← Chapters

ကောင်းကင်တာအိုသတိပေးခြင်း

Vol. 54 Ch. 797

ကောင်းကင်တာအိုသတိပေးခြင်း

Vol. 54 Ch. 797

ဤအစည်းအဝေးသည် ကောင်းကင်တာအို အုပ်ချုပ်မှုကော်မတီ၏ သမိုင်းတစ်လျောက်တွင် အရေးပါဆုံး အစည်းအဝေး ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှေးခေတ်ကတည်းကပင် ကောင်းကင်တာအို ဝှိုက်လစ်စာရင်းထဲမှ ပုဂ္ဂိုလ်များကို တိုက်ခိုက်ဝံ့သူ မရှိခဲ့ပေ။

ကောင်းကင်တာအို ဝှိုက်လစ်စာရင်းမှ ကာကွယ်ထားသော လူအရေအတွက်မှာ အလွန်ပင် အကန့်အသတ်ရှိပြီး လက်ချောင်းဖြင့်ပင် ရေတွက်၍ရသည်။

ဝမ်လင်းသည် ၎င်းတို့အနက်မှ တစ်ဦး ဖြစ်သည်။

သို့တိုင် ဝှိုက်လစ်စာရင်းတွင် သူ၏ ရပ်တည်ချက်အဆင့်မှာ အလွန်ထူးခြားသည်။

ဝမ်လင်းသည် ကောင်းကင်တာအို ဝှိုက်လစ်စာရင်းတွင် VIP ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ခွန်အားကောင်းကင်တာအိုက ထိုအချက်ကို စောစောကတည်းက ပြောခဲ့ပြီးသား ဖြစ်၏။

ဝမ်လင်းက VIP တစ်ဦး ဖြစ်သောကြောင့် သဘာဝအားဖြင့် VIP အခွင့်အရေးများ ရရှိခဲ့သည်။

“အားလုံး သဘောတူတဲ့အတွက်ကြောင့် စည်းကမ်းအရ အရေးယူဖို့ ဆုံးဖြတ်တယ်"

"ဒါဆို ပြစ်ဒဏ်ကို ဘယ်လောက်ကြာကြာ ချမှတ်သင့်သလဲ”

ခွန်အားကောင်းကင်တာအိုက မေးလိုက်သည်။

"ဝမ်ကျန်းသည် တာအိုဘိုးဘေးဝမ်ရဲ့ မျိုးဆက် ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဉ်းစားရမယ်.. ပြစ်ဒဏ်က မျှတမှုရှိမှ ဖြစ်မယ်.. သူ့ရဲ့ကောင်းကင်တာအို စွမ်းအားကို သိမ်းယူလိုက်မယ် ဆိုရင် အချိန်တိုအတွင်းမှာ သူ့ရဲ့ ခွန်အားက လျော့ကျသွားလိမ့်မယ်.. ဒါပေမယ့် အဲဒီအချိန်အတွင်း သူ တစ်ခုခု ဒုက္ခရောက်ခဲ့ရင် ဘယ်လိုလုပ်ကြမလဲ"

ခွန်အားကောင်းကင်တာအို၏ စကားကြောင့် အခြားကောင်းကင်တာအိုများက လေးလေးနက်နက် တွေးတောခဲ့ကြသည်။

စိတ်ဝိညာဥ် ကောင်းကင်တာအို "ရှစ်ဆယ့်တစ်ရက် ဆိုရင်ရော ဘယ်လိုလဲ"

အာကာသ ကောင်းကင်တာအိုက ခေါင်းခါယမ်းလိုက်သည်။

"နည်းနည်းများတယ်လို့ မထင်ဘူးလား"

စိတ်ဝိညာဉ် ကောင်းကင်တာအို "ဝှိုက်လစ်စာရင်းဝင် VIP တစ်ဦးကို တိုက်ခိုက်တာက သေဒဏ်ဖြစ်တယ်.. ဒါက အကြီးမားဆုံးသော သက်ညှာမှု ဖြစ်နေပြီ"

အာကာသကောင်းကင်တာအို "ဒါပေမယ့် ငါတို့က အရမ်းကြီးလေးတဲ့ အပြစ်ပေးရင် တာအိုဘိုးဘေးဝမ်ကို မလေးစားရာရောက်သွားလိမ့်မယ်.. ဝမ်ကျန်း တစ်ခုခု ဖြစ်သွားရင် နှစ်စဉ်နှစ်တိုင်း ဂါရဝပြုပွဲတော်မှာ သူ့ရဲ့ ထင်ရှားကျော်ကြားတဲ့ တာအိုဘိုးဘေးတွေကို ဘယ်လိုမျက်နှာပြရမလဲ"

"မင်္ဂလာပါ ဘိုးဘေး.. ကျနော်တို့က ဝမ်ကျန်းဆီက ကောင်းကင်တာအိုကို သိမ်းယူဖို့ အတူတကွ လုပ်ဆောင်ခဲ့ကြပါတယ်... ဘိုးဘေးရဲ့ မျိုးဆက်က မတော်တဆ အသတ်ခံလိုက်ရတယ်.. ဘိုးဘေး ကျနော်တို့ကို ခွင့်လွှတ်မှာလား.. အဲဒီလို ရှင်းပြရမှာလား"

“အင်း အဲလိုကျတော့လဲ အဆင်မပြေပြန်ဘူး”

"ဒါဆို လေးဆယ့်ကိုးရက်လောက်ဆို ဘယ်လိုလဲ"

“မဟုတ်သေးဘူး… လေးဆယ့်ကိုးရက်က နည်းနည်းကြာတယ်”

အဆုံးသတ်တွင် အချိန်ကောင်းကင်တာအိုက သက်ပြင်းချလိုက်သည်။

“ဒါဆို ခုနှစ်ရက်ပဲ ထားလိုက်ကြစို့.. ကောင်းကင်တာအို စွမ်းအား အလုံးစုံကို ခုနစ်ရက်ကြာ သိမ်းယူထားမယ်.. ဒီအချိန်မှာ သူ့ကိုယ်သူ ကောင်းကောင်း ဆင်ခြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.. ဒါ့အပြင် အခြေအနေကို ရှင်းပြဖို့ တစ်စုံတစ်ဦးကို ဝမ်ကျန်းဆီ စေလွှတ်ရမယ်.. အရှင်လင်းကို ထပ်ပြီး တိုက်ခိုက်မိရင်တော့ ခုနစ်ရက်လောက်နဲ့ ပြီးမှာ မဟုတ်တော့ဘူး”

ကောင်းကင်တာအို အားလုံး ခေါင်းညိတ်သည်။

"ကောင်းပြီ ငါတို့သဘောတူတယ်"

….............

တစ်ဖက်တွင်လည်း ဝမ်ကျန်း၏ စိတ်ဝိညာဉ်နယ်ပယ်တွင် သောင်းနှင့်ချီသော ကိုယ်ပွားများသည် "ခွဲထွက်ခြင်းမှော်ပညာ" မှတစ်ဆင့် စိတ်ဝိညာဉ်နေရာလွတ် တစ်ခုလုံးကို ထူထပ်စွာဝန်းရံထားလိုက်သည်။

ဝမ်လင်းက ဝမ်ကျန်းကိုယ်ပွားများ၏ ပိတ်ဆို့ ဝိုင်းရံထားခြင်းကို ခံခဲ့ရ၏။

ဤကိုယ်ပွားများ အားလုံးသည် ရုပ်ခန္ဓာများဖြစ်၍ လက်သီးချက်တိုင်းသည် အသားကို အမှန်တကယ် ထိသွားမည် ဖြစ်သည်။

ကိုယ်ပွားများ၏ တိုက်ခိုက်မှုကို ရှောင်ဖို့ဆိုသည်မှာ မလွယ်ကူပေ။

ဝမ်လင်းက ဤအခြေအနေတွင် မည်ကဲ့သို့ တုံ့ပြန်ရမည်ကို စဉ်းစားရင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် စက္ကန့်ပိုင်းအတွင်းမှာပင် ရွှေရောင်အလင်းတန်း တစ်ခုသည် စိတ်ဝိညာဉ်နယ်ပယ်ထဲကို မထင်မှတ်ပဲ ထိုးဖောက်ဝင်ရောက်လာပြီး ဝမ်ကျန်းကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။

ဝမ်ကျန်းက နာကျင်စွာအော်ဟစ်၍ စာ​ခြောက်​ရုပ်​ပမာ လွင့်ထွက်သွားခဲ့သည်။

ဤရွှေရောင်အလင်းတန်းက အလွန်ထူးဆန်းသည်။

၎င်းက နေရာလွတ် တံတိုင်းကို ချိုးဖျက်သွားပုံ မပေါ်သော်လည်း ဝမ်ကျန်း၏ စိတ်ဝိညာဉ်နေရာလွတ်ကို တိုက်ရိုက် ဖြတ်ကျော်နိုင်ခဲ့သည်။

ထို့အပြင် ရွှေရောင်အလင်းတန်းသည် ကောင်းကင်တာအို အငွေ့အသက်ကို အပြည့်အဝ လွှမ်းခြုံထားသည်။

ရွှေရောင်အလင်းတန်းသည် စက္ကန့်ပိုင်းမျှသာ ပေါ်လာသော်လည်း ဝမ်လင်းက သူထင်တာမမှားဟု အခိုင်အမာ ယုံကြည်ခဲ့သည်။

ဤသည်မှာ ကောင်းကင်တာအို၏ စွမ်းအား ဖြစ်သည်။

ရွှေရောင်အလင်းတန်း ပေါ်လာပြီး ဝမ်ကျန်းကို ထိမှန်သွားသောအခါ တစ်ခုခုမှားနေပြီမှန်း သူ ချက်ချင်းသိလိုက်သည်။

နောက်ထပ် အခိုက်အတန့်တွင် ဝမ်ကျန်းသည် စိတ်ဝိညာဥ် နေရာလွတ်ထဲမှ ထွက်လာခဲ့သည်။

ဝမ်ကျန်းက သန်းခေါင်ယံ ထမင်းစားခန်းမ အပြင်ဘက်တွင် အံ့သြမှုအပြည့်ဖြင့် မှင်တက်နေသည်။

မှန်တံခါးမှတဆင့် သူက အတွင်းဘက်မှ ဝမ်လင်း၏ အော်ရာကို ခံစားလိုက်ရ၏။

သူ့လက်များသည် အမှန်တကယ်ပင် တုန်ယင်လာခဲ့သည်။

ဝမ်ကျန်းက ယခုမှ ထူးဆန်းစွာ ခံစားနေရသည်။

သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများက နုန်းတွေလို တဖြည်းဖြည်း စီးဆင်းသွားသလို ခံစားလိုက်ရ၏။

ဝမ်ကျန်း ထိတ်လန့်သွားသည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ”

နောက်ထပ် အခိုက်အတန့်တွင် သူ အမှန်တကယ် ခံစားခဲ့ရ၏။

ယင်းမှာ သူ၏ ကောင်းကင်တာအို စွမ်းအား ပျောက်ကွယ်သွားခြင်းပင်။

ထို့အပြင် ဤသည်က အင်မတန် စေ့စပ်သေချာသည့် ပျောက်ဆုံးမှု ဖြစ်ပြီး အစအနပင် မကျန်ခဲ့ပေ။

[ဘာကြောင့်ဒီလိုဖြစ်ရတာလဲ]

ဝမ်ကျန်းက ဖြစ်ပျက်နေသည်ကို မယုံကြည်နိုင်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။

သူက ကောင်းကင်တာအိုကို အဘယ်ကြောင့် အသုံးမချနိုင်ခဲ့သနည်း။

ဆိုရလျှင် သူသည် ကောင်းကင်တာအို စွမ်းအားကို လက်ဟန်ပင် မလိုအပ်ဘဲ ချက်ချင်း အသုံးချနိုင်သူ ဖြစ်သည်။

[ဒါက စက်ဆုပ်စရာကောင်းတဲ့ သူခိုးကြောင့်လား]

.................

ဝမ်လင်းက ဝမ်ကျန်းကို မေးခွန်းများစွာမေးရန် အခွင့်အရေးကို ရယူလိုခဲ့သည်။

သို့သော် ကောင်းကင်တာအိုက ဝမ်ကျန်းကို အမှန်တကယ် ရပ်တန့်လိုက်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

ဤသို့ဖြင့် မေးခွန်းများမေးရန် ပြီးပြည့်စုံသော အခွင့်အရေးသည်လည်း ပျက်စီးသွားခဲ့သည်။

ဝမ်လင်းက တံခါးအပြင်ဘက်ကို အနည်းငယ် မှင်တက်စွာ ကြည့်လိုက်သည်။

ထန်ချမ့်က တံခါးအပြင်ဘက်မှ တုန်ယင်နေသော ပုံရိပ်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။

"ဒီသူဌေးက ဘာလို့ မလာဘဲ တံခါးနားမှာပဲ တစ်ချိန်လုံး ရပ်နေတာလဲ"

“ရှူး"

ဗုံးပစ်စီနီယာ အင်မော်တယ်က သူ့ကို တိတ်တိတ်ဆိတ်ဆိတ် နေခိုင်းလိုက်သည်။

"မင်း မ​တွေ့ဘူးလား.. သူဌေးက တာအိုကျင့်ကြံသူ တစ်ယောက်ပဲ.. သူ တံခါးနားမှာ ရပ်နေတာက ညီနောင်လင်းနဲ့ စိတ်ဝိညာဥ် နယ်ပယ်ထဲမှာ ရင်ဆိုင်နေပုံရတယ်"

"ကျင့်ကြံသူတွေကြား မိတ်ဆက်တဲ့အခါ အကြမ်းတမ်းဆုံး အမျိုးအစားက တွေ့ဆုံတာနဲ့ တိုက်ခိုက်တာ ဖြစ်တယ်.. အလယ်အလတ်အဆင့် မိတ်ဆက်တဲ့ စံနှုန်းကတော့ တစ်ဖက်လူကို အရင်လှုပ်ရှားဖို့ တွန်းအားပေးတဲ့ စကားလုံးတိုက်ပွဲ ဆင်နွှဲတာပဲ"

"ထိပ်တန်းအဆင့် မိတ်ဆက်မှုမှာတော့ လက်ရှိအခြေအနေနဲ့ ဆင်တူတယ်.. နှစ်ဖက်စလုံးက လက်တွေ့မှာ တိုက်ခိုက်ပုံမပေါ်ပေမဲ့ စိတ်ထဲမှာတော့ တိုက်ပွဲဆင်နွှဲနေကြပြီ"

ဗုံးပစ်စီနီယာ အင်မော်တယ်၏ ရှင်းပြမှုကြောင့် ထန်ချမ့်က သဘောပေါက်သွားခဲ့သည်။

“အဲဒီလိုကိုး.. လင်းကျန်းရန်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ”

ဝမ်လင်း “...........…”

ဝမ်လင်းက ကောင်းကင်တာအို ဝှိုက်လစ် စာရင်းကို မသိခဲ့ပေ။

ထို့ကြောင့် ကောင်းကင်တာအိုက ဝမ်ကျန်း၏ ကောင်းကင်တာအိုကို သိမ်းယူရန် စီမံထားသည်ဟူသော အချက်ကိုလည်း မသိခဲ့ချေ။

သူမြင်လိုက်ရသည်မှာ ဝမ်ကျန်းက စိတ်ဝိညာဉ်နေရာလွတ်က ထွက်လာပြီးနောက် တံခါးအပြင်ဘက်တွင် မယားအလုခံလိုက်ရသကဲ့သို့ ဆောက်တည်ရာမရ ဖြစ်နေခြင်းပင်။

ဤလူသည် ရှုပ်ထွေးပွေလီသော ပြဿနာတစ်ရပ်နှင့် ရုတ်တရက် ကြုံတွေ့ခဲ့ပုံရသည်ဟု ဝမ်လင်းက ယူဆခဲ့သည်။

သူ သွားကြည့်သင့်ပါသလော။

ဝမ်လင်းက ထရပ်ပြီး ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။

သို့သော် ဝမ်ကျန်းက ဝမ်လင်း၏ လှုပ်ရှားမှုကြောင့် အလွန် ထိတ်လန့်သွားပြီး ဆံပင်အားလုံး ထောင်ထသွားခဲ့သည်။

သူက ရုတ်တရက် ကောင်းကင်တာအို စွမ်းအားကို အဘယ်ကြောင့် အသုံးမချနိုင်တော့မှန်း သူ မသိပေ။

သို့ရာတွင် ထိုကိစ္စက ဝမ်လင်းနှင့် တစ်ခုခု သေချာပေါက် ပတ်သက်နေမှန်းတော့ သူသိ၏။

ဒီလူ၏ ခွန်အားက သူထင်ထားသည်ထက်ပင် ပိုမို ကြောက်စရာကောင်းသည်။

သူခိုးက ကောင်းကင်တာအို စွမ်းအားကို အမှန်တကယ် ကန့်သတ်နိုင်စွမ်း မရှိလောက်ပေ။

ထိုသို့ တွေးမိလာသည်နှင့်အမျှ ဝမ်ကျန်း၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု လှုပ်ခတ်သွားသည်။

အဖြစ်မှန်ကို လက်မခံချင်သော်လည်း ဝမ်လင်းနှင့် ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

သူက လူမှားသွားပြီလားဟု တွေးနေမိ၏။

ဤစီနီယာက သူခိုးမဟုတ်ခဲ့လျှင်..

ဝမ်လင်း နှင့် စကားပြောရန်အတွက် ဝမ်ကျန်းက ပါးစပ်ကို ဖွင့်လိုက်စဉ်တွင် တိမ်မည်းများသည် ကောင်းကင်တွင် ရုတ်တရက် စုရုံးလာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

ထိုခဏတွင် ဝမ်ကျန်း၏ အမူအရာက သိသိသာသာပင် ပြောင်းလဲသွားသည်။

“သူနဲ့ဝေးဝေးနေ”

ဝမ်ကျန်းက ကောင်းကင်တာအို၏ အသံကို ကြားလိုက်ရသည်။

နောက်ထပ် အခိုက်အတန့်တွင် ကောင်းကင်တာအို အသံသည် ကောင်းကင်ယံ လျှပ်စီး အဖြစ်သို့ ပြောင်းလဲသွာားပြီး သူ့ခေါင်းကို ထိုးဖောက်သွားခဲ့သည်။

ဒီမြင်ကွင်း…

ဝမ်ကျန်းက ထိုမြင်ကွင်းကို ကောင်းစွာရင်းနှီးသည်။

ထိုအချိန်တွင် ဝမ်ကျန်းသည် ကောင်းကင်တာအိုက သူ့ကို တရားစီရင်ကြောင်း အဆုံးသတ်၌ သေချာသွားခဲ့သည်။

အကြောင်းရင်းကို သူအတိအကျ မသိသော်လည်း သေချာသောအချက်မှာ သူ၏ ကောင်းကင်တာအိုများကို ကောင်းကင်တာအိုက သိမ်းဆည်းလိုက်ခြင်း ဖြစ်၏။

တစ်နည်း ကောင်းကင်တာအိုမှ သူ့ကို ရာဇဝတ်သား တစ်ဦး အဖြစ် သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

အပိုင်း(၇၉၇) ပြီး၏

All Chapters