုန်းက မျှော်လင့်ချက်ပျောက်ဆုံးခဲ့ဖူးလေသည်။
သူသည် နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေတွင် တျဲယွဲ့ချန်ထားခဲ့သည့်စာသားကို တွေ့မြင်ရခြင်းမရှိလျှင် သူ့အနေဖြင့် သူ၏မျှော်လင့်ချက်ကို ပြန်လည်ထွန်းညှိဖို့ ခက်ခဲနေပေလိမ့်မည်။
သူ့ရှေ့ရှိ ၁၆နှစ်ဝန်းကျင်သာရှိသော မိန်းကလေးက စိတ်ပျက်အားငယ်ခြင်းမှာ နစ်မြှုပ်မသွားဘဲ သူမကိုယ်တိုင်ရုန်းထွက်၍ သိုင်းတာအိုကိုကျင့်ကြံနိုင်ခဲ့သည်မှာ အထင်ကြီးစရာကောင်းလေသည်။ ဒါ့အပြင် သူမတွေ့ကြုံခဲ့ရသည့် နာကျင်မှုပမာဏနှင့် ထိခိုက်ခံစားခဲ့ရမှုများက မျှော်တွေးမှန်းဆကြည့်၍ မရနိုင်ပေ။
ဆူဇီမိုသည် ထိုမိန်းကလေးထံမှ ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်လိုသောစိတ် ၊ မယိမ်းမယိုင်သောစိတ်ဓာတ်နှင့် ရှေ့သို့တက်လှမ်းဖို့ စိတ်ပိုင်းဖြတ်ထားမှုတို့ကိုတွေ့မြင်ရလေသည်။
အဲ့ဒါက သိုင်းတာအို၏ စိတ်ဓာတ်လည်းဖြစ်၏။
ရုတ်တရက် ဆူဇီမို၏စိတ်ထဲသို့ အတွေးတစ်ခုက ဝင်ရောက်လာသော်လည်း သူက အဲ့ဒါကို အလျင်အမြန်ဖိနှိမ်လိုက်၏။
“ငါအိပ်ပျော်သွားတာ ဘယ်လောက်ကြာသွားပြီလဲ”
ဆူဇီမိုက ခဏမျှစဥ်းစားပြီးနောက် မေးလိုက်၏။
ပေမင်ရွှယ်က ပြန်ဖြေလေသည်။
“တစ်နှစ်... အဲ့ဒါတစ်နှစ်ရှိသွားပြီ”
“အဲ့လောက်တောင် ကြာသွားတာလား”
ဆူဇီမိုက သူ၏မျက်ခုံးနှစ်ဖက်ကို အနည်းငယ်တွန့်ကွေးလိုက်၏။
ဆိုလိုသည်မှာ ကောင်းကင်နှင့်မြေကြီး တောင်ကြားမှတိုက်ပွဲပြီးဆုံးသွားခဲ့သည်မှာ တစ်နှစ်ကြာသွားခဲ့လေပြီ။
ပြီးခဲ့သည့်တစ်နှစ်အတွင်း ကျင့်ကြံရေးလောကမှာ ကိစ္စကြီးကြီးမားမားဘာတွေ့ဖြစ်ခဲ့သလဲ သို့မဟုတ် ယန်ပေးချန်က အဆင်ပြေရဲ့လား သူမသိရှိပေ။
ဆူဇီမိုသည် ခဏမျှစဥ်းစားတွေးတောပြီးနောက် သွယ်ဝိုက်၍မေးလိုက်၏။
“စောစောက မင်းတို့တွေ... ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်တိုက်ပွဲနဲ့ မဟာမိစ္ဆာအကြောင်း ငြင်းခုန်နေကြတာ ငါကြားမိတယ်... အဲ့ဒါက ဘယ်လိုလဲ”
“အဲ့ဒီမဟာမိစ္ဆာက အထီးကျန်သိုင်းသခင်ပဲ”
ပေမင်အောင်က အမုန်းတရားများဖြင့်ပြည့်နှက်နေသည့်အလား သူ၏နှုတ်ခမ်းကို စူဝိုင်းလိုက်၏။
“အဲ့ဒီမိစ္ဆာက အလယ်ပိုင်းတိုက်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးတော့ အင်မော်တယ် ၊ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေ ဝိုင်းဝန်းတိုက်ခိုက်လာအောင် ဆွဲဆောင်ခဲ့တယ်... ကျုပ်ကြားတာတော့ အင်မော်တယ်ဂိုဏ်းက အထွတ်အထိပ်ပညာရှင်တစ်ဦးက သူ့ကိုအာကာသစီးကြောင်းထဲ တွန်းပို့ခဲ့လို့ သူက သေသွားခဲ့ပြီပြောတယ်”
“အို...”
ဆူဇီမိုကခေါင်းညိတ်လိုက်၏။
ပေမင်ရွှယ်က မျက်မှောင်အနည်းငယ်ကြုတ်၍ ဆူဇီမိုကို အဓိပ္ပါယ်ပါပါကြည့်လိုက်၏။
လူကြီးမင်းဆူ၏ မေးခွန်းသည် အနည်းငယ်ရုတ်တရက်ဆန်နေသည်ဟု သူမက ခံစားရလေသည်။ လူကြီးမင်းဆူသည် ကျင့်ကြံသူတစ်ယောက် သို့မဟုတ် ကြီးကျယ်ခမ်းနားသော ကျင့်ကြံသူတစ်ယောက်ဖြစ်လိမ့်မည်ဟု သူမက တွေးထင်ခဲ့၏။ သူက သူ၏ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထား၍သာ သူတို့က သူကို ထွင်းဖောက်မမြင်နိုင်ခြင်းဖြစ်ရမည်ဟု သူမ တွေးလိုက်၏။
သို့သော်လည်း ဆူဇီမို၏မျက်နှာက အဝါရောင်သန်း၍ မမာမကျန်းသည့်ပုံ ဖြစ်နေသည်ကို သူမမြင်သောအခါ အဲ့ဒါသည် လူသားကျင့်ကြံသူတစ်ယောက်၏ အော်ရာနှင့် ဝေးကွာကြောင်းသိလိုက်၏။ ဒါ့အပြင်... သူ့မှာ လူသားကျင့်ကြံသူတစ်ယောက်၏ စွမ်ပကားကြီးသည့်အော်ရာမျိုး လုံးဝမရှိပေ။ ထိုသို့ဆိုလျှင် သူမက အတွေးလွန်နေခဲ့ခြင်းသာဖြစ်ရပေမည်။
ထိုအခိုက်အတန့်တွင် ဆူဇီမို၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဥ်သည် အသက်ဖြတ်ကျိန်စာ၏ စွမ်းအားဖြင့် လွှမ်းခြုံခြင်းခံထားရပြီး သူက မမာမကျန်းသည့်ပုံပေါက်နေ၏။ သူ၏ခန္ဓာကိုယ်က နုနယ်ပြီး ကာလကြာရှည်စွာဖျားနာနေသည့် စာပေသမားတစ်ယောက်၏ပုံစံဖြင့် တူနေ၏။
ထိုစဥ်မှာပင် ခပ်လှမ်းလှမ်းမြေပြင်က ပြင်းထန်စွာတုန်ခါလာ၏။ သိပ်မကြာခင် မြင်းခွာသံများနှင့် တောကောင်ဟိန်းဟောက်သံများကို အပြင်ဘက်ကနေ ကြားလိုက်ရ၏။
သားရဲချီများက လှည့်ပတ်လာပြီး စိတ်ဝိညာဥ်ချီများက လေထဲမှာ တရုန်းရုန်းထကြွလာ၏။
ဆူဇီမိုသည် စစ်ဆေးကြည့်ရှုဖို့အတွက် သူ၏စိတ်ဝိညာဥ်အသိစိတ်ကို အသုံးမပြုနိုင်သော်လည်း သူသည် တစ်ချက်ကြည့်လိုက်ရုံမျှနှင့် ဤပေမင်မြို့ထဲသို့ စိတ်ဝိညာဥ်တောကောင်များနှင့် သားရဲများကို စီးနင်းလာသည့် ကျင့်ကြံတစ်အုပ်စုဝင်ရောက်လာခြင်းကို ပြောနိုင်၏။
“သူတို့ ထပ်လာပြန်ပြီလား”
ပေမင်အောင်၏အမူအရာက ပြောင်းလဲသွားပြီး အံကိုတင်းတင်းကြိတ်လိုက်၏။
ပေမင်ရွှယ်က ထိုအချင်းအရာနှင့် အသားကျနေသည့်အလား သူမ၏အမူအရာက တည်ငြိမ်နေ၏။
ဆူဇီမိုသည် ခြံဝန်းထဲရှိ အုတ်တံတိုင်းကြောင့် အပြင်ဘက်တွင်ဘာတွေဖြစ်နေသည်ကို မတွေ့မြင်နိုင်သော်လည်း သူ၏အကြားအာရုံက သန်မာအားကောင်းသည့်အတွက် သူသည် မြို့ထဲမှလာသော အော်ဟစ်သံများကို ကြားရနိုင်လေသည်။
“သေချာရှာကြ... ဘယ်လိုရှေးဟောင်းရတနာကိုမှ လွတ်မသွားစေနဲ့”
မောက်မာခက်ထန်သောပုံစံဖြင့် အသံတစ်သံက ထွက်ပေါ်လာ၏။
“ပေမင်ရှေးတော်ဝင်မိသားစုက ဟိုးအရင်တုန်းက ငါတို့ရှေးတော်ဝင်မိသားစု ၃စုနဲ့ ရင်ဘောင်တန်းပြီး ရပ်တည်ခဲ့တဲ့ မိသားစုကြီးတစ်ခုပဲ... သူတို့ရဲ့ အခြေခံအုတ်မြစ်က တကယ့်ကိုသန်မာရမယ်”
“ဟားဟားဟားဟား....”
အပြင်ဘက်လူအုပ်ကြီးထဲမှ အော်ဟစ်ရယ်မောသံများက ဆက်တိုက်ထွက်ပေါ်လာ၏။ ဆူဇီမို၏နှလုံးက လှုပ်ခတ်သွားလေသည်။
ပေမင်ကလန်သည် ဤကဲ့သို့သောစွမ်းအားကြီးမားသည့် နောက်ခံတစ်ခုရှိနေသည်ဆိုတော့...။
သို့သော်လည်း ကြည့်ရသည်မှာ အနိုင်ကျင့်ခံနေရတာတောင် မည်သူကမှ မခုခံနိုင်သည့်အခြေအနေသို့ ဤမိသားစုက ယိုယွင်းပျက်စီးသွားပုံရလေသည်။
စိတ်ဝိညာဥ်တောကောင်များနှင့် သားရဲအုပ်ကြီးသည် ပေမင်မြို့ထဲသို့ အကြောက်အလန့်ကင်းမဲ့စွာ ဒုန်းစိုင်းဝင်ရောက်လာကြ၏။
“အဲ့ဒါက ဒေါင်ဖန်ရွှမ်ပဲ”
ပေမင်အောင်သည် အပြင်ဘက်မှ ရုတ်ရုတ်သဲသဲအသံများကို ကြားရသောအခါ သူ၏မျက်လုံးထဲတွင်နက်ရှိုင်းသော အမုန်းတရားတစ်ခုက ဖျပ်ခနဲဝင်ရောက်လာ၏။ သူက အဲ့ဒါကို သည်းမခံနိုင်တော့ဘဲ အခန်းပြင်ဘက်သို့ပြေးထွက်ကာ ခြံဝန်းထဲသို့ ပြေးသွားလိုက်၏။
“မောင်လေး...”
ပေမင်ရွှယ်က သူ့နောက်သို့အလောတကြီးပြေးလိုက်သွားပြီး သူ့ကိုပြန်ဆွဲလိုက်ကာ ခေါင်းခါပြလိုက်၏။
“အခုချိန်မှာ အပြင်ဘက်ကိုပြေးထွက်သွားတာနဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေတာ ဘာများကွာခြားလို့လဲ”
“အစ်မ... နင့်ရဲ့ရွှေအမြုတေကိုဖျက်ဆီးခဲ့တဲ့သူက သူ့အစ်မပဲ... ငါအဲ့ဒါကို ခေါင်းငုံ့ခံမနေနိုင်ဘူး”
ပေမင်အောင်က နီရဲနေသောမျက်လုံးများနှင့်အတူ သူ၏လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်၏။
ပေမင်ရွှယ်က ပြန်ပြောလိုက်၏။
“အဲ့ဒါက ဘာမှမဖြစ်ဘူး ... အဲ့ဒါက ငါနဲ့ ဒေါင်ဖန်ကျစ်ကြားက ရန်ငြိုးရန်စပဲ... နောက်ကျရင် အဲ့ဒါကို ငါ့ဘာသာဖြေရှင်းမယ်”
ထိုစဥ်မှာပင် ကျင့်ကြံသူတစ်အုပ်စုက ခြံဝန်းအပြင်ဘက်သို့ ရောက်ရှိလာကြ၏။
ဘုန်း...
ခြံဝန်းထဲရှိ မြင့်မားသောအုတ်တံတိုင်းသည် သိပ်သည်းပြင်းထန်သော အားတစ်ခုဖြင့် ပစ်ဆောင့်ခြင်းခံလိုက်ရပြီး အကျိုးအပဲ့အစအနများက လွင့်ပျံကာ အဲ့ဒါက ပြိုကျသွားလေသည်။
တထောင်းထောင်းထနေသော ဖုန်လုံးများ၏အပြင်ဘက်တွင် ကျင့်ကြံသူများက မတ်တတ်ရပ်နေကြ၏။ သူတို့အများစုသည် အခြေတည်အဆင့်ကျင့်ကြံသူများဖြစ်ပြီး သူတို့ကြားထဲတွင် ရွှေအမြုတေတချို့လည်း ပါဝင်၏။ သူတို့အားလုံးသည် စိတ်ဝိညာဥ်တောကောင်များကို စီးနင်းထားပြီး ခြံဝန်းထဲရှိ ပေမင်ရွှယ်နှင့် သူမ၏မောင်ကို ငုံ့ကြည့်နေကြ၏။
“ဒေါင်ဖန်ရွှမ်... မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ”
ပေမင်အောင်က ပြူးကျယ်သောမျက်လုံးများနှင့်အတူ အော်ငေါက်လိုက်၏။ သူက ငယ်ရွယ်သော်လည်း တစ်မူထူးခြားသော အော်ရာတစ်ခုကိုပိုင်ဆိုင်ထားခဲ့ပြီဖြစ်၏။
ဒေါင်ဖန်ရွှမ်သည် အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်ဖြစ်၏။ သူက ရွေအမြုတေအဆင့်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး ကြောက်စရာကောင်းသော စိတ်ဝိညာဥ်တောကောင်တစ်ကောင်ကို စီးနင်းထား၏။
စိတ်ဝိညာဥ်တောကောင်၏မျက်လုံးများက နီရဲနေပြီး သူ၏သားမွေးများက ရွှမ်းစိုကာ သူ၏ခြေလက်များက သန်မာလေသည်။ မြင့်မား၍ စွမ်းပကားကြီးမားပြီး သိပ်သည်းပြင်းထန်သော ဆိုးယုတ်အော်ရာတစ်ခုကိုဖြာထုတ်ပေးနေ၏။ အဲ့ဒါက ရှေးဦးဆက်နွယ်တောကောင် ဂြိုလ်ဆိုးစိတ်ဝိညာဥ်ခွေးဖြစ်၏။
ထိုရှေးဦးဆက်နွယ်တောကောင်က ရွှေအမြုတေစိတ်စိတ်ဝိညာဥ်သားရဲအဆင့်သို့ရောက်ရှိနေခဲ့လေပြီ။
ပေမင်အောင်က ဒေါင်ဖန်ရွှမ်ကို အော်ပြောလိုက်သည်ကို ကြားသောအခါ သူက ပေမင်အောင်ထံသို့ ဟိန်းဟောက်လိုက်၏။ သူသည် နီရဲနေသော မျက်လုံးများနှင့်အတူ ပေမင်အောင်ကိုစိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီး သူ၏ခန္ဓာကိုယ်ကိုဝပ်ကာ ခွန်အားကိုစုစည်း၍ သူ၏နှုတ်ခမ်းထောင့်ကနေ သွားရည်များကစီးကျလာ၏။
တစ်ဘက်တွင်ရှိသော ရွှေအမြုတေများကိုအသာထား ဂြိုလ်ဆိုးစိတ်ဝိညာဥ်ခွေးတစ်ကောင်ကပင်လျှင် ပေမင်ရွှယ်နှင့် သူမ၏မောင်ကိုသတ်ဖြတ်နိုင်လေသည်။
ပေမင်အောင်သည် ရှေးဦးဆက်နွယ်တောကောင်နှင့် ရင်ဆိုင်ရချိန်မှာ ကြောက်ရွံ့နေသော်လည်း သူက လုံးဝနောက်မဆုတ်ဘဲ ဂြိုလ်ဆိုးစိတ်ဝိညာဥ်ခွေးကို မမှိတ်မသုန်ပြန်လည်စိုက်ကြည့်နေ၏။
ရွှေအမြုတေဖျက်ဆီးခံထားရသည့် ပေမင်ရွှယ်ပင်လျှင် ပေမင်အောင်နှင့်အတူ အကြောက်အလန့်ကင်းမဲ့စွာ ပခုံးချင်းယှဥ်ရပ်နေ၏။
“ဟီးဟီး...”
ဒေါင်ဖန်ရွှမ်က သူ၏အောက်ဘက်ရှိ ဂြိုလ်ဆိုးစိတ်ဝိညာဥ်ခွေးကို လက်ဖြင့်ပုတ်ပြီး လှောင်ရယ်လိုက်၏။
“ကောင်စုတ်လေး... စိတ်ကိုလျှော့ စိတ်ကိုလျှော့”
ဒေါင်ဖန်ရွှမ်ပြောသည့် ကောင်စုတ်လေးဆိုသည်မှာ ပေမင်အောင်ကိုရည်ညွှန်းပြောဆိုနေခြင်းဖြစ်ကြောင်း လူတိုင်းကပြောနိုင်ကြ၏။
ဒေါင်ဖန်ရွှမ်၏ နောက်ဘက်ရှိ ကျင့်ကြံသူများက ဟားတိုက်ရယ်မောလိုက်ကြ၏။
“အဲ့ဒီမိန်းမပျိုလေးပေမင်က ရတနာအတွက် ငါ့အစ်မနဲ့တိုက်ခိုက်ခဲ့တာမဟုတ်လား... သူ့ရဲ့ရွှေအမြုတေကို ငါ့အစ်မဖျက်ဆီးခဲ့ပြီးတာတောင် သူက အသက်ရှင်နိုင်နေသေးတယ်ဆိုတော့... တကယ်ပဲ မလွယ်လှဘူး”
ဒေါင်ဖန်ရွှမ်၏အကြည့်သည် ပေမင်ရွှယ်ထံသို့ရွေ့လျားသွားပြီး သူက ထူးဆန်းသောပုံစံဖြင့်ပြောဆိုလိုက်၏။
ပေမင်ရွှယ်က တည်ငြိမ်သောအမူအရာရှိပြီး တိတ်ဆိတ်ငြိမ်သက်နေ၏။
“ဒေါင်ဖန်ရွှမ်... သိပ်ပြီးတော့လွန်မလာနဲ့”
ပေမင်အောင်က လက်သီးနှစ်ဖက်ကို ဆုပ်ပြီးအော်ပြောလိုက်၏။
“ငါကလွန်မယ်ဆိုရင်ရော မင်းကဘာလုပ်နိုင်မှာမို့လဲ”
ဒေါင်ဖန်ရွှမ်က အထင်သေးစွာဖြင့် နှုတ်ခမ်းစူလိုက်၏။
“ကောင်လေး... မင်းက ငါစီးနေတဲ့ စိတ်ဝိညာဥ်သားရဲကိုတောင် နိုင်မှာမဟုတ်ဘူး”
“ငါ့ရှေ့မှာဒီလိုပုံစံနဲ့ပြောရအောင် မင်းကိုယ်မင်း ဘာကောင်ထင်နေလဲ”
“ဒေါင်ဖန်ရွှမ်.... စောင့်ကြည့်နေလိုက် ငါရွှေအမြုတေအဆင့်ကိုရောက်ပြီးရင် မင်းနဲ့သေချာပေါက်တိုက်ခိုက်မယ်”
ပေမင်အောင်က စကားကို တစ်လုံးချင်းပြောလိုက်၏။
“အို...”
ဒေါင်ဖန်ရွှမ်က ဟားတိုက်ရယ်မောလိုက်၏။
“မင်းက ငါ့ကိုစစ်ကြေညာနေတာလား”
“ဟားဟားဟားဟား “
ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူအချို့ကလည်း ဟားတိုက်ရယ်မောလိုက်ကြ၏။
“ငါက ဘယ်လောက်ထိစောင့်ရမာလဲ”
ဒေါင်ဖန်ရွှမ်က ပြုံးစစဖြင့် မေးလိုက်၏။
“ဆယ်နှစ်လား... နှစ်နှစ်ဆယ်လား ဒါမှမဟုတ် နှစ်တစ်ရာလား”
“သုံးနှစ်....”
ပေမင်အောင်က ပြောလိုက်၏။
“နောက်သုံးနှစ်နေရင် ရှေးတော်ဝင်မိသားစု ပြိုင်ပွဲစမှာပဲ... အဲ့ဒီအချိန်ကျရင် ငါမင်းနဲ့သေချာပေါက်ယှဥ်ပြိုင်မယ်”
ဒေါင်ဖန်ရွှမ်သည် မသိချင်ယောင်ဆောင်၍ ထပ်မေးလိုက်၏။
“ရှေးတော်ဝင်မိသားစုပြိုင်ပွဲက ငါတို့ရှေးတော်ဝင်မိသားစု ၃ခုကြားက ပြိုင်ပွဲမလား... အဲ့ဒါက ပေမင်မိသားစုနဲ့ ဘာများပတ်သက်လို့လဲ”
“အို...”
ဒေါင်ဖန်ရွှမ်သည် ရုတ်တရက်နားလည်သွားသည့်ပုံစံ ဖမ်းလိုက်၏။
“မင်းတို့ရဲ့ ပေမင်မိသားစုကလည်း ရှေးဟောင်းခေတ်တုန်းက ငါတို့ရှေးတော်ဝင်မိသားစု ၃ခုနဲ့ ရင်ဘောင်တန်းရပ်တည်ခဲ့တယ်ဆိုတာ ငါမေ့တော့မလို့ပဲ”
“ဘယ်လောက်တောင် နှမြောဖို့ကောင်းလိုက်သလဲ... မင်းတို့ရဲ့ပေမင်မိသားစုမှာ အခုတော့ လူရာဂဏန်းလောက်ပဲကျန်တော့တယ်... အာ မင်းတို့မှာ အရိုက်အရာဆက်ခံသူတစ်ယောက်တောင် မရှိတော့ဘူးပဲ”