ဓားကျိုး
Vol. 90 Ch. 1342
“ဂါး...”
မြစိမ်းသွေးကျားသစ်သည် အန္တရာယ်ကိုအာရုံခံမိသွားပြီး သူ၏ခြေလက်များဆီသို့ ခွန်အားကိုပို့လွှတ်ကာ သူ၏သွေးချီကို ပေါက်ကွဲထွက်ပေါ်လာစေ၏။ နန်းကုန်ယွီက သူ့ကိုဘေးဘက်သို့ရှောင်တိမ်းရန် အမိန့်ပေးလိုက်၏။
ရှေးဦးဆက်နွယ်တောကောင်တစ်ကောင်အနေဖြင့် မြစိမ်းသွေးကျားသစ်သည် သူ၏အမြန်နှုန်းပေါ်မှာ မှီခိုအားထားလေသည်။ သို့သော် ၎င်းကမြန်ဆန်သော်လည်း ပေမင်ရွှယ်ကပို၍မြန်ဆန်လေသည်။
ရွှစ်...
ပေမင်ရွှယ်၏ သွေးချီကလည်း ဖြန့်ကြက်ထွက်ပေါ်လာ၏။
သူမသည် သူမ၏သွေးချီကို ၎င်း၏ အကန့်အသတ်ထိပင်လှည့်ပတ်ခြင်းမရှိပေ။ အနည်းငယ်မျှ လှည့်ပတ်ရုံနှင့် သူမသည် တုန်လှုပ်စရာကောင်းသော စွမ်းအားတစ်ခုကို ထုတ်ဖော်ပြီး တဒင်္ဂအတွင်း မြစိမ်းသွေးကျားသစ်ကို လိုက်မီသွား၏။
ပေမင်ရွှယ်သည် မြစိမ်းသွေးကျားသစ်၏ရှေ့မှာမတ်တတ်ရပ်လိုက်၏။ သူမသည် အလွန်တရာပိန်ပါးပြီး သူမ၏ခြေလက်များကလည်း ရှည်လျားခြင်းမရှိပေ။ သို့သော်လည်း မြစိမ်းသွေးကျားသစ်သည် လူသားမိန်းကလေးတစ်ယောင်နှင့် ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်နှင့် ရင်ဆိုင်နေရသည့်အလား ကြမ်းကြုတ်ခက်ထန်သည့် အော်ရာတစ်ခုက သူ့ထံသို့တလိပ်လိပ်တိုးဝင်လာ၏။
မြစိမ်းသွေးကျားသစ်သည် သူ၏ပါးစပ်ကိုဖွင့်ဟပြီး သူ၏ကြောက်စရာကောင်းသော သွားစွယ်များကို ထုတ်ပြလိုက်၏။ ထိုသွားများက အေးစက်စက်အလင်းဖြင့်တောက်ပနေပြီး ပေမင်ရွှယ်ကို ရက်ရက်စက်စက်ကိုက်ချလိုက်၏။
ပေမင်ရွှယ်၏ အမူအရာကပြောင်းလဲသွားခြင်းမရှိဘဲ သူမ၏လက်နှစ်ဖက်ကို ဆန့်ပြီး မြစိမ်းသွေးကျားသစ်က သူ၏ပါးစပ်ကို ပြန်မစေ့နိုင်ခင်မှာပင် ၎င်း၏ အပေါ်နှုတ်ခမ်း အောက်နှုတ်ခမ်းကို ဖမ်းဆွဲလိုက်၏။
ရှေးဦးဆက်နွယ်တောကောင်များသည် သန်မာသော ကိုက်ခဲအားရှိလေသည်။
သို့သော်လည်း ၎င်း၏ခွန်အားအပြည့်အဝနှင့်ပင်လျှင် မြစိမ်းသွေးကျားသစ်သည် ကိုက်ချနိုင်ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်း၏ပါးစပ်သည် ပေမင်ရွှယ်၏ ဆွဲဖြဲမှုဖြင့် တဖြည်းဖြည်း ပို၍ကျယ်လာ၏။
“အူး.... အူး...”
မြစိမ်းသွေးကျားသစ်သည် နာကျင်သောအမူအရာကိုပြသလာ၏။ အစက ၎င်း၏ ကြမ်းကြုတ်ခက်ထန်မှုသည် ပျောက်ဆုံးသွားပြီဖြစ်ပြီး ၎င်း၏ လည်ပင်းအနက်ပိုင်းထဲကနေ အသနားခံတောင်းပန်သည့်အသံကို ထုတ်ဖော်လိုက်၏။
“ခွေးမ... နင်ဘယ်လိုတောင် လုပ်ရဲတာလဲ”
နန်းကုန်ယွီက ဒေါသထွက်သွားပြီး သူ၏သိုလှောင်အိတ်ကို ပုတ်ကာ ဓားပျံတစ်လက်ကိုထုတ်ယူ၍ စိတ်ဝိညာဥ်စွမ်းအင်ကိုထိုးသွင်းလိုက်၏။
ဓားပျံက စိတ်ဝိညာဥ်အလင်းရောင် ၄ခု နှင့်အတူ ဝင်းလက်တောက်ပလာ၏။
အဲ့ဒါက ထိပ်တန်းအဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုဖြစ်၏။
နန်းကုန်ရှေးတော်ဝင်မိသားစု၏ သွေးနှောမျိုးဆက်တစ်ယောက်အနေဖြင့် သူသည် ထိပ်တန်းအဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုကိုပိုင်ဆိုင်ထားသည်မှာ တကယ့်ကိုရှားရှားပါးပါး ဖြစ်၏။
နန်းကုန်ယွီက သူ၏ဓားပျံကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် ပေမင်ရွှယ်က သူမ၏ လက်နှစ်ဖက်ဆီသို့ ခွန်အားကိုပို့လွှတ်လိုက်၏။
ရှီး....
သွေးများက ဖြာထွက်လာ၏။
ရွှေအမြုတေ ရှေးဦးဆက်နွယ်တောကောင်သည် ပေမင်ရွှယ်၏ လက်ဗလာဖြင့် ဆွဲဖြဲခြင်းကိုခံလိုက်ရ၏။
မြစိမ်းသွေးကျားသစ်၏ အလောင်းသည် မြေပြင်ပေါ်သို့လဲကျသွားပြီး ဖုန်များက တထောင်းထောင်းထလာ၏။
၎င်းက သေဆုံးသွားပြီဖြစ်ပြီး ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးက တဆတ်ဆတ်ဖြင့် အကြောဆွဲနေ၏။
နန်းကုန်ယွီသည် အဲ့ဒါကို ထင်မှတ်မထားဘဲ အောက်သို့ပြုတ်ကျလုနီးပါးဖြစ်သွား၏။ ရွှေအမြုတေဖျက်ဆီးခံထားရသော ပေမင်ရွှယ်သည် ဤမျှအထိသန်မာပြီး ရှေးဦးဆက်နွယ်တောကောင်တစ်ကောင်ကို နှစ်ခြမ်းဆွဲဖြဲပစ်နိုင်လိမ့်မည်ဟု သူကထင်မှတ်မထားပေ။
ကျင့်ကြံရေးလောကရှိ ထိပ်သီးဂိုဏ်းကြီးများမှ ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားအချို့ပင်လျှင် ထိုကဲ့သို့လုပ်နိုင်ရုံမျှသာရှိပေလိမ့်မည်။
“သွား...”
နန်းကုန်ယွီက သူ၏လက်ကို ရှေ့သို့ညင်သာစွာတောက်ထုတ်လိုက်၏။
ရွှစ်...
ဓားအလင်းက ဖျပ်ခနဲ လက်သွားပြီး ထိပ်တန်းအဆင့် ဓားပျံသည် ပေမင်ရွှယ်ရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာ၏။ အဲ့ဒါက ထက်ရှ၍ ကြောက်စရာကောင်းလောက်အောင်မြန်ဆန်၏။
ပေမင်ရွှယ်က နောက်သို့ဆုတ်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမရှိပေ။
နန်းကုန်ယွီ၏မျက်လုံးက ဝင်းလက်သွား၏။
ထိပ်တန်းအဆင့်ဓားပျံသည် ပေမင်ရွှယ်ကို ထိမှန်သည်နှင့် သူမမှာ အသက်ဆယ်သက်ရှိလျှင်တောင် သေရမည်ဖြစ်ကြောင်း သူကယုံကြည်၏။
ရုတ်တရက်ဆိုသလို...
ဓားပျံက ပေမင်ရွှယ်၏ မျက်နှာနှင့် လက်မအနည်းငယ်သာ ကွာဝေးတော့ချိန်တွင် သူမက ရုတ်တရက်တိုက်ခိုက်လိုက်၏။
မည်သည့်အပိုလှုပ်ရှားမှုမှမရှိဘဲ သူမ၏နုနယ်သောလက်ဖဝါးကို ဖြန့်ကာ ထိပ်တန်းအဆင့်ဓားပျံကို ဖမ်းဆုပ်လိုက်၏။
ထိုသည်ကိုမြင်သောအခါ နန်းကုန်ယွီက ရယ်မောလိုက်၏။
“ဟီးဟီး... နင်က တကယ်ဒုက္ခရောက်ချင်နေတာပဲ... ထိပ်တန်းအဆင့် ဓားပျံတစ်လက်ဆိုတာ.အသွေးအသားခန္ဓာတစ်ခု ခုခံနိုင်တဲ့တစ်စုံတစ်ရာမဟုတ်ဘူး... နောက်ပြီး နင်က....”
ရုတ်တရက် သူကဆက်လက်၍ မပြောဆိုနိုင်တော့ပေ။
ထိတ်လန့်ဖွယ်ရာကောင်းစွာပင် သူ၏ ထိပ်တန်းအဆင့်ဓားပျံကို သူကဆက်လက်၍ မထိန်းချုပ်နိုင်တော့ကြောင်း သိလိုက်ရ၏။
သူ့ဓားပျံပေါ်ရှိ စိတ်ဝိညာဥ်ချီက ပေမင်ရွှယ်ကြောင့် ပျက်ပြယ်သွားလေပြီ။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ပေမင်ရွှယ်သည် ထက်ရှသောဓားသွားကို လက်ဗလာဖြင့် ဖမ်းဆုပ်ထားခြင်းဖြစ်၏။
သို့သော်လည်း သူမ၏ လက်ဖဝါးကနေ မည်သည့်သွေးမှစီးကျမလာပေ။
“အဲ့ဒါက... ဘာကြီးလဲ”
သူက ထိပ်တန်းအဆင့်စိတ်ဝိညာဥ်လက်နက်ကို လက်ဗလာနဲ့ခံယူပြီး ထိခိုက်မှုလုံးဝမရှိတာလား။
ဘာတွေဖြစ်နေတာလဲ...
နန်းကုန်ယွီ၏မျက်နှာက သွေးဆုတ်သွားပြီး အိုးတိုးအမ်းတမ်းအမူအရာနှင့်အတူ ပေမင်ရွှယ်ကိုငေးကြည့်နေ၏။
ရုတ်တရက်... သူက သူမကိုဆက်လက်၍မခန့်မှန်းနိုင်တော့ကြောင်း နားလည်သွား၏။
သူရင်ဆိုင်နေရသည်က မည်ကဲ့သို့သောတည်ရှိမှုမျိုးလဲ သူမသိတော့ပေ။
သူ၏စိတ်ထဲသို့ အတွေးတစ်ချက်က ဖျတ်ခနဲဝင်ရောက်လာ၏။
ပေမင်ရွှယ်၏ ခန္ဓာကို စွမ်းအားကြီးမားသော ကျင့်ကြံသူတစ်ယောက်က ပူးကပ်သိမ်းပိုက်ထားတာများလား။
ထိုစဥ်မှာပင် သူ၏အကြည့်က ရွေ့လျားသွားပြီး မလှမ်းမကမ်းရှိ အိမ်၏ဝင်ပေါက်ဝမှာမတ်တတ်ရပ်နေသော အစိမ်းရောင်ဝတ်လူကို အမှတ်တမဲ့မြင်မိသွား၏။ သူက ရင်တစ်ချက်ထိတ်သွားလေသည်။
ပေမင်ရွှယ်၏ပြောင်းလဲမှုက ဤလူနှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေမလား။
သူထင်တာမမှားလျှင် ဤလူသည် လွန်ခဲ့သည့် တစ်နှစ်ခွဲကလည်း ဤနေရာမှာရှိနေခဲ့ပြီး ယခုချိန်ထိ ထွက်ခွာမသွားသေးပေ။
သို့သော်လည်း နန်းကုန်ယွီသည် အစိမ်းရောင်ဝတ်လူကို ခန့်မှန်းနိုင်ခြင်းမရှိပေ။
သူ့အတွက်တော့ ဤအစိမ်းရောင်ဝတ်လူသည် မမာမကျန်းဖြစ်နေသော လူတစ်ယောက်သာဖြစ်၏။ ထိုသူသည် ခြိမ်းခြောက်မှုလုံးဝမရှိသော အိမ်မဲ့ရာမဲ့ စာပေသမားတစ်ယောက်နှင့်တူနေ၏။
ချွမ်း...
နန်းကုန်ယွီ၏အတွေးများက ပြေးလွှားနေစဥ်မှာပင် သူသည် ကျွတ်ဆတ်ဆတ်အသံတစ်သံကို ကြားလိုက်ရပြီး ရင်တစ်ချက်ထိတ်သွား၏။
သူသည် အလိုလိုလှမ်းကြည့်လိုက်ပြီး လိပ်ပြာလွင့်မတက် ကြောက်လန့်သွား၏။
သူ၏ထိပ်တန်းအဆင့် ဓားပျံသည် ပေမင်ရွှယ်၏လက်ထဲတွင် အလယ်ကနေကျိုးသွားခဲ့လေသည်။
အဲ့ဒါက ဘယ်လိုစွမ်းအားမျိုးပါလိမ့်။
ပေမင်ရွှယ်သည် နန်းကုန်ယွီကို စိတ်ခံစားချက်ကင်းမဲ့စွာကြည့်လိုက်၏။ သူမက ဓားကျိုးကို မြေပြင်သို့ပစ်ချပြီး လျှောက်လှမ်းလာ၏။
နန်းကုန်ယွီသည် ထိတ်လန့်တုန်လှုပ်နေသောအမူအရာဖြင့် နောက်သို့အလိုလိုဆုတ်လိုက်၏။
“နင်-နင်... ဘာလုပ်ချင်နေတာလဲ”
နန်းကုန်ယွီ၏အသံက တုန်ယင်နေပြီး ထိတ်ထိတ်ပျာပျာဖြစ်နေ၏။
“ငါနင့်ကို အခွင့်အရေးတစ်ခုပေးခဲ့ပြီးပြီ”
ပေမင်ရွှယ်က မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
ထိုအခိုက်အတန့်တွင် နန်းကုန်ယွီသည် စောစောက ပေမင်ရွှယ်ပြောခဲ့သည့်စကားကို ပြန်လည်အမှတ်ရလိုက်၏။ သို့သော်လည်းထိုစဥ်တုန်းက သူသည် ထိုစကားကို သရော်ခဲ့ပြီး အဲ့ဒါကို စိတ်ထဲမှာထည့်မှတ်မထားခဲ့ပေ။
“ရွှယ်အာ... ငါ...”
သူက စကားပြောချင်လေသည်။
ပေမင်ရွှယ်က မနှစ်မြို့ဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်၏။
နန်းကုန်ယွီသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏စကားကို အလျင်အမြန်ပြောင်းလဲလိုက်၏။
“တာအိုရောင်းရင်း ပေမင်... ကျုပ်အမှားကို အခု ကျုပ်သိပါပြီ... ခင်ဗျားကျုပ်ကို အသက်ရှင်ခွင့်ပေမယ်ဆိုရင် ကျုပ်က ခင်ဗျားကိုနောက်နောင် မနှောက်ယှက်တော့ပါဘူး”
ပေမင်ရွှယ်သည် တိတ်ဆိတ်ငြိမ်သက်၍ နန်းကုန်ယွီကို အေးစက်စွာစိုက်ကြည့်နေ၏။
နန်းကုန်ယွီသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး တဖြည်းဖြည်းချင်း သူ့ကိုယ်သူတည်ငြိမ်စေလိုက်၏။
“တာအိုရောင်းရင်း ပေမင်... ကျုပ်ကို သတ်တာက ခင်ဗျားအတွက်ဘာမှအကျိုးရှိမှာမဟုတ်ဘူး... ကျုပ်က နန်းကုန်ရှေးတော်ဝင်မိသားစုမှာ သွေးနှောမျိုးဆက်တစ်ယောက်ဆိုပေမယ့် ကျုပ်အဖေက နိုးထဝိညာဥ်တစ်ယောက်ဆိုတာ မမေ့လိုက်နဲ့... သူက နန်းကုန်ရှေးတော်ဝင်မိသားစုက တိုက်ရိုက်မျိုးဆက်တွေနဲ့ အရမ်းကိုရင်းနှီးမှုရှိတယ်”
“ကျုပ်သေသွားမယ်ဆိုရင် ခင်ဗျားလည်းရှင်သန်နိုင်မှာမဟုတ်ဘူး... ခင်ဗျားရဲ့မောင်လေးလည်း... သူလည်း သေချာပေါက်ဒုက္ခရောက်မှာပဲ”
ပေမင်ရွှယ်က မျက်လွှာချလိုက်၏။
နန်းကုန်ယွီ၏စကားများက သူမ၏အားနည်းချက်ကို ထိမှန်သွား၏။
သူမတစ်ယောက်တည်းသာဆိုလျှင် သူမသည် နန်းကုန်ယွီကိုသတ်ဖြတ်ပြီး သူမစိတ်ရှိတိုင်း လက်စားချေရုံသာဖြစ်၏။
သို့သော်လည်း သူမက ပေမင်အောင်ကို စိုးရိမ်နေရသေးလေသည်။
“နန်းကုန်ယွီ... သွားတော့”
အတန်ကြာပြီးနောက် ပေမင်ရွှယ်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“နင့်ကတိကိုနင်တည်ပြီး ငါ့ဆီကိုထပ်မလာဖို့ ငါမျှော်လင့်မိတယ်... ငါတခါတည်းပြောလိုက်မယ်... ပေမင်ကလန်မှာ ဘာလျှို့ဝှက်ချက်မှမရှိဘူး... အဲ့ဒီတော့ နင်ငါ့ဆီကို အချိန်လာဖြုန်းနေစရာမလိုတော့ဘူး”
နန်းကုန်ယွီသည် စိတ်သက်သာစွာ သက်ပြင်းချပြီး မသိလိုက် မသိဘာသာနှင့်ပင် ချွေးစေးများထွက်နေခဲ့ပြီဖြစ်၏။
စောစောက သူ၏အသက်သည် အမှန်တကယ်ပင် ခြိမ်းခြောက်ခံနေခဲ့ရ၏။
“နှုတ်ဆက်ပါတယ်”
သူသည် ဆက်လက်၍ ကြန့်ကြာမနေရဲတော့ဘဲ ပေမင်ရွှယ် စိတ်ပြောင်းသွားမှာကိုစိုးရိမ်ကာ အလောတကြီးလှည့်ထွက်သွား၏။
ဆူဇီမိုသည် ဘေးကနေ မတ်တတ်ရပ်နေ၏။ သူသည် တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုခြင်းမရှိသလို ဝင်ပါဖို့လည်း စိတ်ကူးမရှိပေ။
သူသည် ဇောင်ဒင်းယွမ်ကို မတတ်သာလို့လွှတ်ပေးခဲ့ရသည့် ထိုညကို ပြန်လည်အမှတ်ရသွား၏။
ပေမင်ရွှယ်တွင် သူနှင့်ဆင်တူသော သူမ၏အခက်အခဲများရှိနေ၏။