ချုပ်တည်းထားခြင်း
Vol. 90 Ch. 1337
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်သည် မျက်ခုံးပင့်ပြီး မေးလိုက်၏။
“မင်းတို့တွေက ဘာပြောချင်တာလဲ”
ကျင်းရှန်က လေးနက်သော အသံဖြင့် ပြောလိုက်၏။
“စီနီယာအစ်ကို ကောင်းကင်ဘုံဖီးနစ်က လုံမိုနဲ့ တိုက်ခိုက်ပြီးတော့ အနိုင်ရရှိသူကို နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးအဖြစ် သတ်မှတ်သင့်တယ်လို့ ကျုပ်အကြံပြုချင်တယ်”
“အဲဒါ အမှန်ပဲ”
ကျင်းမင်က ထပ်ပြောလိုက်၏။
“စီနီယာအစ်ကို ကောင်းကင်ဘုံဖီးနစ်က နတ်ဖီးနစ်ကျွန်းမှာ နေလာခဲ့တာ ကြာလှပြီ.. အဲဒါမှပဲ သူ့အတွက် မျှတလိမ့်မယ်”
“ဟင်းဟင်း”
မိုယင်က လှောင်ရယ်လိုက်၏။
“တကယ့် ဟာသပဲ.. လုံမိုက အခုမှ ဓမ္မဝိသေသအဆင့်မှာပဲ ရှိသေးတယ်.. ကောင်းကင်ဘုံဖီးနစ်က ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီ.. သူတို့နှစ်ယောက်ကြား တိုက်ပွဲကို မျှတတယ်လို့ ပြောရဲသေးတယ်ပေါ့”
“နောက်ပြီး.. နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးဆိုတာ တိုက်ခိုက်ရည်ခွန်အားမှာ သန်မာတာနဲ့ပဲ သရဖူဆောင်းပေးလို့ရတဲ့အရာ မဟုတ်ဘူး”
ကျင်းမင်သည် မိုယင် ဒေါသထွက်လာသည်ကို မြင်သောအခါ သူက အနည်းငယ် စိုးရွံ့သွား၏။ သို့သော်လည်း သူက သူ့ကိုယ်သူ အားတင်းပြီး ဆက်လက်၍ ငြင်းဆန်လိုက်၏။
“ဒါပေမဲ့လို့… သူ့ရဲ့ တိုက်ခိုက်ရည်ခွန်အားက အားနည်းနိုင်တယ်လို့ မဆိုလိုဘူးလေ.. ကျုပ်တို့ရဲ့ ကျွန်းသခင်က တွေ့ရာလူတစ်ယောက်ရဲ့ အလွယ်တကူ ဖိနှိမ်ခြင်းကို ခံနေရမယ်ဆိုရင် နတ်ဖီးနစ်ကျွန်းက ဟာသဖြစ်လာမှာ မဟုတ်ဘူးလား”
ကျင်းရှန်သည် သူ၏မျက်လုံးကို လှည့်ပတ်ပြီး စိတ်ထဲကနေ ကြံစည်နေ၏။
“အကြီးအကဲမိုယင်ရဲ့ စကားက ကျိုးကြောင်းဆီလျော်မှု မရှိတာတော့ မဟုတ်ဘူး.. သူတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေက ကွာဟနေတယ်ဆိုမှတော့ ဒီတိုက်ပွဲက တကယ်ပဲ မမျှတဘူး”
“အဲ့လိုဆိုမှတော့.. ကျုပ်က တာအိုရောင်းရင်း လုံမိုနဲ့ လက်ရည်စမ်းမယ်.. ခင်ဗျားက ကျုပ်ကိုမှ မနိုင်ဘူးဆိုရင်တော့… ဟီးဟီး”
ကျင်းရှန်က ရယ်မောလိုက်၏။ သူက ဆက်လက်၍ မပြောဆိုသော်လည်း သူပြောချင်သည့် အဓိပ္ပာယ်က ရှင်းလင်းလေသည်။
ဤနေရာအရောက်တွင် ဆူဇီမိုက ကျင်းရှန်ကို ပြုံး၍ ကြည့်လိုက်၏။
ဘာကြောင့်ရယ်မသိ.. ဆူဇီမို၏ အပြုံးကို တွေ့မြင်သောအခါ ကျင်းရှန်သည် ရင်ထဲမှာ ရှင်းမပြတတ်အောင် တလှပ်လှပ်ဖြစ်လာပြီး ခေါင်းမွေးများ ထောင်လာ၏။
သူသည် အလွန်တရာ ကြောက်စရာကောင်းသော ကြမ်းကြုတ်တောကောင်တစ်ကောင်၏ ပစ်မှတ်ထားခြင်းကိုခံရပြီး အချိန်မရွေး ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားရ၏။
ကျင်းရှန်က တံတွေးကို မျိုချပြီး အနည်းငယ် စိုးရိမ်ပူပန်နေဆဲဖြစ်သော်လည်း ထပ်ပြောလိုက်၏။
“တကယ်တော့ ကျုပ်ရှုံးခဲ့မယ်ဆိုရင်တောင် အဲဒါက ဘာအဓိပ္ပာယ်မှ မရဘူး.. ကျုပ်ရဲ့ တိုက်ခိုက်ရည်ခွန်အားက အစကတည်းက သာမန်ပဲ”
“အဲ့အချိန်ကျရင် ကျုပ်တို့က တာအိုရောင်းရင်းလုံမို ပေါင်းစည်းခန္ဓာအဆင့်ထိ ရောက်လာပြီး စီနီယာအစ်ကို ကောင်းကင်ဘုံဖီးနစ်နဲ့ လက်ရည်စမ်းမယ့်အချိန်ကို စောင့်ရတာပေါ့”
ဤအကြံပြုချက်က ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင်ကို ပစ်ခြင်းဖြစ်၏။
အပြင်လူတစ်ယောက်အနေဖြင့် ဆူဇီမိုသည် နတ်ဖီးနစ်ကျွန်းမှာ အစကတည်းက အခြေခံအုတ်မြစ်နှင့် ဩဇာတိက္ကမ များစွာမရှိပေ။ သူက ကျင်းရှန်ကို ရှုံးနိမ့်သွားမည်ဆိုလျှင် မည်သူကမှ သူ့ကို အသိအမှတ်ပြုကြတော့မည် မဟုတ်ပေ။
ဆူဇီမိုက အနိုင်ရမည်ဆိုလျှင်လည်း သူ့အတွက် အကျိုးများစွာ မရှိပေ။
မျှတသော တိုက်ပွဲက ဆူဇီမိုက ပေါင်းစည်းခန္ဓာအဆင့်သို့ တက်လှမ်းပြီးမှသာ ရောက်ရှိလာပေလိမ့်မည်။
တစ်နည်းအားဖြင့်ဆိုလျှင်.. သခင်လေးအဖြစ် သတ်မှတ်မည့်ကိစ္စကို လောလောဆယ်မှာ ရွှေ့ဆိုင်းထားရပေတော့မည်။
ဆူဇီမို၏အကြည့်က စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်အပေါ်သို့ ရောက်ရှိသွား၏။
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က သူ့နေရာမှာသူ ငြိမ်သက်စွာ ရပ်နေ၏။
အစကနေ ယခုအချိန်ထိ သူသည် ဤကိစ္စမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိသည့်အလား သူ၏အမြင်ကို ထုတ်ဖော်ပြသခြင်း မရှိပေ။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်၏ စိတ်နေသဘောထားက စိတ်ဝင်စားစရာကောင်း၏။ သူက သဘောတူခြင်း မရှိသလို ကန့်ကွက်ခြင်းလည်း မရှိပေ။
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က သုန်မှုန်နေသော အမူအရာတစ်ခုရှိပြီး တိတ်ဆိတ်ငြိမ်သက်နေ၏။
ဆူဇီမိုကလည်း မည်သည့်စကားမှ မပြောဘဲ ပြုံးရုံသာ ပြုံးနေ၏။
သူ့အတွက်တော့ ကျင်းမင်နှင့် ကျင်းရှန်သည် လုံးဝ ခြိမ်းခြောက်မှုမရှိသည့် လူပြက်နှစ်ကောင်သာ ဖြစ်၏။
ဆူဇီမိုသည် သူတို့၏ အကြံပြုချက်အတိုင်း လိုက်နာရမည်ဆိုလျှင်တောင် အကြောက်အလန့် မရှိပေ။
ကောင်းကင်နှင့်မြေကြီး တိုက်ပွဲမှာတုန်းက သူ၏လက်ထဲမှာ သေဆုံးခဲ့ရသော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဘယ်လောက်တောင် များခဲ့သလဲ…။
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က တိုက်ခိုက်ရည်ခွန်အားမှာ ဘယ်လိုပင် သန်မာပြီး သူက ဘယ်လိုပြန်ဝင်စား မွန်းစတားတစ်ကောင်ပင် ဖြစ်ပါစေ… ကိစ္စမရှိပေ။ သူက အလွန်ဆုံး ကမ္ဘာဦးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များနှင့်သာ ယှဉ်နိုင်ပေလိမ့်မည်။
ကမ္ဘာဦးမျိုးနွယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် အစစ်အမှန်နဂါးခန္ဓာ၏ ဝှက်ဖဲများနှင့်အတူ သတ်ဖြတ်ခြင်းကိုခံခဲ့ရ၏။
နတ်ဖီးနစ်ကျွန်းသခင်၏ အကြည့်က ရွေ့လျားသွားပြီး သူက ဘေးတွင်ရှိသော စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကိုကြည့်ကာ မေးလိုက်၏။
“ကောင်းကင်ဘုံဖီးနစ်.. မင်း ဘယ်လိုသဘောရလဲ”
“ကျုပ်ကတော့ ကျွန်းသခင်သဘောအတိုင်းပဲ”
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က အပြုံးနှင့်အတူ ပြန်ဖြေလိုက်၏။
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က ခေါင်းညိတ်၍ ကျင်းမင်နှင့် ကျင်းရှန်ကို ကြည့်ကာ အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်၏။
“မင်းတို့နှစ်ယောက်ပေးတဲ့ အကြံက တကယ်မဆိုးဘူးပဲကွ”
“အဲ့လိုမှပေါ့”
ကျင်းမင်က ရယ်မောလိုက်၏။
“ကျုပ်လည်း အဲဒါက မဆိုးဘူးလို့ ထင်တာပဲ”
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ မျက်နှာပေါ်ရှိ အပြုံးက အနည်းငယ် တောင့်တင်းသွား၏။
ကျွန်းသခင်၏ လေသံတွင် ဖိနှိမ်ထားသော အမျက်ဒေါသကို သူက ကြားရနိုင်၏။
“နဂါးဝိညာဉ်ဆေဘာကို ကိုင်စွဲနိုင်တဲ့ ဘယ်သူမဆို နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးဖြစ်လာမယ်လို့ ဆေဘာဧကရာဇ်က အမိန့်ပေးခဲ့တယ်”
နတ်ဖီးနစ်ကျွန်းသခင်၏ အမူအရာက အေးစက်လာပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်းတို့နှစ်ယောက်က တကယ့်ဆရာကြီးတွေပဲ.. ဆေဘာဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ စည်းမျဉ်းစည်းကမ်းကိုတောင် ဆန့်ကျင်ရဲတယ်ပေါ့”
ကျင်းမင်နှင့် ကျင်းရှန်သည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို နားလည်သွားပြီး ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာခဲ့ကြ၏။
ကျင်းမင်က အလောတကြီး ပြန်လည်ပြောဆိုလိုက်၏။
“ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ ကျွန်းသခင်… ကျုပ်.. ကျုပ်က အဲ့လိုဆိုလိုတာ မဟုတ်ဘူး”
“မင်းတို့နှစ်ကောင် ဘယ်လိုတောင် ရဲတင်းနေတာလဲ”
ရုတ်တရက် နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က အော်ဟစ်လိုက်၏။
ဘုန်း..
ကျင်းမင်နှင့် ကျင်းရှန်သည် အရမ်းကို ကြောက်လန့်သွားပြီး ဖြူဖပ်ဖြူလျော် မျက်နှာများနှင့်အတူ မြေပြင်ပေါ်ကို ဒူးထောက်ကျသွား၏။
ကျွန်းသခင်၏ စွမ်းပကားနှင့် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ အမျက်သည် သူတို့နှစ်ယောက် ခံနိုင်ရည်ရှိသော တစ်စုံတစ်ရာ မဟုတ်ပေ။ သူတို့၏ ဝိညာဉ်များက သူတို့၏ ခန္ဓာကိုယ်ကနေ လွင့်စင်မတတ် ကြောက်လန့်သွားပြီး သေးများပင် ထွက်ကျလာကြ၏။
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။
ဤမြင်ကွင်းက သူမျှော်လင့်ထားသည်ထက် တကယ်ကို ကျော်လွန်နေခဲ့လေပြီ။
အစကတော့ သူက နတ်ဖီးနစ်အရိုးကို ပိုင်ဆိုင်ရသည်ဆိုလျှင်တောင် သူက အပြင်လူတစ်ယောက် ဖြစ်သည့်အတွက် အချိန်တိုအတွင်း ကျွန်းသခင်၏ အသိအမှတ်ပြုမှုကို ရရှိဖို့ ခက်ခဲနေဦးမည်ဟု တွေးထင်ထားခဲ့၏။
သူသည် နဂါးဝိညာဉ်ဆေဘာကို ကိုင်ဆွဲခဲ့ပြီးနောက်… နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က သူ၏ဘက်ကနေ တွေဝေတုံ့ဆိုင်းခြင်းမရှိ ရပ်တည်လာခဲ့၏။
“မင်းတို့နှစ်ယောက်က ဓမ္မဝိသေသအဆင့်မှာပဲ ရှိသေးတယ်.. ဒါတောင် ဆေဘာဧကရာဇ်ရဲ့ အမိန့်ကို ဆန့်ကျင်ပြီးတော့ နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးကို မလေးမစား ပြုမူရဲတယ်ပေါ့.. မင်းတို့ရဲ့ ကျင့်ကြံမှုတွေကို ဆက်ပြီးထားစရာ မလိုတော့ဘူးလို့ ငါထင်တယ်”
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က အေးစက်စွာဖြင့် ပြောဆိုလိုက်၏။
“ကျွန်းသခင်.. ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါဦး”
“ကျွန်းသခင်.. ကျေးဇူးပြုပြီး ကျုပ်တို့ကို ချမ်းသာပေးပါဦး”
ကျင်းမင်နှင့် ကျင်းရှန်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး သနားညှာတာဖို့အတွက် ထပ်တလဲလဲ ဦးချတောင်းပန်နေကြ၏။
ဘေးပတ်ဝန်းကျင်ရှိ အခြားသော ကျင့်ကြံသူများသည် အဲဒါကို မကြည့်ရက်တော့ဘဲ သနားညှာတာဖို့အတွက် ဝင်ရောက်တောင်းပန်ပေးချင်၏။ သို့သော်လည်း သူတို့ပါ ရောပါငြိစွန်းမည်ကို စိုးရိမ်နေပြီး ထိုသို့ မပြုလုပ်ဝံ့တော့ပေ။
“သခင်လေးကို နှုတ်ဆက်ပါတယ်”
ရုတ်တရက် သူ့ဘေးကနေ အသံတစ်သံ ထွက်ပေါ်လာ၏။
ကျင့်ကြံသူများ အားလုံးသည် လှမ်းကြည့်လိုက်ကြပြီး တုန်လှုပ်သွားကြ၏။
ဆူဇီမို၏ မျက်လုံးထဲမှာပင် အံ့အားသင့်မှုက ဖျတ်ခနဲ ပေါ်ထွက်သွား၏။
သူ့ကို သခင်လေးအဖြစ် ပထမဆုံး အသိအမှတ်ပြု နှုတ်ဆက်သည့်သူက စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ် ဖြစ်နေလိမ့်မည်ဟု မည်သူကမှ မထင်မှတ်ထားခဲ့ပေ။
အဲဒါက ဘာအဓိပ္ပာယ်လဲ…။
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကပင်လျှင် ဦးညွှတ်လိုက်ပြီလား…။
ထိုအခိုက်အတန့်တွင် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏ လက်သီးနှစ်ဖက်ကိုယှက်ကာ အနည်းငယ် ဦးညွှတ်လိုက်၏။
“ကျုပ်က ကောင်းကင်ဘုံဖီးနစ်ပါ… သခင်လေးကို နှုတ်ဆက်ပါတယ်… အခုကစပြီး ခင်ဗျားမှာ အမိန့်ပေးစရာတစ်ခုခု ရှိမယ်ဆိုရင် ကျုပ်အသက်ကို ပဓာနမထားဘဲ ဆောင်ရွက်ပေးပါမယ်”
ဆူဇီမို၏ တုံ့ပြန်မှုကလည်း အလွန်တရာ မြန်ဆန်ပြီး ပြန်လည်ပြုံးပြလိုက်၏။
“စီနီယာ ကောင်းကင်ဘုံဖီးနစ်.. ခင်ဗျားက နှိမ့်ချလွန်းနေပြီ.. အဲ့လိုတွေ တခမ်းတနားလုပ်စရာ မလိုပါဘူး”
သို့သော်လည်း တစ်ချိန်တည်းမှာပင် သူက တိတ်တဆိတ် တုန်လှုပ်သွားရ၏။
ဤကောင်းကင်ဘုံဖီးနစ်က တကယ့်ကို အကောင်ကြီးကြီးဖြစ်၏။
သူက ဆူဇီမို တွေးထင်ထားသည်ထက်ပင် ပို၍ ကြောက်စရာကောင်းနေ၏။
တကယ်ဆို.. စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် တျဲယွဲ့၏ တည်နေရာကို မေးမြန်းခဲ့စဉ်က ဆူဇီမိုသည် သတိထားမိခဲ့ပြီဖြစ်၏။
တျဲယွဲ့က ထွက်ခွာသွားပြီဖြစ်ကြောင်း သူကြားရသည့်အခါ ကောင်းကင်ဘုံဖီးနစ်သည် စိတ်ပျက်မှုနှင့် နှမျောတမ်းတမှုကို ဖော်ပြခဲ့သော်လည်း ထိုသူ့ထံတွင် ကျေနပ်သည့် အရိပ်အမြွက်တစ်ခုကလည်း ရှိနေခဲ့၏။ တကယ်တော့ အဲဒါသည် ဆူဇီမို၏ ဗီဇအသိစိတ်သာဖြစ်ပြီး တိကျသေချာမှု မရှိခဲ့ပေ။
အဲဒီနောက်.. အခြားတစ်စုံတစ်ရာက စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်ကို ပို၍ သတိထားဖို့ ဖြစ်လာစေခဲ့၏။
သူ ဉာဏ်အလင်းပွင့်နေသည့်ဖြစ်စဉ်ကို စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် မတော်တဆပုံစံဖြင့် ဟန့်တားနှောင့်ယှက်ခဲ့၏။
အဲဒါက တမင်ရည်ရွယ်တာ မဟုတ်ဘူးဆိုလျှင် အဲဒါက အဆင်ပြေပေလိမ့်မည်။
သို့သော်လည်း အဲဒါက တမင်ရည်ရွယ်ခဲ့သည် ဆိုလျှင်တော့…။
နောက်ပိုင်းတွင် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် မိုယင်ကို ထွက်သွားစေချင်ခဲ့၏။
သို့သော်လည်း မိုယင်က သဘောမတူခဲ့ပေ။
ထိုအပြုအမူကလည်း ကြည့်ရလျှင် ဘာမှမမှားပေ။
သို့သော်လည်း နောက်ပိုင်း ဖြစ်ပျက်ခဲ့သည့် အရာရာတိုင်းက ပို၍ပင် သတိထားစောင့်ကြည့်စရာ ဖြစ်လာခဲ့၏။
အဲဒီနောက်… စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် ဆူဇီမိုကို နဂါးဝိညာဉ်ခန်းမဆီသို့ ခေါ်သွားချင်ခဲ့၏။
နဂါးဝိညာဉ်ဆေဘာကို ဖိနှိမ်ခြင်းက အလွန်တရာ အန္တရာယ်များပြီး အမှားတစ်ခုက အပြင်းအထန် ဒဏ်ရာရရှိသွားစေနိုင်၏။
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်အနေဖြင့် အဲဒါကို မသိရှိစရာ အကြောင်းမရှိပေ။
သို့သော်လည်း သူက သူ၏ စိတ်စေတနာကောင်းကို ထုတ်ဖော်ပြသခဲ့၏။
တကယ်ပင် မိုယင်က သူ၏ အကြံပြုချက်ကို တားဆီးခဲ့လေသည်။
သို့သော်လည်း ဆူဇီမိုကလည်း နဂါးဝိညာဉ်ဆေဘာကို တွေ့ချင်နေပြီး ထိုသူနှင့် လိုက်ပါဖို့ သဘောတူကာ စောစောက မြင်ကွင်းက ပေါ်ထွက်လာခဲ့၏။
ထိုအကြောင်းများကြောင့် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် အနည်းငယ် ကြောက်စရာကောင်းသည်ဟု ဆူဇီမိုက ခံစားလာရခြင်းဖြစ်၏။
အစကနေ ယခုအချိန်ထိ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် သူ့အပေါ် ရန်လိုမှု တစ်စုံတစ်ရာကို ထုတ်ဖော်ပြသခဲ့ခြင်း မရှိပေ။
အပေါ်ယံကြည့်လျှင်တော့ သူ၏ အပြုအမူများက လုံးဝ စိတ်စေတနာကောင်းဖြင့်သာ ဖြစ်၏။
နောက်ဆုံးမှာတော့ စောစောက ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းသည် သက်သေသက္ကာရ မရှိသော ဆူဇီမို၏ ခန့်မှန်းချက်များသာ ဖြစ်၏။
ယခု စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်သည် သူ့ကို သခင်လေးအဖြစ် အသိအမှတ်ပြု၍ စတင်ဦးညွှတ်လာခဲ့၏။
စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က စိတ်ရင်းမှန်ကန်မည်ဆိုလျှင် ဆူဇီမိုက သဘောထားသေးသိမ်နေခြင်းဖြစ်ပြီး သူက အတွေးလွန်နေခဲ့ခြင်းဟု အဓိပ္ပာယ်ရလေသည်။
သို့သော်လည်း ဤလူက တစ်စုံတစ်ရာကို အကောက်ကြံနေသည်ဆိုလျှင်တော့ သူသည် စိတ်ကိုချုပ်တည်းသည့်နေရာမှာ အလွန်တော်သည်ဟု ဆိုရပေတော့မည်။