အေးအေးချမ်းချမ်း သေစေမယ်
Vol. 90 Ch. 1349
ပေမင်မြို့အထက်ကောင်းကင်တွင်..
နန်းကုန်ယွီနှင့် အခြားနိုးထဝိညာဉ်သုံးယောက်သည် သတ်လိုဖြတ်လိုသော စိတ်ဆန္ဒများနှင့်အတူ ဧရာမ စိတ်ဝိညာဉ်ယာဉ်ပျံတစ်စင်းကို စီးနင်းလာကြ၏။
နိုးထဝိညာဉ်သုံးယောက်၏ ဘေးပတ်လည်တွင် ဓမ္မစွမ်းအားများက တရုန်းရုန်းထကြွနေ၏။ သူတို့ ပေမင်မြို့သို့ ရောက်ရှိလာသည့် ခဏမှာပင် အာမေဋိတ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
ဤနှစ်များအတွင်း ပေမင်ကလန်သည် ဆက်တိုက်ကျဆင်းလာနေခဲ့၏။
ပေမင်မြို့သို့ ဟိတ်ဟန်ထုတ်ရန် ရောက်ရှိလာတတ်သော ရှေးတော်ဝင်မိသားစုသုံးစုမှ လူအများစုသည် ဂျူနီယာများ၊ အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ရွှေအမြုတေများ ဖြစ်ကြ၏။ နိုးထဝိညာဉ်များက ရံဖန်ရံခါမှသာ ရောက်လာတတ်လေသည်။
သို့သော် ယခုအခါ နိုးထဝိညာဉ်သုံးယောက်က ရောက်ရှိလာပြီး ပေမင်မြို့ရှိ ကျင့်ကြံသူများအပေါ် ဖိအားက သိပ်သည်းပြင်းထန်လာ၏။
“နိုးထဝိညာဉ်သုံးယောက်က တစ်ပြိုင်နက်တည်း ရောက်လာတယ်.. သူတို့က သေချာပေါက် ရန်လိုနေကြတာပဲ”
“အဲဒီ နိုးထဝိညာဉ်သုံးယောက်က သတ်တော့ဖြတ်တော့မယ့်ပုံပဲ… သူတို့က ဒီကို ဘာကြောင့်ရောက်လာတာလဲ.. ဒီနေ့ သွေးထွက်သံယိုတွေကတော့ ဖြစ်ကုန်တော့မှာပဲ.. ဘယ်မိသားစုကများ ကံဆိုးသွားမလဲ ငါသိချင်မိတယ်”
“အား.. သူတို့က ပေမင်ရွှယ်ရဲ့ ခြံဝန်းဆီကို သွားနေကြတဲ့ပုံပဲ”
ပေမင်ကလန်သားအချို့က တိတ်တဆိတ် ဆွေးနွေးလိုက်ကြ၏။
ထိုစဉ်မှာပင်.. ကလန်၏ ပင်မခန်းမထဲမှာ ကျင့်ကြံနေကြသော ကျင့်ကြံသူများစွာသည် အပြင်ဘက်ရှိ ရုတ်ရုတ်သဲသဲ အခြေအနေများကို အာရုံခံမိသွားပြီး ထွက်လာကြ၏။
ပေမင်အောင်သည် လူအုပ်ကြားထဲမှာ မတ်တတ်ရပ်ပြီး လှမ်းမျှော်ကြည့်ရှုလိုက်၏။ သူ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားလေသည်။
“အစ်မ..”
ပေမင်အောင်က အံ့အားတသင့် အော်ခေါ်လိုက်၏။
လေထဲရှိ ဧရာမ စိတ်ဝိညာဉ်ယာဉ်ပျံသည် သူတို့အိမ်ထက်မှာ ရပ်တန့်သွားပြီး လူလေးယောက် ဆင်းလာသည်ကို သူက ရှင်းလင်းစွာ မြင်လိုက်ရ၏။ ထိုအထဲတွင် နန်းကုန်ယွီလည်း ပါလေသည်။
အခြားသော သုံးယောက်က နိုးထဝိညာဉ်များ ဖြစ်ကြ၏။
ပေမင်အောင်သည် လူအုပ်ကြီးကို တွန်းဖယ်၍ ရှေ့သို့ ပြေးတက်သွား၏။ သို့သော်လည်း သူက ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးစဉ်မှာပင် သူ၏လက်ကို ပိန်လှီသော လက်ဝါးတစ်ဖက်က ဖမ်းဆွဲထားလိုက်၏။
“မသွားနဲ့”
ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်က ပေမင်အောင်၏ နောက်ကနေ အော်ပြောလိုက်၏။
“ကလန်ခေါင်းဆောင်.. ကျုပ်ကို မတားနဲ့.. နန်းကုန်ယွီနဲ့ အခြားသူတွေက ရန်လိုနေကြတာ.. ကျုပ် သွားကြည့်မှရမယ်”
ပေမင်အောင်က စိုးရိမ်ပူပန်နေပြီး အော်ပြောလိုက်၏။
“မင်း အဲဒီကိုသွားလို့ ဘာထူးမှာလဲ”
ပေမင်ကလန်ခေါင်းဆောင်က ခေါင်းခါပြလိုက်၏။
“မင်းရဲ့ တိုက်ခိုက်ရည်ခွန်အားက နန်းကုန်ယွီနဲ့ ယှဉ်နိုင်ကောင်း ယှဉ်နိုင်လိမ့်မယ်.. ဒါပေမဲ့လို့ သူ့မှာ နိုးထဝိညာဉ်သုံးယောက် ပါလာတယ်”
“နိုးထဝိညာဉ်တွေက ဓမ္မစွမ်းအားတွေကို ထိန်းချုပ်နိုင်တဲ့အတွက် မင်းကို အတွေးတစ်ချက်နဲ့တင် သတ်လို့ရတယ်”
“ဒါပေမဲ့ အဲဒါက ကျုပ်အစ်မလေဗျာ”
ပေမင်အောင်က ဆက်လက်၍ ရုန်းကန်လိုက်၏။
သို့သော်လည်း ပေမင်ကလန်ခေါင်းဆောင်သည် နိုးထဝိညာဉ်တစ်ယောက်ဖြစ်၏။ သူသည် သူ၏ ဓမ္မစွမ်းအားများကို ချည်မျှင်အဖြစ် အသုံးပြုပြီး ပေမင်အောင်ကို တင်းကျပ်စွာ ဖမ်းချုပ်ထားလိုက်၏။
“ကလေး.. ဒီကိစ္စက မရိုးရှင်းဘူး”
ပေမင်ကလန်ခေါင်းဆောင်က လှမ်းမျှော်ကြည့်ရှုပြီး တီးတိုးပြောဆိုလိုက်၏။
“အဲဒီမှာ ကြည့်.. နောက်ထပ် ပညာရှင်သုံးဦးက လာနေကြပြန်ပြီ… ငါထင်တာ မမှားဘူးဆိုရင် အလယ်မှာရှိတဲ့ နန်းကုန်ရှေးတော်ဝင်မိသားစုက အမျိုးသားက မူလနတ္ထိအဆင့်ပဲ ဖြစ်ရမယ်”
“အို..”
ဘေးပတ်ဝန်းကျင်ရှိ လူငယ်ကျင့်ကြံသူများသည် ပင့်သက်ကိုရှိုက်ပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
မူလနတ္ထိအဆင့်များသည် သူတို့ လက်လှမ်းမမီနိုင်သော အရာဖြစ်၏။
မူလနတ္ထိ ပညာရှင်တစ်ယောက်သည် ပေမင်မြို့ကို အတွေးတစ်ချက်ဖြင့် ဖျက်ဆီးနိုင်သည်ဟု ဆိုနိုင်လေသည်။
“မြို့ထဲကို မူလနတ္ထိတစ်ယောက် ရောက်မလာခဲ့တာ ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ”
“နန်းကုန်ရှေးတော်ဝင်မိသားစုက မူလနတ္ထိတစ်ယောက်ကို ဆွဲဆောင်မိအောင် ဘာများဖြစ်ခဲ့တာလဲ… ပေမင်ရွှယ်ကတော့ သွားရှာပြီထင်တယ်”
“ငါတို့ပါ ရောပါဒုက္ခမရောက်ဖို့ ဆုတောင်းရမှာပဲ”
ပေမင်ကလန်သား အချို့သည် စိုးရမ်ပူပန်နေသော အမူအရာများဖြင့် တီးတိုးပြောဆိုလိုက်ကြ၏။
ပေမင်အောင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီး သူ၏မျက်လုံးများက နီရဲလာ၏။
ပေမင်ကလန်ခေါင်းဆောင်က စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
“ကလေး.. စောင့်ကြည့်ကြတာပေါ့.. ဒီမူလနတ္ထိက ပေမင်ရွှယ်ကို ထိခိုက်စေချင်တယ်ဆိုရင် မင်းပြေးသွားလည်း အလကားပဲ.. မင်းပါ အဲဒီနေရာမှာ သေရလိမ့်မယ်”
“အဲဒီ မူလနတ္ထိပညာရှင်က ပေမင်ရွှယ်ကို ထိခိုက်အောင်လုပ်ဖို့ စိတ်ကူးမရှိဘူး ဆိုရင်တော့… မင်းမသွားဘူးဆိုလည်း ရလဒ်က အတူတူပဲ”
ထိုသို့ဆိုသော်လည်း သူ၏အစ်မသည် နိုးထဝိညာဉ်များနှင့် မူလနတ္ထိတစ်ယောက်ကို ရင်ဆိုင်ရတော့မည်ကို တွေ့မြင်နေရသည်က ပေမင်အောင်အတွက် ကြီးမားသော စိတ်ဖိစီးနှိပ်စက်မှု ဖြစ်လေသည်။
ပေမင်အောင်၏ မျက်လုံးက နီရဲလာပြီး သူ၏အသက်ရှူသံက လေးလံလာ၏။ သူက အံကို တင်းတင်းကြိတ်ပြီး ပြောလိုက်၏။
“ကျုပ်အစ်မသာ တစ်ခုခုဖြစ်သွားမယ်ဆိုရင် ကျုပ်က သူတို့ရဲ့ အသက်တွေနဲ့ သေချာပေါက် ပြန်ပေးဆပ်ခိုင်းမယ်”
ထိုအခိုက်အတန့်တွင် နန်းကုန်ယွီနှင့် အခြားနိုးထဝိညာဉ်သုံးယောက်သည် ဆင်းသက်လာကြပြီဖြစ်ပြီး ပေမင်ရွှယ်၏ ခြံဝန်းထဲမှာ ခြေချလိုက်ကြ၏။
မြင့်မားသော အုတ်တံတိုင်းကြောင့် ပေမင်အောင်နှင့် အခြားသူများသည် အထဲတွင် ဖြစ်ပျက်နေသည့်အရာများကို မတွေ့မြင်နိုင်ကြပေ။
သို့သော်လည်း ကိစ္စက ထိုသို့ဆိုလေ.. ပေမင်အောင်က ပို၍ စိုးရိမ်သောက ကြီးမားလာလေဖြစ်၏။
“အား… ပေမင်ရွှယ်ကို ကောင်းကင်ဘုံက ကောင်းချီးပေးပါစေလို့ ဆုတောင်းပေးရမှာပဲ”
ပေမင်ကလန်ခေါင်းဆောင်က သက်ပြင်းချလိုက်၏။
တကယ်တော့… မူလနတ္ထိတစ်ယောက်ပင်လျှင် ရောက်လာရသည်ဆိုပါက ဤကိစ္စသည် သေးငယ်သော ကိစ္စတစ်ခု သေချာပေါက် မဟုတ်ကြောင်း သူသိထား၏။ ပေမင်ရွှယ်က သေကြေပျက်စီးရဖို့များလေသည်။
ပေမင်မြို့ အပြင်ဘက်တွင်…
အပြာရောင်ဝတ်လူနှင့် အမျိုးသမီးနှစ်ယောက်သည် ပေမင်မြို့ထဲသို့ ဝင်ရောက်ဖို့ အလောတကြီး ရှိမနေကြပေ။ ထိုအစား သူတို့သည် တိမ်စိုင်တစ်ခုပေါ်မှာ မတ်တတ်ရပ်ပြီး မြို့ငယ်လေးကို ငုံ့ကြည့်နေကြ၏။
“ဒါက ပေမင်မြို့လား”
အဖြူရောင်ဝတ် အမျိုးသမီးက ရေရွတ်ပြောဆိုလိုက်၏။
“ရှေးဟောင်းခေတ်တုန်းက ရှင်တို့နဲ့တောင် ယှဉ်နိုင်တဲ့ ရှေးတော်ဝင်မိသားစုတစ်စုက ဒီလိုပုံစံနဲ့ အဆုံးသတ်သွားရတယ်ဆိုတော့… “
“အမှန်ပဲ.. ဒီလိုမြို့ငယ်လေးမှာ အသန်မာဆုံးက နိုးထဝိညာဉ်တွေပဲ.. ဘယ်လိုလျှို့ဝှက်ချက်ကများ ရှိနိုင်ပါ့မလဲ”
တက်ကြွသော မိန်းကလေးက ခေါင်းခါလိုက်၏။
အစကတော့ သူမသည် ထိုလျှို့ဝှက်ချက်ကို စိတ်ဝင်စားနေမိခဲ့၏။
သို့သော် ယခုအခါ ဤမြို့ငယ်လေးက သာမန်သာဖြစ်၏။ မြို့မှ ကျင့်ကြံသူများသည် ဤနှစ်များအတွင်း ရှေးတော်ဝင်မိသားစုသုံးစု၏ အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံခဲ့ရ၏။ အဲဒီမှာ အားမာန်တက်ကြွမှု လုံးဝမရှိတော့ဘဲ အသက်မဲ့နေ၏။
“ဟန်ယန်.. ရွှမ်ရွှမ်.. အဲဒီအပြင်လူရဲ့ နောက်ခံက ဘာလဲဆိုတာ သွားကြည့်ရသေးတာပေါ့”
အပြာရောင်ဝတ်လူက နန်းကုန်ယွီနှင့် အခြားသူများ ရှိရာဘက်သို့ လက်ညိုးထိုးပြလိုက်၏။
“အင်း”
အဖြူရောင်ဝတ် အမျိုးသမီးက ခေါင်းညိတ်ပြလိုက်၏။
သူတို့သုံးယောက်သည် တိမ်စိုင်များကို စီးနင်းပြီး ပေမင်ရွှယ်၏ ခြံဝန်းရှိရာသို့ ပျံသန်းလာကြ၏။
သူတို့ မရောက်ခင်မှာပင် သူတို့သုံးယောက်က ငုံ့ကြည့်လိုက်ကြ၏။
ခြံဝန်းက မကြီးမားဘဲ အဆင်တန်ဆာများစွာ မရှိပေ။ အစိမ်းရောင်ဝတ် အမျိုးသားတစ်ယောက်က ဂရုမစိုက်သော အမူအရာဖြင့် အလယ်မှာ ထိုင်နေပြီး သေးသေးသွယ်သွယ် မိန်းကလေးတစ်ယောက်က သူ့နောက်မှာ မတ်တတ်ရပ်နေ၏။
“အဲဒီမိန်းကလေးက အရမ်းလှတာပဲ”
တက်ကြွသော မိန်းကလေးက မနေနိုင်ဘဲ အံ့အားတသင့် ရေရွတ်လိုက်၏။
ထိုသို့ သူမ ပြောလိုက်သည့် ခဏမှာပင်.. တက်ကြွသော မိန်းကလေးသည် သူမ၏ ခြေထောက်များ ယိမ်းယိုင်သွားသည်ဟု ခံစားရပြီး တိမ်စိုင်ပေါ်ကနေ ပြုတ်ကျလုမတတ် ဖြစ်သွားရ၏။
“စီနီယာအစ်ကို နန်းကုန်.. ရှင် ဘယ်လိုလုပ်နေတာလဲ.. ရှင်က မိန်းမလှလေးတစ်ယောက်ကို မြင်တာနဲ့ တိမ်စိုင်ကိုတောင် မထိန်းချုပ်နိုင်တော့ဘူးလား.. စီနီယာအစ်မ ဟန်ယန်.. နင် သူ့ကို ကောင်းကောင်းဆုံးမထားမှ ရမယ်”
တက်ကြွသော မိန်းကလေးက မကျေမနပ် ရေရွတ်ပြောဆိုလိုက်၏။
သို့သော်လည်း မည်သူကမှ ပြန်ဖြေမလာခဲ့ပေ။
လေထုက အေးခဲသွားပြီး ထူးဆန်းလာသည်ဟု ထင်ရ၏။
သူမသည် လှည့်ကြည့်လိုက်ပြီး အောက်ဘက်သို့ တုန်လှုပ်စွာဖြင့် မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေကြသော အပြာရောင်ဝတ်လူနှင့် အဖြူရောင်ဝတ် အမျိုးသမီးကို တွေ့မြင်လိုက်ရ၏။
အပြာရောင်ဝတ်လူက တစ်ခုခုကို ပြောချင်နေသည့်အလား သူ၏နှုတ်ခမ်းက တဆတ်ဆတ် တုန်ယင်နေ၏။
“ဘာပါလိမ့်”
တက်ကြွသော မိန်းကလေးသည် သူတို့၏ အကြည့်အတိုင်း လိုက်ပါပြီး ခြံဝန်းထဲသို့ ငုံ့ကြည့်လိုက်၏။ သူမသည် အစိမ်းရောင်ဝတ်လူကို တွေ့မြင်သောအခါ လန့်ဖျပ်သွားပြီး တိမ်စိုင်ပေါ်ကနေ ထခုန်လိုက်၏။
ခြံဝန်းထဲတွင်…
ဆူဇီမိုရှေ့သို့ ရောက်ရှိလာပြီးနောက်… နန်းကုန်ယွီသည် ဆူဇီမိုနှင့် ပေမင်ရွှယ်ကို တစ်ချက်ဝေ့ကြည့်ကာ လှောင်ရယ်လိုက်၏။
“နင်က အဲ့လောက်ထိ မျက်နှာပြောင်တိုက်နေတာ မထူးဆန်းတော့ဘူး… အဲ့တော့ နင့်မှာ အားကိုးရှိနေတာပေါ့လေ”
“တာအိုရောင်းရင်း.. ခင်ဗျားကို ကျုပ် ဘယ်လိုခေါ်ရမလဲ”
နန်းကုန်ယွီက မထီလေးစားဟန်ဖြင့် မေးလိုက်၏။
ဆူဇီမိုက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
“ငါ့နာမည်က ဆူဇီမို”
“အို.. အဲ့နာမည်ကို ကျုပ် တစ်ခါမှ မကြားဖူးဘူး”
နန်းကုန်ယွီက အထင်အမြင်သေးသော အမူအရာဖြင့် ပခုံးတွန့်ပြလိုက်၏။
နိုးထဝိညာဉ် လူအိုသုံးယောက်ကလည်း သူတို့၏ ခေါင်းကိုမော့ပြီး ရယ်မောလိုက်ကြ၏။
“လွန်ခဲ့တဲ့ တစ်နှစ်က ကျုပ်အဖေနဲ့ အစေခံနှစ်ယောက်က ပေမင်မြို့ အပြင်ဘက်မှာ သေဆုံးသွားခဲ့တယ်… ခင်ဗျား အဲ့ဒီကိစ္စကို သိလား”
နန်းကုန်ယွီက ဆူဇီမိုကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း မေးလိုက်၏။
“သူတို့ကို ငါသတ်လိုက်တာ”
ဆူဇီမိုက အလေးမထားဟန်ဖြင့် ပြောလိုက်၏။
ပေမင်ရွှယ်က ရင်တစ်ချက်ထိတ်သွားလေသည်။
လွန်ခဲ့သည့် တစ်နှစ်က.. သူမ၏ဆရာ သူမကို ပေးခဲ့သော သိုလှောင်အိတ်သုံးအိတ်သည် တကယ်ပင် နန်းကုန်ရှေးတော်ဝင်မိသားစုမှ ဖြစ်နေ၏။
“မင်းကတော့ သေချင်နေပြီပဲ”
အစကတော့ နန်းကုန်ယွီသည် အကဲစမ်းချင်သေး၏။ သို့သော်လည်း ဆူဇီမိုက ဤကဲ့သို့ အလွယ်တကူ ဝန်ခံလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“လမ်းဖယ်စမ်း”
ထိုစဉ်မှာပင်.. နန်းကုန်ယွီ၏ နောက်ကနေ ညင်သာသော အော်ငေါက်သံတစ်သံက ထွက်ပေါ်လာ၏။
အပြာရောင်ဝတ်လူနှင့် အမျိုးသမီးနှစ်ယောက်သည် ဆင်းသက်လာကြပြီဖြစ်ပြီး အလျင်အမြန် လျှောက်လှမ်းလာကြ၏။
နန်းကုန်ယွီသည် ဆူဇီမိုကို သေလူတစ်ယောက်ပမာ ကြည့်ပြီး ကြိမ်းမောင်းလိုက်၏။
“ဆူဇီမို.. ဦးလေးလင်းက ငါဖိတ်ခေါ်ထားတဲ့ မူလနတ္ထိတစ်ယောက်ပဲ.. ဒီနေ့ မင်းကို ငါက အေးအေးချမ်းချမ်း သေစေမယ်”