လုံမျိုးနွယ်စုခေါင်းဆောင်လုံကျန်းနန်
Vol. 54 Ch. 807
အခြားတစ်ဖက်တွင်လည်း ကောင်းကင်အဆင့်ဂိုဏ်း ၁၇ ဂိုဏ်းဖြင့် ဖွဲ့စည်းထားသည့် "ကောင်းကင်အလင်းမဟာမိတ်"သည် ၎င်းတို့၏ ဖိတ်ကြားချက်ကို လိမ်မာပါးနပ်စွာ ငြင်းဆိုထားသည့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အကြောင်းပြန်စာကို လက်ခံရရှိခဲ့သည်။
သူတို့က ဤရလဒ်ကို မျှော်လင့်ပြီးသားပင်။
ကောင်းကင်အဆင့် တတိယတန်းစားဂိုဏ်းအဖြစ် တိုက်ရိုက်သတ်မှတ်ခံရသော ဂိုဏ်းအသစ်သည် အတော်လေး မာနကြီးနေပုံရသည်။
မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို ဆက်လက်တိုးချဲ့ခွင့်ပြုလျှင် သူတို့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်လာမည်ဟု တွေးမိခဲ့ကြ၏။
မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ ခေါင်းဆောင်ဖြစ်သည့် သေမင်းတမန်စီနီယာ (ဝါ) ဗုံးပစ်စီနီယာအင်မော်တယ်၏ စီမံခန့်ခွဲမှု စွမ်းရည်ကို လူတိုင်း ကောင်းစွာ သိရှိခဲ့ကြသည်။
ယခုအချိန်တွင် နိုင်ငံ၏ အွန်လိုင်းဖိုရမ်များအားလုံးတွင် ကျင့်ကြံခြင်းဖိုရမ်သည် စီးပွားရေး အကျိုးအမြတ်အပေါ် အစွမ်းကုန် တည်ဆောက်ထားသောကြောင့် တစ်နှစ်ပြီးတစ်နှစ် အမြတ်အစွန်း ပိုမို ရရှိလာသည့် ကျင့်ကြံခြင်း ဖိုရမ်တစ်ခုဖြစ်သည်။
ဗုံးပစ်စီနီယာအင်မော်တယ်က ထိုကုမ္ပဏီများထံမှ ပေါင်းစပ်ရင်းနှီးမြုပ်နှံမှုမရှိဘဲ သူ့ဘာသာသူ ဂိုဏ်းအသစ် တစ်ခုကို ထူထောင်နိုင်ခဲ့သည်။
အင်မော်တယ်ရွှေနှစ်ဘီလီယံဟူသည့် ရင်းနှီးမြှုပ်နှံမှုဖြင့်ဆိုလျှင် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် ကျားကို အတောင်ပံ တပ်ပေးသကဲ့သို့ ဖြစ်သွားပေမည်။
လုယိုမင်က ဗုံးပစ်စီနီယာအင်မော်တယ်၏ ပြန်ကြားစာအား စိုက်ကြည့်ရင်း အတွေးထဲတွင် လေးလေးနက်နက် ပျောက်ဆုံးသွားခဲ့သည်။
တစ်ဖက်ဂိုဏ်းနှင့် ပတ်သက်၍ ဂဃနဏမသိသေးဘဲ အတင့်ရဲပြီး ဖြိုခွင်းရန် မဖြစ်နိုင်ပေ။
ထို့အပြင် ဗုံးပစ်စီနီယာ အင်မော်တယ်သည် ပြန်ကြားစာတွင်အတော်လေး လိမ္မာပါးနပ်သည့်သဘောထားကို ပြသခဲ့သည်။
သူတို့က ကောင်းကင်အလင်း မဟာမိတ်အဖွဲ့ကို မ၀င်ရောက်လိုသော်လည်း ရန်သူ မဖြစ်စေလိုကြောင်း သွယ်ဝိုက်၍ ဖော်ပြခဲ့သည်။
မဟာမိတ်အဖွဲ့၏ဥက္ကဌအနေဖြင့် လုယိုမင်၏ ဆုံးဖြတ်ချက်သည် စစ်ကြေညာခြင်းနှင့် အတူတူပင် ဖြစ်သည်။
သူက အသစ်ဖွဲ့စည်းထားသော ဗုံးပစ်စီနီယာ အင်မော်တယ်၏ဂိုဏ်းအင်အားကို အလွန်လျင်မြန်စွာ ကြီးထွားမလာစေရန် သင်ခန်းစာတစ်ခုပေးလိုခဲ့သည်။
သို့သော်လည်း တစ်ဖက်ဂိုဏ်း၏အခြေအနေကို မသိသေးဘဲ ဖိနှိပ်၍မဖြစ်ပေ။
ယင်းက ဆန့်ကျင်ဘက်အားဖြင့် သူတို့ကိုယ်တိုင် ဒုက္ခရောက်သွားနိုင်၏။
ကောင်းကင်အလင်း မဟာမိတ်အဖွဲ့တွင် မပါဝင်ခဲ့သော ကောင်းကင်အဆင့် ဂိုဏ်းသုံးဂိုဏ်းဖြစ်သည့် အင်မော်တယ်လက်ဝါးဂိုဏ်း၊ တိုက်ပွဲဝင်မြင်းဂိုဏ်း၊အသင်္ချေသားရဲဂိုဏ်းများသည် ကောင်းကင်အလင်းမဟာမိတ်အဖွဲ့ စတင် တည်ထောင်ချိန်မှစ၍ နှစ်ပေါင်းများစွာ မကျေနပ်ခဲ့ပေ။
အကယ်၍ ဤဂိုဏ်းကြီးသုံးဂိုဏ်းသာ ဗုံးပစ်စီနီယာအင်မော်တယ်၏ ဂိုဏ်းသစ် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးနှင့် လက်တွဲသွားပြီး ပဉ္စမတန်းစား အောက်ရှိ အခြားသော ကောင်းကင်အဆင့်ဂိုဏ်းများကို စည်းရုံးခဲ့မည်ဆိုလျှင် သူတို့ ကောင်းကင်အလင်း မဟာမိတ်အဖွဲ့အတွက် ခြိမ်းခြောက်မှုကြီး ဖြစ်လာပေလိမ့်မည်။
ဤသည်က မြို့ပတ်ပတ်လည်မှ ရွာတွေကို အရင်သိမ်းသည့် အလွန်ပြောင်မြောက်သော ဗျူဟာ ဖြစ်သည်။
သို့သော် ကောင်းကင်အဆင့် ဂိုဏ်းသုံးဂိုဏ်းသည် ပြဿနာမဖြစ်စေရန် သို့မဟုတ် အငြင်းပွားမှုကို မဖြစ်စေလိုသောကြောင့် ယခုအချိန်အထိ လုပ်ဆောင်ခြင်း မရှိသေးပေ။
ဂိုဏ်းတစ်ခုက ထိပ်ဆုံးသို့ရောက်သည်နှင့် ဂိုဏ်း၏ ပုံရိပ်နှင့် ဂုဏ်သတင်းသည် မကြာခဏဆိုသလို အာရုံစိုက်ခံရမည် ဖြစ်၏။
ပြဿနာကို လက်ဦးအောင်လုပ်ဆောင်သောအဖွဲ့သည် ကဲ့ရဲ့ရှုံချခြင်း၏ အာရုံ ဖြစ်လာပေမည်။
တက်ရောက်လာသော ဂိုဏ်းခေါင်းဆောင်များထဲမှ တစ်ဦးက အံ့သြသွားခဲ့သည်။
"မဟာဗျူဟာလှည့်ဖြားမှုရုံးနဲ့ ပတ်သက်ပြီး ငါတို့ တကယ်ပဲ ဘာမှမလုပ်နိုင်တော့ဘူးလား"
“ဒီအချိန်မှာ တခြားနည်းလမ်း မရှိဘူး”
လုယိုမင်က ခေါင်းခါယမ်းလိုက်သည်။
“အခြေအနေ အတိအကျကို ရှင်းရှင်းလင်းလင်း မသိရသေးခင်မှာ ပေါ့ပေါ့ဆဆ လုပ်လို့မဖြစ်ဘူး”
"ဥက္ကဌလု.. ဒီအတွက်စိတ်မပူပါနဲ့"
ထိုအချိန်တွင် ဂိုဏ်းခေါင်းဆောင်တစ်ဦးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုဂိုဏ်းခေါင်းဆောင်၏ အမည်မှာ စွန်းဟန်ကျိမ် ဖြစ်ပြီး သူ၏ မုန်လာဥဘုရင်ဂိုဏ်းသည် မတူညီသော မိစ္ဆာအင်းဆက်များနှင့် စိတ်ဝိညာဥ်အင်းဆက်များကို လေ့လာရာတွင် အထူးပြုသောဂိုဏ်း ဖြစ်သည်။
အင်းဆက်များကို အခြောက်လှမ်းကာ ဆေးဝါးအဖြစ် ရောစပ်ခြင်းလုပ်ငန်းကြောင့် ၎င်း၏အရှိန်အဟုန်သည် ဤနှစ်များတစ်လျှောက်တွင် အတော်လေး ကောင်းမွန်ခဲ့ပြီး လွန်ခဲ့သောနှစ်များစွာကတည်းကပင် ကောင်းကင်အဆင့် ပဉ္စမတန်းစား အဆင့်သို့ တက်လှမ်းကာ ကောင်းကင်အလင်း မဟာမိတ်အဖွဲ့သို့ ဝင်ရောက်နိုင်စေခဲ့သည်။
"ဂိုဏ်းခေါင်းဆောင်စွန်း.. မင်းမှာ အကြံကောင်း ရှိလို့လား"
မနေ့ညကပင် ဂိုဏ်းခေါင်းဆောင်စွန်းသည် သူတို့အား စောင့်မကြည့်ရန် အကြံပြုခဲ့သော်လည်း ယနေ့တွင် သဘောထား ရုတ်တရက် ပြောင်းလဲသွားသည်ကို လုယိုမင် သတိပြုမိလိုက်သည်။
ဤသည်က တစ်ယောက်တစ်ယောက်၏ လမ်းညွှန်မှုကို ရယူထားမှန်း ထင်ရှားနေ၏။
ဂိုဏ်းခေါင်းဆောင်စွန်းက ပြုံးလိုက်သည်။
"မနေ့ကပဲ စီနီယာတစ်ယောက်က ကောင်းကင်အလင်းမဟာမိတ်အဖွဲ့ကို ကူညီဖို့အတွက် ငါ့ရဲ့ဂိုဏ်းကို ရုတ်တရက် ဆက်သွယ်ပြီး မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးခဲ့တယ်"
“သူက ကောင်းကင်အလင်း မဟာမိတ်အဖွဲ့ကို ကူညီချင်တာဆိုရင် မင်းကို ဘာလို့ ဆက်သွယ်တာလဲ.. ဥက္ကဌလုကို တိုက်ရိုက် ဆက်သွယ်သင့်တာ မဟုတ်လား"
တစ်စုံတစ်ယောက်က မေးလိုက်သည်။
"စကားဖြတ်မပြောပါနဲ့ ညီနောင်တို့.. ငါ့စကားကို ဆုံးအောင် နားထောင်ပေးပါ"
ဂိုဏ်းခေါင်းဆောင်စွန်းက မကျေမနပ်ဖြစ်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
“ဒီလိုပါ.. အဲဒီစီနီယာက ငါ့ကို ထူးခြားတဲ့နည်းလမ်းနဲ့ ဆက်သွယ်ခဲ့တယ်.. အဲဒီ စီနီယာက ငါတို့ မွေးထားတဲ့ ယင်ကောင်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ကို တိုက်ရိုက်အပိုင်စီးပြီး ငါလယ်ကွင်းထဲ စစ်ဆေးနေတဲ့အချိန်မှာ ငါနဲ့ စကားပြောဖို့ကြိုးစားခဲ့တယ်"
"သူက အင်းဆက်ကောင်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတာလား"
"ဟုတ်တယ်"
ဂိုဏ်းခေါင်းဆောင်စွန်းက ခေါင်းညိတ်လိုက်သည်။
“ဒီစီနီယာက သူ့ရဲ့ကိုယ်ပိုင်လက္ခဏာအမှန်ကို ဖုံးကွယ်ဖို့အတွက် အင်းဆက်ကောင်ရဲ့ ခန္ဓာကိုယ်ကနေ ကြားခံ ဆက်သွယ်တဲ့ မှော်စွမ်းရည်ကို အသုံးပြုခဲ့ပုံပဲ.. ဒီနေ့ အစည်းအဝေးမှာ သူ့ရဲ့ ရည်ရွယ်ချက်တွေကို ဥက္ကဌဆီ ရှင်းပြပေးပါ့မယ်”
[အင်းဆက်ကောင်ခန္ဓာကိုယ်ကို အပိုင်စီးလိုက်တယ်လား]
ဥက္ကဌလုက သူ့မျက်လုံးများကို မှိတ်ထားခဲ့သည်။
ကောင်းကင်အလင်း မဟာမိတ်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခံထားရသော ဥက္ကဌလုသည် သာမန်လူတစ်ဦးမဟုတ်ပေ။
သူ၏အမြင်၊ ထိုးထွင်းသိမြင်မှုနှင့် အဆက်အသွယ်များသည် လက်ရှိ လူအများစုထက် ပိုမိုကျယ်ပြန့်သည်။
သူသာ အရည်အချင်း မရှိလျှင် ဥက္ကဌ အဖြစ် ဂိုဏ်းခေါင်းဆောင်များကို ထိန်းကွပ်နိုင်မည် မဟုတ်ချေ။
"ဥက္ကဌလု တစ်ခုခု စဉ်းစားမိပြီလား"
တစ်စုံတစ်ယောက်က ဥက္ကဌလု၏ အမူအရာကို မြင်သောအခါ မေးမြန်းလိုက်၏။
“ဒါက စိတ်ဝိညာဥ် အင်းဆက်နည်းစနစ်ပဲ”
လုယိုမင်က လျင်မြန်စွာ ပြန်ဖြေလိုက်သည်။
“ဒါက အင်းဆက်တွေနဲ့ ပတ်သက်ပြီး ကျော်ကြားခဲ့တဲ့ လုံမျိုးနွယ်စုရဲ့ လျှို့ဝှက်နည်းစနစ် တစ်ခုပဲ.. ဒါပေမယ့် သမိုင်းမှတ်တမ်းတွေအရတော့ လုံမျိုးနွယ်စုက အကုသိုလ်ဝင်ပြီး မျိုးနွယ်စု တစ်စုလုံး သုတ်သင်ခံခဲ့ရတယ်.. လက်ရှိမှာ မျိုးနွယ်စုတစ်ခုလုံး မရှိတော့ဘူး"
"အဲဒီတုန်းက မျိုးနွယ်စုခေါင်းဆောင် လုံကျန်းနန်ကို ဖမ်းမိတဲ့အခါ သူက သူတို့ လုံမျိုးနွယ်စုရဲ့ ဇာတ်လမ်းအကျဉ်းကို ရေးနေတုန်းပဲ.. လုံကလန်ရဲ့ လုံချန် ဝတ္ထုဇာတ်လမ်းက စာဖတ်သူတွေကြားမှာ နာမည်ကြီးတယ်လေ"
ဥက္ကဌလု၏ ရှင်းပြမှုကြောင့် တက်ရောက်လာကြသော ဂိုဏ်းခေါင်းဆောင်များသည် နားလည် သဘောပေါက်လာခဲ့သည်။
ထိုခဏတွင် ဆံပင်ဖြူနှင့် ပါးသိုင်းမွှေးရှိသည့် အဘိုးအိုတစ်ဦး၏ မျက်လုံးများက တောက်ပလာသည်။
"ငါမှတ်မိပြီ.. ငါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လေလံပွဲတစ်ခုမှာ ပါဝင်ခဲ့ဖူးတယ်.. လုံမျိုးနွယ်စုခေါင်းဆောင် လုံကျန်းနန်ရဲ့ လုံကလန်စာမူကို သန်းချီတဲ့ စျေးနဲ့ ရောင်းချခဲ့ရတယ်.. ဘာလို့လဲဆိုတော့ ဝတ္ထုထဲမှာ စိတ်ဝိညာဥ် အင်းဆက်နည်းစနစ်ရဲ့ လျှို့ဝှက်ချက်ပါရှိတယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်ခဲ့လို့ပဲ"
"လုံမျိုးနွယ်စု သုတ်သင်ခံလိုက်ရတဲ့ အကြောင်းရင်းက လုံကျန်းနန် ဝတ္ထု အပ်ဒိတ်ပေးတာ နှေးကွေးလွန်းတာကြောင့်လို့လည်း ကောလဟလ ထွက်ခဲ့တယ်"
"ဒါပေမယ့် ဒီနေ့အထိတော့ အတည်မပြုနိုင်သေးပါဘူး.. အခုအချိန်မှာ စိတ်ဝိညာဥ်အင်းဆက်နည်းစနစ်က ကမ္ဘာမှာ ပြန်ပေါ်လာခဲ့တာဆိုတော့ ဒီစီနီယာက လုံမျိုးနွယ်စုနဲ့ ပတ်သက်နေမှာ သေချာသလောက်ပဲ"
အသေးစိတ် ခွဲခြမ်းစိတ်ဖြာပြီးနောက် လုယိုမင်က မုန်လာဥဘုရင် ဂိုဏ်းခေါင်းဆောင် စွန်းဟန်ကျိမ်ကို ကြည့်၍ ပြောလိုက်သည်။
"ဒီစီနီယာက ဘာတာဝန်ပေးလိုက်လဲ"
"သူလုပ်ခိုင်းတဲ့အရာက အရမ်းကိုရိုးရှင်းတယ်"
ဂိုဏ်းခေါင်းဆောင်စွန်း “မဟာဗျူဟာလှည့်ဖြားမှုရုံးကို စတင်တည်ထောင်တဲ့နေ့မှာ ငါတို့က အဲဒီ စီနီယာ ပြင်ဆင်ပေးထားတဲ့ တစ်ဆင့်ပို့ ခရစ်စတယ်တွေကို လျှို့ဝှက်တပ်ဆင်ဖို့ပဲ လိုအပ်တယ်.. ကျန်တာကိုတော့ သူ့ဘာသာ ဆက်လုပ်လိမ့်မယ်"
"ဒါ့အပြင် စာသင်ကျောင်း တစ်ကျောင်းကို ဖြိုခွင်းရာမှာ ငါတို့ မဟာမိတ်အဖွဲ့က ကူညီပေးရမယ်လို့ တောင်းဆိုထားတယ်"
"ဘယ်ကောလိပ်လဲ"
“ကောလိပ်မဟုတ်ဘူး.. အထက်တန်းကျောင်းပဲ”
"အထက်တန်းကျောင်းလား.. အဲဒီမှာတက်နေတာက အခြေခံ တည်ထောင်ခြင်း အဆင့် ကျောင်းသားတွေပဲ မဟုတ်လား”
"မကြာသေးမီက သတင်းတွေမှာ မကြာခဏဆိုသလို ပါဝင်ခဲ့တဲ့ အမှတ် 60 အထက်တန်းကျောင်းကို ဥက္ကဌလု ကြားဖူးမှာပေါ့"
"ငါကြားမိလိုက်တယ်"
“စီနီယာပြောတာ အဲဒီကျောင်းပဲ.. အခြေခံ တည်ထောင်ခြင်း အဆင့် ကျောင်းသားတွေကို အနိုင်ကျင့်ရတာက သူ့ဝါသနာပါလို့ အဲဒီစီနီယာက ပြောခဲ့တယ်"
“….........”
အပိုင်း(၈၀၇) ပြီး၏