အနိုင်ရလဒ်
Vol. 90 Ch. 1336
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး နဂါးဝိညာဉ်ဆေဘာကို လက်ခံယူလိုက်၏။
သူသည် နဂါးဝိညာဉ် ဆေဘာကို ဖိနှိမ်ဖို့ ဤနှစ်များအတွင်း ကြိမ်ဖန်များစွာ ကြိုးစားခဲ့ဖူးသော်လည်း သူက နမော်နမဲ့ မပြုမူရဲပေ။
နဂါးဝိညာဉ်ဆေဘာသည် အစက ဆူဇီမို၏ လက်ထဲမှာ ငြိမ်သက်နေခဲ့၏။
သို့သော်လည်း စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က အဲဒါကို လက်ခံရယူပြီးနောက်… ပြင်းထန်ကြမ်းကြုတ်သော ဆေဘာချီစီးကြောင်းများက ရုန်းကန်ထွက်ပေါ်လာ၏။ ဘိုးဘေးနဂါးချီက လေထဲမှာ ပြည့်နှက်လာပြီး ဆေဘာက ရူးသွပ်စွာ တုန်ခါလာ၏။
“ဟမ်”
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ညင်သာစွာ အော်ငေါက်လိုက်၏။
“တိတ်စမ်း”
သူက သူ၏ လက်ဖဝါးကို လှုပ်ခါပြီး နတ်ဖီးနစ်အရိုးကို ထုတ်ဖော်လိုက်၏။ သူ၏ ဓမ္မစွမ်းအားကို လှည့်ပတ်ပြီး နတ်ဖီးနစ်အရိုးသည် လောင်ကျွမ်းခံလိုက်ရသည့်အလား ချက်ချင်းပင် နီရဲ၍ ကြည်လင်လာ၏။
“သွား”
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် နတ်ဖီးနစ်အရိုးကို ဆုပ်ကိုင်ပြီး သူ၏ ညာဘက်လက်ထဲရှိ နဂါးဝိညာဉ်ဆေဘာရှိရာသို့ တိုးကပ်လာ၏။
ချက်ချင်းပင်… နတ်ဖီးနစ်အရိုးကနေ မီးချီတစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး နဂါးဝိညာဉ်ဆေဘာပေါ်သို့ ဆင်းသက်သွား၏။
ဆူဇီမိုသည် ထိုမီးချီ၏ အော်ရာနှင့် အရမ်းကို ရင်းနှီးလေသည်။ အဲဒါက သူ့ညာဘက်လက်ထဲရှိ နတ်ဖီးနစ်အရိုးနှင့် အတူတူပင်ဖြစ်၏။
“ဂါး….”
နတ်ဖီးနစ်၏ မီးတောက်နှင့် ရင်ဆိုင်ရချိန်တွင် နဂါးဝိညာဉ်ဆေဘာက တုန်ခါသွား၏။ ၎င်းသည် မကျေမနပ်ဖြစ်သွားသည့်အလား ကျယ်လောင်၍ စူးရှသော နဂါးဟိန်းဟောက်သံကို ထုတ်ဖော်လိုက်၏။
ဆေဘာချီက ပို၍ပင် သန်မာလာပြီး ဘိုးဘေးနဂါးချီက ဒေါသူပုန်ထနေသော နဂါးစွမ်းအားနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာ၏။
နတ်ဖီးနစ်ကျွန်းသခင် မိုယင်နှင့် ဆူဇီမိုကလွဲလျှင် ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တုန်လှုပ်သွားပြီး သူတို့ပါ ရောပါဒုက္ခရောက်မည်ကို စိုးရိမ်၍ တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်လိုက်ကြ၏။
“သူ ထပ်ပြီး ကျရှုံးဦးမှာလား”
ကျင်းမင်၏ မျက်လုံးက အရောင်မှိန်သွား၏။
ကျင်းချန်သည် သနားသော အမူအရာနှင့်အတူ စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
သူတို့သာလျှင် မဟုတ်ကြပေ။ နတ်ဖီးနစ်ကျွန်းရှိ ကျင့်ကြံသူအများစု၏ ရင်ထဲတွင် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် နဂါးဝိညာဉ်ဆေဘာကို မကိုင်စွဲနိုင်သော်လည်း သူက သူတို့၏ သခင်လေး ဖြစ်နေခဲ့လေပြီ။
ဤနှစ်များအတွင်း.. စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် နတ်ဖီးနစ်ကျွန်းမှာ နေထိုင်ခဲ့ပြီး သူ၏ ဩဇာတိက္ကမကို တည်ဆောက်ခဲ့ပြီးလေပြီ။ သူသည် ချီးကျူးလောက်သော အကျိုးဆောင်မှုများစွာကို ပြုလုပ်ခဲ့ပြီး အလွန်တရာ အားကောင်းသည့် လွှမ်းမိုးနိုင်စွမ်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့လေပြီ။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် အဆင့်တူချင်းကြားမှာ ရှုံးနိမ့်မှုကို တစ်ခါမှ မတွေ့ကြုံဖူးဘဲ သူ့ထက် အဆင့်မြင့်သူများကိုပင် စိန်ခေါ်နိုင်စွမ်း ရှိလေသည်။
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်ဖြစ်သော်လည်း သူတို့နှစ်ယောက်ကြား တိုက်ပွဲတစ်ပွဲ ရှိလာမည်ဆိုလျှင် ရလဒ်ကို ကြိုတင်ခန့်မှန်းနိုင်မည် မဟုတ်ပေ။
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် နတ်ဖီးနစ်ကျွန်းတွင် ဤကဲ့သို့သော ဩဇာတိက္ကမ ရှိလာသည်မှာ ကြက်ကန်းဆန်အိုးတိုးခြင်း သေချာပေါက် မဟုတ်ပေ။
အဲဒါကြောင့် နတ်ဖီးနစ်ကျွန်းမှ ကျင့်ကြံသူများစွာသည် သူက အပြင်လူတစ်ယောက်ကို ရှုံးနိမ့်တော့မည်ကို မြင်သောအခါ မကျေမချမ်း ဖြစ်လာကြ၏။
ဆူဇီမိုက တည်ငြိမ်သော အမူအရာတစ်ခု ရှိနေ၏။
သူသည် နတ်ဖီးနစ်အရိုးနှင့် နဂါးဝိညာဉ်ဆေဘာကို ဖိနှိမ်ဖို့ ကြိုးစားမည်ဆိုလျှင် အဲဒါက အရမ်းကို ခက်ခဲပေလိမ့်မည်။ အကြောင်းမှာ နဂါးမျိုးနွယ်၏ မျိုးဆက်သွေးသည် အစကတည်းက နတ်ဖီးနစ်မျိုးနွယ်ထက် အားမနည်းသောကြောင့်ဖြစ်၏။
ဆူဇီမိုသည် နဂါးဝိညာဉ်ဆေဘာကို ဖိနှိမ်နိုင်ခဲ့သည်မှာ နတ်ဖီးနစ်အရိုးကြောင့် မဟုတ်ပေ။
နဂါးဝိညာဉ်ဆေဘာသည် ဆူဇီမို၏ ခန္ဓာကိုယ်ထဲမှ နဂါးဖီးနစ်၏ အော်ရာကို ခံစားမိခဲ့သောကြောင့်ဖြစ်၏။ အဲဒါက သိသာထင်ရှားခြင်း မရှိသော်လည်း အဲဒါသည် ကမ္ဘာဦးတဗူးသုံးမျိုးထဲမှ တစ်မျိုးဖြစ်လေသည်။
သူသည် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်နှင့် ပထမဆုံး ထိတွေ့ဆက်ဆံရခြင်း ဖြစ်သော်လည်း ဆူဇီမိုသည် ထိုသူ့ထံမှ အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ဖြာထွက်နေသည်ကို ဝိုးတဝါး ခံစားမိနိုင်၏။
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က မရိုးရှင်းပေ။
နဂါးဝိညာဉ်ဆေဘာသည် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ လက်ထဲကနေ အချိန်မရွေး ရုန်းထွက်သွားတော့မည့်အလား.. ၎င်း၏ တုန်ခါမှုက သိပ်သည်းပြင်းထန်လာခဲ့၏။
“ဟမ်”
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် ပြတ်သားသော အကြည့်နှင့်အတူ အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။
သူက သူ၏လျှာကို ညင်သာစွာ ကိုက်ပြီး နီရဲနေသော သွေးတစ်လုတ်ကို ထွေးထုတ်လိုက်၏။
သွေးများက အပြင်သို့ ထွက်လာသည့် ခဏမှာပင် ချစ်ချစ်တောက် အပူလှိုင်းအော်ရာတစ်ခုကို ထုတ်ပေးလိုက်၏။
ထိုအော်ရာသည် နတ်ဖီးနစ်အရိုး၏ အပူချိန်ထက် အားမနည်းပေ။
ရှဲ…
သွေးစီးကြောင်းသည် နတ်ဖီးနစ်အရိုးပေါ်သို့ ကျဆင်းသွားပြီး ချက်ချင်းပင် အငွေ့ပျံသွား၏။
အလွန်တရာ ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု နိုးထလာသည့်အလား.. တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်ခုက မြူခိုးများကြားကနေ ဖြာထွက်လာ၏။
ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် တုန်လှုပ်သွားပြီး သူတို့၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်လာ၏။
ထိုအရာနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် အမှန်တကယ်ပင် ဒူးထောက်ပြီး ဦးချချင်စိတ်များပေါက်လာ၏။
အဲဒါက လူသားများသာလျှင် မဟုတ်ပေ။ လက်ရှိ အခြားသော မျိုးနွယ်စုများတွင် ရှေးဦးဆက်နွယ်တောကောင်များဖြစ်စေ… မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်များဖြစ်စေ… သူတို့အားလုံးက အကြောက်တရားဖြင့် ပြည့်နှက်လာကြ၏။
အဲဒါသည် သူတို့၏ မျိုးဆက်သွေး အနက်ပိုင်းထဲမှလာသော ကြောက်ရွံ့မှုတစ်ခု ဖြစ်၏။
ဆူဇီမိုသည် သူ၏မျက်လုံးကို မှေးကျဉ်းပြီး ရင်တစ်ချက်ထိတ်သွား၏။
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ သွေးသည် နတ်ဖီးနစ်အရိုးနှင့် ပေါင်းစည်းသွားသည့် ခဏမှာပင် သူ၏ မျိုးဆက်သွေးက ရုန်းကန်ထကြွလာ၏။
သူ၏ နဂါးချီက ဆူပွက်လာပြီး သူ၏ နတ်ဖီးနစ်အရိုးကလည်း လောင်မြိုက်လာခဲ့၏။
ထိုကဲ့သို့သော ဖြစ်ရပ်မျိုးက တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။
ပို၍ ထူးဆန်းသည့်အရာမှာ နဂါးဝိညာဉ်ဆေဘာသည် အစက ရုန်းကန်နေခဲ့၏။ သို့သော်လည်း ၎င်းသည် ထိုအော်ရာကို ခံစားမိသောအခါ တုန်ခါခြင်းက အေးခဲ၍ ရပ်တန့်သွား၏။
နဂါးဝိညာဉ်ဆေဘာပင်လျှင် ထိုအော်ရာမှာ တုန်လှုပ်သွားရလေသည်။
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ကျေနပ်နှစ်ခြိုက်သွား၏။
သို့သော်လည်း မကြာခင် နဂါးဝိညာဉ်ဆေဘာက တစ်ဖန်ပြန်လည် တုန်ခါလာ၏။
ချွင်… ချွင်…
ထို့နောက် ချက်ချင်းပင်… နဂါးဝိညာဉ်ဆေဘာကနေ ဖြာထွက်လာသော နဂါးချီသည် ဘိုးဘေးနဂါးတစ်ကောင်၏ ပုံရိပ်အဖြစ် စုဖွဲ့သွား၏။ ၎င်းက လေထဲသို့ ပျံတက်ပြီး ကျယ်လောင်သော နဂါးဟိန်းသံကို ထုတ်ဖော်ကာ နေရာတစ်ခွင်လုံးကို တုန်လှုပ်သွားစေ၏။
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
ရူးသွပ်ပေါက်ကွဲလာသော အော်ရာနှစ်ခုက ထိတွေ့ရိုက်ခတ်သွားပြီး အစက စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ လက်ထဲရှိ နတ်ဖီးနစ်အရိုးက လွင့်စင်ထွက်သွား၏။
နတ်ဖီးနစ်အရိုး၏ ဖိနှိမ်မှု မရှိသောအခါ နဂါးဝိညာဉ်ဆေဘာသည် ၎င်း၏ စွမ်းပကားကို အပြည့်အဝ ထုတ်ဖော်လိုက်၏။ ဆေဘာချီက လေထဲမှာ ပြည့်နှက်သွားပြီး အဲဒါက လေဟာနယ်ကို ပိုင်းဖြတ်တော့မည့်အလား အလွန်တရာ ထက်ရှလာ၏။
နဂါးဝိညာဉ်ဆေဘာကို ဆုပ်ကိုင်ထားသော စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ လက်ဖဝါးက ချက်ချင်းပင် စုတ်ပြဲသွားပြီး သွေးများက ပန်းထွက်လာ၏။
သိပ်သည်းပြင်းထန်သော နာကျင်မှုက သူ၏ အာရုံကြောကို နှိုးဆွနေ၏။
သို့သော်လည်း စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် အံကိုကြိတ်ပြီး လက်လွှတ်ဖို့ကို ငြင်းဆန်ထား၏။ သူ၏ ခန္ဓာကိုယ်က နာကျင်မှုဖြင့် တွန့်လိမ်လာလေသည်။
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က မျက်မှောင်ကြုတ်၍ သုန်မှုန်စွာဖြင့် ပြောလိုက်၏။
“ကောင်းကင်ဘုံဖီးနစ်… လွှတ်ပေးလိုက်တော့”
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် ငြိမ်သက်နေပြီး အလျှော့မပေးလိုဘဲ နဂါးဝိညာဉ်ဆေဘာကို ဆုပ်ကိုင်ထားဆဲဖြစ်၏။
ဇီး… ဇီး…
ရူးသွပ်သော ပုံစံဖြင့် ဆေဘာချီများက စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ လက်ကောက်ဝတ်တစ်လျှောက် အပေါ်သို့ တလိပ်လိပ်တက်လာ၏။
အားလုံး၏ ရှေ့မှောက်မှာပင် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ လက်ပေါ်မှာ ဒဏ်ရာများက ထွက်ပေါ်လာပြီး မကြာခင် လတ်ဆတ်သော သွေးများက စီးကျလာ၏။
ဤအတိုင်းသာ ဆက်သွားလျှင် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ လက်နှစ်ဖက်စလုံးက အစီတ်စိတ်အမွှာမွှာ စုတ်ပြဲသွားပေလိမ့်မည်။
ဘန်း..
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်သည် သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားတစ်ခုကို ထုတ်ဖော်ကာ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ လက်ဖဝါးကို ထိတွေ့ရိုက်ခတ်လိုက်၏။
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် သူ၏လက်ကို လွှတ်ပေးလိုက်ရပြီး နဂါးဝိညာဉ်ဆေဘာက ရုန်းထွက်သွား၏၊ ၎င်းက အဖြူရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ဆူဇီမို၏ ရှေ့သို့ ချက်ချင်းပြန်လည်ရောက်ရှိလာ၏။
ဇီး…
နဂါးဝိညာဉ်ဆေဘာသည် ဆူဇီမို၏ရှေ့မြေပြင်မှာ ဒေါင်လိုက် ထိုးစိုက်သွားပြီး ၎င်း၏ ဓားသွားက တုန်ခါနေ၏။
မည်သူကမှ ဖြစ်ပျက်သွားသည့်အရာကို မသိရှိကြပေ။ အစက တိတ်ဆိတ်ငြိမ်သက်နေခဲ့သော နဂါးဝိညာဉ်ဆေဘာသည် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ ထိန်းချုပ်မှုကနေ ရုတ်တရက် ရုန်းထွက်လာနိုင်ခဲ့၏။
ဆူဇီမိုပင်လျှင် နားမလည်နိုင်ပေ။
သို့သော် ယခုအခါ အနိုင်ရရှိသူက ရှင်းလင်းသွားခဲ့လေပြီ။
ဤတစ်ကြိမ်မှာတော့ ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများပင်လျှင် တိတ်ဆိတ်ငြိမ်သက်သွား၏။
အခြားတစ်ဖက်မှာတော့ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် ပျက်ယွင်းနေသော အမူအရာနှင့်အတူ မလှုပ်မယှက် မတ်တတ်ရပ်နေ၏။ သူ၏ လက်နှစ်ဖက်က တွဲလောင်းကျနေပြီး ဆိုးဆိုးဝါးဝါးပုံစံဖြင့် သွေးများက တစက်စက် စီးကျနေ၏။
တကယ်တော့ ထိုကဲ့သို့သော ဒဏ်ရာများက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များအတွက် ဘာမှမဟုတ်ပေ။
သူ၏လက်တစ်ဖက်လုံး ကျိုးပျက်သွားလျှင်တောင် အဲဒါကို ပြန်လည်ပေါက်စေနိုင်၏။
သို့သော်လည်း ယနေ့ သူလက်ခံရရှိလိုက်သော ရိုက်ချက်က အရမ်းကို ပြင်းထန်လွန်း၏။
သူ၏ ပါးရည်နပ်ရည်ရှိသော ပုံစံနှင့်ပင်လျှင် သူက ထိုအခိုက်အတန့်မှာ သူ၏ရင်ထဲရှိ မကျေမချမ်းမှုများနှင့် စိတ်ပျက်ခြင်းကို ဖုံးကွယ်မထားနိုင်ပေ။
သူ ရှုံးနိမ့်ခဲ့ရသည့် အကြောင်းရင်းကို လက်ရှိကျင့်ကြံသူများထက် သူ့ထက် မည်သူကမှ ပိုမသိရှိကြပေ။
နည်းနည်းလေးပဲ..။
တကယ့်ကို နည်းနည်းလေးပဲ…။
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် သူ၏မျက်လုံးထဲရှိ မကျေနပ်မှုကို ဖုံးကွယ်ဖို့အတွက် သူ၏ခေါင်းကို အနည်းငယ် ငုံ့ထား၏။
ဆူဇီမိုက စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကို ပြုံးပြပြီး သူ၏လက်သီးနှစ်ဖက်ကို ယှက်လိုက်၏။
“အလျှော့ပေးခဲ့တဲ့အတွက် စီနီယာ ကောင်းကင်ဘုံဖီးနစ်ကို ကျေးဇူးတင်ပါတယ်”
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် သူ၏ခေါင်းကို မော့ပြီး ပြန်လည်ပြုံးပြလိုက်၏။
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က သူ၏အသံကိုမြှင့်၍ အော်ပြောလိုက်၏။
“ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ ဘာမှငြင်းခုံနေစရာ မလိုတော့ဘူး… လုံမိုက…”
ကျွန်းသခင်…
ထိုစဉ်မှာပင် ကျင်းမင်သည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ထွက်လာပြီး လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။
“သခင်လေးတစ်ယောက်ရဲ့ အဆင့်အတန်းက ပေါ့ပေါ့တန်တန် ကိစ္စမဟုတ်ဘူး.. လုံမိုရဲ့ နောက်ခံက ဘာမှန်းသိရသေးတာလည်း မဟုတ်ဘူး.. ကျွန်းသခင် ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး”
“ကျွန်းသခင်.. ကျေးဇူးပြုပြီး ကျုပ်ပြောတာကို နားထောင်ပါ”
ကျင်းရှန်ကလည်း ဦးညွှတ်လိုက်၏။
“နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးဆိုတာ နတ်ဖီးနစ်ကျွန်းရဲ့ ကိုယ်စားပြုမျက်နှာပဲ.. သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အားနည်းလို့ မရဘူး.. မဟုတ်ရင် နတ်ဖီးနစ်ကျွန်းက အပြင်လူတွေရဲ့ လှောင်ပြောင်သရော်တာကို ခံရလိမ့်မယ်”