← Chapters

ပထမဆုံးတပည့်

Vol. 90 Ch. 1348

ပထမဆုံးတပည့်

Vol. 90 Ch. 1348

ပေမင်မြို့တွင်…

“အစ်မ မပူနဲ့… ကျုပ်က အစောပိုင်း ရွှေအမြုတေအဆင့်မှာ ဆိုပေမဲ့ ကျုပ်ရဲ့ ရွှေအမြုတေနယ်မြေကို နိုးထစေခဲ့ပြီးပြီ.. ကျုပ်က ဒီရှေးတော်ဝင်မိသားစုပြိုင်ပွဲမှာ လူတိုင်းကို သေချာပေါက် တုန်လှုပ်စေရမယ်”

ပေမင်အောင်က ယုံကြည်မှုရှိစွာ ပြောလိုက်၏။

ကျင့်ကြံခြင်းက မလွယ်ကူပေ။ လွန်ခဲ့သည့် နှစ်နှစ်က ပေမင်အောင်သည် အစောပိုင်းနိုးထဝိညာဉ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ရွှေအမြုတေနယ်မြေတစ်ခုကိုပင် စုဖွဲ့နိုင်ခဲ့၏။

သို့သော်လည်း သူက နှစ်နှစ်အတွင်း နောက်ထပ်အဆင့်ကို ချိုးဖြတ်နိုင်ခြင်း မရှိသေးပေ။

ပေမင်ရွှယ်က ညင်သာစွာ ပြုံး၍ ပေမင်အောင်၏ အဝတ်အစားများကို သေသပ်အောင် ပြုပြင်ပေးပြီး သတိပေးလိုက်၏။

“မောင်လေး.. ရှေးတော်ဝင်မိသားစုပြိုင်ပွဲကျရင် ဘယ်ရန်သူ့ကိုမှ အထင်မသေးနဲ့.. မင်းက သေချာဂရုစိုက်ရမယ်.. မင်းရဲ့အသက် ဘေးကင်းဖို့က ပထမဦးစားပေးပဲ”

သုံးနှစ်ကြာပြီးနောက် ပေမင်အောင်သည် ၁၅နှစ်အရွယ်သို့ ရောက်လာခဲ့ပြီး သူ၏ အရပ်က ပေမင်ရွှယ်ကို မီလုနီးပါး ဖြစ်နေပေပြီ။

ပေမင်ရွှယ်က ၁၈နှစ် ပြည့်သွားခဲ့ပြီဖြစ်ပြီး သူမက ပို၍ ကြော့ရှင်းတင့်တယ်လာ၏။

“အစ်မ ဘာမှမပူနဲ့”

ပေမင်အောင်က သူ၏လက်သီးကို မြှောက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ကျုပ်ရဲ့ တိုက်ခိုက်ရည်ခွန်အားအရဆို ကျုပ်က တစ်ဖက်လူကို မနိုင်ရင်တောင်မှ မထိမခိုက် ရုန်းထွက်နိုင်တယ်”

ခဏမျှ ရပ်တန့်ပြီးနောက် သူ၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းတစ်ချက် လက်သွားကာ ဆက်​ပြောလိုက်၏။

“အစ်မ.. မပူနဲ့.. ကျုပ်က အစ်မအတွက် ဒေါင်ဖန်ကျစ်ကို သေချာပေါက် လက်စားချေပေးမယ်”

“အဲဒီအတွက်ဆို မလိုတော့ဘူး”

ပေမင်ရွှယ်က ခေါင်းခါပြလိုက်၏။

“ဒီကိစ္စကို ငါ့ဘာသာငါ ဖြေရှင်းမယ်”

ပေမင်အောင်က မှင်တက်သွား၏။

ရွှေအမြုတေ ဖျက်ဆီးခံထားရသော သူ၏အစ်မသည် ဤကိစ္စကို သူမဘာသာသူမ မည်သို့မည်ပုံ ဖြေရှင်းမလဲ သူနားမလည်နိုင်ပေ။

ပြီးသည့် သုံးနှစ်မှာ သူသည် အချိန်အများစုကို ကလန်၏ ပင်မခန်းမထဲမှာ ကုန်ဆုံးစေခဲ့ပြီး မြို့ထဲရှိ သူ၏ အဆင့်တူများစွာနှင့် ကျင့်ကြံကာ ပြန်မလာခဲ့ပေ။

သုံးနှစ်ကြာပြီးနောက် သူ၏ခန္ဓာကိုယ်မှာ ပြောင်းလဲမှုများစွာ ရှိလာခဲ့၏။

အထူးဆန်းဆုံးအရာမှာ သူ၏ အစ်မသည်လည်း ဖော်မပြနိုင်သော ပုံစံဖြင့် ပြောင်းလဲလာခဲ့သည်ဟု ပေမင်အောင်က ဝိုးတဝါး ခံစားမိနိုင်၏။

“အစ်မ.. ရှေးတော်ဝင်မိသားစုပြိုင်ပွဲက နောက်သုံးရက်နေရင်ပဲ.. ကလန်ခေါင်းဆောင်ဟောင်းက ကျုပ်တို့ကို သတိပေးစရာ ရှိတယ်ဆိုတဲ့အတွက် ကျုပ်က ဘိုးဘေးခန်းမဆီကို ခရီးသွားရလိမ့်မယ်”

ပေမင်အောင်က မတ်တတ်ထရပ်ပြီး နှုတ်ဆက်လိုက်၏။

“သွားလေ”

ပေမင်ရွှယ်က မသိမသာ ခေါင်းညိတ်၍ ပြုံးပြလိုက်၏။

ပေမင်အောင်က လှည့်ထွက်သွား၏။

ထွက်ခွာသွားပြီးနောက် သူသည် မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို တစ်ချက်ကြည့်ကာ အေးစက်စွာဖြင့် နှာတစ်ချက်ရှုံ့သွား၏။

ပြီးခဲ့သည့် သုံးနှစ်အတွင်း ဆူဇီမိုက ထွက်ခွာမသွားခဲ့ပေ။

သူ့အပေါ် ပေမင်အောင်၏ စိတ်နေသဘောထားကလည်း အနည်းငယ်ပြောင်းလဲသွား၏။

အနည်းဆုံးတော့ သူသည် အစတုန်းကလို ရန်လိုခြင်း မရှိတော့ပေ။

“လူကြီးမင်းဆူ.. ရှင့်ရဲ့ ဒဏ်ရာတွေက အခုထိ သက်သာမလာသေးဘူးလား”

ပေမင်ရွှယ်က ဆူဇီမိုရှေ့သို့ ရောက်ရှိလာပြီး စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်၏။

ဤနှစ်များအတွင်း သူမ၏ ကျင့်ကြံမှုက တိုးတက်လာပြီး မြောက်များလှစွာသော သွေးချီနှင့်အတူ သူမက ပို၍ စွမ်းအင်ပြည့်ဝလာခဲ့၏။

သို့သော်လည်း ဆူဇီမိုသည် တစ်ချိန်လုံး တူညီသော ပုံစံဖြင့် ရှိနေခဲ့၏။ သူ၏မျက်နှာက ညှိုးခြောက်၍ အဝါရောင်သမ်းနေပြီး တိုးတက်မှု တစ်စုံတစ်ရာ ရှိမလာခဲ့ပေ။ ပေမင်ရွှယ်ကလည်း စိုးရိမ်ပူပန်နေ၏။

ဆူဇီမိုက ကူကယ်ရာမဲ့စွာ ပြုံးလိုက်၏။

အသက်ဖြတ်ကျိန်စာ၏ စွမ်းအားသည် ကိုင်တွယ်ဖို့အတွက် အလွန်တရာ ခက်ခဲပြီး သူက ပြီးခဲ့သည့် သုံးနှစ်အတွင်း အဲဒါကို ဖယ်မထုတ်နိုင်ခဲ့ပေ။

စုန်းမျိုးနွယ်သည် ကမ္ဘာဦးမျိုးနွယ်ကိုးစုကြား ရပ်တည်နိုင်သည်မှာ တကယ်ပဲ အစွမ်းအစရှိလေသည်။

“ဒီလောကမှာ စိတ်ဝိညာဉ်ပစ္စည်းတွေ အများကြီး ရှိတာပဲ.. ရှင့်ကို ကုသနိုင်ဖို့အတွက် ဘယ်လိုရတနာကို လိုအပ်တာလဲ”

ပေမင်ရွှယ်က ထပ်မေးလိုက်၏။

“ငါက ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းတစ်ခုကို လိုအပ်နေတာ ထင်တယ်”

ဆူဇီမိုက သာမန်ကာလျှံကာ ပြန်ဖြေလိုက်၏။

“ကမ္ဘာဦးဂမ္ဘီရစိမ့်စမ်းလား”

ပေမင်ရွှယ်က ငေးငိုင်သွား၏။ သူမသည် ထိုဝေါဟာရကို အရင်က တစ်ခါမှ မကြားခဲ့ဖူးပေ။

ဆူဇီမိုက ပြုံးလိုက်၏။ သူသည် အဲဒါကို ဒီတိုင်းဖြေပေးလိုက်ခြင်းသာ ဖြစ်ပြီး ပေမင်ရွှယ်ထံကနေ သတင်းတစ်ခုခုရဖို့ မျှော်လင့်မထားပေ။

ခဏနေပြီးနောက်.. သူမက ခေါင်းကို အနည်းငယ်ငုံ့ပြီး တီးတိုးပြောဆိုလိုက်၏။

“လူကြီးမင်းဆူ.. ရှင့်ကို စိတ်ပျက်စေမိတာ တောင်းပန်ပါတယ်.. ကျွန်မက နောက်ဆုံးအသွင်ပြောင်းလဲခြင်းကို ခုထိမကျင့်ကြံနိုင်သေးဘူး”

ဆူဇီမိုက ပြုံး၍ သူ၏အကြည့်က နူးညံ့သွား၏။

“မင်းက မင်းရဲ့ ကျင့်ကြံခြင်းမှာ ကောင်းကောင်းလုပ်ခဲ့ပြီးပြီပဲ”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ပေမင်ရွှယ်က မှင်တက်၍ အံ့အားသင့်သွား၏။

ပြီးခဲ့သည့် သုံးနှစ်အတွင်း ဆူဇီမိုသည် သူမအပေါ် အလွန်တရာ စည်းကမ်းတင်းကျပ်ထားပြီး ဤကဲ့သို့သော ပုံစံဖြင့် တစ်ခါမှ မချီးကျူးခဲ့ပေ။

ဆူဇီမိုက ပြောလိုက်၏။

“မင်းက သုံးနှစ်မှာ သိုင်းတာအိုရဲ့ အဋ္ဌမမြောက် အသွင်ပြောင်းလဲခြင်းကို ကျင့်ကြံနိုင်ခဲ့ပြီပဲ.. သိုင်းတာအိုရဲ့ နောက်ဆုံးအသွင်ပြောင်းလဲခြင်းကို ကျင့်ကြံဖို့က အရမ်းခက်ခဲတယ်.. မင်းက အခွင့်အလမ်းတစ်ခုခု ဒါမှမဟုတ် ဖိအားတစ်ခုခုကို လိုအပ်လိမ့်မယ်… အဲဒါက မင်းရဲ့ အမှားမဟုတ်ဘူး”

ယခုအချိန်တွင် ပေမင်ရွှယ်သည် သိုင်းတာအို၏ အဋ္ဌမမြောက် အသွင်ပြောင်းလဲခြင်း၊ မဖျက်ဆီးနိုင်သော စိန်ကို ကျင့်ကြံထားနိုင်ခဲ့ပြီဖြစ်၏။

ဆူဇီမိုက ပြောလိုက်၏။

“သိုင်းတာအိုရဲ့ နောက်ဆုံးအသွင်ပြောင်းလဲခြင်းကို မကျင့်ကြံနိုင်သေးဘူးဆိုရင်တောင် မင်းရဲ့ လက်ရှိတိုက်ခိုက်ရည်ခွန်အားက လုံလောက်နေပါပြီ”

ပေမင်ရွှယ်က သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး သူမ၏လက်များကို​ ကြည့်လိုက်၏။

သူမ ကျင့်ကြံမှု၏ ဤအဆင့်တွင် သူမသည် ရွှေအမြုတေအဆင့်မှာရှိသော အစစ်အမှန် ပြိုင်စံရှားတစ်ယောက်နှင့် မတိုက်ခိုက်ဖူးသေးပေ။

အဲဒါကြောင့် သူမ၏ တိုက်ခိုက်ရည်ခွန်အားက ဘယ်အဆင့်ထိ ရောက်နေပြီလဲ သူမ မသိပေ။

သိုင်းတာအိုကို ကျင့်ကြံသောသူများအနေဖြင့် ရွှေအမြုတေနယ်မြေများကို ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။

သူမက သူမ၏ ကိုယ်ကာယသက်သက်ဖြင့် ရှေးကျသော အမြုတေနယ်မြေများစွာကို တကယ်ပဲ ရင်ဆိုင်တိုက်ခိုက်နိုင်မှာလား။

ခဏနေပြီးနောက် သူမက ရုတ်တရက် သူမ၏ခေါင်းကို မော့ပြီး တွေဝေရှုပ်ထွေးသော အမူအရာဖြင့် ဆူဇီမိုကို ကြည့်လိုက်၏။

သုံးနှစ်ကြာ ထိတွေ့ဆက်ဆံပြီးနောက် သူမသည် မည်သို့ပင် နုံအပါစေ.. ဆူဇီမိုက တစ်မူထူးခြားသော နောက်ခံတစ်ခု ရှိသည်ကို ခန့်မှန်းမိနေပြီဖြစ်၏။ သူက သေချာပေါက် ကျင့်ကြံသူတစ်ယောက် ဖြစ်ရပေမည်။

မဟုတ်ပါက သာမန်မော်တယ်တစ်ယောက်သည် သိုင်းတာအိုအပေါ် ဤကဲ့သို့ နက်ရှိုင်းသော နားလည်မှု ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲ။

ဒါ့အပြင် ပေမင်ရွှယ်က လိမ္မာပါးနပ်လေသည်။

လူကြီးမင်းဆူ၏ သရုပ်သကန်သည် တစ်မူထူးခြားပြီး ပေါက်ကြားဖို့ မသင့်လျော်သည်ကို သူမက ခန့်မှန်းမိနိုင်၏။

ထို့ကြောင့်ပင်လျှင် သူမသည် ပြီးခဲ့သည့် သုံးနှစ်အတွင်း သူ့ကို အတင်းအကျပ် မမေးမြန်းခဲ့ခြင်းဖြစ်၏။

သို့သော်လည်း သူမက ယနေ့မှာ တစ်စုံတစ်ရာကို ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်၏။

“လူကြီးမင်းဆူ… ရှင့်ရဲ့ လမ်းညွှန်ပြသမှုကြောင့် ကျွန်မက လွန်ခဲ့တဲ့ သုံးနှစ်ကစပြီး ပြန်လည်မွေးဖွားလာခဲ့တယ်”

ပေမင်ရွှယ်၏အကြည့်က ပြတ်သားလာပြီး ဖြည်းဖြည်းချင်း ဒူးထောက်ချကာ သူမ၏ခေါင်းကို မော့လိုက်၏။

“ကျွန်မက ကျေးဇူးကန်းတတ်တဲ့လူတစ်ယောက် မဟုတ်ဘူး.. လူကြီးမင်းက စိတ်မရှိဘူးဆိုရင် ကျွန်မက ရှင့်ကို ကျွန်မရဲ့ ဆရာအဖြစ် အသိအမှတ်ပြုချင်တယ်… ကျွန်မရဲ့ ဘဝတစ်လျှောက် ဆရာအဖြစ် ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်သလို သစ္စာဖောက်မှာလည်း မဟုတ်ဘူး.. တကယ်လို့ ဒီသစ္စာကို ဖောက်ဖျက်ခဲ့မယ်ဆိုရင် ကောင်းကင်နဲ့ သက်ရှိအားလုံးက..”

ဆူဇီမိုက သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းပြီး ပေမင်ရွှယ်ကို ဆက်လက်၍ သစ္စာမပြုနိုင်ရန် သူမ၏ နဖူးကို ဖိလိုက်၏။

“တကယ်တော့ မင်းကို သိုင်းတာအို သင်ကြားပေးခဲ့စဉ်က ငါက မင်းကို တပည့်အဖြစ် လက်ခံဖို့ စိတ်ကူးထားခဲ့တယ်”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“ဒါပေမဲ့လို့ ငါ့ရဲ့ သရုပ်မှန်က နည်းနည်းထူးခြားနေတယ်.. ငါ့ရဲ့ တပည့်အနေနဲ့ မင်းက မမျှော်မှန်းနိုင်တဲ့ အန္တရယ်တွေနဲ့ ကပ်ဆိုးတွေကို တွေ့ကြုံရလိမ့်မယ်”

“အဲဒါကြောင့်လည်း ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဒီကိစ္စကို ငါက စကားမဟခဲ့တာပဲ”

ပေမင်ရွှယ်က အကြောက်အလန့် ကင်းမဲ့လေသည်။

“ကျွန်မ မကြောက်ဘူး.. ပေမင်မိသားစုဝင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ အဆင့်အတန်းကပဲ ရှင့်ကို ဒုက္ခရောက်စေမှာ စိုးရိမ်တာ”

“ငါ့ကို ဒုက္ခရောက်စေမှာလား”

ဆူဇီမိုက ရယ်မိသွား၏။

ပေမင်ရှေးတော်ဝင်မိသားစုဝင်တစ်ယောက်အနေဖြင့် အဆိုးဝါးဆုံး ဖြစ်နိုင်ချေမှာ ရှေးတော်ဝင်မိသားစု သုံးစုနှင့် ရင်ဆိုင်ရခြင်းသာ ဖြစ်၏။

သို့သော်လည်း သူရင်ဆိုင်နေရသည်က မည်သို့သော ရန်သူမျိုးများပါလဲ။

ဆူဇီမိုက ပြောလိုက်၏။

“ဒီလိုလုပ်လေ.. ငါက မင်းကို ငါ့ရဲ့ သရုပ်မှန်ကို ပြောပြမယ်.. မင်းက ငါ့ကို မင်းဆရာအဖြစ် အသိအမှတ်ပြုချင်လား မပြုချင်ဘူးလား ဆိုတာကတော့ မင်းအပေါ်မှာ မူတည်တယ်”

“ဆရာ.. ရှင် ဘယ်သူပဲဖြစ်ဖြစ် ကျွန်မ အဲဒါအတွက် နောင်တရမှာ မဟုတ်ဘူး”

ပေမင်ရွှယ်က မည်သည့်စကားမှ ထပ်မပြောတော့ဘဲ ဆူဇီမိုကို ဦးချလိုက်၏။

“ကောင်းပြီလေ”

ပေမင်ရွှယ်က လွန်စွာပြတ်သားနေသည်ကို ဆူဇီမို တွေ့မြင်သောအခါ သူက သူမကို ဆက်လက်၍ မငြင်းပယ်တော့ပေ။ သူက သူမကို ထူမပြီး လေးနက်သော အသံဖြင့် ပြောလိုက်၏။

“မင်းက ငါ့ကို မင်းရဲ့ဆရာအဖြစ် အသိအမှတ်ပြုလိုက်ပြီဆိုမှတော့.. မင်းက အခု ငါ့ရဲ့ ပထမဆုံးတပည့် ဖြစ်သွားပြီ.. မင်းရဲ့ ဘေးကင်းလုံခြုံမှုအတွက် ငါက အတတ်နိုင်ဆုံး လုပ်ပေးရမှာပဲ”

ပေမင်ရွှယ်သည် ဆူဇီမို၏တပည့် ဖြစ်မလာခဲ့လျှင် သူက ယနေ့ ထွက်ခွာသွားတော့မည် ဖြစ်၏။

သူသည် သုံးနှစ်အတွင်း သူမ၏ဘေးမှာ နေပေးခဲ့ပြီး သိုင်းတာအိုကို သင်ကြားပေးခဲ့၏။ အဲဒီမှာ ဆရာတပည့်ဆက်ဆံရေး မရှိခဲ့သော်လည်း အဲဒါက သူတို့၏ ကံကြွေးကို ချေဖျက်ပြီးသွားပြီဟု သတ်မှတ်နိုင်လေသည်။

သို့သော် ယခု​ ပေမင်ရွှယ်က သူ့တပည့်ဖြစ်လာပြီဆိုမှတော့ သူက ဒီတိုင်းထွက်မသွားနိုင်တော့ပေ။

အနည်းဆုံးတော့ သူသည် ရှေးတော်ဝင်မိသားစုပြိုင်ပွဲအထိ သူမကို အဖော်ပြုပေးရပေမည်။

ထိုစဉ်မှာပင် ဆူဇီမို၏ အမူအရာက ပြောင်းလဲသွား၏။

သူက တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား မျက်မှောင်ကြုတ်၍ အဝေးတစ်နေရာကို လှမ်းမျှော်ကြည့်လိုက်၏။

တစ်ယောက်ယောက်ကတော့ ဒီကိုလာနေပြီ။

ဒါ့အပြင်… သူတို့က ရန်လိုစိတ် ရှိနေကြ၏။

လာနေသူများသည် နန်းကုန်ရှေးတော်ဝင်မိသားစုမှ လူများ ဖြစ်ဖို့များကြောင်း ဆူဇီမိုက ခန့်မှန်းမိလိုက်၏။

ဘာပဲပြောပြော နန်းကုန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဉ်သုံးယောက်သည် သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရ၏။ အဲဒါက ဖုံးကွယ်ထားလို့ ရမည်မဟုတ်ဘဲ နန်းကုန်ရှေးတော်ဝင်မိသားစုက အနှေးနှင့်အမြန်ဆိုသလို ရောက်ရှိလာပေလိမ့်မည်။

ဆူဇီမို၏ အမူအရာက အေးစက်လာပြီး ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။

“ပေမင်.. င့ါနောက်မှာ ရပ်နေ.. ငါဘာတတ်နိုင်တယ်ဆိုတာ မင်းကို ပြပေးမယ်”

ထိုသို့ပြောရင်း ဆူဇီမိုသည် ကုလားထိုင်တစ်လုံးကို ဆွဲယူပြီး ခြံဝန်းထဲမှာ တည်ငြိမ်သော အမူအရာဖြင့် ထိုင်လိုက်၏။ သူက ရောက်ရှိလာမည့် နန်းကုန်ရှေးတော်ဝင်မိသားစုမှ လူများကို စောင့်ဆိုင်းနေ၏။

ပေမင်ရွှယ်က ဆူဇီမို၏ နောက်မှ မတ်တတ်ရပ်နေ၏။ ဘာကြောင့်ရယ်မသိ.. သူမက အနည်းငယ် စိတ်လှုပ်ရှားနေ၏။

All Chapters