← Chapters

ပြင်းထန်သောအရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသောဂိုဏ်းအသစ်

Vol. 54 Ch. 802

ပြင်းထန်သောအရှိန်အဟုန်ဖြင့် ထွက်ပေါ်လာသောဂိုဏ်းအသစ်

Vol. 54 Ch. 802

တရားဝင်ဂိုဏ်းဖွင့်လှစ်ခြင်း အခန်းအနား မပြုလုပ်မီမှာပင် ကောင်းကင်အဆင့် တတိယဂိုဏ်းအဖြစ် သတ်မှတ်ခံလိုက်ရသောကြောင့် အလင်းအင်အားစု အများအပြားက မနာလိုဖြစ်သွားကြသည်။

ထိုညတွင် ကောင်းကင်အဆင့်ဂိုဏ်း အများအပြားဆီသို့ ဗုံးပစ်စီနီယာအင်မော်တယ်က ဖိတ်ကြားချက်များ ပေးပို့ခဲ့သည်။

ထိုကဲ့သို့ ဖိတ်ကြားစာပေးပို့ခြင်းသည် စိန်ခေါ်မှုကို လုံးဝမကြောက်ရွံ့သည့် ကနဦးခွန်အားပြမှု တစ်ခုဟု ဂိုဏ်းများကခံစားခဲ့ရသည်။

တည်ထောင်ကာစ ဂိုဏ်းတစ်ခုက ထိုကဲ့သို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ကောင်းကင်အဆင့်ဂိုဏ်း ဖြစ်လာသည်မှာ အလွန်ပင်ရှားပါးသည်။

ကျော်ကြားသော ကောင်းကင်အဆင့် ဂိုဏ်းများသည် ကျင့်ကြံခြင်း သမိုင်းထဲတွင် လူအများ ယုံကြည်လေးစားရသည့် ဂိုဏ်းများ ဖြစ်ကြသည်။

အသစ်ဖွဲ့စည်းထားသည့် ဂိုဏ်းအများစုသည် အသစ်တဖန်စတင်ခြင်း၏ ရင်းနှီးသောခံစားချက်ကို ပေးစွမ်းသောကြောင့် မှီခိုရာဂိုဏ်း၏ ဂုဏ်သတင်းသည် စတင်တည်ထောင်ပြီး ၂နှစ်အကြာမှာပင် မြင့်မားလာခဲ့သည်။

မှီခိုရာဂိုဏ်း၏ ခေါင်းဆောင်သည် နောက်ပိုင်းတွင် ကျောင်းတစ်ကျောင်းကို ထူထောင်ကာ ကျောင်အုပ် ဖြစ်လာခဲ့ပြီး ပညာရေး နယ်ပယ်တွင်ပါ စတင် ပါဝင်လာခဲ့သည်။

မှီခိုရာဘိုးဘေးကြီးက ထက်မြက်သူဖြစ်၍ အပင်မြင့်လေလေတိုက်လေ ဟူသော အယူအဆကို ကောင်းစွာ နားလည်ခဲ့သည်။

ထို့ကြောင့် မှီခိုရာဂိုဏ်း တည်ထောင်ပြီး၂နှစ် အကြာမှာပင် ကောင်ကင်အဆင့် အလင်းအင်အားစု ဂိုဏ်းများအကြား အင်အားချိန်ခွင်လျှာကို ထိန်းထားရန်အတွက် ကောင်းကင်အလင်း မဟာမိတ်အဖွဲ့အစည်းက တိတ်တဆိတ် လှုပ်ရှား၍ မှီခိုရာဂိုဏ်း၏ အရှိန်အဟုန်ကို တမင်တကာ ဖိနှိပ်ခဲ့သည်။

ကောင်ကင်အလင်း မဟာမိတ်အဖွဲ့၏ အမည်အပြည့်အစုံမှာ ကောင်းကင်အဆင့်ဂိုဏ်း အလင်းအင်အားစု မဟာမိတ်လူမှုရေး ကော်မတီ ဖြစ်သည်။

ထိုအဖွဲ့က ပဉ္စမတန်းစား အထက်ရှိ ကောင်းကင်အဆင့်ဂိုဏ်းများမှ တည်ထောင်ထားသည့် မဟာမိတ် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

ထိုအဖွဲ့အစည်းသည် ဘဏ္ဍာရေးစီမံခန့်ခွဲသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

ကောင်းကင်အလင်း မဟာမိတ်အဖွဲ့အစည်းသည် အစောပိုင်းကာလတွင် ပဉ္စမတန်းစား အထက်ရှိ ဂိုဏ်းဂဏအချို့၏ ရန်ပုံငွေပြဿနာကို ဖြေရှင်းရန်အတွက် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ပဉ္စမအဆင့်သည် ကောင်းကင်အဆင့်ဂိုဏ်းများအတွက် အရေးပါသော အဆင့်တစ်ခုဖြစ်သည်။

ပဉ္စမတန်းစား အဆင့်အဖြစ် သတ်မှတ်မှုရရှိရန်မှာ နှစ်ပေါင်းတစ်ရာ သို့မဟုတ် တစ်ထောင် ရှိသည့် ခိုင်မာသော အခြေခံအုတ်မြစ် ရှိရန် လိုအပ်၏။

သို့သော်လည်း ပဉ္စမတန်းစား အဆင့်ကနေ အထက်သို့ တက်လှမ်းလာသော ဂိုဏ်းအများအပြားသည် ရေတိုအတွင်း ရန်ပုံငွေ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ကောင်းကင်အလင်း မဟာမိတ် အဖွဲ့အစည်းကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ထူထောင်လိုက်ခြင်းဖြင့် ဂိုဏ်းအချင်းချင်းအကြား နွေးထွေးမှုရရှိပြီး စုစည်းသွားခဲ့သည်။

ထို့ပြင် သက်ဆိုင်ရာဂိုဏ်းများ၏ အဆင့်များကလည်း အောက်သို့ အလွယ်တကူ ကျဆင်းသွားခြင်း မရှိတော့ပေ။

ဤအယူအဆက ဂိမ်းကစားသမားများနှင့် ဆင်တူသည်။

အချို့သော ကစားသမားများသည် အဆင့်သတ်မှတ်သည့် ပွဲများတွင် တစ်‌ယောက်၏ အဆင့်ကို တစ်ယောက် ထိန်းသိမ်းရာတွင် ကူညီပေးရန် အတွက် တမင်တကာပင် မဟာမိတ်များဖွဲ့ထားကြသည်။

တကယ်တမ်းတွင် ဤသည်က အချိန်အတော်ကြာ ဖြစ်ပျက်နေခဲ့သည့် ချစားမှုတစ်ခုလည်း ဖြစ်သည်။

လက်ရှိတွင် ကောင်းကင်အလင်း မဟာမိတ် အဖွဲ့အစည်းရှိ ပဉ္စမတန်းစားအထက် ဂိုဏ်းခွဲအရေအတွက်မှာ ၁၇ခုရှိပြီး စုစုပေါင်း၏ ၈၀%ရှိသည်။

မဟာမိတ်အဖွဲ့တွင် မပါဝင်သော ဂိုဏ်း၄ခုအနက် တစ်ခုမှာ ဟွာကောရေတံခွန် လုပ်ငန်းစုမှ ကျောထောက်နောက်ခံ ပြုထားသော ကောင်းကင်အဆင့် ပထမတန်းစားဂိုဏ်း ဖြစ်သည့် အင်မော်တယ်လက်ဝါးဂိုဏ်း ဖြစ်သည်။

ထိုဂိုဏ်းက ဟွာကောရေတံခွန် လုပ်ငန်းစုနှင့် ချိတ်ဆက်ထားသော ဂိုဏ်းအင်အားစုတစ်ခု ဖြစ်၍ ၎င်း၏ အဓိကလုပ်ငန်းမှာ အဂ္ဂိရတ် နှင့် ပတ်သက်သည့် အမျိုးအစားအားလုံးကို လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။

ကျန်ဂိုဏ်း၃ဂိုဏ်း ထဲမှ တစ်ဂိုဏ်းမှာ တရားဝင် မြင်းပြိုင်ခြင်းလုပ်ငန်းကို လုပ်ကိုင်သည့် ရှောင်မျိုးနွယ်စုမှ တည်ထောင်ထားသော တတိယတန်းစား အဆင့် တိုက်ပွဲဝင်မြင်းဂိုဏ်းဖြစ်သည်။

နောက်တစ်ဂိုဏ်းမှာ အသင်္ချေသားရဲကျောင်းဟု ခေါ်သော ဒုတိယတန်းစား ဂိုဏ်းတစ်ခု ဖြစ်ပြီး စိတ်ဝိညာဉ်သားရဲများကိုမွေးမြူသည့် လုပ်ငန်းအား အဓိကလုပ်ငန်းအဖြစ် လုပ်ကိုင်သည်။

ထိုဂိုဏ်း၏ ခေါင်းဆောင်မှာ အိမ်မွေးတိရိစ္ဆာန် လေ့ကျင့်ပေးသူများအဖွဲ့၏ ဒုတိယဥက္ကဌဖြစ်သည့် ငိုကြွေးခြင်း အင်မော်တယ်ဖြစ်ပြီး ဗုံးပစ်စီနီယာ အင်မော်တယ်၏ အသိမိတ်ဆွေလည်း ဖြစ်သည်။

တကယ်တမ်းတွင် ဗုံးပစ်စီနီယာအင်မော်တယ်သည် ဝေ့ကျစ်နှင့် မတွေ့ဆုံမီကပင် ငိုကြွေးခြင်းအင်မော်တယ်နှင့် ရင်းနှီးခဲ့သည်။

နောက်ဆုံးဂိုဏ်းမှာ ကောင်းကင်အဆင့် တတိယတန်းစားဂိုဏ်း ဖြစ်သည့် ဗုံးပစ်စီနီယာအင်မော်တယ်၏ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးဖြစ်သည်။

ပဉ္စမတန်းစားအထက်ရှိ ကောင်းကင်အဆင့်အလင်းအင်အားစုဂိုဏ်းသည် နှစ်ပေါင်းများစွာကြာသည်အထိ နှစ်ဆယ်သာ ရှိခဲ့သည်။

ယခုတော့ ကောင်းကင်အဆင့် တတိယတန်းစား ဂိုဏ်းတစ်ဂိုဏ်းက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး ထွက်ပေါ်လာသည်နှင့် ချိန်းခြောက်မှုကို ပထမဆုံး ခံစားရသည်မှာ ကောင်းကင်အလင်း မဟာမိတ်အဖွဲ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော အလင်းအင်အားစုများ ဖြစ်သည်။

ထိုဂိုဏ်းများက မဟာမိတ်အဖွဲ့တွင် ပါဝင်ခွင့်မရသော ဂိုဏ်းများကို မထီမဲ့မြင် ပြုကြသည်။

လက်ရှိပြဿနာမှာ ဗုံးပစ်စီနီယာ အင်မော်တယ်၏ ဂိုဏ်းအသစ် ထွက်ပေါ်လာပြီးနောက်တွင် ၎င်းတို့၏ ကိုယ်ပိုင်ဂိုဏ်းများ အနေဖြင့် အဆင့်ကျဆင်းသွားခြင်း ရှိမရှိကို မည်သူမှမသိကြသေးခြင်း ဖြစ်သည်။

ထို့ကြောင့် ညနေပိုင်းတွင် ကောင်းကင်အလင်း မဟာမိတ်အဖွဲ့မှ ဂိုဏ်း၁၇ဂိုဏ်းသည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးနှင့်ပတ်သက်၍ အစည်းအဝေး ပြုလုပ်ခဲ့ကြသည်။

၎င်းတို့က ဂိုဏ်းအသစ်၏ နောက်ကွယ်တွင် မည်သူ ရှိနေသည်ကို လောလောဆယ်တွင် မရှာဖွေနိုင်သေးသော်လည်း အမာခံဂိုဏ်းဝင်များကိုမူ သေချာစွာ လေ့လာခဲ့သည်။

ကောင်းကင်အလင်း မဟာမိတ်အဖွဲ့၏ အစည်းအဝေးခန်းမထဲတွင် အရေးပါသောသူများ ထိုင်နေကြသည်၊။

ဥက္ကဌအတွက် သတ်မှတ်ထားသော ထိုင်ခုံတွင် ထိုင်နေသော လုယိုမင်၏ မျက်လုံးများတွင် စူးရှသောအကြည့်များ ရှိနေသည်။

“လူတိုင်းကို ငါပြောချင်တာက ဒါက ငါတို့ရဲ့တကယ့်အကျပ်အတည်းကာလ ဖြစ်ပြီး ကြီးမားတဲ့စိန်ခေါ်မှုလည်း ဖြစ်တယ်.. ဒီဂိုဏ်းသစ်ကို မင်းတို့ ဘယ်လိုမြင်ကြလဲ”

“ဒီဂိုဏ်းသစ်က လုံးဝမရိုးရှင်းဘူး.. ကနဦးအနေနဲ့ သူတို့ကိုသိမ်းသွင်းထားတာက ပိုကောင်းမယ်လို့ အကြံပြုချင်ပါတယ်.. ဒီမှာက သေမင်းတမန်စီနီယာက လုံးဝ လျှော့တွက်ထားလို့မရဘူး.. မိစ္ဆာဓားနတ်ဘုရားနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့တာတောင် သီသီလေး လွတ်မြောက်ခဲ့တယ်လို့ ငါကြားမိတယ်.. သူ့ရဲ့ နောက်ကွယ်မှာ လမ်းညွှန်ပေးနေတဲ့ အဆင့်လွန် ကျင့်ကြံသူတစ်ယောက် ရှိကိုရှိရမယ်.. ဒါ့အပြင် သူတို့ဂိုဏ်းရဲ့ အမာခံဂိုဏ်းဝင်တွေကလည်း လျှော့တွက်လို့မရဘူး.. ရည်းစားဟောင်း သတ်ဖြတ်သူလို့ လူသိများတဲ့ ချိုက်လျန်၊ မျက်မှောက်ခေတ်မှာ ကျော်ကြားတဲ့ ဆေးပညာရှင် အင်မော်တယ်ထုန်ရာ၊ မိုးကြိုးမျိုးနွယ်စုက ဆင်းသက်လာတဲ့ လျှပ်စီးဓမ္မရာဂျာ၊ လွန်ခဲ့တဲ့လပိုင်းက တစ်ဟုန်ထိုး ကျော်ကြားခဲ့တဲ့ ဒါရိုက်တာကျိုး.. သူက အဲဒီဂိုဏ်းရဲ့ ကြီးကြပ်ရေးနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင်လည်းဖြစ်တယ်”

“မင်းပြောတာမှန်တယ်.. ဒီလူစာရင်းက သာမန်မဟုတ်ဘူး”

လူအများအပြားက သက်ပြင်းချလိုက်ကြသည်။

“ဒီထဲမှာ ငါအစိုးရိမ်ဆုံးက ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ပဲ.. ငါတို့ ၁၇ဂိုဏ်းရဲ့ပေါင်းစပ်စွမ်းအားနဲ့တောင် သူ့ရဲ့ သဲလွန်စကို ငါတို့ရှာမတွေ့ခဲ့ဘူး.. ငါပဲ ဗဟုသုတ နည်းတာလားမသိပေမဲ့ ဒီတာအိုနာမည်ကို ငါတစ်ခါမှ မကြားဖူးခဲ့ဘူး.. မဟာသေမင်းတမန် စီနီယာက စေ့စေ့စပ်စပ်ရှိတဲ့ လူတစ်ယောက်ပဲ.. နောက်ကြောင်းရာဇဝင် ဘာမှန်းမသိတဲ့ လူတစ်ယောက်ကို ဂိုဏ်းမန်နေဂျာ အဖြစ် ခန့်မှာမဟုတ်ဘူး”

“အဲဒီခေါက်ဆွဲခြောက်တာအိုဧကရာဇ်က ဂိုဏ်းမန်နေဂျာလား”

တစ်စုံတစ်ယောက်က မေးလိုက်သည်။

ဂိုဏ်းမန်နေဂျာ အလုပ်သည် မကြာသေးမီနှစ်များအတွင်း ရေပန်းစားလာခဲ့သော အလုပ်ဖြစ်သည်။

ဂိုဏ်းမန်နေဂျာများက အဓိကအားဖြင့် ဂိုဏ်းတစ်ဂိုဏ်း၏ စီးပွားရေးအခြေအနေ အလုံးစုံ တိုးတက်ကောင်းမွန်လာစေရန်အတွက် အဓိကတာဝန်ယူရသည်။

သို့သော် ဂိုဏ်းတိုင်းတွင် ဂိုဏ်းမန်နေဂျာများ မရှိကြပေ။

"ငါက ဂိုဏ်းမန်နေဂျာ အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး တော်တော်များများ သိပါတယ်.. ဒါပေမဲ့ ဒီနာမည်နဲ့လူကိုတော့ တစ်ခါမှ မကြားဖူးဘူး"

လုယိုမင်က ခေါင်းခါယမ်းလိုက်သည်။

"ထားလိုက်ပါ.. ဒီလူအတွက်နဲ့ အချိန်မဖြုန်းနဲ့တော့.. ဖိတ်စာကိစ္စကိုပဲ အရင် ဆွေးနွေးကြတာပေါ့.. သေမင်းတမန် စီနီယာဆီကနေ ဖိတ်ကြားချက်ကို မင်းတို့အားလုံး ရရှိခဲ့တယ် မဟုတ်လား.. ငါတို့ ဂိုဏ်းဖွင့်ပွဲ အခမ်းအနားကို သွားကြမလား"

အပိုင်း(၈၀၂) ပြီး၏

All Chapters