ဝမ်ကျန်း၏ ဝမ်းနည်းဖွယ်ကလေးဘဝ
Vol. 54 Ch. 803
"ကောင်းကင်အလင်း မဟာမိတ်အဖွဲ့အစည်းလား.. စီနီလာအင်မော်တယ်က အဲဒီအဖွဲ့အစည်းကနေ အီးမေးလ်ရတယ်လို့ ပြောနေတာလား"
ချက်ဂရုထဲတွင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ကောင်းကင်အလင်း မဟာမိတ်အဖွဲ့အစည်းထံမှ သူရရှိခဲ့သည့် အီးမေးလ်ကို မျှဝေခဲ့သည်။
အီးမေးလ်၏ ဆိုလိုရင်းမှာ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးအနေဖြင့် ကောင်းကင်အလင်း မဟာမိတ်အဖွဲ့အစည်းနှင့် ပူးပေါင်းရန်စည်းရုံးခြင်း ဖြစ်သည်။
အကယ်၍ ဗုံးပစ်စီနီယာ အင်မော်တယ်က မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို ကောင်းကင်အလင်း မဟာမိတ်အဖွဲ့အစည်းနှင့် ပူးပေါင်းလျှင် လက်ထောက် အကြီးအကဲရာထူးကို ပေးအပ်မည်ဟု အီးမေးလ်တွင် ဖော်ပြထားခဲ့သည်။
"မင်းတို့ဘယ်လိုမြင်လဲ"
ဗုံးပစ်စီနီယာအင်မော်တယ်က မေးခွန်းထုတ်လိုက်သည်။
"အီးမေးလ်ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်.. သူတို့က ငါတို့ဂိုဏ်းကို သူတို့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်စေချင်နေတာပဲ"
လျှပ်စီးဓမ္မရာဂျာက ပြောလိုက်သည်။
"ဒီကောင်းကင်အလင်း မဟာမိတ်အဖွဲ့အစည်း အကြောင်းကို ငါကြားဖူးတယ်.. အဲဒီအဖွဲ့အစည်းမှာ ပဥ္စမတန်းစား အထက်မှာရှိတဲ့ ကောင်းကင်အဆင့် ဂိုဏ်းပေါင်း ၁၇ခု ရှိတယ်.. နှစ်စဉ်ပြုလုပ်တဲ့ ဂိုဏ်းအကဲဖြတ်မှုမှာ ဆိုရင် ဒီ၁၇ဂိုဏ်းက သူတို့ရဲ့အဆင့်တွေ ကျမသွားအောင် အချင်းချင်း ကူညီပေးလေ့ရှိကြတယ်.. ဒါက ကောင်းကင်အလင်း မဟာမိတ်အဖွဲ့အစည်းမှာ မပါဝင်တဲ့ တခြားသော ဂိုဏ်းတွေအတွက် အဆင့်တိုးတက်မှု မရအောင် ပိတ်ပင် တားဆီးလိုက်သလိုပဲ.. ငါတို့ဂိုဏ်းကတော့ အခုမှ စတင်တည်ထောင်ပေမဲ့ ကောင်းကင်အဆင့် တတိယတန်းစားမှာ ရှိနေခဲ့တယ်.. ဒါက သူတို့ထင်ထားတာထက် ကျော်လွန်နေတဲ့ အတွက် ငါတို့ကို စည်းရုံးချင်တာ ဖြစ်ရမယ်.. တစ်ခုရှိတာက သူတို့ရဲ့ ကောင်းကင်အလင်း မဟာမိတ်အဖွဲ့အစည်းထဲကို ဝင်ရင် အကာအကွယ်ကြေးကို ပေးဆောင်ပါမယ်လို့ သဘောတူရတယ်"
"မဟာမိတ်လုပ်တယ်လဲ ပြောသေးတယ်.. ဘာလို့ မိုက်ကြေးခွဲနေရတာလဲ.. အကာအကွယ်ကြေး ဆိုတာကြီးက အရှက်မဲ့ရာကျမနေဘူးလား.. ဘာလို့ ဟွာရှို့မဟာမိတ် အဖွဲ့အစည်းက ဒါကို တိုက်ရိုက် မထိန်းချုပ်ရတာလဲ.. ဂိုဏ်းအချင်းချင်း ပြိုင်ဆိုင်ဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်.. ဒါကတော့ နည်းနည်းများတယ်လို့ ငါထင်တယ်"
ဓမ္မရာဂျာက ခေါင်းခါယမ်းလိုက်သည်။
"ကောင်းကင်အလင်း မဟာမိတ်အဖွဲ့အစည်းထဲမှာ ပါတဲ့ ဂိုဏ်းတွေက ပဉ္စမတန်းစား အထက်မှာရှိတဲ့ ဂိုဏ်းတွေပဲ.. သူတို့မှာ တော်ရုံ မယိမ်းယိုင်တဲ့ ခိုင်မာတဲ့ အခြေခံအုတ်မြစ် ရှိကြတယ်"
ထိုအချိန်တွင် ချိုက်လျန်က သက်ပြင်းချသည့် အီမိုဂျီတစ်ခု ပို့လိုက်သည်။
"ငါတို့သဘောမတူရင် ဒီ၁၇ဂိုဏ်းက ငါတို့ကို ပစ်မှတ်ထားမှာပဲ.. ဒါက ငါတို့ဂိုဏ်းရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အတွက် တော်တော်လေးကို ထိခိုက်စေလိမ့်မယ်.. စီနီယာအင်မော်တယ် နင် သူတို့ကို သတိထားမှရမယ်"
"အင်း.. ငါသတိထားပါ့မယ်.. ဒါနဲ့ ငါအခုလေးတင် သေချာစီစစ်ပြီးပြီ.. ငါတို့အနေနဲ့ ကောင်းကင်အလင်း မဟာမိတ်အဖွဲ့အစည်းမှာ မပါဝင်တဲ့ ဂိုဏ်း၄ခုနဲ့ လက်တွဲလိုက်ရင် အခြေအနေက ကွာခြားသွားနိုင်တယ်"
ဤအချက်ကို ထောက်ပြပြီးနောက် ဗုံးပစ်စီနီယာအင်မော်တယ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
စိုးရိမ်ထိတ်လန့်နေခြင်းက ကိစ္စများစွာကို ရှုပ်ထွေးသွားစေနိုင်သည်။
ထို့ကြောင့် သူ့အနေဖြင့် ထိတ်လန့်နေမည် မဟုတ်ပေ။
အဆုံးသတ်တွင် သူတို့ဆီ၌ ဝမ်လင်းဟူသည့် ဝှက်ဖဲ ကြီးကြီးမားမား ရှိနေသည် မဟုတ်ပါလော။
"စကားမစပ် ငါအရမ်းသိချင်နေတာ ရှိတယ်.. လင်းကျန်းရန်က သူ့ရဲ့ တာအိုနာမည်အသစ်ကို ဘာကြောင့် ခေါက်ဆွဲခြောက်တာအိုဧကရာဇ်လို့ ပေးလိုက်တာလဲ.. ခေါက်ဆွဲခြောက်ကို ရည်ညွှန်းပြီး ပေးလိုက်တာလား"
ထိုအချိန်တွင် ဓမ္မရာဂျာက ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
သူ၏မေးခွန်းက လူတိုင်းသိချင်နေသော အရာလည်းဖြစ်သည် ။
ကျင့်ကြံသူတစ်ဦးအနေဖြင့် လင်းကျန်းရန်၏ ကျင့်ကြံခြင်းနယ်ပယ် အဆင့်က မည်မျှ မြင့်မားပါသနည်း။
သူတို့၏အမြင်တွင် လင်းကျန်းယန်၏ တည်ရှိမှုသည် အင်မော်တယ် သက်ရှိရုပ်ကြွင်း တစ်ခုလိုပင် ဖြစ်သည်။
ထိုကဲ့သို့သော လူမျိုးက ဤအဓိပ္ပါယ်မဲ့သော အမည်ကို မည်ကဲ့သို့ စဉ်းစားခဲ့ပါသနည်း။
ထိုအမည်၏ နောက်ကွယ်တွင် လေးနက်သော အဓိပ္ပါယ် ရှိရပေမည်။
"ဪ.. အဲဒီကိစ္စလား.. အဲဒါနဲ့ ပတ်သက်ပြီးတော့ ညီနောင်လင်းက ငါ့ကို ရှင်းပြဖူးတယ်"
ဗုံးပစ်စီနီယာ အင်မော်တယ်က ပြောလိုက်သည်။
"တကယ်တော့ ခေါက်ဆွဲခြောက်တာအိုဧကရာဇ် ဆိုတာက ခေါက်ဆွဲခြောက်အကြွပ်ကြော်တွေကို ရည်ညွှန်းတာ မဟုတ်ဘူး.. ခေါက်ဆွဲခြောက်ကို ဝါးလိုက်ရင် ထွက်လာတဲ့ ဂျွတ်ဂျွတ်ဆိုတဲ့အသံက မျက်နှာကို ပါးရိုက်တဲ့အသံနဲ့ ထပ်တူကျတယ်လို့ ဆိုလိုတာပဲ"
လူတိုင်း ".........."
ဆိုရလျှင် ဟွာရှို့၏ ယဉ်ကျေးမှုသည် ကျယ်ပြောပြီး အလွန်လေးနက်သည်။
အားလုံးကိုခြုံငုံ၍ ပြောရလျှင် အခြေခံအားဖြင့် ချက်ဂရုထဲမှလူတိုင်းသည် ဝမ်လင်း၏ ပါးရိုက်ခြင်းကို မခံစားခဲ့ဖူးပေ။
သို့သော် ဤတာအိုအမည်က ဟာကွက် အနည်းငယ် ရှိခဲ့သည်။
စုန့်ဟိုင်ထောင်ရှိ မာကျောက်တပ်ဖွဲ့ကမူ ဤတာအိုအမည်ကို ကြားသည်နှင့် ဝမ်လင်းဟု ခန့်မှန်းနိုင်မည်မှာ သေချာပေသည်။
.....................
ဤနေ့သည် ဝမ်ကျန်းကို အင်မော်တယ်ထုန်ရာ၏ ဂန္ဓမာကျွန်းသို့ပို့ဆောင်ပြီးနောက် ဒုတိယမြောက်နေ့ ဖြစ်သည်။
ဝမ်ကျန်းက မကြာသေးမီလများအတွင်း ဂန္ဓမာကျွန်းပေါ်တွင် အင်မော်တယ်ထုန်ရာ ကုသပေးသော ဒုတိယမြောက်လူနာဖြစ်သည်။
ပထမမြောက် လူနာမှာ ခွန်ဗိုက်ထဲမှ မိန်းကလေး ဖြစ်သည်။
သူမက အချိန်အတော်ကြာ ဆေးကုသမှု ခံယူပြီးနောက်တွင် တိုးတက်မှုရှိလာသည်။
သူမ၏ အရေပြားကို အပ်ဖြင့် ညင်သာစွာ နှိုးဆွပြီးနောက်တွင် သူမ၏ လက်ချောင်းများသည် လှုပ်ရှားသော လက္ခဏာများကို ပြသနေပြီ ဖြစ်သည်။
"ဆရာ.. ဆရာ သူဘယ်တော့နိုးလာမှာလဲ"
အင်မော်တယ်ထုန်ရာက ဝမ်ကျန်းကို ဂရုစိုက်နေရသောကြောင့် ကျင်းရှီနှင့် ယင်းရှီတို့က မနေ့ညကစပြီး ခွန်ဗိုက်ထဲမှ မိန်းကလေးကို ပြုစုနေရသည်။
ရွှေအပ်စိုက်ခြင်း နည်းစနစ်သည် နက်နဲသော နည်းစနစ်ဖြစ်သည်။
ပုံမှန်အားဖြင့် ၎င်းတို့သည် လေ့ကျင့်ရန် ပစ်မှတ် ရှာမတွေ့ခဲ့ကြပေ။
ယခုတော့ စိတ်ကြိုက်စမ်းသပ်ရန် လူနာတစ်ယောက် ရှိနေခဲ့ပြီ ဖြစ်သည်။
ကျင်းရှီနှင့်ယင်းရှိတို့ မောင်နှမနှစ်ယောက် အနေဖြင့် အပ်ကို မှားယွင်းသော နေရာတွင် စိုက်မိလျှင်လည်း ပြဿနာမရှိပေ။
ဤကဲ့သို့ လေ့ကျင့်ခွင့်ရမည့် အခွင့်အရေးကို အခြား မည်သည့်နေရာတွင် ရရှိနိုင်ပါမည်နည်း။
အင်မော်တယ်ထုန်ရာက သက်ပြင်းရှည်ကို ချလိုက်သည်။
"ဒီမိန်းကလေးရဲ့ အခြေအနေက ထင်ထားတာထက် ပိုဆိုးတယ်.. သူမသာ မနိုးခဲ့ရင် အင်မော်တယ်ဘုရင်ရဲ့ နေ့စဉ်ဘဝဝတ္ထု အဆုံးသတ်တဲ့ထိ စောင့်ဆိုင်းရမှာပဲ.. လင်းကျန်းရန် Grade 3 ပြီးသွားတဲ့အထိပေါ့"
ကျင်းရှီနှင့်ယင်းရှီ ".........."
"ဒီငပျင်းစာရေးဆရာက စာသင်နှစ်တစ်ခုကို အခန်း၈၀၀လောက် ရေးသားခဲ့တယ်.. လင်းကျန်းရန် ဘွဲ့ရတဲ့ထိဆိုရင် နောက်ထပ်အခန်းပေါင်း ၄၀၀၀ လောက် ကျန်သေးတယ်.. စာရေးဆရာသာ အပြီးထိမရေးရင် ဒီတစ်သက် သူ မနိုးမှာကိုတောင် ငါစိုးရိမ်မိတယ်"
ကျင်းရှီနှင့်ယင်းရှီ ".........."
ခွန်ဗိုက်ထဲမှမိန်းကလေးက ကုတင်ပေါ်တွင် လဲလျောင်းနေစဉ် ဝမ်ကျန်းက မျက်လုံးများ တဖျပ်ဖျပ် ခတ်လာပြီး အဓိပ္ပါယ်မဲ့စွာ အော်ဟစ်နေခဲ့သည်။
ဆိုရလျှင် ဝမ်ကျန်းသည် အိပ်မက်မက်နေခြင်း ဖြစ်၏။
သူ၏အိပ်မက်များမှာ သူ့ငယ်ဘဝ မှတ်ဉာဏ်များထဲမှ မြင်ကွင်းများ ဖြစ်သည်။
အိပ်မက်ထဲတွင် သူ့မွေးကင်းစအချိန်ကို ပြန်ရောက်သွားခဲ့သည်။
သူ့ပတ်ဝန်းကျင်တွင် လူအများက စုဝေးနေကြပြီး သူ့မိဘများ၏ မျက်နှာမှာ ရွှင်လန်းနေကြသည်။
"ငါတို့ရဲ့ ကျန်းကျန်းလေးက မဟာ ပါရမီရှင်တစ်ဦးပဲ.. သူက မဟာတာအို အခု ၁၀၀နဲ့ အတူ မွေးဖွားလာခဲ့တယ်"
အိပ်မက်ထဲတွင် အမျိုးသမီး တစ်ယောက်က သူ့ကို ပွေ့ချီထားပြီး ရေရွတ်လိုက်သည်။
"ငါတို့ ဝမ်မိသားစုရဲ့ သွေးတွေက ကျန်းကျန်းလေးရဲ့ ခန္ဓာကိုယ်မှာ စီးဆင်းနေတယ်.. ကျန်းကျန်းက မျိုးဆက်သစ် လူငယ်တွေထဲမှာ ကူမိသားစုကို ပြိုင်ဆိုင်ဖို့ အကောင်းဆုံးမျှော်လင့်ချက်ပဲ.. အဘိုးကြီး ကူယန်ကျွင့်မှာလည်း မကြာသေးမီက မွေးခဲ့တဲ့ သားတစ်ယောက် ရှိတယ်.. ဒါပေမဲ့ အဲဒီကောင်လေးက ကောင်းကင်တာအို ၅၀ပဲဲ ရှိသေးတယ်.. အဆုံးသတ်မှာတော့ သူက ငါတို့ ဝမ်မိသားစုရဲ့ သွေးနဲ့ ယှဉ်နိုင်တဲ့လူ မဟုတ်ဘူး"
ထို့နောက် ဝမ်ကျန်းက အမျိုးသမီးဆီကနေ အမျိုးသားတစ်ယောက်က သူ့ကိုလှမ်းယူ၍ ပွေ့ချီလိုက်သည်ကို တွေ့လိုက်ရသည်။
"ယောကျာ်းရေ. ငါတို့သားလေးက ဘယ်လောက်တောင် သန်မာလဲ ကြည့်စမ်း.. သူက အခုမှ မွေးလာပေမဲ့ ကောင်းကင်တာအို အခု၁၀၀ ကိုတောင် နားလည်နေပြီ.. သူ့ရဲ့ ဝိညာဉ်ရေးအသိဉာဏ်ကို နိုးထစေပြီး မြန်မြန် စကားပြောဖို့နဲ့ ချက်ချင်းလမ်းလျှောက်တတ်ဖို့ အတွက် အချိန်မဆွဲသင့်ဘူး.. သူ့ရဲ့ဝိညာဉ်ရေး အသိဉာဏ် နိုးကြားလာဖို့ အတွက် ဆေးဝါးအကူအညီယူတာ အကောင်းဆုံးပဲ"
အမျိုးသမီးက ပြုံး၍ ပြောလိုက်သည်။
"မဟုတ်ဘူး.. ဒီနည်းလမ်းက မဟုတ်သေးဘူး"
အမျိုးသားက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ငါတို့ဝမ်မိသားစုရဲ့သွေးတွေက ကျန်းကျန်းရဲ့ခန္ဓာကိုယ်မှာ စီးဆင်းနေတယ်.. သွေးက အကောင်းဆုံးဆေးဝါးပဲ.. သူ့ရဲ့ သွေးကိုသာ လှုံ့ဆော်နိုင်ရင် ကျန်းကျန်းက သူ့ကိုယ်သူ နိုးထလာနိုင်မယ်လို့ ငါထင်တယ်.. ဒါကြောင့် သူရဲ့ နိုးထမှုကို ကူညီဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ အကူအညီပေးရမယ်"
"ရုပ်ပိုင်းဆိုင်ရာ အကူအညီလား"
"ဟုတ်တယ်"
အမျိုးသားက ခေါင်းညိတ်လိုက်သည်။
နောက်ထပ် အခိုက်အတန့်တွင် အမျိုးသားက အမျိုးသမီး၏ ထိတ်လန့်သော အကြည့်အောက်မှာပင် ဝမ်ကျန်းကို မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။
မွေးကင်းစ ဝမ်ကျန်းက ထိတ်လန့်သွားခဲ့သည်။
ထို့ပြင် အမျိုးသားက ဝမ်ကျန်း၏ ခေါင်းကိုပါ တက်နင်းလိုက်သေးသည်။
"အချစ်လေး ကြည့်စမ်း.. ငါတို့သားလေးရဲ့ခေါင်းက သံမဏိခေါင်းလိုပဲ.. ငါသူ့ကို နင်းတာတောင် ဘာမှမဖြစ်ဘူး.. မြန်မြန်လေး နိုးထလာနိုင်အောင် ငါတို့ အတူတူ ကူညီပေးလိုက်ရအောင်"
အမျိုးသမီး "အဆင်ပြေပါ့မလား "
အမျိုးသား "ငါ့ကိုယုံကြည်ပါ.. ဒါက မှန်ကန်တဲ့ နည်းလမ်းပဲ"
အဆုံးသတ်တွင် ဝမ်ကျန်းက သူ့မိဘများ၏ ရိုက်နှက်မှုအောက်မှာပင် နိုးထလာခဲ့သည်။
"မိစ္ဆာတွေ ရပ်လိုက်စမ်း"
ထိုအခါမှ အမျိုးသားက မြေပြင်ပေါ်မှ ဝမ်ကျန်းကို ကောက်ယူပွေ့ချီလိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
"ကြည့်စမ်း.. ငါမပြောဘူးလား.. ကျန်းကျန်းလေးက နိုးထလာခဲ့ပြီ"
အပိုင်း(၈၀၃) ပြီး၏