← Chapters

အကျပ်အတည်း

Vol. 90 Ch. 1340

အကျပ်အတည်း

Vol. 90 Ch. 1340

တောင်ပိုင်းဒေသ၊ ပေမင်မြို့တွင်…

ရှေးဟောင်းခေတ်က ပေမင်ရှေးတော်ဝင်မိသားစုသည် မဟာရှေးတော်ဝင်မိသားစုသုံးစုနှင့် ရင်ဘောင်တန်းရပ်တည်ခဲ့ဖူး၏။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပေမင်ရှေးတော်ဝင်မိသားစု၏ ပိုင်နက်နယ်မြေများကို ယခုအခါ ရှေးတော်ဝင်မိသားစုသုံးစုက သိမ်းပိုက်ထားလိုက်ပြီဖြစ်၏။

ယခုအချိန်တွင် သူတို့အတွက် ကျန်ခဲ့သည်မှာ ရှေးတော်ဝင်မိသားစုသုံးစု ဝန်းရံပိတ်ဆို့ထားသည့် ဤမြို့ငယ်လေးသာ ဖြစ်၏။

ပေမင်ကလန်မှ မည်သူမဆို.. ဤရှေးတော်ဝင်မိသားစုသုံးစု၏ နယ်မြေကနေ ထွက်ခွာဖို့ မဖြစ်နိုင်ပေ။

ပေမင်ရှေးတော်ဝင်မိသားစုက နာမည်သာလျှင် ကျန်ရစ်ခဲ့ပြီး သူတို့အားလုံးက ချေမှုန်းဖျက်ဆီးခံရလုနီးပါး ဖြစ်နေ၏။

ရှေးတော်ဝင်မိသားစုသုံးစုသည် ပေမင်ရှေးတော်ဝင်မိသားစု၏ ဒဏ္ဍာရီနှင့် သူတို့ စောင့်ထိန်းထားသည့် လျှို့ဝှက်ချက်ကို စိတ်ဝင်စားနေခြင်းကြောင့်သာ မဟုတ်လျှင် ပေမင်ရှေးတော်ဝင်မိသားစုက ဖျက်ဆီးခံခဲ့ရသည်မှာ ကြာနေခဲ့ပေလိမ့်မည်။

သူတို့သည် မိုင်ပေါင်းသန်းချီကွာဝေးသော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အစစ်အမှန်နဂါးခန္ဓာ၏ အခြေအနေကို ခံစားမိနိုင်ပြီး စိတ်သက်သာရာရသွား၏။

ယခုအချိန်တွင် ဆူဇီမို စိုးရိမ်ပူပန်သည့် တစ်ခုတည်းသော အရာမှာ ညဝိညာဉ်ဖြစ်၏။

သူတို့သည် လေဟာနယ်စီးကြောင်းထဲမှာ ခွဲထုတ်ခံခဲ့ရပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့် အစစ်အမှန်နဂါးခန္ဓာသည် မိုင်ပေါင်းသန်းချီကွာဝေးသော နေရာများသို့ ပို့ဆောင်ခံလိုက်ရ၏။ ညဝိညာဉ်က ယခုအချိန် ဘယ်လိုနေလဲ သို့မဟုတ် သူသည် လေဟာနယ်စီးကြောင်းထဲမှာပဲ မျောလွင့်နေဆဲလား သူမသိပေ။

ထိုစဉ်မှာပင် ဆူဇီမို၏ နှလုံးက လှုပ်ခတ်သွား၏။ သူ၏အကြည့်သည် ပြတင်းပေါက်ကနေတစ်ဆင့် ခြံဝန်းထဲရှိ မိန်းကလေးပေါ်သို့ ကျရောက်သွား၏။

ဆူဇီမိုသည် တာအိုကို သင်ကြားပေးနေခဲ့သည်မှာ တစ်နှစ်ခွဲ ရှိသွားခဲ့လေပြီ။

ဤအချိန်အတောအတွင်း ပေမင်ရွှယ်သည် လုံးဝ အသွင်ပြောင်းလာခဲ့ပြီး သူမ၏ ကျင့်ကြံမှုက ဆပွားတိုးလာခဲ့၏။ သူမသည် လွန်ခဲ့သည့် တစ်လကတင် ဆူနာမီသွေးအဆင့်ကို ရောက်ရှိခဲ့ပြီဖြစ်၏။

ပုံမှန်အခြေအနေမှာဆိုလျှင်.. လူတစ်ယောက်သည် ခဲပြဒါးစပ်သွေးအဆင့်ကို ရောက်ရှိသည်နှင့် သွေးချီရွှေအမြုတေတစ်ခုကို စုဖွဲ့ဖို့အတွက် ကြိုးပမ်းနိုင်မည်ဖြစ်၏။

သို့သော်လည်း ဆူဇီမိုသည် ပေမင်ရွှယ်အပေါ် မြင့်မားစွာ မျှော်မှန်းထား၏။

သူသည် အမြင့်ဆုံး စံချိန်စံညွှန်းများနှင့်အတူ သူမကို သင်ကြားပေးနေခဲ့၏။ အဲဒါကြောင့် ဆူဇီမိုသည် ပေမင်ရွှယ်ကို သွေးချီရွှေအမြုတေတစ်ခု အလောတကြီး မဖွဲ့တည်စေပေ။ ထိုအစား သူမ၏ မျိုးဆက်သွေးအပေါ် ကျင့်ကြံခြင်းတွင်သာ သူမကို အာရုံစိုက်စေခဲ့၏။

ခိုင်မာသော အခြေခံအုတ်မြစ်နှင့်ဆိုပါက ပေမင်ရွှယ်၏ အနာဂတ်သည် ပို၍ပင် ကျယ်ပြန့်လာပြီး သူမ၏ အောင်မြင်ထွန်းပေါက်မှုက အကန့်အသတ်မဲ့လာပေလိမ့်မည်။

ဆူနာမီသွေးအဆင့်ကို ရောက်ရှိပြီးနောက်.. သူမအနေဖြင့် သွေးချီရွှေအမြုတေကို စုဖွဲ့ဖို့ကလည်း များစွာပို၍ လွယ်ကူသွားပေလိမ့်မည်။ အရာရာတိုင်းသည် ထိုအချိန်မှာ နေရာတကျ ရှိသွားပေလိမ့်မည်။

တစ်လမျှနှင့် ပေမင်ရွှယ်သည် သွေးချီရွှေအမြုတေ၏ အဟန့်အတားကို ထိတွေ့နိုင်ခဲ့ပြီဖြစ်၏။

စောစောကတင် ပေမင်ရွှယ်၏ အော်ရာက ပြောင်းလဲသွားသည်ကို ဆူဇီမိုက ရှင်းလင်းစွာ ခံစားမိလိုက်၏။

အစကတော့ ဆူနာမီသွေးအဆင့်ကို ကျင့်ကြံပြီးနောက် သူမ၏ သွေးချီက တလိပ်လိပ်ထကြွလာ၏။ သူမက လှုပ်ရှားခြင်း မရှိလျှင်တောင် မည်သူကမှ သူမကို လျစ်လျူရှုနိုင်တော့မည် မဟုတ်ပေ။

သူမ၏ သွေးချီသည် သိပ်သည်းပြင်းထန်၍ တရုန်းရုန်းထကြွနေ၏။

ပေမင်ရွှယ်သည် မူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။

ကံကောင်းစွာဖြင့် ဤအချိန်အတောအတွင်း မည်သူကမှ ရောက်မလာခဲ့ဘဲ ပေမင်အောင်ကလည်း ပြန်မလာခဲ့ပေ။

မဟုတ်ပါက.. ဤကဲ့သို့သော ပုံစံဖြင့်​ ပေမင်ရွှယ်ကို တွေ့မြင်ရမည်ဆိုလျှင် သူ၏မေးရိုးက အောက်သို့ ပြုတ်ကျသွားပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် ပေမင်ရွှယ်၏ သွေးချီသည် လျှပ်တပြက်အတွင်း နေရာတစ်ခုမှာ စုဆုံသွားသည့်အလား လျင်မြန်စွာ ဆုတ်ယုတ်သွား၏။

သူမ၏ အော်ရာက တစ်ဖန်ပြန်လည် သိပ်သည်းကျစ်လစ်လာ၏။

ယခုအချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်ဟု ထင်ရသော ထိုမိန်းကလေးက ပြန်လည်ရောက်ရှိလာပြီဟု ထင်ရ၏။

သို့သော်လည်း အမြင်အာရုံ စူးရှသောသူများဆိုလျှင် လက်ရှိမိန်းကလေးသည် လွန်ခဲ့သည့်တစ်လက တရုန်းရုန်းထကြွနေသော သွေးချီများနှင့် ပေမင်ရွှယ်ထက် များစွာပို၍ သန်မာနေပြီဖြစ်ကြောင်း ပြောနိုင်ပေလိမ့်မည်။

သိုင်းတာအို၏ ဆဋ္ဌမမြောက် အသွင်ပြောင်းလဲခြင်း၊ သွေးချီရွှေအမြုတေက အောင်မြင်သွားလေပြီ။

ခြံဝန်းထဲတွင်…

ပေမင်ရွှယ်သည် သူမ ခန္ဓာကိုယ်၏ အခြေအနေကို ခံစားမိသောအခါ ကျေနပ်နှစ်ခြိုက်သွား၏။ သူမက တစ်ဘက်သို့လှည့်ပြီး ဆူဇီမိုနှင့်အတူ သူမ၏ ဝမ်းသာပျော်ရွှင်မှုကို မျှဝေချင်၏။ သူမ လှည့်ကြည့်လိုက်သည့် အချိန်မှာပင် ထိုသူက မလှမ်းမကမ်းကနေ သူမကို ပြုံး၍ ကြည့်နေသည်ကို တွေ့မြင်လိုက်ရ၏။

“လူကြီးမင်းဆူ.. ကျွန်မက သွေးချီရွှေအမြုတေတစ်ခုကို စုဖွဲ့နိုင်သွားပြီ”

ပေမင်ရွှယ်က ဝမ်းသာအားရ ပြောဆိုလိုက်၏။

“အင်း”

ဆူဇီမိုက မသိမသာ ခေါင်းညိတ်ပြလိုက်၏။

“ကောင်းတာပေါ့.. ဆက်ပြီးတော့ ကျင့်ကြံ.. ခိုကပ်မနေနဲ့”

“ကျေးဇူးတင်ပါတယ် လူကြီးမင်း”

ပေမင်ရွှယ်သည် ဆူဇီမိုကို အလေးအနက် ဦးညွှတ်လိုက်၏။

“လူကြီးမင်းကြောင့်သာ မဟုတ်ရင်.. ကျွန်မက အခုချိန်ထိ သိုင်းတာအိုရဲ့ ပထမအသွင်ပြောင်းလဲခြင်းမှာပဲ ရှိနေဦးမယ် ထင်တယ်”

“အရာရာတိုင်းက ကြိုတင်ပြဋ္ဌာန်းပြီးသားပါလေ”

ဆူဇီမိုက ပြောလိုက်၏။

“ငါ မင်းကို အခွင့်အလမ်းတစ်ခု ပေးနိုင်တယ်ဆိုတာလည်း ကံကြမ္မာရေစက်ကြောင့်ပဲ”

ပေမင်ရွှယ်က အိုးတိုးအမ်းတမ်းဖြစ်နေ၏။

သူမ၏ လှပသော မျက်လုံးများသည် အစိမ်းရောင်ဝတ်လူကို ငေးငိုင်၍ တွေဝေနေသော အကြည့်ဖြင့် မမှိတ်မသုန် စိုက်ကြည့်နေ၏။

ထိုအစိမ်းရောင်ဝတ်လူက ကျင့်ကြံသူတစ်ယောက် မဟုတ်ပါဘူးဟု အခြားသူများက ပြောမည်ဆိုလျှင် သူမက ယုံကြည်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူက ကျင့်ကြံသူတစ်ယောက်ဆိုလျှင်လည်း ဘာကြောင့် ကျင့်ကြံသူတစ်ယောက်၏ အော်ရာကို မပိုင်ဆိုင်ထားရတာလဲ။ သူ၏မျက်နှာက ညိုးခြောက်နေပြီး အဝါရောင်သန်းကာ မမာမကျန်းသည့်ပုံပေါက်နေ၏။

သူ့ကိုမြင်သော မည်သူမဆို အားနည်းသော စာပေသမားတစ်ယောက်အဖြစ်သာ မှတ်ယူကြမည်ဖြစ်၏။

ပေမင်ရွှယ်သည် ဆူဇီမိုကို အရင်က မေးခဲ့ဖူး၏။

ထိုသူသည် အကျယ်တဝံ့ပြောဆိုခြင်း မရှိဘဲ သူက ဒဏ်ရာရရှိထားသည်ဟုသာ သာမန်ကာလျှံကာ ပြောဆိုခဲ့၏။

ပြီးခဲ့သည့်နှစ်အတွင်း ပေမင်ရွှယ်၏ အခြေအနေက များစွာတိုးတက်လာခဲ့၏။

သို့သော်လည်း ဆူဇီမို၏ အခြေအနေကတော့ ပြောင်းလဲသွားခြင်း မရှိဘဲ ပေမင်ရွှယ်က စိုးရိမ်ပူပန်နေရ၏။

သူမသည် ဆူဇီမိုနှင့် သိခဲ့ရသည်မှာ တစ်နှစ်ကျော်သာ ရှိသေးသော်လည်း ပေမင်ရွှယ်သည် ထိုသူ့အပေါ် ရှင်းမပြတတ်သော ယုံကြည်မှုနှင့် မှီခိုအားထားမှု ရှိနေပြီဖြစ်၏။

ဆူဇီမို တစ်နေ့ ထွက်ခွာသွားမှာကို သူမက စိုးရိမ်နေ​၏။

“လူကြီးမင်းဆူ.. ရှင့်ရဲ့ ဒဏ်ရာတွေက…”

ပေမင်ရွှယ်သည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ဂရုတစိုက်​ မေးလိုက်၏။

“အဆင်ပြေတယ်”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

ထိုစဉ်မှာပင် သူက မျက်မှောင်ကြုတ်၍ သူ၏အကြည့်သည် လေဟာနယ်ကို ထိုးဖောက်သွားသည့်အလား ခြံဝန်းထဲကို ဖြတ်၍ ပေမင်မြို့ အပြင်ဘက်သို့ ရောက်ရှိသွား၏။

“မင်းကို ပြဿနာရှာဖို့ လာကြပြန်ပြီ”

ဆူဇီမိုက မှင်သေသေဖြင့် ပြောဆိုလိုက်၏။

“အား..”

ပေမင်ရွှယ်က အဲဒါကို သတိမထားမိခဲ့ပေ။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က ချုပ်နှောင်ခံထားရသည်ဆိုလျှင်တောင် သူ၏အကြားအာရုံနှင့် အမြင်အာရုံက ကျန်ရှိနေဆဲဖြစ်ပြီး ပေမင်မြို့အပြင်ဘက်မှ အခြေအနေကို သူက ချက်ချင်း မြင်နိုင်လေသည်။

သိပ်မကြာခင်.. ပေမင်ရွှယ်၏ အမူအရာက ပြောင်းလဲသွားပြီး အသံဗလံများကို ကြားလိုက်ရ၏။ သူမက သုန်မှုန်လာသော အမူအရာနှင့်အတူ ခြံဝန်း၏ ဝင်ပေါက်ဝကို လှည့်ကြည့်လိုက်၏။

ကြောက်စရာကောင်းသော သားရဲတောကောင်တစ်ကောင်က ဝင်ပေါက်ဝမှာ ပထမဆုံး ပေါ်ထွက်လာ၏။

အဲဒါက ရွှေအမြုတေအဆင့်၊ ရှေးဦးဆက်နွယ်တောကောင်၊ မြစိမ်းသွေးကျားသစ်ဖြစ်၏။ ၎င်းသည် သူ၏သားကောင်များကို အလွန်တရာ ကြမ်းကြုတ်ခက်ထန်စွာဖြင့် အမဲလိုက်သတ်ဖြတ်နိုင်၏။

မြစိမ်းသွေးကျားသစ်ပေါ်တွင် တစ်မူထူးခြားသော ရုပ်ရည်နှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေ၏။

နန်းကုန်ယွီ…

ဒေါင်ဖန်ချွမ်နှင့် နှိုင်းယှဉ်လျှင် နန်းကုန်ယွီက ပို၍ပင် အကောက်ကြံတတ်၏။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ပေမင်ရှေးတော်ဝင်မိသားစု၏ လျှို့ဝှက်ချက်ကို ရှာဖွေနိုင်ရန် သူသည် ပေမင်ရွှယ်ထံသို့ အဆက်မပြတ် ချဉ်းကပ်ခဲ့၏။

နန်းကုန်ယွီသည် နန်းကုန်ရှေးတော်ဝင်မိသားစုတွင် သွေးနှောမျိုးဆက်တစ်ယောက် ဖြစ်သော်လည်း သူ၏အဆင့်အတန်းသည် ပေမင်ရွှယ်ထက် များစွာပိုမိုမြင့်မား၏။

အဲဒါကြောင့် သူ၏ အဆင့်အတန်းကို နှိမ့်ချပြီး ပေမင်ရွှယ်ကို ချဉ်းကပ်ခဲ့ခြင်းသည် ပေမင်ကလန်သားများ၏ ချီးကျူးမှုကို သူက ရရှိခဲ့၏။ ပေမင်အောင်ကပင်လျှင် ထိုအထဲမှာ ပါဝင်ခဲ့၏။

ပေမင်ရွှယ်သည် နန်းကုန်ယွီ၏ တာအိုလက်တွဲဖော် ဖြစ်လာမည်ဆိုလျှင် အနည်းဆုံးတော့ သူမသည် အခြားသော ရှေးတော်ဝင်မိသားစုသုံးစု၏ အနိုင်ကျင့်ခံရသည့် အခြေအနေမှ ရုန်းထွက်နိုင်ပေလိမ့်မည်။

ကံဆိုးစွာနှင့်ပင်.. နန်းကုန်ယွီသည် ပေမင်ရွှယ်နှင့် ဒေါင်ဖန်ကျစ်အကြား ပဋိပက္ခအပြီး၌ သူ၏ အစစ်အမှန်ပုံစံကို နောက်ဆုံးထုတ်ဖော်ပြသခဲ့၏။

ဒေါင်ဖန်ကျစ်ကို ဆန့်ကျင်မိမည် စိုးရိမ်သည့်အတွက် သူသည် ပေမင်ရွှယ်ထံသို့ ချဉ်းကပ်ရဲခြင်း မရှိတော့ပေ။

ဒေါင်ဖန်ကျစ်စည် ဒေါင်ဖန်ရှေးတော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး သူမ၏ အဆင့်အတန်းက သူ၏အထက်မှာ ရှိလေသည်။ ဒါ့အပြင် ပေမင်ရွှယ်၏ ရွှေအမြုတေက ပျက်စီးကြေမွသွားပြီး သူမက ဒုက္ခိတအဖြစ်သို့ ရောက်ရှိသွား၏။

သူမက မည်သို့ပင် ချောမောလှပပါစေ.. သူမသည် နှစ်တစ်ရာကျော်ထက် ပိုနေရလိမ့်မည် မဟုတ်ပေ။ အလှအပက နောက်ဆုံးမှာ မှိန်ဖျော့သွားမည်ဖြစ်၏။ နောက်နှစ်ပေါင်းများစွာ ကြာပြီးနောက် နန်းကုန်ယွီက ငယ်ရွယ်နုပျိုနေဦးမည် ဖြစ်သော်လည်း ပေမင်ရွှယ်က အိုမင်းရင့်ရော်သွားပေလိမ့်မည်။

ထို့ကြောင့်ပင်လျှင် လွန်ခဲ့သည့် တစ်နှစ်ကျော်က နန်းကုန်ယွီနှင့် ပေမင်ရွှယ် ခွာပြဲခဲ့ကြခြင်းဖြစ်၏။

ပေမင်ရှေးတော်ဝင်မိသားစုသည် ကျဆင်းလာသော်လည်း ပေမင်ရွှယ်သည် သူမ နှလုံးသား၏ အနက်ပိုင်းထဲမှာ အလွန်တရာ ဂုဏ်ယူဝင့်ကြွားနေဆဲဖြစ်ပြီး သူမက သူ့အပေါ် ကောင်းမွန်သည့် ထင်မြင်ချက် မရှိခဲ့ပေ။

“ရွှယ်အာ.. ငါ မင်းကို လာကြည့်တာ”

မြစိမ်းသွေးကျားသစ်ပေါ်မှာ စီးနင်းရင်း နန်းကုန်ယွီက ပေမင်ရွှယ်ကို ပြုံးစစဖြင့် ငုံ့ကြည့်လိုက်၏။

သိုင်းတာအိုကို ကျင့်ကြံသောအခါ သူတို့သည် မည်သည့် စိတ်ဝိညာဉ်ချီကိုမှ ပိုင်ဆိုင်လာလိမ့်မည် မဟုတ်ပေ။ အဲဒါကြောင့် နန်းကုန်ယွီသည် ပေမင်ရွှယ်၏ ကျင့်ကြံမှုအဆင့်ကို မြင်နိုင်ခြင်း မရှိပေ။

ဒါ့အပြင်.. ပေမင်ရွှယ်သည် သိုင်းတာအို၏ ဆဋ္ဌမမြောက် အသွင်ပြောင်းလဲခြင်းကို ကျင့်ကြံထား၏။ သူမ၏ သွေးချီသည် သိပ်သည်းကျစ်လစ်နေပြီး သူမ၏ ရွှေအမြုတေက သူမ၏ ခန္ဓာကိုယ်ထဲမှာ ငြိမ်သက်နေ၏။

အသက်သွင်းခြင်းမရှိဘဲ သူမ၏ ကြောက်စရာကောင်းသော သွေးချီက ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။

All Chapters