နတ်ဖီးနစ်ကျွန်း၏သခင်လေး
Vol. 90 Ch. 1338
တကယ်တော့ စောစောက ဆူဇီမိုသည် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်အပေါ် သတ်ဖြတ်လိုစိတ်ဖြစ်ပေါ်ခဲ့သည့် အခိုက်အတန့်ရှိခဲ့၏။
စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က အရင်ဦးစွာစ၍ သူ့ကိုစိန်ခေါ်မည်ဆိုလျှင် သူ၏ခန့်မှန်းချက်များက မှန်ကန်သည်ဟု ဆိုလိုရပေမည်။
ထိုအခါ တိုက်ပွဲအတွင်း သူသည် စွမ်းအကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်ကို မသတ်ဖြတ်ဘူးဆိုလျှင်တောင် သူက ထိုသူကို ဒဏ်ရာအပြင်းအထန်ရရှိစေမည်ဖြစ်၏။
မထင်မှတ်ထားစွာပင် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က မည်သည့်အရာကိုမှ ထုတ်ဖော်ပြသမလာခဲ့ပေ။
သူသည် ဘေးကနေ မတ်တတ်ရပ်ပြီး ကျင်းမင်နှင့် ကျင်းရှန်ကိုသာ လှုပ်ရှားစေခဲ့၏။
အစကနေ ယခုချိန်ထိ သူသည်စကားတစ်ခွန်းမှ ထမပြောခဲ့ပေ။
ယခု... အခြားသောကျင့်ကြံသူများက တွေဝေတုံ့ဆိုင်းနေစဥ်တွင် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က အရင်ဦးစွာထ၍ ရှေ့သို့ထွက်ပြီး သူ့ကို သခင်လေးအဖြစ် ဦးဆောင်အသိအမှတ်ပြုလာခဲ့၏။ အဲ့ဒါကြောင့် ဆူဇီမိုက စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်တွင် အခြားသောရည်ရွယ်ချက်ရှိနေသည်ဟု ခံစားမိသည်ဆိုလျှင်တောင်သူ့မှာ သက်သောမရှိပေ။
အရာရာတိုင်းက သူ၏ထင်မြင်ယူဆချက်များနှင့် စိတ်ခံစားချက်များသာဖြစ်၏။
အခြားသောကျင့်ကြံသူများသာလျှင် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က သူ့ကိုသခင်လေးအဖြစ် အသိအမှတ်ပြုလိုက်သည့်အတွက် ထိုသူ့အပေါ် လွန်မင်းစွာ ယုံကြည်မိသွားပေလိမ့်မည်။ သို့သော်လည်း ဆူဇီမိုသည် ကျင့်ကြံရေးလောကမှာ သွေးလွှမ်းတိုက်ပွဲများနှင့် အကြံသမားများစွာကို တွေ့မြင်ခဲ့ဖူး၏။
သူက သူ၏ ဗီဇအသိစိတ်ကိုယုံကြည်လေသည်။
ထို့ကြောင့်ပင်လျှင် သူက စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်ကို တစ်ချိန်လုံး သတိထားစောင့်ကြည့်နေခဲ့ခြင်းဖြစ်၏။
ဒါ့အပြင် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က သူ့ကိုစတင်ဦးညွှတ်လာခဲ့သည်ဆိုလျှင်တောင် သူက စိတ်ကိုလျှော့ချထားလိမ့်မည် မဟုတ်ပေ။ ထိုအစား သူက ပို၍ပင် သတိထားစောင့်ကြည့်ရမည်ဖြစ်၏။
“မင်းတို့တွေက ဘာတွေစောင့်နေကြတာလဲ... မြန်မြန်လာပြီး သခင်လေးကို နှုတ်ဆက်လိုက်ကြလေ”
စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် တစ်ဘက်သို့လှည့်ပြီး အလှမ်းမကမ်းရှိ နတ်ဖီးနစ်ကျွန်း ကျင့်ကြံသူများကို သတိပေးလိုက်၏။
“သခင်လေးကိုနှုတ်ဆက်ပါတယ်”
ကျင့်ကြံသူများစွာက တုံ့ပြန်၍ ဦးညွှတ်လိုက်ကြ၏။
မိုယင်သည်လည်း ကျေနပ်နှစ်ခြိုက်သွားပြီး ဆူဇီမိုကို လက်သီးနှစ်ဖက်ယှက်ကာ ဦးညွှတ်နှုတ်ဆက်လိုက်၏။
“သခင်လေးကို နှုတ်ဆက်ပါတယ်”
“ကောင်းကင်ဘုံဖီးနစ်... တော်တယ်ကွာ”
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်၏ အပြုအမူ ကို ချီးကျူးပြီး ခေါင်းအနည်းငယ်ညိတ်ပြလိုက်၏။
အစကတော့ နတ်ဖီးနစ်ကျွန်းတွင် ပြင်းထန်သော အချင်းများစရာတစ်ခုရှိလာဖို့အခွင့်များပြီး အဲ့ဒါက အတွင်းရေးပဋိပက္ခတစ်ခုအဖြစ်သို့ပင် ပြောင်းလဲသွားနိုင်၏။
ယခု... စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်က အရင်ဦးစွာစ၍ ဦးညွှတ်လိုက်ပြီ ဖြစ်တာကြောင့် ထိုပဋိပက္ခကို ဖြေရှင်းပြီးသားဖြစ်သွားလေပြီ။
“ကျွန်းသခင်... ကျုပ်မှာ အရဲကိုးတဲ့ တောင်းဆိုစရာတစ်ခုရှိတယ်”
စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က ဒူးထောက်ချပြီး ပြောဆိုလိုက်၏။
“ကောင်းကင်ဘုံဖီးနစ်... အဲ့လိုလုပ်စရာမလိုပါဘူး မင်းစိတ်ထဲမှရှိတာကို ပွင့်ပွင့်လင်းလင်းပြေစမ်းပါ”
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က တိုက်ပွဲဖြစ်မလာတော့သည့်အတွက် စိတ်ကျေနပ်နေ၏။
သူက သူ၏အင်္ကျီလက်စကိုဝေ့ယမ်းပြီး စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်ကို ထူမပေးလိုက်၏။
စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ကျင်းမင်နဲ့ ကျင်းရှန်က အမှားကြီးကြီးကျူးလွန်ခဲ့တယ်ဆိုပေမယ့် အဲ့ဒါက တမင်ရည်ရွယ်ခဲ့တာမဟုတ်ဘူး”
“မင်းက သူတို့နှစ်ယောက်အတွက် အသနားခံတောင်းပန်ပေးချင်တာလား”
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
“မဟုတ်ပါဘူး”
စွမ်အားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က စိတ်ရင်းမှန်စွာဖြင့် ပြောဆိုလိုက်၏။
“စောစောက သူတို့ရဲ့ကျင့်ကြံမှုတွေကို ခင်ဗျားက ဖျက်ဆီးပစ်ချင်တယ်ဆိုတာ ခင်ဗျားက တမင်ရည်ရွယ်ပြီးပြောခဲ့တယ်ဆိုတာ ကျုပ်သိပါတယ်... ကျုပ်က အဲ့ဒီအပြစ်ပေးမှုကို သူတို့နှစ်ယောက်ိုယ်စားခံယူချင်တယ်”
“ကျွန်းသခင်... ကျေးဇူးပြုပြီး သူတို့ကိုသနားညှာတာမှုပေးပြီး ဘဝတစ်ခုပြန်စခွင့်ပေးလိုက်ပါ”
“သူတို့က ဓမ္မဝိသေသအဆင့်ကို ရောက်အောင် နှစ်ပေါင်းထောင်ချီကျင့်ကြံခဲ့ရတာ သူတို့အတွက် မလွယ်လှဘူး”
ကျင်းမင်နှင့် ကျင်းရှန်သည် ရင်ထဲမှထိသွားပြီး သူတို့၏မျက်လုံးများက မျက်ရည်များဖြင့်စိုလာကာ စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်နှင့် နတ်ဖီးနစ်ကျွန်းသခင်ကို တိတ်တဆိတ်နှင့် ထပ်တလဲလဲ ဦးချလိုက်ကြ၏။
ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေ၏။
စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်သည် နတ်ဖီးနစ်ကျွန်းတွင် ဤကဲ့သို့သော ဩဇာတိက္ကမ ရှိလာသည်မှာ တကယ်ပင်ကြက်ကန်းဆန်အိုးတိုးခြင်း မဟုတ်ပေ။
သူ့မှာလှည့်ကွက်အချို့ရှိနေ၏။
သူသည် ကျင်းမင်နှင့် ကျင်းရှန်ကို ခွင့်လွှတ်ပေးဖို့ နတ်ဖီးနစ်ကျွန်းသခင်ကို တောင်းပန်ခဲ့ခြင်းမဟုတ်ပေ။ ထိုအစားသူက ကျင်းမင်နှင့် ကျင်းရှန်ကိုယ်စား အပြစ်ဒဏ်ကိုခံယူချင်သည်ဟု တောင်းဆိုခဲ့၏။
သူကနတ်ဖီးနစ်ကျွန်းမှာ ဘယ်လိုဂုဏ်အဆင့်အတန်းကို ပိုင်ဆိုင်ထားသလဲ။
သူသည် နတ်ဖီးနစ်အရိုးကိုပိုင်ဆိုင်ထားသော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။
ဒါ့အပြင် သူက သခင်လေးမဟုတ်ဘူးဆိုလျှင်တောင် နတ်ဖီးနစ်ကျွန်းတွင် သူ၏ အဆင့်အတန်းက အလွန်တရာမြင့်မားပြီး အခြားမည်သူကမှ သူ့ကိုယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်သည် စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်အကြံပြုသည့်အတိုင်း သူ့ကိုအပြင်းအထန် အပြစ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
တကယ်ပင် နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်ကိုလေးနက်စွာ ကြည့်လိုက်၏။
“ကိစ္စက ဒီလိုဆိုမှတော့... တောင်ပိုင်းပင်လယ်စပ်ကိုသွားပြီး မင်းရဲ့အပြုအမူတွေကို သံဝေဂရဖို့ နားလည်ဆင်ခြင်လိုက်”
“ကျေးဇူးတင်ပါတယ်... ကျွန်းသခင်”
စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က ညင်သာစွာပြုံးလိုက်၏။
ထိုအပြစ်ပေးမှုက လျစ်လျူရှု၍ ရသလောက်နီးပါးဖြစ်၏။
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က မိုယင်ကို လှည့်ကြည့်လိုက်၏။
“သခင်လေးရဲ့ နေရာထိုင်ခင်း ၊ နန်းတော်နဲ့ နေ့စဥ်ကိစ္စအဝဝကို မင်းကိုပဲ လွှဲပေးရတော့မှာပဲ”
“အင်း...”
မိုယင်က ခေါင်းညိတ်ပြလိုက်၏။
ဆေဘာအခြွေအရံတစ်ယောက်အနေဖြင့် မိုယင်သည် နဂါးဝိညာဥ်ဆေဘာ ကိုင်ဆွဲထားနိုင်သည့်သူကို အလုပ်အကျွေးပြုရပေမည်။
နတ်ဖီးနစ်ကျွန်း၏ ကျွန်းသခင်က လှည့်ထွက်သွား၏။
“သခင်လေး... ကျုပ်က သံဝေဂရဖို့အတွက် တောင်ပိုင်းပင်လယ်စပ်ကိုသွားရတော့မယ် လောလောဆယ်မှာ ကျုပ်က ခင်ဗျားကို အမှုထမ်းမပေးနိုင်တော့ဘူး... ကျေးဇူးပြုပြီး ကျုပ်ကိုခွင့်လွှတ်ပါ”
စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က တောင်းပန်လိုက်၏။
“မပူပါနဲ့”
ဆူဇီမိုကပြုံးပြလိုက်၏။
ထိုစဥ်မှာပင် နတ်ဖီးနစ်ကျွန်းသခင်၏ အသံက နဂါးဝိညာဥ်ခန်းမ၏အပြင်ဘက်မှာထွက်ပေါ်လာ၏။
“နတ်ဖီးနစ်ကျွန်းက အားလုံးပဲ နားထောင်ကြ... နဂါးဝိညာဥ်ဆေဘာက ပိုင်ရှင်ရှိလာခဲ့ပြီ အခုကစပြီး လုံမိုက နတ်ဖီးနစ်ကျွန်းရဲ့ သခင်လေးပဲ”
“နတ်ဖီးနစ်ကျွန်းက အားလုံးပဲ... မင်းတို့က အခုကစပြီး သခင်လေးရဲ့အမိန့်ကိုနာခံရမယ်”
သူ၏အသံက မကျယ်သော်လည်း ထိုအသံက နတ်ဖီးနစ်ကျွန်း၏ တထောင့်တစ်နေရာမကျန် ပျံ့နှံ့သွား၏။
နတ်ဖီးနစ်ကျွန်းပေါ်ရှိ သက်ရှိတိုင်းသည် အချက်တစ်ချက်ကို သိလိုက်ကြ၏။ နတ်ဖီးနစ်ကျွန်း၏ သခင်လေးကို ရွေးချယ်ပြီးသွားပြီဖြစ်၏။ အဲ့ဒါက သူတို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်မဟုတ်ဘဲ လုံမိုဟုခေါ်သော ကျင့်ကြံသူတစ်ယောက်ဖြစ်နေ၏။
ချက်ချင်းပင် နတ်ဖီးနစ်ကျွန်းက အုန်းအုန်းကျက်ကျက်ဖြစ်လာကြ၏။
ရုတ်တရက် ဆူဇီမို၏ရင်ထဲတွင် အိပ်မက်ဆန်ဆန် ခံစားချက်တစ်ခုထွက်ပေါ်လာ၏။
သူသည် လေဟာနယ်စီးကြောင်းထဲကနေ လွတ်မြောက်လာပြီးနောက် နတ်ဖီးနစ်ကျွန်းသို့ရောက်ရှိလာကာ ကြောက်စရာကောင်းလောက်သော တိုက်ဆိုင်မှုတချို့ဖြင့် နတ်ဖီးနစ်ကျွန်း၏ သခင်လေးဖြစ်လာကာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကိုလည်း အစေခံအဖြစ် ရရှိလိုက်သေး၏။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ သူသည် နတ်ဖီးနစ်ကျွန်း၏ သခင်လေးအနေဖြင့် နတ်ဖီးနစ်ကျွန်းတစ်ခုလုံး၏ အင်အားကို စုစည်းလာနိုင်ခြင်းဖြစ်၏။
သူ၏အဆင့်အတန်းသည် လူတစ်ယောက်တည်း၏ အောက်မှာရှိပြီး အခြားလူတိုင်း၏ အထက်မှာရှိသည်ဟု ဆိုရပေမည်။
တကယ်တော့... နတ်ဖီးနစ်ကျွန်းသည် သူ၏ သရုပ်သကန်အမှန်ကို ယခုအချိန်ထိ မသိရှိသေးပေ။
သို့သော်လည်း အဲ့ဒါက အချိန်ကာလကြာရှည်စွာ ဖုံးကွယ်ထားနိုင်မည့်တစ်စုံတစ်ရာမဟုတ်ဘဲ အနှေးနဲ့အမြန်ဆိုသလို နတ်ဖီးနစ်ကျွန်းမှာ ပျံ့နှံ့လာပေလိမ့်မည်။
သူသည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများက အမဲလိုက်နေသော ကမ္ဘာဦးမျိုးနွယ်စုများနှင့် ရန်သူဖြစ်သော တာအိုအရှင်အထီးကျန်သိုင်းသခင်ဖြစ်သည်ဟု သူတို့သိမည်ဆိုလျှင် ဘယ်လိုတုံ့ပြန်လာမလဲ သူက သိချင်မိ၏။
သူတို့သည် သူ့ကိုသခင်လေးအဖြစ် သူ၏နေရာကနေ ထုတ်ပယ်လိုက်ကြမလား...။
အဲ့ဒါက ပြောဖို့ခက်၏။
မည်သို့ပင်ဆိုစေ သူက ထိုကဲ့သို့သောအခြေအနေများနှင့် အသားကျနေပြီဖြစ်၏။
အနည်းဆုံးတော့ ယခုအချိန်မှာ နတ်ဖီးနစ်ကျွန်း၏သခင်လေးဖြစ်လာခြင်းက သူ့အတွက် ဆိုးသည့်အရာမဟုတ်ပေ။
ဒါ့အပြင် သူသည် နတ်ဖီးနစ်ကျွန်းမှာ ဒီလှိုင်းကျမ်းနှင့် တည်ငြိမ်ပင်လယ်ကျမ်းကို ကောင်းကောင်းကျင့်ကြံဖို့ အခွင့်အရေးတစ်ခုရှိလာပေလိမ့်မည်။
သူက ဉာဏ်အလင်းပွင့်သွားမည်ဆိုလျှင် ပေါင်းစည်းခန္ဓာအဆင့်သို့တက်လှမ်းနိုင်မည့် အခွင့်အလမ်းတစ်ခုကို ရှာဖွေနိုင်ပေလိမ့်မည်။
ထိုအချိန်ကျလျှင် နတ်ဖီးနစ်ကျွန်းကပင်လျှင် သူ့ကိုထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။ သူက သူ့ကိုယ်သူကာကွယ်လာနိုင်ပြီး ဤနေရာကနေ ထွက်ခွာရပေလိမ့်မည်။
“သခင်လေး.. သွားကြရအောင်”
မိုယင်ကပြောလိုက်၏။
“ကျွန်မ... ရှင့်ကို ရှင့်ရဲ့နန်းတော်နေရာကို လိုက်ပြပေးမယ် ရှင်က အပြင်ကိုထွက်လို့ရပြီး ကျွန်းမှာရှိတဲ့ ကျင့်ကြံသူတွေနဲ့လည်း တွေ့လို့ရတယ်”
“အင်း...”
ဆူဇီမိုက ခေါင်းညိတ်၍ မိုယင်နှင့်အတူ ထွက်ခွာသွားကြ၏။
နဂါးဝိညာဥ်ခန်းမတွင် ကပ်ဘေးတစ်ခုကနေ ရှင်သန်လွတ်မြောက်လာသော ကျင်းမင်နှင့်ကျင်းရှန်သည် တဖြည်းဖြည်းစိတ်ကို တည်ငြိမ်စေလိုက်၏။ သူတို့သည် စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်ဘုံဖီးနစ်၏ရှေ့သို့ရောက်ရှိလာပြီး လေးနက်စွာ ဦးညွှတ်လိုက်၏။
“စီနီယာအစ်ကိုကောင်းကင်ဘုံဖီးနစ်... ကျုပ်တို့က ဒီမျက်နှာသာပေးမှုကို သေချာပေါက်မှတ်ထားပါ့မယ်”
“ထကြ...အဲ့ဒါက ဘာမှမဟုတ်ဘူး “
စွမ်းအားကြီးပုဂ္ဂိုလ်ကောင်းကင်ဘုံဖီးနစ်က ညင်သာစွာ ပြုံးလိုက်၏။
အဲ့ဒီနောက် သူ၏အကြည့်သည် ခပ်ဝေးဝေးတွင်ရှိသော ဆူဇီမို၏နောက်ကျောပေါ်သို့ ကျရောက်သွား၏။ သူ၏မျက်လုံးကို မှေးကျဥ်းထားပြီး သူက အလေးအနက်စဥ်းစားတွေးတောနေသည်ဟုထင်ရ၏။
မိုယင်၏ ဦးဆောင်မှုအောက်တွင် ဆူဇီမိုသည် နတ်ဖီးနစ်ကျွန်းကို နောက်တစ်ပတ်လှည့်၍ကြည့်ရှုလိုက်၏။
ဤတစ်ကြိမ်တွင်တော့ နတ်ဖီးနစ်ကျွန်းပေါ်ရှိ ကျင့်ကြံသူအများစုက သူ့ကိုသိရှိနေကြပြီဖြစ်၏။
ကျင့်ကြံသူများစွာသည် သူ့ကို စူးစမ်းလိုစိတ်ဖြင့် လိုက်လံကြည့်ရှုနေကြ၏။
ပင်လယ်မျိုးနွယ် အမျိုးသမီးအချို့သည် ခပ်ဝေးဝေးကနေ ဆူဇီမိုကိုလက်ညိုးထိုးပြီး သူတို့၏ လှပသောမျက်လုံးရွဲများဖြင့် ကြည့်နေကြ၏။ သူတို့က တိတ်တဆိတ်ပြုံး၍ ရှက်သွေးဖြာနေကြ၏။
“အဲ့ဒီကျင့်ကြံသူတွေက ဘာတွေလုပ်နေကြတာလဲ”
ဆူဇီမိုသည် မလှမ်းမကမ်းတွင်ရှိသော ပင်လယ်ကမ်းစပ်ကို လက်ညိုးထိုးပြီး သိလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
တစ်ဘက်တွင် ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ကျောက်တန်းတချို့ပေါ်ထွက်နေပြီး ကျင့်ကြံသူများက အဲ့ဒါတွေအပေါ်မှာထိုင်နေကြ၏။ သူတို့၏ဆေဘာများကို သူတို့၏ဒူးပေါ်မှာ ကန့်လန့်ဖြတ်တင်ထားပြီး သူတို့က ပင်လယ်ရေမျက်နှာပြင်ကို ငေးကြည့်နေကြ၏။
“သူတို့က နားလည်ဆင်ခြင်နေကြတာ”
မိုယင်က ရှင်းပြလိုက်၏။
“အရင်တုန်းက ဆေဘာဧကရာဇ်က ပင်လယ်ကမ်းစပ်မှာ တာအိုကိုနားလည်ဆင်ခြင်ခဲ့ပြီး ဆေဘာတာအိုရဲ့ လျှို့ဝှက်ကျမ်းနှစ်ခုဖြစ်တဲ့ ဒီလှိုင်းကျမ်းနဲ့ ပင်လယ်တည်ငြိမ်ကျမ်းကို ဖန်တီးခဲ့တယ်... အဲ့ဒီကျင့်ကြံသူတွေက ဆေဘာဧကရာဇ်ရဲ့လမ်းကြောင်းကိုလိုက်ပြီး တူညီတဲ့စိတ်အခြေအနေကို နားလည်ဆင်ခြင်နေကြတာ”