ကျင်းကန်းဂိုဏ်းကို မီးလောင်တိုက်သွင်းခြင်း ( ၂ )
Vol. 5 Ch. 74
ရွှီချင်းသည် မျက်ခုံးပင့်သွားပြီး ပိတ်ကန်လိုက်သည်။ ဘုန်းခနဲ မြည်ဟည်းသွားပြီး လျှို့ဝှက်တံခါးတွင် အက်ရာများထသွားပါသော်လည်း အစိတ်စိတ်အမြွှာမြွှာ ဖြစ်မသွားပေ။
ရွှီချင်းသည် အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်ပြီး အေးစက်စက်အလင်းတစ်ချက် သူ၏မျက်လုံးများထဲ ဖြတ်ပြေးသွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်မှ တဖျစ်ဖျစ်မြည်သံများ လွင့်ပျံလာပြီး သူ၏နောက်တွင် ကွေအရိပ်ချက်ချင်း ထွက်ပေါ်လာသည်။ သူက တိတ်ဆိတ်စွာ ဟိန်းဟောက်လိုက်ရာ ၎င်းသည် သူ၏ညာလက်နှင့် ပေါင်းစပ်သွားပြီး အားပြင်းသော လက်သီးချက်တစ်ချက်အသွင် ပြောင်းလဲသွားသည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ လျှို့ဝှက်တံခါး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားပြီး မည်းမှောင်နေသော အခန်းတစ်ခန်း ပေါ်လာသည်။
အခန်းထဲ၌ ပစ္စည်းများများစားစား ရှိမနေဘဲ လက်တစ်ဝါးအရွယ် အဝတ်အိတ်တစ်အိတ်သာ ရှိသည်။
ရွှီချင်းသည် အနည်းငယ် အံ့အားသင့်သွားရပြီး လှမ်းယူရန်ပြင်လိုက်သည်။
ထိုအချိန်တွင် အဝတ်အိတ်၏အောက်ခြေမှနေ၍ စူးရှသောအလင်းတန်းတစ်တန်း ဝင်းလက်လာသည်။ ထိုအလင်းတန်းများက ရှုပ်ထွေးသောမျဉ်းကြောင်းများ ရေးဆွဲလိုက်ပြီး ၎င်းတို့ဝင်းလက်လာကာ အရိပ်ဓားများအဖြစ် ပြောင်းလဲသွားပြီး လှမ်းဆွဲလိုက်သည့်လက်ကို ဟန့်တားလိုက်သည်။
ရွှီချင်းသည် လက်ကို ချက်ချင်းရုတ်လိုက်ပြီး အရိပ်ဓားများအောက်ရှိ အဝတ်အိတ်ကို ကြည့်ကာ သူ၏မျက်လုံးများထဲ ထူးဆန်းသောအလင်းတစ်ချက် ဝင်းလက်သွားသည်။ ထိုပစ္စည်းက ရတနာတစ်ပါး ဖြစ်နိုင်ကြောင်း သူ ခံစားနေရပြီး အဝတ်အိတ်အောက်ခြေတွင် ဖြစ်ပေါ်နေသော ရုပ်ပုံကို လှမ်းကြည့်လိုက်သည်။
“ ဒါ ဘာကြီးလဲ ”
ရွှီချင်း မျက်မှောင်ကြုတ်သွားသည်။ ထိုရုပ်ပုံပေါ်ရှိ ဝိညာဉ်စွမ်းအားအငွေ့အသက်များကို အာရုံခံပြီးနောက် အေးစက်စက်နှာမှုတ်လိုက်သည်။ ထို့နောက် သူက လက်ကျန် အနက်ရောင်ဆေးလုံးနှစ်လုံးကို ထုတ်၍ ချေမွလိုက်သည်။
အရပ်မျက်နှာအနှံ့မှ ဓာတ်နှောများ တဝေါဝေါ ပြေးဝင်လာကြပြီး လျှို့ဝှက်အခန်းလေးကို လွှမ်းခြုံသွားသည်။ မြေပြင်တွင် လင်းလက်နေသော ရုပ်ပုံသည် ဝင်းလက်တောက်ပနေပါသော်လည်း တိုက်စားလာခြင်းကို မဟန့်တားနိုင်ချေ။ ၎င်းသည် တဖြည်းဖြည်း မှိန်ဖျော့လာပြီး တဖျစ်ဖျစ်မြည်ကာ ပျောက်ကွယ်သွားသည်။
ရွှီချင်းသည် တွေဝေတွန့်ဆုတ်မနေဘဲ အဝတ်အိတ်ကို ဆွဲယူကာ ရတနာဆောင်မှ ထွက်ခွာလိုက်သည်။
ရွှီချင်းသည် ရုန့်ရင်းဆန်ခတ်ဖြစ်ကာ အော်ဟစ်ညည်းညူသံများဖြင့် ပြည့်နှက်နေသော ကျင်းကန်းဂိုဏ်းကို သွေးအေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ကျင်းကန်းဂိုဏ်းထဲ၌ ဓာတ်နှောများ သိပ်သည်းထူထပ်စွာ ရှိနေပြီး အဆိပ်လေပြင်းများနှင့် တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များလည်း ရှိနေသည်။ သူ၏ ပျံသန်းစေသော အဆောင်က တဖျပ်ဖျပ် လက်သွားပြီး လေထဲ ပျံတက်ကာ ထွက်ခွာရန်ပြင်လိုက်သည်။
ယခုအချိန်တွင် ဂိုဏ်းထဲ၌ ဂိုဏ်းစောင့်ဘိုးဘိုး မရှိသည့်အပြင် သူ အလစ်ဝင်တိုက်ခဲ့သည့်အတွက်ကြောင့်သာ အသာစီးရခဲ့ခြင်းဖြစ်ကြောင်း သူ ကောင်းစွာ နားလည်ထားသည်။ သူသာ ဆက်လက်တိုက်ခိုက်နေလျှင် အန္တရာယ်ရှိလာပေလိမ့်မည်။
ကျင်းကန်းဂိုဏ်းကို သူ ယခုတစ်ခေါက် လာခဲ့ရသည့် ရည်မှန်းချက်သည် အမြစ်ဖြုတ်သုတ်သင်ရန် မဟုတ်ဘဲ ဖျက်ဆီးရန်သာ ဖြစ်သည်။ သူ တတ်နိုင်သမျှ အစွမ်းကုန် ဖျက်ဆီးချင်သည်။ ယခု သူ၏ရည်မှန်းချက် အထမြောက်သွားပြီဖြစ်၍ လေထဲသို့ သူ တဟုန်ထိုး ပျံတက်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန်၌ ဒေါသတကြီး ဟိန်းဟောက်သံ ပေါ်လာသည်။ မြူခိုးများထဲမှနေ၍ ဂိုဏ်းချုပ်သည် ဆံပင်များ ရှုပ်ပွနေလျက် သူ့ထံ အလျင်အမြန် ပြေးဝင်လာသည်။
ရွှီချင်းသည် လေထဲတွင် ရှိနေပြီး ငုံ့ကြည့်နေသော သူ၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် တောင်တန်းပင်လယ်ပညာရပ်အဆင့်ခုနစ်စွမ်းအားများ လည်ပတ်သွားပြီး သူ၏နောက်တွင် ကွေအရိပ်ပေါ်လာသည်။ ထို့နောက် သူက တိုးဝင်လာနေသော ဂိုဏ်းချုပ်ထံ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။
ကောင်းကင်ကြီး တုန်ဟီးသွားစေနိုင်သည့်မြည်ဟည်းသံ လွင့်ပျံလာသည်။ ဂိုဏ်းချုပ်သည် ဟိန်းဟောက်ကာ နောက်ဆုတ်သွားရသည်။ သူ ဆက်လက်တိုက်ခိုက်ရန် ပြင်လိုက်စဉ် ရွှီချင်း၏နောက်မှ ခရမ်းရောင်ဓားမော့ပုံရိပ်ကြီး ပေါ်လာသည်။
ကောင်းကင်ဓားမော့ကြီး ကျဆင်းလာ၏။
ယင်းဓားချက်သည် ကျင်းကန်းဂိုဏ်းချုပ်ထံ ဝင်ရောက်သွားသည်။
ဂိုဏ်းချုပ်သည် သိသိသာသာ မျက်နှာပျက်သွားရပြီး ဒရောသောပါး ဆုတ်ခွာသွားကာ အဆိပ်လေများနှင့် ဓာတ်နှောများပြည့်နှက်နေသော မြူခိုးများထဲ ပြန်ရောက်သွားသည်။ တချိန်တည်းမှာပင် ခရမ်းရောင်ဓားအလင်းတန်းသည်လည်း သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။
ရွှီချင်းက လိုက်လံတိုက်ခိုက်မနေတော့ဘဲ လှစ်ခနဲ လှုပ်ရှားကာ ချက်ချင်း နောက်ဆုတ်သွားပြီး အလင်းတန်းတစ်တန်းအသွင်ပြောင်းလဲ၍ မိုးကုတ်စက်ဝိုင်းဆီ ပျံသန်းသွားသည်။
သူ ထွက်သွားသည့်အခိုက် ဂိုဏ်းချုပ် နောက်ဆုတ်သွားသည့်မြူခိုးများထဲမှ လူရိပ် ခုနစ်ရိပ်၊ရှစ်ရိပ်ခန့် ပြေးထွက်လာကြပြီး အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်။
ထိုပူးပေါင်းတိုက်ကွက်သည် ပြင်းထန်လွန်းလှပြီး ဝေဟင်တွင် မိုးခြိမ်းသံကြီး မြည်ဟည်းသွားကာ အခြေတည်အဆင့်နှင့် ညီမျှသော စွမ်းအားများ ထွက်ပေါ်လာသည်။
ရွှီချင်းသာ ထွက်မသွားဘဲ လိုက်လံတိုက်ခိုက်ခဲ့မည်ဆိုပါက ထိုတိုက်ကွက်အောက်တွင် စိစိညက်ညက်ကြေသွားပေလိမ့်မည်။
ထိုလူရိပ်များအားလုံး အဘိုးအိုများ ဖြစ်ကြသည်။ ထိုအချိန်၌ သူတို့၏မျက်နှာများအားလုံး သွေးဆုတ်ဖြူရော်ကာ သွေးပွက်များ အန်ထုတ်လိုက်ကြသည်။ အစောပိုင်းက တိုက်ကွက်သည် ပူးပေါင်း၍ လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်မှန်း သိသာပေသည်။
ယခု ရွှီချင်း လွတ်မြောက်သွားသည်ကို သူတို့မြင်၍ ဆက်လိုက်သင့်၊ မလိုက်သင့် ချီတုံချတုံ ဖြစ်သွားကြသည်။
“ ဂိုဏ်းစောင့်ခုနစ်ပါး၊ သူတို့နောက်ကို ဆက်မလိုက်ပါနဲ့ ”
မြူခိုးများထဲမှ ဂိုဏ်းချုပ် ထွက်လာသည်။ သူ၏လက်တစ်ဖက် ပြတ်နေပြီး သွေးများ စီးကျနေသည်။ သူ၏မျက်နှာသည်လည်း သွေးဆုတ်ဖြူရော်နေပြီး လဲကျလုအနေအထားသို့ ရောက်နေသည်။
“ အဲဒီသူခိုးလေးက သတိကြီးလွန်းတယ်။ သူ ကျုပ်နောက်ကို မလိုက်ဘူးဆိုတော့ ကျုပ်တို့ အရင်ဆုံး တောင်ပေါ်က အဆိပ်လေတွေနဲ့ ဓာတ်နှောတွေကို ဖယ်ရှားပြီး ဂိုဏ်းစောင့်ဘိုးဘိုး ပြန်အလာကို စောင့်တာပေါ့ ”
ဂိုဏ်းချုပ်၏ရင်ထဲတွင် နောင်တများနှင့် ပြည့်နှက်နေပြီး သူ အံတင်းတင်းကြိတ်ထားသည်။ အစောပိုင်းက သူသည် ဒဏ်ရာရင်းကာ စွန့်စား၍ ထိုကလေးကို မျှားခေါ်ခဲ့ပါသော်လည်း မအောင်မြင်ခဲ့ပေ။
အချိန်များ ကုန်လွန်လာခဲ့ပြီး မကြာခင် တစ်ရက် ကုန်ဆုံးသွားသည်။
ဆည်းဆာချိန်ရောက်သောအခါ ကျင်းကန်းဂိုဏ်းထဲရှိ အဆိပ်လေများနှင့် ဓာတ်နှောများ တစ်ဝက်ကျော် လွင့်ပါးသွားပြီဖြစ်သည်။ အဆိပ်လေများကို လေဓာတ်မန္တန်များသုံးကာ စုပ်ယူလိုက်ကြခြင်း ဖြစ်ပြီး ဓာတ်နှောများကိုတော့ ဝိညာဉ်ကြေးပြားများခွဲကာ သန့်စင်သော ဝိညာဉ်စွမ်းအားများသုံး၍ ဓာတ်နှောပါဝင်နှုန်း လျော့ကျသွားအောင် လုပ်လိုက်ခြင်း ဖြစ်သည်။
ကုန်ကျစရိတ်မှာ ကြောက်ခမန်းလိလိပင်။
တစ်ဂိုဏ်းလုံး ပျက်စီးသွားရပြီး တောင်ထိပ်ရှိ ခန်းမဆောင်သည်ပင် ယိုယွင်းပျက်စီးသွားသည်။ အဆောက်အအုံအများစု ပြိုလဲကာ နေရာတိုင်းတွင် မီးလောင်ကျွမ်းထားသည့်အရိပ်အယောင်များလည်း ရှိနေသည်။
သူတို့အနေဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်လိုပါက ကုန်ကျစရိတ်သည်လည်း ကြီးမားနေလိမ့်မည် မဟုတ်ပါလား။
ပို၍ အခြေအနေဆိုးနေသည်မှာ ကျင်းကန်းဂိုဏ်းသားများ ဖြစ်သည်။ သူတို့ခန္ဓာကိုယ်ထဲတွင် ဓာတ်နှောများ သိပ်သည်းထူထပ်စွာ ရှိနေသည်။ လူအများစုမှာ အစိမ်းပုပ်ရောင်ပြောင်းလဲနေပြီး ထိုဓာတ်နှောများ လျော့ကျသွားစေရန် အဖြူရောင်ဆေးလုံးအမြောက်အမြား သို့မဟုတ် မြေသားကြည်လင်ဆေးများစွာကိုပင် လိုအပ်နေသည်။
ကျင်းကန်းဂိုဏ်းချုပ်နှင့် ဂိုဏ်းစောင့်များအားလုံး မောပန်းနွမ်းနယ်နေကြပြီး ဒေါသထွက်နေကြသည်။ အဝေးတစ်နေရာမှနေ၍ သက်တန့်တစ်စင်း ပေါ်ထွက်လာ၏။
ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ပြန်ရောက်လာလေပြီ။
သူသည်လည်း ရုပ်ပျက်ဆင်းပျက်ဖြစ်နေ၏။ သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရှိနေပြီး ဆံပင်များလည်း ရှုပ်ပွနေသည်။ တားမြစ်နယ်မြေထဲမှ လွတ်မြောက်လာပြီးနောက် ထိုကလေးကို သတ်ဖြတ်ရန်အတွက် မည်သည့်အရာဖြစ်စေ ပေးဆပ်ရန် သူ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။
သူသည် တောင်ခါးပန်းကို လှမ်းကြည့်ကာ ခဏမျှ ဆွံ့အသွားရပြီး ချက်ချင်းအရှိန်တင်ကာ ပျံသန်းသွားသည်။ ထို့နောက် သူ့ခြေထောက်အောက်ရှိ အပျက်အစီးများကို စဉ်းစားရကြပ်နေသောအကြည့်ဖြင့် ငုံ့ကြည့်လိုက်သည်။
“ ဘိုးဘိုး ”
ကျင်းကန်းဂိုဏ်းသားများက ဘိုးဘိုးကို မြင်သောအခါ ချက်ချင်း အော်ပြောလိုက်သည်။
“ ဘိုးဘိုး၊ အဲဒီကလေးက ဘိုးဘိုးမရှိတာကို အခွင့်ကောင်းယူပြီး တစ်ဂိုဏ်းလုံး ဖရိုဖရဲ ဖြစ်သွားအောင် လုပ်သွားတာပါ။ ကျနော်တို့ဂိုဏ်းသားတွေ ဒုက္ခအများကြီး တွေ့ခဲ့ရပါတယ် ”
“ ဘိုးဘိုး၊ ကျနော်တို့ ရတနာခန်းမဆောင်ကိုလည်း အဲဒီခွေးကောင်လေးက အပြတ်ရှင်းသွားပါတယ်။ မယူနိုင်တဲ့ပစ္စည်းတွေကိုတော့ ဓာတ်နှောတွေ စွန်းထင်းသွားအောင် လုပ်သွားပါတယ် ”
“ ဘိုးဘိုး၊ အဲဒီကလေးက လူမဆန်အောင် ရက်စက်တယ်။ ကျနော်တို့ဂိုဏ်းသားအများကြီးလည်း အဆိပ်တွေမိပြီး အဆိပ်ပြယ်ဖို့ ခက်နေပါတယ် ”
ဂိုဏ်းချုပ်၊ ဂိုဏ်းစောင့်များနှင့် တခြားလူများသည်သာ ငြိမ်သက်နေသည်။
ဂိုဏ်းသားများ၏ အော်ဟစ်ပြောကြားသံများကို ကြားပြီးနောက် ဂိုဏ်းစောင့်ဘိုးဘိုးသည် ပျက်စီးနေသော တောင်ခါးပန်း၊ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ဂိုဏ်းသားများနှင့် လက်တစ်ဖက် ပြတ်သွားသော ဂိုဏ်းချုပ်၊ ဒဏ်ရာရထားသော ဂိုဏ်းစောင့်များကို ကြည့်ကာ သူ၏ခန္ဓာကိုယ် တုန်ရီလာသည်။
သူ၏မျက်နှာက အစိမ်းရောင်မှ အဖြူရောင်သမ်းသွားပြီးနောက် အဖြူရောင်မှသည် အနီရောင်သမ်းသွားကာ နောက်ဆုံးတွင် အဆုံးစွန်အထိ စိမ်းဖန့်နေတော့သည်။ သူ၏ခန္ဓာကိုယ် ယိမ်းယိုင်သွားရပြီး သူ မထိန်းနိုင်တော့ဘဲ သူ၏ပါးစပ်မှ သွေးတစ်ပွက်အန်ထုတ်လိုက်ရသည်။
သူ၏အသက်ရှူသံများ မြန်ဆန်နေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏မျက်လုံးများ နီမြန်းနေပြီး တစ်ယောက်ယောက်ကို စားပစ်ချင်နေသည့်အလားပင်။ ထို့နောက် သူက ကောင်းကင်ကြီးကို မော့ကြည့်၍ အော်ဟစ်လိုက်သည်။
“ ငါ မင်းကို သတ်မယ် ”
ထိုအော်ဟစ်သံက အရပ်မျက်နှာအနှံ့ လွင့်ပျံသွားပါသော်လည်း လုကျောက်မြို့၏ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ထံ မရောက်နိုင်ချေ။
လုကျောက်မြို့ရှိ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ဘေးတွင် ရွှီချင်း ရပ်နေသည်။
သူ၏ရှေ့၌ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ကြီး ရှိနေသည်။
၎င်းကို မှော်ယဇ်ပလ္လင်ကြီး၏ထိပ်တွင် ပဉ္စဂံပုံစံ တည်ဆောက်ထားသည်။ ၎င်းအပေါ်တွင် ကမ္ပည်းစာများ မရေမတွက်နိုင်အောင် ရေးထွင်းထားသည်။ ၎င်း ဝင်းလက်တောက်ပလာသည့်အချိန်တိုင်း ခံ့ညားထည်ဝါသောအရောင်အဝါများ ရောင်ပြန်ဟပ်သွားသည်။
ဘေးပတ်ဝန်းကျင်၌ စီတန်းနေသော လူအုပ်ကြီးကို အေးတိအေးစက်ကြည့်နေသည့် ကျင့်ကြံခြင်းအဆင့်မြင့်မားသော အစောင့်အရှောက်အနည်းအကျဉ်းလည်း ရှိသည်။ သူတို့၏အကြည့်သည် ရေခဲတမျှ အေးစက်တင်းမာနေပြီး စည်းမျဉ်းချိုးဖောက်လိုသည့် ဆန္ဒအနည်းငယ်ပင် ရှိနေပါက ချက်ချင်းပင် သတ်ပစ်မည့်ဟန် ရှိပေသည်။
မကြာခင် ရှေ့ဆုံးမှလူပျောက်ကွယ်သွားသောအခါ ရွှီချင်း၏အလှည့် ရောက်လာသည်။ ထို့နောက် သူက တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်တည်ရှိရာ ယဇ်ပလ္လင်ထံ လျှောက်သွားသည်။
သူ ပလ္လင်ပေါ် ခြေချလိုက်ပြီး ရှုပ်ထွေးသော တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ထဲ ဝင်ရောက်လိုက်သောအခါ သူ နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားခဲ့သော လောကကြီးကို ပြန်လှည့်ကြည့်လိုက်သည်။
နေဝင်ဆည်းဆာအချိန်ရောက်၍ လောကတစ်ခွင် ပုစွန်ဆီရောင်လဲ့နေသည်။ ခုနစ်လပိုင်းလေနုအေးလေးတစ်ချက်က ရွှီချင်း၏မျက်လုံးများရှေ့ရှိ ဆံပင်ရှည်များကို ပွတ်သပ်တိုက်ခတ်သွားလေရာ လောကကြီးကို သူ ပို၍ ရှင်းလင်းစွာ မြင်လိုက်ရသည်။
သူသည် မြို့ပျက်ကြီးတည်ရှိရာအရပ်ကို ကြည့်လိုက်ပြီးနောက် ရတနာမုဆိုးစခန်းရှိရာအရပ်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် ကျင်းကန်းဂိုဏ်းတည်နေရာကို သူ အေးတိအေးစက်ကြည့်လိုက်၏။
“ ကျုပ်တို့ နောက်တစ်ခေါက် ပြန်တွေ့ဦးမှာပါ ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ သူ၏အကြည့်က အေးစက်သည်ထက်အေးစက်လာပြီး သူ၏ခြေထောက်အောက်ရှိ တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်သည်လည်း ဝင်းလက်သည်ထက် ဝင်းလက်လာသည်။ ထို့နောက် ၎င်းက အလင်းတန်းတစ်ခုအသွင်ပြောင်းကာ ရွှီချင်းအပါအဝင် အရာအားလုံးကို ဆွဲခေါ်လိုက်သည်။
ထို့နောက် တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်မှ အလင်းတန်းများ ကွယ်ပျောက်သွားသည်နှင့် အတွင်းထဲရှိ ရွှီချင်းသည်လည်း ပျောက်သွားလေသည်။