← Chapters

သတ်ဖြတ်ခြင်းည

Vol. 90 Ch. 1344

သတ်ဖြတ်ခြင်းည

Vol. 90 Ch. 1344

နန်းကုန်ရှန်တို့သုံးယောက်နှင့် အစိမ်းရောင်ဝတ်လူကြား အကွာအဝေးက တဖြည်းဖြည်းနီးကပ်လာ၏။

သူတို့သုံးယောက်သည် အစိမ်းရောင်ဝတ်လူကို မမှိတ်မသုန်စောင့်ကြည့်နေကြ၏။

အစိမ်းရောင်ဝတ်လူကတော့ သူ၏အမူအရာသည် နိုးထဝိညာဥ်သုံးယောက်၏ စိုက်ကြည့်ခြင်းခံရပြီးတာတောင် များစွာပြောင်းလဲသွားခြင်းမရှိပေ။ သူက အနည်းငယ်မျှ နေရခက်သွားခြင်းမရှိဘဲ အလွန်တရာတည်ငြိမ်နေ၏။

“သတိထားကြ... အဲ့ဒီလူက တကယ်ပဲထူးဆန်းနေတယ်”

နန်းကုန်ရှန်က အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်၏။ အစေခံအိုနှစ်ယောက်သည် နှစ်ပေါင်းရာချီ ရှင်သန်နေထိုင်လာခဲ့ပြီး အလွန်တရာ သတိကြီးကြ၏။

“ကျုပ်က... နန်းကုန်ရှန်ပဲ တာအိုရောင်းရင်းကို ဘာ်လိုခေါ်ရမလဲမသိဘူး”

နန်းကုန်ရှန်သည် နန်းကုန်ရှေးတော်ဝင်မိသားစု၏ နာမည်ကို ချက်ချင်းပင် ထုတ်သုံးလိုက်၏။

တောင်ပိုင်းဒေသတွင် ရှေးတော်ဝင်မိသားစု ၃စု၏ နာမည်က မည်သည့်တာအိုဘွဲ့ထက်မဆို ပို၍အသုံးဝင်၏။

အစိမ်းရောင်ဝတ်လူ၏ နောက်ခံကိုဖော်ထုတ်နိုင်ခြင်းမရှိသည့်အတွက် နန်းကုန်ရှန်သည် မဆင်မခြင်ပြုမူရဲခြင်းမရှိဘဲ အကဲစမ်းကြည့်လိုက်၏။

“ငါဘယ်သူလဲဆိုတာက အရေးမကြီးဘူး”

အစိမ်းရောင်ဝတ်လူက သူ၏ခေါင်းကို ခါပြလိုက်၏။

“ခင်ဗျားက... ဒီမှာဘာလာလုပ်နေတာလဲ”

အစေခံလူအိုတစ်ယောက်က လေးနက်သောအသံဖြင့် မေးလိုက်၏။

အစိမ်းရောင်ဝတ်လူက ညင်သာစွာ ပြုံးလိုက်၏။

“ငါမင်းတို့ကို စောင့်နေတာ”

“ကျုပ်တို့ကိုစောင့်နေတာလား”

အစေခံလူအိုက မျက်မှောင်ကြုတ်လိုက်၏။

အစိမ်းရောင်ဝတ်လူက ယခုတင် ပေမင်မြို့ကနေ ရောက်ရှိလာသော ဆူဇီမိုပင်ဖြစ်၏။

ဆူဇီမိုသည် သူ၏ခေါင်းကို အနည်းငယ်မော့ပြီး ကောင်းကင်ကိုကြည့်လိုက်၏။ သူက သူ၏အပြုံးကိုရုပ်သိမ်းပြီး စိတ်ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။

“နောက်တောင်​နောက်ကျနေပြီ... မင်းတို့တွေကို တမလွန်ကိုပို့ပေးရဦးမယ်”

ထိုသို့ပြောပြီးနောက် နန်းကုန်ရှန်နှင့် အခြားနှစ်ယောက်သည် အေးစက်စက်စိတ်ဆန္ဒတစ်ခု သူတို့ပေါ်သို့ လွှမ်းခြုံကျရောက်လာသည်ကို ခံစားလိုက်ရ၏။

ရွှစ်...

သူတို့သုံးယောက်၏ အမြင်အာရုံက ဝေဝါးသွားပြီး သူတို့၏ခန္ဓာကိုယ်များက ယိမ်းထိုးသွားကာ ကြောက်စရာကောင်းသောအော်ရာတစ်ခုက သူတို့ဆီသို့တိုးဝင်လာ၏။

အဲ့ဒါကအရမ်းကိုမြန်ဆန်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် သူ၏ခွန်အားအပြည့်ကို ထုတ်ဖော်အသုံးပြုခြင်းမရှိပေ။ သို့သော်လည်း သူ၏ကိုယ်ကာယရုန်းကန်ပေါက်ကွဲအားသည် နန်းကုန်ရှန်တို့သုံးယောက် ရင်ဆိုင်နိုင်သောတစ်စုံတစ်ရာမဟုတ်ပေ။ သူတို့ကြားထဲတွင် အစေခံနှစ်ယောက်က တုံ့ပြန်မှုနှေးကွေးသွား၏။

နန်းကုန်ရှန်သည် ချက်ချင်းပင် နောက်ဆုတ်လိုက်သော်လည်း အစေခံလူအိုနှစ်ယောက်ကတော့ ခြေတစ်လှမ်းနှေးကွေးသွား၏။

အစေခံလူအိုတစ်ယောက်၏ ရှေ့သို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် သူ၏လက်ဖဝါးဖြင့် ထိုသူ၏ဦးခေါင်းကိုရိုက်ကာ ထိုသူ၏ဦးခေါင်းခွံကို ကြေမွစေပြီး သူ၏အမြုတေစိတ်ဝိညာဥ်ကို တစ်ခါတည်း ဖျက်ဆီးပစ်လိုက်၏။

အစေခံလူအိုက အသံတစ်ချက်မှမထွက်နိုင်လဲ လေထဲကနေပြုတ်ကျသွား၏။

“မင်း...”

နောက်ထပ်အစေခံလူအိုသည် ဒေါသထွက်သွားပြီး သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်၏။ သူ၏ဓားပျံကို ဆင့်ခေါ်လိုက်သည့်ခဏမှာပင် ဆူဇီမိုက သူ့ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် သူတို့ထဲမှ တစ်ယောက်ကို သတ်ဖြတ်ပြီးနောက် နောက်တစ်ယောက်ဘက်သို့ ချက်ချင်းလှည့်လိုက်၏။

ဖြစ်စဥ်တစ်ခုလုံးက မည်သည့်ရပ်နားမှုမှမရှိဘဲ ချောမွေ့နေ၏။

စောစောကတင် ဖျားနာနေသည့်ပုံစံနှင့် နုနယ်သော စာပေသမားသည် တစ်ခဏအတွင်းမှာပင် ကြမ်းကြုတ်ခက်ထန်သော စွမ်းပကားတစ်ခုကိုထုတ်ဖော်လာလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။

ဆူဇီမိုသည် အခြားမည်သည့်အရာကိုမှမပြုလုပ်ဘဲ သူ၏လက်ညိုးကိုဆန့်ထုတ်ကာ ထိုသူ၏နှာရောင်ကို ညင်သာစွာ ထိုးလိုက်၏။

အစေခံလူအိုသည် ဆူဇီမို၏လက်ညိုးဝင်ရောက်လာသည်ကို မြင်နေရသော်လည်း သူက လုံးဝမရှောင်တိမ်းနိုင်ပေ။

သူ၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သည့်အလင်းက ဖျပ်ခနဲလက်သွား၏။ သူက သေရတော့မည်ဆိုမှတော့ သူ၏သေဆုံးမှုနှင့်အတူ အလဲအထပ်ပြုလုပ်ရပေလိမ့်မည်။

ဆူဇီမို၏ဝင်ရောက်လာသော လက်ညိုးကိုလျစ်လျူရှုပြီး အစေခံသည် သူ၏စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ကာ သူ၏ဓားပျံကိုစေညွှန်ရင်း ဆူဇီမို၏နှာရောင်ဆီသို့ ပစ်သွင်းလိုက်၏။

ဖောက်...

ဆူဇီမို၏လက်ညိုးက အစေခံလူအို၏နှာရောင်ကို အရင်ထိုးဖောက်သွား၏။

ချက်ချင်းပင် အစေခံလူအို၏ နဖူးပေါ်တွင် သွေးသံရဲရဲအပေါက်တစ်ပေါက်ကပေါ်လာပြီး သွေးများက ပန်းထွက်လာ၏။

သူ၏အမြုတေစိတ်ဝိညာဥ်ကနေရာမှာပင် ဖျက်ဆီးခံလိုက်ရပြီး သူက သေဆုံးသွား၏။

အစေခံလူအို၏ ဓားပျံက ဆူဇီမို၏နှာရောင်ဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ သို့သော်လည်း ဆူဇီမိုက မျက်တောင်တစ်ချက်မခတ်ဘဲ ထိုဓားပျံကို သူ့ထံသို့ဝင်ရောက်စေ၏။

ဓားပျံက ဆူဇီမို၏မျက်နှာနှင့်ထိခတ်သောအခါ သတ္တချင်းထိခတ်သံက ထွက်ပေါ်လာ၏။

ဓားက ဘေးသို့ပြုတ်ကျသွားလေသည်။

နန်းကုန်ရှန်၏ မျက်ရစ်က တဆတ်ဆတ်လှုပ်သွား၏။

ထိုဓားပျံသည် အလယ်အလတ်အဆင့် ပကတိအရှင်ဓမ္မလက်နက်တစ်ခုဖြစ်ပြီး အလွန်တရာထက်ရှ၏။

သို့သော် ယခုအခါ အစိမ်းရောင်ဝတ်လူကို ဒဏ်ရာရရှိဖို့နေနေသာ သူ၏အရေပြားပေါ်တွင် အမှတ်အသားတစ်ခုကိုပင် မကျန်ရစ်ခဲ့စေပေ။

“အဲ့ဒါက... ဘယ်လိုခန္ဓာအမျိုးအစားပါလိမ့်”

“မဖြစ်နိုင်ဘူး”

နန်းကုန်ရှန်၏စိတ်က ​ဗြောင်းဆန်နေပြီး မေးခွန်းများစွာက ပေါ်ထွက်လာ၏။

သူ၏ကျင့်ကြံမှုအဆင့် ၊ သက်လုံအား ၊ တိုက်ခိုက်ရည်ခွန်အား ၊ သွေးချီနှင့် အခြားသော အချိုးအစားများသည် အစေခံလူအိုနှစ်ယောက်ထက် ပို၍သန်မာ၏။

ထိုသို့ဆိုလျှင်တောင် ဤအစိမ်းရောင်ဝတ်လူကို ယခုအချိန်မှာ တိုက်ခိုက်ရဲခြင်း မရှိတော့ပေ။

နန်းကုန်ရှန်သည် နောက်ပြန်လှည့်မကြည့်ဘဲ လှည့်ထွက်ပြေးလေသည်။

ဘုန်း...

ရုတ်တရက်ဆိုသလို...

သူ၏နောက်ဘက်ကနေ ကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။

မြေပြင်တစ်ခုလုံးက တုန်ခါသွား၏။

သူအလိုလိုလှည့်ကြည့်လိုက်မိပြီး သူ၏အမူအရာက ချက်ချင်းပင် ပြောင်းလဲသွား၏။

အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် ​ခြေတစ်ဖက်ဖြင့် မြေပြင်ကိုဆောင့်နင်းပြီး ကြီးမားသောတွင်းချိုင့်တစ်ခုကိုဖြစ်ပေါ်စေကာ အလွန်တရာမြန်ဆန်စွာဖြင့် လေထဲသို့ ခုန်တက်လိုက်၏။ တစ်ခဏအတွင်းမှာပင် အစိမ်းရောင်ဝတ်လူက သူ၏နောက်တည့်တည့်သို့ ရောက်ရှိလာပြီဖြစ်၏။

“သွား...”

နန်းကုန်ရှန်က စဥ်းစားနေဖို့ အချိန်မရပေ။ သူ၏နှာရောင်က တောက်ပသွားပြီး အနက်ရောင်အရိပ်တစ်ခုက ပျံသန်းထွက်ပေါ်ကာ ဆူဇီမိုဆီသို့ တိုးဝင်သွား၏။

သူသည် သူ၏လျှာကိုညင်သာစွာကိုက်ပြီး အဆီအနှစ်သွေးတစ်လုတ်ကို အနက်ရောင်အရိပ်ပေါ်သို့ ထွေးထုတ်လိုက်၏။

သူက အဆီအနှစ်သွေးကို ထွေးထုတ်လိုက်သည့်ခဏမှာပင် သူ၏အမူအရာက ညိုးနွမ်းသွား၏။

သူက အဲ့ဒါကိုဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။

နန်းကုန်ရှန်၏ သွေးအဆီအနှစ်ကို လက်ခံရရှိပြီးနောက် အနက်ရောင်အရိပ်သည် လေကိုဆန်၍ ပြန့်ကားလာပြီး ချက်ချင်းပင်ကြီးထွားကာ လူ့အရပ်တစ်ဝက်လောက်မြင့်သော ကြီးမားသည့်မီးဖိုတစ်လုံးအဖြစ် ပြောင်းလဲသွား၏။

ထိုမီးဖိုပေါ်တွင် ဓမ္မအင်းကွက် ၄ ခု ကို ခတ်နှိပ်ထား၏။

အဲ့ဒါက ထိပ်တန်းအဆင့် ပကတိအရှင်ဓမ္မလက်နက်တစ်ခုဖြစ်၏။

ရှေးတော်ဝင်မိသားစုများကြားတွင် နန်းကုန်ရှေးတော်ဝင်မိသားစုသည် လက်နက်သွန်းလုပ်ခြင်းနှင့် ဆေးလုံးဖော်စပ်ခြင်းမှာ ပို၍အသားပေး၏။ သူတို့၏ ကလန်သားများသည် များသောအားဖြင့် မီးဖိုလက်နက်များကို ကိုင်ဆောင်ကြ၏။

ဧရာမမီးဖိုပစ်ဝင်လာသောအခါ ဆူဇီမို၏အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏လက်ဝါးကိုဆန့်ထုတ်ပြီး အဲ့ဒါကိုတွန်းလိုက်၏။

ဘန်း...

မီးဖိုက ဆူဇီမို၏လက်ဖဝါးနှင့် ထိတွေ့ရိုက်ခတ်သွား၏။

ဆူဇီမို၏ ပုံရိပ်က ယိမ်းယိုင်သွားခြင်း မရှိပေ။

မီးဖိုသည် ထိပ်တန်းအဆင့်ပကတိအရှင်ဓမ္မလက်နက်တစ်ခုဖြစ်သော်လည်း ၎င်းထုတ်ဖော်သောစွမ်းအားက ဆူဇီမိုအတွက် လျစ်လျူရှု၍ရသလောက်ပင်။

ဆူဇီမိုက သူ၏အခြားလက်ဝါးနှစ်ဖက်ကို ဆန့်ထုတ်ပြီး သူ့ရှေ့ရှိ ဧရာမမီးဖိုကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်၏။

ဧရာမမီးဖိုးသည် ဆူဇီမို၏လက်ထဲတွင် မြင်နိုင်သောနှုန်းထားဖြင့် ဖိချေခြင်းခံလိုက်ရ၏။ အဲ့ဒီနောက် သူက လက်ဝါးနှစ်ဖက်ကို ပွတ်ချလိုက်၏။

တစ်ခဏအတွင်းမှာပင် လူ့အရပ်တစ်ဝက်လောက်ရှိသော ဧရာမမီးဖိုသည် ဆူဇီမို၏လက်ထဲမှာ သံလုံးတစ်လုံးအဖြစ် ဖိချေခြင်းခံလိုက်ရ၏။

ထိုမီးဖိုကြီးက ထိပ်တန်းအဆင့် ပကတိအရှင်ဓမ္မလက်နက်တစ်ခုဖြစ်၏။

သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် တစ်ခါတုန်းက အဆင့်၆ ဖန်တီးခြင်းကြာပဒုမ္မာဖြစ်ခဲ့ပြီး ထိုထဲတွင် များစွာသော နတ်ဘုရားလက်နက်များကိုလည်း ထည့်သွင်းပေါင်းစည်းထား၏။ အဲ့ဒါက မူလတာအိုအရှင် ဓမ္မလက်နက်တစ်ခုနှင့် ယှဥ်နိုင်လေသည်။

ထိုလက်နက်နှစ်ခုကြားတွင် အဆင့်ကြီးနှစ်ဆင့်ကွာဟနေ၏။

နန်းကုန်ရှန်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူက ခေါင်းနပန်းကြီးသွား၏။ သူ၏ ခြေလက်များက ပျော့ခွေသွားပြီး ထွက်ပြေးချင်သော်လည်း သူက လုံးဝမလှုပ်ရှားနိုင်တော့ပေ။

ဆူဇီမိုက သူ့ကိုပြုံး၍ကြည့်ပြီး ဧရာမသံလုံးကိုပစ်ထုတ်လိုက်၏။

ဝှစ်...

လေခွင်းသံက ထွက်ပေါ်လာ၏။

အနက်ရောင်အရိပ်တစ်ခုက ဆင်းသက်လာခဲ့၏။

ဘန်း...

နန်းကုန်ရှန်သည် အချိန်မီမတုံ့ပြန်နိုင်ပဲ ဧရာမသံလုံးက သူ့ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာပစ်ကျလာ၏။ ချက်ချင်းပင် သူ၏အရွတ်များနှင့် အရိုးများက ကြေမွသွားပြီး သူ၏ကိုယ်တွင်းအင်္ဂါများက စိစိညက်ညက်ကြေကုန်၏။ သူ၏ခန္ဓာကိုယ်က သေဆုံးသွားခဲ့လေပြီ။

ဝှစ်...

အလင်းတန်းတစ်ခုသည် နန်းကုန်ရှန်၏ ဦးခေါင်းထက်ကနေ ထွက်ပေါ်လာ၏။

သူ၏အမြုတေစိတ်ဝိညာဥ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်လာခြင်းဖြစ်၏။

ပုံမှန်အခြေအနေမှာဆိုလျှင် နိုးထဝိညာဥ်များ၏ အမြုတေစိတ်ဝိညာဥ်သည် အလွန်တရာနုနယ်ကြ၏။ သူတို့သည် ခန္ဓာကိုယ်ထဲက ထွက်လာသည့်နှင့် မည်သည့်အန္တရာယ်မှ မရှိလျှင်တောင် အပြင်လောကမှာ ရှင်သန်နိုင်ဖို့ ခက်ခဲလေသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် နန်းကုန်ရှန်က ရွေးချယ်စရာမရှိတော့ပေ။

သူ၏အမြုတေစိတ်ဝိညာဥ် ထွက်ပေါ်လာသည့်ခဏမှာပင် အနက်ရောင်အရိပ်တစ်ခုက သူ့ကိုလွှမ်းခြုံသွား၏။

သူ၏အမြုတေစိတ်ဝိညာဥ်က ဆူဇီမို၏လက်ဖဝါးထဲသို့ ကျဆင်းသွားလေပြီ။

အဝါသန်းနေသောမျက်နှာနှင့် အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် သူ့ကိုတည်ငြိမ်စွာကြည့်၍ လှောင်ပြောင်သရော်လိုမှုဖြင့် သရော်ပြုံး ပြုံးလိုက်၏။

“ခင်-ခင်ဗျား... ဘယ်သူလဲ”

နန်းကုန်ရှန်၏ အမြုတေစိတ်ဝိညာဥ်က တုန်ယင်နေသောအသံဖြင့် မေးလိုက်၏။

“ငါ့နာမည်က ဆူဇီမို”

ဆူဇီမိုက ညင်သာစွာ ပြုံးလိုက်၏။

နန်းကုန်ရှန်က ကြောင်အ,မှင်တက်သွား၏။

အဲ့ဒါသည် သူတစ်ခါမှမကြားခဲ့ဖူးသော အလွန်တရာစိမ်းသက်သည့် နာမည်တစ်ခုဖြစ်၏။

အဲ့ဒီနောက် ဆူဇီမိုက ဆက်ပြောလိုက်၏။

“ငါ့ရဲ့ တာအိုဘွဲ့ကတော့ အထီးကျန်သိုင်းသခင်ပဲ”

နန်းကုန်ရှန်၏ မျက်လုံးနှစ်ဖက်သည် အတောမသတ်နိုင်သော တုန်လှုပ်မှုနှင့်အတူ တဖြည်းဖြည်းပြူးကျယ်လာ၏။

ထို့နောက်ချက်ချင်းပင် နန်းကုန်ရှန်၏ အမြုတေစိတ်ဝိညာဥ်ပေါ်မှာ အက်ကွဲကြောင်းများက ပေါ်ထွက်လာပြီး သူ၏အရောင်အဝါက မှေးမှိန်သွား၏။ သူ၏အသက်ဓာတ်က ဆုတ်ယုတ်သွားပြီး ချက်ချင်းပင် ပျက်စီးသွားခဲ့လေပြီ။

နိုးထဝိညာဥ်များ၏ အမြုတေစိတ်ဝိညာဥ်များသည် အစကတည်းက အလွန်တရာအားနည်းလေသည်။ နန်းကုန်ရှန်သည် အထီးကျန်သိုင်းသခင်ဟူသော စကားသံကိုကြားရချိန်တွင် တုန်လှုပ်မှုဖြင့် သေဆုံးသွားရပြီဖြစ်၏။

All Chapters