← Chapters

ဟာမစ်

Vol. 90 Ch. 1339

ဟာမစ်

Vol. 90 Ch. 1339

“ပင်လယ်ကမ်းစပ်ကနေ တာအိုကို နားလည်ဆင်ခြင်တာလား”

ဆူဇီမိုက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

နတ်ဖီးနစ်ကျွန်းသို့ ရောက်ရှိလာပြီးနောက်.. သူသည် ဤသမုဒ္ဒရာ၏ ခမ်းနားထည်ဝါမှုကို သူ့မျက်စိနှင့် မြင်တွေ့ခဲ့ရပြီး အကန့်အသတ်မဲ့သော စကြဝဠာ၏ စွမ်းအားကို တွေ့ကြုံခံစားခဲ့ရ၏။ တကယ်ပင် အဲဒါသည် ဆေဘာဧကရာဇ်၏ အမွေအနှစ်ကို နားလည်ဆင်ခြင်ဖို့ သူ့အတွက် အလွန်တရာ အထောက်အကူဖြစ်ခဲ့၏။

နောက်ရက်အနည်းငယ်အတွင်း ဆူဇီမိုသည် နတ်ဖီးနစ်ကျွန်းကို လှည့်ပတ်ကြည့်ရှုပြီးနောက်.. ဆေဘာဧကရာဇ် ချန်ထားရစ်ခဲ့သော အမွေအနှစ်ကို နားလည်ဆင်ခြင်ဖို့အတွက် သူက နတ်ဖီးနစ်ကျွန်း၏ ဆေဘာတာအိုအမွေအနှစ်နန်းတော်သို့ သွားရောက်ခဲ့၏။

ဆေဘာဧကရာဇ်သည် တကယ့်ကို တရားမျှတပြီး ထျန်ဟွမ်ကုန်းမြေတိုက်နှင့် နတ်ဖီးနစ်ကျွန်းရှိ ကျင့်ကြံသူများ အားလုံးကို တူညီစွာ ဆက်ဆံခဲ့သည်ဟု ဆိုရပေမည်။

နတ်ဖီးနစ်ကျွန်းရှိ ဒီလှိုင်းကျမ်းနှင့် တည်ငြိမ်ပင်လယ်ကျမ်းသည် ဆူဇီမို သင်ယူခဲ့သည့်အရာနှင့် လုံးဝ ထပ်တူညီနေ၏။

ဆေဘာဧကရာဇ်သည် ဆေဘာတောင်စိတ်ဝိညာဉ်ပင်လယ်မှာ ချန်ထားရစ်ခဲ့သော သူ၏အမွေအနှစ်တွင် တစ်စုံတစ်ရာ ထိန်ချန်ထားခဲ့ခြင်း မရှိပေ။

အဲဒီနောက် ဆူဇီမိုသည် ပင်လယ်ကမ်းစပ်သို့ သွားပြီး ကျောက်တန်းတစ်ခုအပေါ်မှာ ထိုင်လိုက်၏။

သူရွေးချယ်သော နေရာသည် သူ့နန်းတော်၏ အနောက်ဘက်ဖြစ်ပြီး အလွန်တရာ တိတ်ဆိတ်ငြိမ်သက်၏။ ပင်လယ်ကမ်းစပ်တွင် အခြားမည်သည့်ကျင့်ကြံသူမှ မရှိဘဲ သူက နှောင့်ယှက်ခြင်း ခံရလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ပင်လယ်ကမ်းစပ်ရှိ ကျောက်တန်းပေါ်မှာ နေ့စဉ်နှင့်အမျှ ထိုင်ပြီး အနိမ့်အမြင့် တိမ်စိုင်များ၊ အတက်အကျ ဒီရေလှိုင်းများနှင့် တဝုန်းဝုန်း ရိုက်ခတ်နေသော လှိုင်းလုံးများကို စောင့်ကြည့်နေ၏။ သူသည် အတွင်းမှာရှိသော လျှို့ဝှက်ဆန်းကြယ်သည့် ပြောင်းလဲမှုများကို နားလည်ဆင်ခြင်ခဲ့ပြီး သူ၏ဆေဘာနှင့်အတူ ထပ်တလဲလဲ လေ့ကျင့်နေခဲ့၏။

အစကတော့ သူသည် သူ၏ဆေဘာကို ကြိမ်ဖန်များစွာ လွှဲယမ်းခဲ့၏။

သူသည် နေ့စဉ်နှင့်အမျှ ခုတ်ချက်ထောင်ချီ သို့မဟုတ် ခုတ်ချက် သောင်းနှင့်ချီ၍ လေထဲမှာ ခုတ်ပိုင်းခဲ့၏။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ဆေဘာကို ဆူဇီမို လွှဲယမ်းသော အရေအတွက်က လျော့နည်းလာ၏။

နောက်ဆုံးမှာတော့ သူသည် ခုတ်ချက်တစ်ချက်နှင့် တစ်ချက်ကြားမှာ အချိန်ကြာမြင့်စွာ ရပ်တန့်နေတတ်၏။

သို့သော်လည်း သူ၏ ခုတ်ချက်ကနေ ထွက်ပေါ်လာသော ဆေဘာစိတ်ဆန္ဒသည် ပို၍ ကြောက်စရာကောင်းလာ​ပြီး ပို၍ ထက်ရှလာ၏။

တည်ငြိမ်ပင်လယ်ကျမ်း၏ ပထမဆုံး လှုပ်ရှားကွက်လေးကွက်တွင် သူ၏ ဆေဘာစိတ်ဆန္ဒက ပကတိပြီးပြည့်စုံသည့်အဆင့်နီးပါးသို့ ရောက်ရှိလာ၏။

သို့သော်လည်း ဆူဇီမိုသည် နောက်ဆုံးလှုပ်ရှားကွက် တည်ငြိမ်ပင်လယ်နှင့် ပတ်သက်၍ သဲလွန်စ မရရှိသေးပေ။

အဲဒါသည် တည်ငြိမ်ပင်လယ်ကျမ်း၏ တကယ့်အနှစ်သာရ ဖြစ်၏။

ဤနှစ်တွင် မိုးများက သည်းထန်စွာ ရွာသွန်း၍ မိုးကြိုးသံများက တဝုန်းဝုန်း မြည်ဟည်းနေ၏။

ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လှိုင်းလုံးများက တလိပ်လိပ်တက်လာပြီး ကမ္ဘာဖျက်ကပ်ဘေးတစ်ခုက ဆင်းသက်ကာ အရာရာတိုင်းကို ဖျက်ဆီးပစ်တော့မည့်အလား.. အဆက်မပြတ် တဝုန်းဝုန်း ရိုက်ခတ်နေ၏။

ဆူဇီမိုသည် ပင်လယ်ကမ်းစပ်တွင် သူ၏ဆေဘာကို ဝှေ့ယမ်းနေရင်း သမုဒ္ဒရာရေပြင်ထက်ရှိ မြူခိုးများအကြားတွင် လွင့်မျောနေသော လှေငယ်တစ်စင်းကို တွေ့မြင်လိုက်ရ၏။

လှေငယ်သည် ဒေါသူပုန်ထနေသော သမုဒ္ဒရာရေမျက်နှာပြင်နှင့် မုန်တိုင်းထဲမှာ အချိန်မရွေး နစ်မြုပ်သွားနိုင်သည့် အစက်အပြောက်တစ်ခုနှင့် တူနေ၏။

လှေငယ်ပေါ်တွင် တံငါသည်တစ်ယောက် ရှိနေ၏။ သူသည် အစိမ်းရောင် ကောက်ရိုးဦးထုပ်ကို ဆောင်းထားပြီး အကြမ်းရက်လုပ်ထားသော အစိမ်းရောင် မိုးကာတစ်ထည်ကို ဝတ်ဆင်ထား၏။ သူသည် သမုဒ္ဒရာထဲသို့ အချိန်မရွေး လဲကျသွားနိုင်သည့်အလား… လှိုင်းလုံးများကြားမှာ ယိမ်းထိုးနေ၏။

ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးနောက်.. မျက်မှောင်ကြုတ်လိုက်ရ၏။

တံငါသည်က မော်တယ်တစ်ယောက်မျှသာ ဖြစ်၏။

နတ်ဖီးနစ်ကျွန်းတွင် ဤကဲ့သို့သော မော်တယ်များစွာ ရှိတတ်ကြလေသည်။

ဤတံငါသည်ကို သူမတွေ့မြင်ခင်က ထိုသူသည် လှိုင်းလုံးများကြားမှာ ဘယ်လောက်ကြာကြာ ရုန်းကန်နေခဲ့ရသလဲ ဆူဇီမို မသိပေ။

သူသည် တံငါသည်ကို ကယ်တင်ဖို့အတွက် ပြင်ဆင်လိုက်၏။

ထိုစဉ်မှာပင် လှေငယ်ပေါ်မှ တံငါသည်သည် ကြီးမားသည့် ငါးဖမ်းပိုက်ကွန်တစ်ခုကို ရုတ်တရက် ထုတ်ယူပြီး လှိုင်းတံပိုးထန်နေသော ရေပြင်ဆီသို့ ဝေ့ဝိုက်ကာ ပစ်ချလိုက်၏။

ဆူဇီမို၏ သူငယ်အိမ်က ပြင်းထန်စွာ တင်းကျပ်သွား၏။

အစကတော့ ဒေါသူပုန်ထနေသော ဒီရေလှိုင်းများသည် တဝုန်းဝုန်း အော်မြည်ရိုက်ခတ်နေသော်လည်း ရုတ်တရက် အရာရာတိုင်းက တိတ်ဆိတ်ငြိမ်သက်သွား၏။

ချက်ချင်းပင် မုန်တိုင်းက စဲသွား၏။

သမုဒ္ဒရာရေပြင်သည် မည်သည့် လှိုင်းဂယက်မှ မရှိဘဲ အေးခဲရပ်တန့်သွားသည့်အလား တစ်မူထူးခြားအောင် တည်ငြိမ်သွား၏။

ကောင်းကင်ကပင် ကြည်လင်၍ တိမ်စိုင်များက ကီလိုမီတာ ထောင်ပေါင်းများစွာ ဖြန့်ကြက်သွား၏။ အဇူရာသမုဒ္ဒရာနှင့် အပြာရောင်ကောင်းကင်သည် တစ်ခုကိုတစ်ခု ရောင်ပြန်ဟပ်နေကြ၏။

ထိုမြင်ကွင်းက တကယ့်ကို တုန်လှုပ်စရာကောင်း၏။

ဆူဇီမို၏ ခွန်အားနှင့်ပင်လျှင် သူက အဲဒါကို မပြုလုပ်နိုင်ပေ။

အဲဒါသည် လောက၏ အခြေအနေကို တမုဟုတ်ချင်း ပြောင်းလဲစေနိုင်ခြင်းဖြစ်၏။

အဲဒါသည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်နိုင်ပြီး ပြိုင်ဘက်ကင်းသည်ဟု ဆိုရပေမည်။

သာမန်ပုံစံနှင့် ဤတံငါသည်သည် သမုဒ္ဒရာတစ်ခုလုံးကို တည်ငြိမ်စေနိုင်ပြီး ပိုက်ကွန်တစ်ခုကို ပစ်ချရုံမျှနှင့် ရာသီဥတုကို ချက်ချင်းပြောင်းလဲသွားစေ၏။

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားပြီး အလေးအနက် စဉ်းစားတွေးတောလိုက်၏။

“တည်ငြိမ်ပင်လယ်.. တည်ငြိမ်ပင်လယ်…”

သူက တိတ်တဆိတ် ရေရွတ်လိုက်၏။

တံငါသည်သည် ပိုက်ကွန်တစ်ခုကို ပစ်ချလိုက်ခြင်းနှင့် တူသော်လည်း တကယ်တမ်း သူထုတ်ဖော်ခဲ့သည့်အရာက တည်ငြိမ်ပင်လယ်၏ စိတ်ဆန္ဒဖြစ်၏။

အဲဒါက အစစ်အမှန်ပညာရှင်တစ်ယောက်ဖြစ်၏။

ဆူဇီမိုသည် တိတ်တဆိတ် တုန်လှုပ်သွားရ၏။

သူပင်လျှင် ဤပညာရှင်၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်ပေ။

ဆူဇီမိုက ဖျတ်ခနဲဆို ပင်လယ်ကမ်းစပ်သို့ ရောက်ရှိသွားပြီး လှေငယ်ပေါ်ရှိ တံငါသည်ကို အ​လေးအနက် ဦးညွှတ်လိုက်၏။

“စီနီယာကို နှုတ်ဆက်ပါတယ်.. ကျုပ်က လုံမိုပါ”

“ပြီးခဲ့တဲ့ ရက်တွေထဲ ပင်လယ်ကမ်းစပ်မှာ တာအိုကို မင်းနားလည်ဆင်ခြင်နေတာ ငါတွေ့ပါတယ်.. မင်းရဲ့ နားလည်ဆင်ခြင်နိုင်မှု ပါရမီက မဆိုးဘူးပဲ ကောင်လေး”

တံငါသည်သည် သူ၏ခေါင်းကိုမော့ပြီး ဆူဇီမိုကို ကြည့်ကာ ရယ်မောလိုက်၏။

သူက မုတ်ဆိတ်များကို ရိတ်ထားခြင်း မရှိဘဲ နတ်ဖီးနစ်ကျွန်းမှ တံငါသည်မော်တယ်များနှင့် ကွာခြားမှု မရှိပေ။

ဆူဇီမိုသည် အချိန်ကာလကြာမြင့်စွာ စောင့်ကြည့်ခံနေခဲ့ရသည့်တိုင် သူက အဲဒါကို သတိမထားမိခဲ့ပေ။

“ကံဆိုးစွာနဲ့ပဲ.. ပင်လယ်ကမ်းစပ်မှာ နေပြီး တည်ငြိမ်ပင်လယ်ကို နားလည်ဆင်ခြင်ဖို့က မဖြစ်နိုင်ဘူး”

တံငါသည်က သူ၏ခေါင်းကို ခါယမ်းလိုက်၏။

“စီနီယာ.. ကျေးဇူးပြုပြီး ကျုပ်ကို အလင်းပြပေးပါဦး”

ဆူဇီမိုက ရိုသေလေးစားသော အမူအရာဖြင့် တစ်ဖန်ဦးညွှတ်လိုက်၏။

တံငါသည်က ပြောလေသည်။

“မင်းက ပင်လယ်ပြင်ကို တည်ငြိမ်စေချင်တယ်ဆိုရင် အရင်ဆုံး ပင်လယ်ထဲကို ဝင်ရောက်ရမယ်… မင်းက သမုဒ္ဒရာရဲ့ အကန့်အသတ်မဲ့တဲ့ စွမ်းအားကို ကိုယ်တိုင်တွေ့ကြုံခံစားရမယ်… မင်းက ဒီနေရာ ပင်လယ်ကမ်းစပ်မှာ နေပြီး တက်လိုက် ကျလိုက် ဒီရေလှိုင်းတွေကို စောင့်ကြည့်နေရုံနဲ့ ဘာကို နားလည်ဆင်ခြင်နိုင်မှာလဲ”

“ငါက ပင်လယ်ပြင်ကို တည်ငြိမ်စေချင်တယ်ဆိုရင်.. ပင်လယ်ထဲကို အရင်ဝင်ရောက်ရမယ်”

ဆူဇီမိုက တစ်စုံတစ်ရာကို နားလည်သွားသည့်အလား တီးတိုးရေရွတ်နေ၏။

ထိုစကားလုံးများက ရိုးရှင်းသော်လည်း နက်ရှိုင်းသည့် အဓိပ္ပာယ်တစ်ခု ပါဝင်နေ၏။

သူက ပိုမိုစဉ်းစားတွေးတောကြည့်လေလေ.. ၎င်းတွင် ပါရှိသော လျှို့ဝှက်နက်နဲမှုများကို ပို၍ နားလည်လာနိုင်လေ ဖြစ်၏။

ဆူဇီမိုသည် သတိပြန်ဝင်လာသောအခါ ထိုသူက လှေငယ်လေးပေါ်မှာ စီးနင်း၍ ပင်လယ်ပြင်အနက်ပိုင်းထဲသို့ တိုးဝင်မှေးမှိန်သွားပြီဖြစ်၏။

“စီနီယာ… ခင်ဗျားနာမည်ကို ကျုပ်သိပါရစေ”

ဆူဇီမိုက အလောတကြီး အော်ပြောလိုက်၏။

“ဟာမစ်”

ခဏနေပြီးနောက်.. တံငါသည်၏အသံက ထွက်ပေါ်လာခဲ့၏။

တစ်ခဏအတွင်းမှာပင်.. သူက အဝေးတွင်ရှိသော မြူခိုးများကြားသို့ တိုးဝင်ပျောက်ကွယ်သွားပြီဖြစ်၏။

စောစောက ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းသည် အိပ်မက်တစ်ခုပမာ ထင်ရ၏။

စောစောကတင် လေပြင်းများက တိုက်ခတ်နေပြီး လျှပ်စီးများက တဖျပ်ဖျပ်လက်နေခဲ့၏။ သို့သော် ယခုအခါ အရာရာတိုင်းက ကြည်လင်၍ တည်ငြိမ်အေးချမ်းသွားလေပြီ။

“မိုယင်.. စောစောက တံငါသည်ကို မင်းမှတ်မိလား”

ဆူဇီမိုက မိုယင်ဘက်ကိုလှည့်ပြီး မေးလိုက်၏။

သူသည် နဂါးဝိညာဉ်ဆေဘာကို ကိုင်ဆွဲခဲ့ပြီးကတည်းက မိုယင်သည် သူ၏ဘေးမှာ တစ်ချိန်လုံးနီးပါး ရှိနေခဲ့၏။

သူသည် ပင်လယ်ကမ်းစပ်တွင် နေ့စဉ်နှင့်အမျှ တာအိုကို နားလည်ဆင်ခြင်နေခဲ့ပြီး မိုယင်ကလည်း သူ၏နောက်မှာ ရှိနေခဲ့၏။

“ဘယ်တံငါသည်လဲ”

မိုယင်က ငေးငိုင်နေသော အမူအရာဖြင့် ပြန်မေးလိုက်၏။

ဆူဇီမိုသည် စောစောက တံငါသည် ပေါ်ထွက်လာခဲ့သော နေရာကို လက်ညိုးထိုးပြီး ဆက်ပြောလိုက်၏။

“စောစောက တံငါသည်ကို မင်းမမြင်ဘူးလား… သူက ငါ့ကိုတောင် စကားပြောသွားသေးတယ်လေ”

“ဟင့်အင်း.. သခင်လေး ဒီနေရာမှာ ရှင်နဲ့ ကျွန်မပဲ ရှိနေခဲ့တာပါ”

မိုယင်က ခေါင်းခါပြလိုက်၏။

“နောက်ပြီး ရှင့်နန်းတော်ရဲ့ နောက်ဘက် ဒီနေရာက တားမြစ်နယ်မြေတစ်ခုပဲ.. နတ်ဖီးနစ်ကျွန်းရဲ့ ကျင့်ကြံသူတွေက ဒီနေရာကို အလွယ်တကူ ဝင်ရောက်မလာနိုင်ဘူး”

ဤတစ်ကြိမ်တွင်တော့ ဆူဇီမိုသည် ကြောင်အ,မှင်တက်သွား၏။

သူ မမှားခဲ့ဘူးဆိုတာ သူ သေချာလေသည်။

သို့သော်လည်း ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် မိုယင်၏ အမြင်ကလည်း မမှားနိုင်ပေ။

တစ်နည်းအားဖြင့်ဆိုလျှင်.. ဟာမစ်က တကယ့်အံ့မခန်းဖြစ်ပြီး သူက ဆူဇီမို၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့လေပြီ။

“အထင်ကြီးစရာပဲ”

ဆူဇီမိုက သူ့ဘာသာသူ တွေးတောပြီး မိုယင်ကို လှည့်ကြည့်လိုက်၏။

“ကျုပ်က တာအိုကို နားလည်ဆင်ခြင်ဖို့အတွက် သမုဒ္ဒရာထဲကို ဝင်ရောက်ဖို့အတွက် ပြင်ဆင်ထားတယ်.. ခင်ဗျား ကျုပ်နောက်ကို လိုက်စရာ မလိုဘူး”

ထိုသို့ပြောပြီးသည်နှင့် သူသည် နဂါးဝိညာဉ်ဆေဘာနှင့်အတူ ပင်လယ်ထဲသို့ ခုန်ချကာ သမုဒ္ဒရာရေပြင် အနက်ပိုင်းဆီသို့ ဦးတည်လိုက်၏။

အခြားသော ကျင့်ကြံသူများသာဆိုလျှင် သူတို့က ဓမ္မဝိသေသ တာအိုအရှင်များဆိုလျှင်တောင် သူတို့၏ ခွန်အားက သမုဒ္ဒရာ အနက်ပိုင်းထဲမှာ သေချာပေါက် ဖိနှိမ်ခံရမည်ဖြစ်ပြီး အဲဒါနှင့် နေသားကျလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုကတော့ မတူပေ။

နဂါးမျိုးနွယ်သည် အစကတည်းက ရေထဲမှာ ပျော်မွေ့ပြီး လှိုင်းလုံးများကို ဖန်တီးနိုင်ကာ မြစ်များကို မှောက်လှန်နိုင်လေသည်။

အစစ်အမှန်နဂါးခန္ဓာသည် ရေထဲသို့ ဝင်ရောက်သွားပြီးနောက်.. သူသည် သက်သောင့်သက်သာ ရှိနေပြီး မလျော့ကျသော အရှိန်အဟုန်ဖြင့် သမုဒ္ဒရာအောက်ခြေသို့ ဆက်လက်ကူးခတ်သွား၏။

အစကတော့ မိုယင်သည် ဆူဇီမိုနောက်သို့ ပြေးလိုက်သွား၏။ သို့သော်လည်း ရေထဲမှာ သူမ၏ လှုပ်ရှားမှု နည်းစနစ်က သိသိသာသာ သက်ရောက်ခြင်းခံရလေသည်။

ပထမတော့ သူမသည် ဆူဇီမို၏ ပုံရိပ်ကို မြင်နိုင်သေး၏။

ရေအနက်ပိုင်းထဲသို့ ရောက်ရှိလာသောအခါ ပင်လယ်ရေပြင်၏ ဖိအားက ပိုမိုများပြားလာ၏။ သိပ်မကြာခင် သူမသည် ဆူဇီမိုကို လုံးဝ မျက်ခြည်ပြတ်သွား၏။

All Chapters