ဝမ်ကျန်း၏ဖူးစာဖက်
Vol. 54 Ch. 805
ဝမ်ကျန်းက ကလေးဘဝတွင် အလွန်ကြေကွဲဖွယ်ရာကောင်းသော အမှတ်တရများ ရှိထားသူ ဖြစ်သည်။
မွေးစကတည်းကပင် အရိုက်ခံခဲ့ရသည်။
သူ၏ သွေးစွမ်းအားကို အပြည့်အဝ လှုံ့ဆော်နိုင်ရန်အတွက် သူ့မိဘများက ရက်စက်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်။
နာကျင်လွန်းသောကြောင့် ဝမ်ကျန်းက သူ၏ ငယ်ဘဝမှတ်ဉာဏ်များကို သူ၏ မှော်အတတ်ကို အသုံးပြု၍ ဖယ်ရှားပစ်ခဲ့သည်။
သို့သော် မရေမတွက်နိုင်သော အိပ်မက်ဆိုးများ ထပ်ကာတလဲလဲ မက်ပြီးသည့်နောက်တွင် သူစွန့်ပစ်ထားခဲ့သော မှတ်ဉာဏ်များကို ပြန်လည် ဆည်ယူနိုင်ခဲ့သည်။
ဝမ်ကျန်းက နောက်ဆုံးအကြိမ် နိုးထလာသောအချိန်တွင် ပတ်ဝန်းကျင်က လုံးဝ ခြားနားနေသည်ကို တွေ့လိုက်ရသည်။
သူက အိပ်မက်ဆိုးများကနေ ရုန်းထွက်လာနိုင်ပြီး အိပ်မက်ဆက်မမက်တော့ဟု သိလိုက်သည်နှင့် ဝမ်းသာသွားခဲ့သည်။
ဤနေရာက သူနှင့်ရင်းနှီးပုံတော့ မရပေ။
သူက မျက်လုံးနှင့်ပါးစပ်ကို အသုံးပြု၍ ရရုံမှတစ်ပါး ဘာမှမလှုပ်ရှားနိုင်ဟု ထင်ရသည်။
တစ်စုံတစ်ယောက်က သူ့ကို ချုပ်နှောင်ရန် အတွက် ကောင်းကင်တာအိုကို အသုံးပြုခဲ့ပုံပင်။
ဤအခြေအနေနှင့် ပတ်သက်၍ ဝမ်ကျန်းထက် မည်သူမှ ရင်းနှီးမည် မဟုတ်ပေ။
ငယ်စဉ်ကတည်းကပင် သူ့မိဘများက သူ့ကို မရိုက်နှက်မီ ကောင်းကင်တာအိုဖြင့် မကြာခဏ ချုပ်နှောင်ထားခဲ့ဖူးသည်။
ယင်းမှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဝမ်ကျန်းက ဤခံစားချက်ကို အလွန်ရင်းနှီးနေဆဲ ဖြစ်သည်။
သို့သော်လည်း ဝမ်ကျန်းတွင် ဤကန့်သတ်ချုပ်ချယ်မှုများကို ချိုးဖြတ်နိုင်သည့် နည်းလမ်းများစွာ ရှိသည်။
ဝမ်ကျန်းက ချက်ချင်းပင် မျက်လုံးများကိုမှိတ်၍ အမိန့်ပေးလိုက်သည်။
“ကောင်းကင်တာအိုရဲ့ တန်ခိုးစွမ်းအားကို ဖုံးကွယ်ထားတဲ့သော့.. မင်းရဲ့ စွမ်းအားကို ငါ့ရှေ့မှောက် ပြသလိုက်စမ်း.. ငါဝမ်ကျန်း မင်းရဲ့သခင်အနေနဲ့ မင်းကို အမိန့်ပေးတယ်.. ခုချက်ချင်းလွှတ်စမ်း”
ဂါထာရေရွတ်မှုက ပြီးဆုံးသွားပြီ ဖြစ်သည်။
စက္ကန့်များစွာ ကြာသွားသော်လည်း ဝမ်ကျန်းက မည်သည့်တုံ့ပြန်မှုကိုမှ မခံစားရပေ။
“လွတ်.. လွတ်ပေးစမ်း.. ငါ့ကို လွှတ်ပေးစမ်း”
ဆယ်မိနစ်ကျော်ကြာ ရုန်းကန်ပြီးနောက်တွင် ဝမ်ကျန်းက ရုန်းကန်မှုကို စွန့်လွှတ်ခဲ့သည်။
ဤသည်က သူ့မိဘများသုံးသည့် ကောင်းကင်တာအိုထက်ပင် ပိုမို သန်မာနေသည်။
ထိုကြောက်စရာကောင်းသော လူငယ်က ကောင်းကင်တာအိုအနည်းဆုံး တစ်ဒါဇင်ခန့် သူ့အပေါ်တွင် အသုံးပြုထားခဲ့သည်။
ယခု သူက ကောင်းကင်တာအို၏ စွမ်းအားကို အသုံးပြုခွင့်ပိတ်ပင်ခံထားရသောကြောင့် လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။
ဝမ်ကျန်းက သူ့အထင်မှားနိုင်ချေ များသည်ဟု ထင်ခဲ့သည်။
ဤလူက သူခိုးအစစ် မဟုတ်လောက်ပေ။
ဤလူက သူခိုးကောင်ထက် ပိုမိုသန်မာပုံရပြီး သူ မတွေးနိုင်လောက်သည်အထိ အစွမ်းထက်ပုံရသည်။
ပိုင်ကျဲအနေဖြင့် စည်းပြင်ပတာအို ၆ပါးကို စုဆောင်းနိုင်ခဲ့လျှင်ပင် ဤလူငယ်ကို တိုက်ခိုက်ရန်မှာ အလွန် ခက်ခဲမည် ဖြစ်၏။
ဝမ်ကျန်းက အိပ်ရာပေါ်တွင် လဲလျောင်းရင် မရေမတွက်နိုင်သော အတွေးများက သူ့နှလုံးသားကို လွှမ်းခြုံသွားခဲ့သည်။
ယခု သူ့အတွက် အရေးအကြီးဆုံးအရာမှာ ကောင်းကင်တာအို၏ စွမ်းအားကို ပြန်လည်ရယူနိုင်မည့် နည်းလမ်းကို ရှာဖွေရန် ဖြစ်ပြီး ဤနေရာမှ ထွက်ခွာရန် ဖြစ်သည်။
ဤကမ္ဘာက ကိုးဆကြယ်မှ လူများအမြင်တွင် နိမ့်ပါးသောနေရာ ဖြစ်သည်။
သို့သော်လည်း တစ်ချိန်တည်းမှာပင် ဤကမ္ဘာသည် လျော့တွက်၍မရသော ဂြိုဟ်တစ်လုံးလည်း ဖြစ်သည်။
အဆုံးသတ်တွင် ကိုးဆကြယ်ကို တည်ထောင်သူ တာအိုဘိုးဘေးဝမ်သည် ဤကမ္ဘာမြေကနေ ဆင်းသက်လာခြင်းဖြစ်၏။
ဝမ်ကျန်းက စိတ်ထဲကနေ သက်ပြင်းချလိုက်သည်။
အဆုံးသတ်တွင် သူက ဤကမ္ဘာကို လျှော့တွက်ခဲ့မိပုံရ၏။
ထိုခဏမှာပင် ဝမ်ကျန်းက သူ့ဆီသို့ လျှောက်လာသည့် ခြေသံများကို ကြားလိုက်ရသည်။
“နိုးနေပြီလား စီနီယာကြီး”
ဤအသံက အင်မော်တယ်ထုန်ရာ၏ အသံဖြစ်သည်။
ချောမောသော အသွင်အပြင်ရှိသည့် လူတစ်ယောက်သည် ဝမ်ကျန်း၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
ထိုလူ ဝတ်ဆင်ထားသည့်ပုံစံက ဆရာဝန် တစ်ယောက်ကဲ့သို့ ဖြစ်၏။
“စီနီယာ မေ့မျောနေတာ နှစ်ရက်ရှိပြီ”
အင်မော်တယ်ထုန်ရာက ပြောလိုက်သည်။
“စီနီယာအနေနဲ့ လက်ရှိအချိန်မှာ ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်ဦးမှာ မဟုတ်ဘူး.. ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က အချုပ်အနှောင်နဲ့ ပတ်သက်တဲ့ တာအိုအမြောက်အမြားကို စီနီယာ အပေါ်မှာ အသုံးပြုထားတယ်.. အဓိက အချက်ကတော့ စီနီယာ နိုးလာရင် ကျွန့်တော့ကို နာကျင်အောင်လုပ်မှာ စိုးရိမ်တဲ့အတွက်ကြောင့်ပဲ”
“ငါက မင်းကို နာကျင်အောင်လုပ်မှာ စိုးလို့လား”
“ဟုတ်ပါတယ် စီနီယာကြီး.. စီနီယာက အကြောင်းပြချက် မယ်မယ်ရရမရှိဘဲ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ကို ရုတ်တရက် တိုက်ခိုက်ခဲ့တယ်.. ဒါကြောင့် စီနီယာဆီမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာအနည်းငယ် ရှိနိုင်တယ်လို့ ကျွန်တော်တို့တွေးမိခဲ့တယ်.. ကျွန်တော်တို့အနေနဲ့ ဒီလိုလုပ်ဖို့က လွဲပြီး ရွေးချယ်စရာလည်း မရှိခဲ့ဘူး”
အင်မော်တယ်ထုန်ရာက အမှန်အတိုင်း ဖြေလိုက်သည်။
ဝမ်ကျန်းက စိတ်ထဲကနေ ပြုံးလိုက်သည်။
တစ်ဖက်လူက သူ့ကို စီနီယာဟု ခေါ်နေသော်လည်း သူ မတော်တဆ သတ်ပစ်မည်ကို စိုးရိမ်နေပုံရသည်။
စင်စစ် ဝမ်ကျန်းက ကြောက်မက်ဖွယ် အစွမ်းသတ္တိရှိသော်လည်း အပြစ်မဲ့သူကို တစ်ခါမှ ထိခိုက်အောင် မလုပ်ဖူးပေ။
ညဦးစီးမှူးအဖွဲ့၏ ဌာနချုပ်တွင် ပိုင်ကျဲက နည်းပညာရှင်ကို ရက်စက်စွာ သတ်ပစ်လိုက်သည့် အခါ၌ သူ အလွန်စိတ်ဆိုး ဒေါသထွက်ခဲ့ရသည်။
“ငါက မိစ္ဆာတစ်ကောင်နဲ့ တူနေလို့လား.. ဘာလို့ငါ့ကို ဒီလိုထင်နေရတာလဲ”
သူ တကယ် နားမလည်နိုင် ဖြစ်နေခဲ့သည်။
ဝမ်ကျန်းက သက်ပြင်းချလိုက်သည်။
“ဒါဆိုငါ့ကို ဘယ်လောက်ကြာကြာ ချုပ်နှောင်ထားမှာလဲ”
အင်မော်တယ်ထုန်ရာ “စီနီယာနိုးလာပြီ ဆိုတော့ ခေါက်ဆွဲခြောက် တာအိုဧကရာဇ်ကို အခုချက်ချင်း အသိပေးရမယ်.. စီနီယာမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာမရှိဘူးလို့ အတည်ပြုပြီးတာနဲ့ စီနီယာကို လွှတ်ပေးဖို့ ကျနော် ကူညီပေးမယ်.. ခေါက်ဆွဲခြောက် တာအိုဧကရာဇ်က စီနီယာရဲ့ ခန္ဓာကိုယ်ပေါ်မှာ အချုပ်အနှောင် တာအိုတွေကို သုံးစွဲထားတဲ့ အတွက် စီနီယာအနေနဲ့ ဝိညာဉ်စွမ်းအင်တွေကို ပုံမှန်အတိုင်း လည်ပတ်နိုင်ဦးမှာမဟုတ်ဘူး.. ဒါပေမဲ့ စီနီယာက ငါတောင်းဆိုတာကိုသဘောတူတယ် ဆိုရင်တေ့ာ ခေါက်ဆွဲခြောက် တာအိုဧကရာဇ် ငါ့ကိုပေးထားတဲ့ အခွင့်ထူးကို အသုံးပြုပြီး စီနီယာရဲ့ခန္ဓာကိုယ် အပေါ်ပိုင်းကို လှုပ်ရှားလို့ရအောင် လုပ်ပေးမယ်”
“တစ်ဝက်လောက် လှုပ်ရှားလို့ရရင်လည်း မဆိုးပါဘူး”
ဝမ်ကျန်းက လက်ရှိအချိန်တွင် စေ့စပ်ညှိနှိုင်းရန် အခွင့်အရေးမရှိကြောင်းကို သိရှိထားသောကြောင့် အင်မော်တယ်ထုန်ရာ၏ အဆိုကို လက်ခံလိုက်သည်။
အင်မော်တယ်ထုန်ရာက မျက်လုံးများ ကျဉ်းမြောင်းလိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
“ကျနော် အရမ်းသတိထားနေရတဲ့ အကြောင်းအရင်းက စီနီယာက စိတ်မြန်လက်မြန် ရှိတဲ့အတွက် နောက်ပြန် လှည့်လို့မရတဲ့ လုပ်ရပ်တွေ လုပ်လိုက်မှာကို စိုးရိမ်လို့ပါ”
ထိုစကားကို ပြောပြီးနောက်တွင် အင်မော်တယ်ထုန်ရာက ရွှေရောင်အဆောင်လက်ဖွဲ့ တစ်ခုကို ထုတ်ယူလိုက်သည်။
ထိုရွှေရောင်အဆောင်လက်ဖွဲ့က ဝမ်ကျန်း၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသည့် စည်းတံဆိပ်များကို ဖယ်ရှားရန်အတွက် အင်မော်တယ်ထုန်ရာကို ဝမ်လင်း ချန်ထားပေးခဲ့သော ပစ္စည်းဖြစ်သည်။
သို့သော် အင်မော်တယ်ထုန်ရာက ဘေးကင်းမှုအတွက် ဝမ်ကျန်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ လှုပ်ရှားခွင့်ပေးခဲ့သည်။
သူက ဝမ်ကျန်းအတွက် ဘီးတပ်ကုလားထိုင်ကိုပင် ပြင်ဆင်ပေးထားခဲ့သည်။
ထို့နောက်တွင် အင်မော်တယ်ထုန်ရာ၏ လက်များက ဝမ်ကျန်း၏ ခါးနှင့် ခြေထောက်အောင်ပိုင်းသို့ လျင်မြန်စွာပင် ရောက်ရှိသွားသည်။
ဝမ်ကျန်းက အံ့ဩသွားခဲ့သည်။
“လခွမ်း.. မင်းဘာလုပ်နေတာလဲ”
ကျွန်တော်က စီနီယာကို ဘီးတပ်ကုလားထိုင်ဆီ ချီသွားမလို့ပါ”
အင်မော်တယ်ထုန်ရာက အလွန်သဘာဝကျစွာပင် ပြန်ဖြေလိုက်သည်။
“အဲဒီလိုလား.. ငါမသိလို့ပါ.. ကျေးဇူးတင်ပါတယ်”
ဝမ်ကျန်းက အောက်ကမ္ဘာတွင် လေဖြတ်နေသူ တစ်ယောက်လို ဖြစ်နေသည်သာမက မင်းသမီးလေး ကဲ့သို့ တစ်စုံတစ်ယောက်က သူ့ကို ပွေ့ချီသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။
“ကြိုဆိုပါတယ် စီနီယာကြီး”
အင်မော်တယ်ထုန်ရာက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
အကယ်၍ အထက်ကမ္ဘာရှိ ဝမ်ကျန်း၏ သူငယ်ချင်းများသာ ဤအကြောင်းကို သိသွားခဲ့လျှင် ဝမ်ကျန်းအနေဖြင့် မျက်နှာထားစရာ နေရာပင် ရှိမည် မဟုတ်ပေ။
အင်မော်တယ်ထုန်ရာက ဘီးတပ်ကုလားထိုင် ပေါ်သို့ သူ့ကို မတင်မချင်း ဝမ်ကျန်းက အတွေးနယ်ချဲ့နေခဲ့သည်။
သူက သူခိုးရှာရန် အောက်ကမ္ဘာကို ဆင်းလာခဲ့သော်လည်း ဤအခြေအနေဖြင့် အဆုံးသတ်သွားခဲ့ရသည်။
ဤသည်က အိမ်ထောင်ပြုမည့်အရေးကနေ ထွက်ပြေးလာခြင်းအတွက် အပြစ်ခံရခြင်း ဖြစ်နိုင်ပါသလော။
ဝမ်ကျန်းက သူ့လက်ဖြင့် နဖူးကို ရိုက်လိုက်သည်။
“ဘာဖြစ်လို့လဲ စီနီယာကြီး.. ဘယ်နေရာမှာ အဆင်မပြေလို့လဲ”
“ငါခေါင်းနည်းနည်းကိုက်နေလို့ပါ”
ထိုစကားကိုကြားလျှင် အင်မော်တယ်ထုန်ရာက မီးဖိုချောင်သုံးဓားကို ထုတ်ယူလိုက်သည်။
“ကျနော် ခွဲစိတ်မှု လုပ်ပေးနိုင်တယ်”
ဝမ်ကျန်း “မနာပါဘူး.. အခုမနာတော့ဘူး”
“ကောင်းပါပြီစီနီယာကြီး.. အဆင်မပြေတာ ရှိရင်လည်း ပြောပါ”
အင်မော်တယ်ထုန်ရာက ကောက်ကျစ်သော အမူအရာဖြင့် ပြုံးလိုက်သည်။
ဝမ်ကျန်း “……….”
ဤဆရာဝန်က မည်သို့သော လူစားမျိုးမှန်း သိနေသလို ဝမ်ကျန်း ခံစားလိုက်ရသည်။
သူ့အထင် ဤလူက ဆိုက်ကို ဆရာဝန် ဖြစ်နေလောက်သည်။
ဝမ်ကျန်း “အစောပိုင်းက မင်းငါ့ကိုတောင်းဆိုစရာ တစ်ခုရှိတယ်ဆို.. ငါဘာကူညီပေးရမလဲ”
အင်မော်တယ်ထုန်ရာ “ဒီလိုပါ စီနီယာကြီး.. မကြာသေးခင်က အချိန်အတော်ကြာ မေ့မျောနေတဲ့ အမျိုးသမီး လူနာတစ်ယောက် ကျနော့်ဆီ ရောက်လာခဲ့တယ်.. ဒီလူနာက စီနီယာနဲ့ မွေးရပ်မြေချင်း တူနိုင်တယ်လို့ ခေါက်ဆွဲခြောက်တာအိုဧကရာဇ်က ဆုံးဖြတ်ထားခဲ့တယ်”
“ငါတို့တွေက မွေးရပ်မြေ အတူတူလား”
“သူမကလည်း အထက်ကမ္ဘာကလူပါ စီနီယာကြီး”
ဝမ်ကျန်းက ထိုစကားကိုကြားလျှင် ချက်ချင်းခေါင်းခါယမ်းလိုက်သည်။
“ဒါတော့မဖြစ်နိုင်ဘူး”
အထက်ကမ္ဘာမှ အောက်ကမ္ဘာသို့ ဖြတ်သန်းရာတွင် လုပ်ငန်းစဉ်များစွာ ရှိသည်။
တည်နေရာရွှေ့ပြောင်းသည့် အစီအရင်သို့ ဝင်ရောက်ခြင်း မပြုမီ စစ်ဆေးချက်များနှင့် အတည်ပြုချက်များကို ဖြေဆိုရမည် ဖြစ်၏။
ဝမ်ကျန်းက တည်နေရာရွှေ့ပြောင်းခြင်း မှော်စွမ်းရည်ကို အသုံးပြုခဲ့သော တစ်ဦးတည်းသောသူ ဖြစ်သည်မှာ အလွန်သေချာနေခဲ့သည်။
“စီနီယာကြီး.. အရင်လိုက်ကြည့်ပါဦး”
ထို့နောက် အင်မော်တယ်ထုန်ရာက ဝမ်ကျန်း၏ ဘီးတပ်ကုလားထိုင်ကို ခွန်ဝမ်းဗိုက်ထဲမှ မိန်းကလေး၏ ကုတင်ဘေးသို့ တွန်းပို့လိုက်သည်။
မိန်းကလေး၏ မျက်နှာကိုမြင်ပြီးနောက် ဝမ်ကျန်းက အလွန်ထိတ်လန့်သွားပြီး ဘီးတပ် ကုလားထိုင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။
အကြောင်းရင်းမှာ ဤမိန်းကလေးက သူနှင့် စေ့စပ်ထားသည့် လျူမိသားစု၏ သမီးပျို ဖြစ်နေခဲ့သောကြောင့်ပင်။
“သူက ဘာလို့ ဒီကိုရောက်နေရတာလဲ”
အပိုင်း(၈၀၅) ပြီး၏