← Chapters

ရင်းနှီးမြုပ်နှံသူအသစ်

Vol. 54 Ch. 799

ရင်းနှီးမြုပ်နှံသူအသစ်

Vol. 54 Ch. 799

ဝမ်ကျန်း မေ့မြောပြီးနောက် ဝမ်လင်းသည် ဗုံးပစ်စီနီယာအင်မော်တယ် နှင့် ဝမ်ကျန်းကို အင်မော်တယ်ထုန်ရာ၏ ဂန္ဓမာကျွန်းသို့ ချက်ချင်းပို့ဆောင်ရန် တည်နေရာရွှေ့ပြောင်းခြင်း မဟာတာအိုကို အသုံးပြုလိုက်သည်။

အင်မော်တယ်ထုန်ရာသည် ကုသရခက်ခဲသော ရောဂါ များကို သုတေသနပြုခဲ့ရာတွင် အောင်မြင်မှုများစွာ ရရှိခဲ့သည်။

သူက အံ့ဖွယ်ထိရောက်မှုရှိသည့် ဆေးဝါးအသစ်များစွာကို တီထွင်ခဲ့သူလည်း ဖြစ်၏။

သူ၏ ဆေးဝါးကြောင့် နှစ်တစ်ရာကျော် မေ့မြောနေသော လူနာများပင် အံ့သြဘနန်း နိုးထခဲ့ကြသည်။

ယခုအခါ အနယ်နယ်အရပ်ရပ်မှ လူနာရှင်များသည် အမြန်ချောပို့ဖြင့် ဂုဏ်ပြု စာတန်းများ ဂန္ဓမာကျွန်းသို့ နေ့တိုင်းလိုလို ပေးပို့ခဲ့ကြသည်။

ဗုံးပစ်စီနီယာ အင်မော်တယ်၊ ဝမ်လင်းနှင့် ဝမ်ကျန်းတို့သည် အင်မော်တယ်ထုန်ရာ၏ အဂ္ဂိရတ်အခန်းသို့ တိုက်ရိုက် ရောက်ရှိလာခဲ့၏။

ခွန်ဝမ်းဗိုက်ထဲမှ မိန်းကလေးကို ချိုက်လျန်က အဖြူရောင် ဆေးရုံဝတ်စုံကို ၀တ်ဆင်ပေးထားသည်။

ထိုဝတ်စုံက သတိလစ်နေသည့်တိုင် ရေချိုးရန် မလိုအပ်ဘဲ အရေပြားကို အလိုအလျောက် သန့်စင်ပေးနိုင်သည့် အထူးပစ္စည်းဖြင့် ပြုလုပ်ထား၏။

ထို့အပြင် ဝတ်စုံက အလွန်ပါးလွှာသောကြောင့် အပ်စိုက်ရာတွင်လည်း အဝတ်အစား ချွတ်စရာမလိုဘဲ အသုံးပြုနိုင်သေးသည်။

"ညီနောင်ထုန် ကျင်းရှီနဲ့ရင်းရှီတို့ရော ဘယ်မှာလဲ"

ဗုံးပစ်စီနီယာအင်မော်တယ်က မေးခွန်းထုတ်လိုက်သည်။

သူက ကြိုတင်စာပို့ထားသောကြောင့် သူတို့ ရောက်လာသည်ကို အင်မော်တယ်ထုန်ရာက လုံးဝ မအံ့သြခဲ့ပေ။

"ကျင်းရှီနဲ့ယင်းရှီတို့က အပြင်မှာအလုပ်များနေတယ်.. ဒီနေ့ ဂုဏ်ပြုစာတန်းတွေ အရင်ထက် ပိုရောက်နေလို့လေ"

“…..........”

"လူနာ ဘယ်မှာလဲ.. တစ်ချက်ကြည့်လိုက်ရအောင်"

ထိုစကားကိုပြောပြီးနောက် အင်မော်တယ်ထုန်ရာသည် သူ့လက်ကို ဆေးပြီး ဝမ်ကျန်းကို ကြည့်လိုက်သည်။

သူက ဝမ်ကျန်း၏ မျက်ခွံများကို လှန်လှော၍ စစ်ဆေးလိုက်၏။

ဝမ်ကျန်း မျက်လုံးများကို စစ်ဆေးပြီးနောက် အင်မော်တယ်ထုန်ရာသည် သွေးခုန်နှုန်းကို စမ်းသပ်ပြီး ဝမ်ကျန်း၏ အတွင်းပိုင်း အခြေအနေကို စစ်ဆေးခဲ့သည်။

"လူနာအခြေအနေ ဘယ်လိုလဲ"

“ရုတ်တရက် ရှော့ခ်ရလို့ မေ့မြောသွားတာပါ.. ခွန်ဝမ်းဗိုက်ထဲက မိန်းကလေးရဲ့ လက္ခဏာတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး"

"ဒီလူက အတော်လေး သန်မာတယ် သူ့ကို ဘာမှ မကုသရင်တောင် သူ့ကိုယ်သူ ပြန်ကောင်းလာနိုင်တယ်

တကယ်တော့ ဒါမျိုး လက္ခဏာက များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေကြောင့်ပဲ.. နိုးထဖို့ အချိန်ဘယ်လောက်ကြာမလဲ ဆိုတာက ဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာအပေါ်ပဲ လုံးလုံးလျားလျား မူတည်နေတယ်"

“…..........”

“ဟုတ်ပါတယ်.. ငါတို့က ဆေးဝါးကို အသုံးပြုရင်လည်း ရတယ်.. အဲဒါဆိုရင်တော့ သိပ်မကြာခင်မှာပဲ သတိရလာလိမ့်မယ်”

အင်မော်တယ်ထုန်ရာက ပြောလိုက်သည်။

"အဲဒါဆို ကောင်းတာပေါ့"

ဗုံးပစ်စီနီယာအင်မော်တယ်က ခေါင်းညိတ်လိုက်သည်။

"ဒါနဲ့ စီနီယာ အင်မော်တယ်.. ဒီလူကိုဘယ်အရာကများ ဒီလောက်ထိ ကြောက်လန့်စေခဲ့တာလဲ"

“သူက ရင်းနှီးမြုပ်နှံသူပါ.. ဒီနေ့တွေ့ဖို့ ငါတို့တွေ စီစဉ်ခဲ့တယ်.. ဒါပေမဲ့ သူက ရောက်လာတာနဲ့ ညီနောင်လင်းကို အကဲစမ်းလိမ့်မယ်လို့ မထင်ခဲ့မိဘူး.. အဆုံးမှာတော့ ညီနောင်လင်းက သူ့ကို ဒီအတိုင်းအတာအထိ ထိတ်လန့်စေခဲ့တယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က သက်ပြင်းကို အနည်းငယ်ချကာ ပြောလိုက်သည်။

ဝမ်လင်း “…........”

"ဒီလူက လင်းကျန်းရန်ကို ဒီလောက်အထိတောင် ကြောက်ရွံ့သွားတယ်လား"

အင်မော်တယ်ထုန်ရာက လေးနက်စွာ မျက်မှောင်ကြုတ်လိုက်သည်။

"လင်းကျန်းရန်က တော်တော်လေး နှိမ့်ချတဲ့သူတစ်ယောက်ပဲ.. လင်းကျန်းရန်က ဒီလူကို ဒီအတိုင်းအတာအထိ ကြောက်လန့်စေတယ်ဆိုမှတော့ ဒီလူကို သတိထားမှပဲ တော်ကာကျမယ်"

"ဒီလူရဲ့ ရင်းနှီးမြှပ်နှံမှုက အကြောင်းပြချက်တစ်ခုပဲ ဖြစ်နိုင်တယ်"

“သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ညီနောင်၊ အခုကစပြီး ငါအရမ်းဂရုစိုက်ပါ့မယ်”

ဗုံးပစ်စီနီယာအင်မော်တယ် “တကယ်တော့ သန်းခေါင်ယံ ထမင်းစားခန်းမမှာ ငါတို့စောင့်နေတဲ့ အချိန်မှာ ညီနောင်ဖန်းကွမ်းက ယုံကြည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံသူနဲ့ ချိတ်ဆက်ပေးခဲ့တယ်.. ရင်းနှီးမြုပ်နှံသူက ညီနောင်ဖန်းကွမ်းရဲ့ နံပါတ်တစ် ပရိတ်သတ်ဆီက အဆက်အသွယ်လို့ ကြားတယ်.. ညီနောင်ဖန်းကွမ်းက ငါတို့အတွက် အံ့ဖွယ်ပေါင်းကူး တံတားတစ်ခုကို တည်ဆောက်ပေးခဲ့တာပဲ”

ဝမ်လင်း “.........…”

နံပါတ်တစ် ပရိတ်သတ်…

ဤနံပါတ်တစ် ပရိတ်သတ်က ဖေဖေဝမ်ဆိုသည်မှာ သံသယရှိစရာမလိုချေ။

ဖေဖေဝမ်က ဖန်းကွမ်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို မကြာသေးမီက စွဲလမ်းခဲ့သည်။

ဖေဖေဝမ်က ဖန်ကွမ်း၏ နေ့တိုင်းနီးပါး တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုခဲ့ပြီး ပံ့ပိုးကူညီမှုများနှင့် ပတ်သက်လျှင် ပရိသတ်စာရင်း၏ ရှေ့၌ ရှိခဲ့သည်။

သူ၏ ID သည် "သုံးရက်နှင့် နှစ်ည အပ်ဒိတ်ပေးသူ" ဖြစ်သည်။

တစ်နည်းဆိုရသော် ဖေဖေဝမ်သည် ရင်းနှီးမြုပ်နှံသူတစ်ဦးအား အကြံပေးကူညီခဲ့သည်။

"ရင်းနှီးမြှုပ်နှံသူက ဘယ်သူလဲ"

အင်မော်တယ်ထုန်ရာက မေးလိုက်သည်။

“ဘယ်သူလဲဆိုတာတော့ အတိအကျ မသိသေးဘူး.. တွေ့တဲ့အခါမှပဲသိလိမ့်မယ်.. ဒီနေ့ညမှာ ရင်းနှီးမြုပ်နှံမှု အဖွဲ့ရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဖို့ စီစဉ်ထားပြီးပြီ.. ညီနောင်လင်းနဲငါ ခဏနေ သွားတွေ့တော့မယ်”

ဗုံးပစ်စီနီယာအင်မော်တယ်က ပြောကြားခဲ့သည်။

"ဒါဆိုရင် စီနီယာအင်မော်တယ်ကို ကြိုပြီး ဂုဏ်ပြုပါရစေ"

အင်မော်တယ်ထုန်ရာ ပြုံးလိုက်သည်။

"ဒါပေမယ့် မင်းတို့နှစ်ယောက် ဒီက မထွက်သွားခင် ဒီလူကို မှော်အစွမ်းနဲ့ ချုပ်နှောင်ပေးဖို့ ကူညီပေးပါဦး.. ဒီလူက စွမ်းအားအရမ်းကြီးတယ်.. နိုးထလာတာနဲ့ ငါ့ဂန္ဓမာကျွန်းကို မဖျက်ဆီးဘူးလို့ ယတိပြတ်မပြောနိုင်ဘူး.. ဒီလူ နိုးထလာတာနဲ့ စီနီယာအင်မော်တယ် နဲ့ လင်းကျန်းရန် တို့ကို ချက်ချင်း အသိပေးလိုက်မယ်"

“အင်း"

ဝမ်လင်း ခေါင်းညိတ်ပြလိုက်သည်။

ဝမ်ကျန်းကို ချုပ်နှောင်ထားသင့်သည်မှာ အမှန်ပင်။

အင်မော်တယ်ထုန်ရာ အယောက် ၁၀၀၀ပင်လျှင် ဝမ်ကျန်း၏ တိုက်ပွဲဝင်အင်အား ဆယ်ပုံတစ်ပုံ သို့မဟုတ် နှစ်ပုံထက် အလှမ်းဝေးလွန်းသည်ဟု ဝမ်လင်း တွက်ဆမိသည်။

ဤသည်က အလွန် အစွမ်းထက်သည့် ပြိုင်ဘက် ဖြစ်၏။

ထို့ကြောင့် ဝမ်လင်းက သာမန်ဖိနှိပ်သော မှော်အစွမ်းများကိုအသုံးမပြုဘဲ "အကျဥ်းချ မဟာတာအို"တားမြစ်ခြင်း မဟာတာအို" "ဝိညာဉ်တံဆိပ်ခတ်ခြင်း မဟာတာအို"" မဟာ ဖိနှိပ်ခြင်း တာအို ""မဟာ မြေဆွဲအားတာအို" စသည့် ကောင်းကင်တာအို စုစုပေါင်း သုံးဆယ်ကျော်ဖြင့် ချုပ်နှောင်ထားလိုက်သည်။

ဝမ်လင်းက ထိုမဟာတာအိုများကို မဖယ်ရှားပေးသ၍ ဝမ်ကျန်းက လှုပ်ရှား၍ ရမည်မဟုတ်ပေ။

.................

ထိုနေ့ညနေခင်းတွင် ဗုံးပစ်စီနီယာအင်မော်တယ် နှင့် ဝမ်လင်းတို့သည် သန်းခေါင်ယံ ထမင်းစားခန်းမသို့ ပြန်ခဲ့ကြသည်။

၇နာရီတွင် ဖန်းကွမ်းနှင့် ၎င်း၏ နံပါတ်တစ် ပရိတ်သတ်တို့ ယုံကြည်စိတ်ချရသူအဖြစ် အကြံပြုထားသည့် ဒုတိယရင်းနှီးမြှုပ်နှံသူကို တွေ့ဆုံရန် စီစဉ်ထားခဲ့သည်။

လက်ရှိတွင် ငါးမိနစ်မျှပင် မလိုတော့ပေ။

ဤလူက ဖေဖေဝမ် မိတ်ဆက်ပေးသူ ဖြစ်သောကြောင့် တွေ့ဖူးခြင်း ရှိမရှိ မသေချာသည့် အတွက် သူ၏ အသွင်အပြင်ကို ရိုးရှင်းသည့် အသွင်ပြောင်း မှော်စွမ်းရည်ဖြင့် ပြောင်းလဲခဲ့သည်။

ဝမ်လင်းက အမြဲလိုလို သတိထားပြီး လုပ်ဆောင်တတ်သောကြောင့် ဗုံးပစ်စီနီယာအင်မော်တယ်က သဘောပေါက်ပြီး မေးခွန်းများမမေးခဲ့ပေ။

မိနစ်အနည်းငယ် အကြာတွင် ဆိုင်တံခါးဝ၌ လူရိပ်တစ်ရိပ်ပေါ်လာသည်။

တံခါးကို တွန်းဖွင့်၍ ဝင်လာပြီးနောက် ထိုလူသည် ဗုံးပစ်စီနီယာအင်မော်တယ် နှင့် ဝမ်လင်းကို လေးလေးနက်နက် ဦးညွှတ်လိုက်၏။

“မင်္ဂလာပါ.. ငါက ရင်းနှီးမြှုပ်နှံမှုအတွက် စေ့စပ်ညှိနှိုင်းရေး တာဝန်ခံပါ.. မင်းတို့ ငါ့ကို မိုင်ယွီချမ်း ဒါမှမဟုတ် အားမိုင် လို့ ခေါ်နိုင်ပါတယ်"

“ညီနောင် အားမိုင် ထိုင်ပါ”

ဗုံးပစ်စီနီယာအင်မော်တယ်က ကမန်းကတန်း ထ၍ ပြောလိုက်သည်။

ဧည့်သည် ရောက်လာသည်ကိုမြင်သည်နှင့် ထန်ချမ့်က ချက်ချင်း စားစရာအချို့ ချက်ရန် ပြင်လိုက်သည်။

"ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး.. ငါက အထက်အမိန့်ကို လိုက်နာရတဲ့ အစေခံပါပဲ"

အားမိုင်က ပြုံး၍ ပြောလိုက်သည်။

"ဒီရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး စီနီယာအင်မော်တယ် စိတ်ချနိုင်ပါတယ်.. ငါ့အထက်လူကြီးတွေက စီနီယာအင်မော်တယ်ရဲ့ဂိုဏ်းကို အပြည့်အဝ ထောက်ခံအားပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ်"

“ဂိုဏ်းတည်နေရာကိုတောင် ကြည့်ဖို့ မလိုအပ်ဘူးလား”

ဗုံးပစ်စီနီယာအင်မော်တယ် အံ့ဩသွားသည်။

“ဘာမှမလိုအပ်တော့ဘူး.. အထက်လူကြီးတွေက စီနီယာအင်မော်တယ် အတွက် ငွေလွှဲဖို့ တာဝန်ယူမယ်.. မှားလို့.. အရင်းအနှီးအတွက် တာဝန်ယူမယ်”

“…..........”

"မေးလို့ရမလား ညီနောင် အားမိုင်ရဲ့ အထက်လူကြီးက ဘယ်သူများလဲ"

"သူတို့က ဟွာရှို့မဟာမိတ်အဖွဲ့လို့လည်း လူသိများတယ်"

“…........”

“နိုင်ငံခေါင်းဆောင်က ဒီရင်းနှီးမြုပ်နှံမှု အစီအစဉ်ကို ဦးဆောင်မှာဖြစ်ပြီး ဗိုလ်ချုပ်ဆယ်ယောက်က တစ်စိတ်တစ်ပိုင်း ရင်းနှီးမြုပ်နှံမှာဖြစ်တယ်.. စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏက အင်မော်တယ်ရွှေ နှစ်ဘီလီယံပါ”

ဗုံးပစ်စီနီယာအင်မော်တယ်နှင့် ဝမ်လင်း "…......."

အပိုင်း(၇၉၉) ပြီး၏

All Chapters