← Chapters

မဟာဗျူဟာလှည့်ဖြားမှုရုံးက တကယ့်အစစ်အမှန်တွေကိုပဲ ပေးတယ်

Vol. 54 Ch. 809

မဟာဗျူဟာလှည့်ဖြားမှုရုံးက တကယ့်အစစ်အမှန်တွေကိုပဲ ပေးတယ်

Vol. 54 Ch. 809

ရေခဲလှိုဏ်ဂူထဲကျသွားသည့်နှယ် ပြင်းထန်သော အအေးဓာတ်သည် အရိုးအတွင်းမှ စိမ့်တက်လာပြီး ကျောကုန်းတစ်လျောက် အေးစက်သွားစေသည်။

ကောင်းကင်အဆင့် ဂိုဏ်းများ၏ ခေါင်းဆောင်အားလုံးသည် ထိုကဲ့သို့ ခံစားခဲ့ကြရသည်။

ကောင်းကင်အလင်း မဟာမိတ်အဖွဲ့မှ ဂိုဏ်းခေါင်းဆောင်များသည် ဤတစ်ကြိမ်တွင် စုစည်း၍ လာခဲ့ကြသည်။

သူတို့အားလုံး၏ ခွန်အားသည် ဟင်းလင်းပြင်မွမ်းမံခြင်းအဆင့်သာ ဖြစ်၏။

ထို့ကြောင့် ဟင်းလင်းပြင်မွမ်းမံခြင်းအဆင့် နှောင်းပိုင်း သို့မဟုတ် ခြေလှမ်းတစ်ဝက် ​ခြေသလုံးအိမ်တိုင် အင်မော်တယ် အဆင့်ဖြစ်သည့် ပါမောက္ခ ယန်ပမ်းချွမ်းက ဧည့်ကြို အဖွဲ့ ခေါင်းဆောင်အဖြစ် သူတို့ရှေ့တွင် ရပ်နေသည်ကို တွေ့လိုက်ရသောအခါ သိမ်ငယ်သလို ခံစားခဲ့ရသည်။

သူတို့လို ခမ်းနားသော ကောင်းကင်အဆင့် ဂိုဏ်းခေါင်းဆောင်များနှင့် ကျင့်ကြံခြင်း အဆင့် သိပ်မကွာသူက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးတွင် ဧည့်ကြိုခေါင်းဆောင် အဆင့်မျှသာ ဖြစ်နေသည်။

ယင်းကဲ့သို့ ပြင်းထန်သည့် ခြားနားချက်က သူတို့ကို စိတ်ပျက်စေခဲ့သည်။

လုယိုမင်က ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍ ချင့်ချိန် စဉ်းစားနေပြီ ဖြစ်သော်လည်း သူ့ဖုန်းကို ဖွင့်လိုက်သောအခါ ချက်ဂရုက အလွန်အသက်ဝင်ကြောင်း တွေ့လိုက်ရသည်။

မုန်လာဥဘုရင်ဂိုဏ်း၏ ခေါင်းဆောင် စွန်းဟန်ကျိမ်သည် ဂရုတွင် သူ၏ မကျေနပ်ချက်များကို ပထမဆုံး ထုတ်ဖော်သူ ဖြစ်သည်။

“ဂိုဏ်းအသစ်တစ်ခုအနေနဲ့ ဒီမဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးက ငါတို့ သက်တမ်းရင့် ဂိုဏ်းတွေအပေါ် လုံးလုံး နှိပ်ကွပ်နေသလိုပဲ"

ဤသည်မှာ ဗြောင်ကျကျ ဒေါသဖြစ်ခြင်းပင်။

"ဒီစစ်ဆင်ရေးကို အကောင်အထည်ဖော်ရမယ်.. အနည်းဆုံးတော့ ဒီမဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ အင်အားကို စမ်းသပ်ရမယ်"

"ငါသဘောတူတယ်"

ထို့နောက်တွင် အခြားဂိုဏ်းခေါင်းဆောင်များသည် သူ့စကားကို တညီတညွတ်တည်း ထောက်ခံလိုက်ကြသည်။

“စစ်ဆင်ရေးကို ဆက်လုပ်တာက ငါတို့ အတွက် ဘာမှ ဆုံးရှုံးမှာ မရှိဘူး.. ဖွင့်ပွဲအခမ်းအနားက တစ်ကြိမ်သာ ကျင်းပတာဆိုတော့ အခွင့်အရေးကတစ်ကြိမ်ပဲရှိတယ်.. ဒီမဟာသေမင်းတမန် စီနီယာ ဘယ်လို ကိုင်တွယ်မလဲဆိုတာ ကြည့်ချင်သေးတယ်”

လုယိုမင်က မစ်ရှင်ကို ရှေ့ဆက်ရမလာ တွေးတောနေချိန်တွင် ချက်ဂရု အတွင်း စိတ်အားထက်သန်မှုများ မြင့်တက်နေပြီ ဖြစ်သည်။

လုယိုမင်က ဖုန်းစခရင်ကို စိုက်ကြည့်နေသည်။

ဤအခြေအနေထိ ရောက်နေပြီဖြစ်၍ နောင်တရရန် အလွန်နောက်ကျနေပြီမှာ ထင်ရှား၏။

ပါမောက္ခယန်က ဘတ်စ်ကားအတွင်းမှ လုယိုမင်၏ အမူအရာကို သတိပြုမိပြီး ပြုံးလိုက်သည်။

"ဂိုဏ်းခေါင်းဆောင်လု...မင်းကိုကြည့်ရတာ သိပ်မလန်းဆန်းတဲ့ပုံပဲ...မနေ့ညက အိပ်ရေးမဝခဲ့လို့လား"

"ဟားဟားဟား.. မနေ့ညက အသက်ရှုလေ့ကျင့်ခန်းလုပ်ရင်း ရင်ဘတ်နည်းနည်း အောင့်နေလို့ပါ"

ဥက္ကဌလုက တွေ့ကရာ ဆင်ခြေပေးလိုက်ပြီး တတ်နိုင်သမျှ သံသယဝင် မခံရစေရန် ကြိုးစားခဲ့သည်။

တကယ်တမ်းတွင် လုယိုမင်တို့အဖွဲ့၏ လှုပ်ရှားမှုအားလုံးကို မဟာဗျူဟာ လှည့်ဖြားမှုအထွေထွေရုံးက ထိန်းချုပ်ထားခဲ့သည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ဂိုဏ်းဖွဲ့စည်းပုံသည် အခြားဂိုဏ်းများ ထင်ထားသည်ထက် ပိုမိုပြည့်စုံသည်။

ဂိုဏ်း၏အဓိကဌာနခုနစ်ခုဖြစ်သည့် ကြီးကြပ်ရေးနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့၊ ဆေးအဖွဲ့၊ မှော်ရတနာအဖွဲ့၊ စိတ်ဝိညာဥ်သားရဲအဖွဲ့၊ ကြေးစားလူမိုက် အဖွဲ့နှင့် အပန်းဖြေအဖွဲ့တို့အပြင် တရားဝင် ဝဘ်ဆိုက်တွင် မဖော်ပြထားသည့် အခြားလျှို့ဝှက် အဖွဲ့များစွာလည်း ရှိသေးသည်။

အဘယ်ကြောင့်ဆိုသော် အလင်းအင်အားစုများ၏ တရားဝင်ဝဘ်ဆိုဒ်သည် ဂိုဏ်းတစ်ဂိုဏ်းအတွက် အနည်းဆုံး ပင်မဌာနခြောက်ခုကို ညွှန်ပြရန်သာ လိုအပ်သောကြောင့် ဖြစ်သည်။

ဗုံးပစ်စီနီယာ အင်မော်တယ်က အဓိကဌာန ခုနစ်ခုအတွက် အတိုချုံး နိဒါန်းများနှင့် ခြုံငုံသုံးသပ်ချက်များကိုသာ ရေးသားထားသောကြောင့် ဤအရာသည် အရာအားလုံး မဟုတ်ဟု လူအများက ယူဆခဲ့ကြသည်။

အထက်ဖော်ပြပါ အဓိကဌာန ခုနစ်ခုအပြင် ကင်းလှည့်နှင့် လမ်းညွှန်အဖွဲ့၊ ထောက်လှမ်းရေးအဖွဲ့၊ သိပ္ပံသုတေသနအဖွဲ့၊ အမြန်ချောပို့အဖွဲ့ နှင့် ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့တို့ ကဲ့သို့ တရားဝင် ဖော်ပြထားခြင်း မရှိသော အခြားဌာနများလည်း ရှိသေးသည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးသည် ယနေ့ခေတ်တွင် ပါဝင်ပတ်သက်နေသည့် နယ်ပယ် အားလုံးကို စုစည်းထားသော ကြီးမားသော ဂိုဏ်းတစ်ခု ဖြစ်သည်။

ဂိုဏ်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုကို ကောင်းကင်အဆင့် ပထမတန်းစားဂိုဏ်း အဆင့်သို့ ဦးတည်ထား၏။

ဤသည်မှာ ဂိုဏ်းခေါင်းဆောင် ဖြစ်သည့် ဗုံးပစ်စီနီယာ အင်မော်တယ်၏ အစီအစဉ်ဖြစ်ပြီး အချိန်အတော်ကြာကတည်းက ရည်ရွယ်ထားသော အစီအမံများလည်း ဖြစ်သည်။

တရားဝင် ကျောထောက်နောက်ခံ မပါဘဲ ဤကဲ့သို့ မြင့်မားသည့် ဆန္ဒကို ဖြည့်ဆည်းဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

ဤသည်မှာ ပါမောက္ခယန်က အလည်အပတ်အရာရှိအဖြစ်လည်းကောင်း၊ မဟာဗျူဟာလှည့်ဖြားမှုအထွေထွေရုံး၏ အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း သဘောတူညီခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။

ကြိမ်ဖန်များစွာ သေသေချာချာ တွေးနေသရွေ့ ဂိုဏ်း၏ ရည်ရွက်ချက်ကို ခန့်မှန်းနိုင်မည် ဖြစ်၏။

လုယိုမင်က တွေးခေါ်တတ်သူဖြစ်၍ ယန်ပမ်းချွမ်းကို မြင်လိုက်သည့်အခိုက်တွင် တစ်စုံတစ်ရာ မူမမှန်သည်ကို သိလိုက်သော်လည်း လက်ရှိအခြေအနေမှာ သူ့ထိန်းချုပ်မှုထက် ကျော်လွန်နေပြီ ဖြစ်သည်။

မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ထောက်လှမ်းရေးအဖွဲ့သည် လုယိုမင်တို့အဖွဲ့က တစ်ခုခုကို စတင်တော့မည်ကို သဘာဝကျကျ သိရှိခဲ့သည်။

မကြာသေးမီက ဗုံးပစ်စီနီယာ အင်မော်တယ်သည် အားမိုင်နှင့်လက်တွဲ၍ စုန့်ဟိုင်မြို့ရှိ မြေအောက် ထောက်လှမ်းရေးအဖွဲ့ မော့အင်မော်တယ် ရဲတိုက်ကို လျှို့ဝှက်တိုက်ခိုက်မှု ပြုလုပ်ခဲ့၏။

ယခုအခါတွင် မော့အင်မော်တယ် ရဲတိုက်သည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

၎င်းတို့၏ ပိုင်ဆိုင်မှု ကိုးဆယ်ရာခိုင်နှုန်းကို ဟွာရှို့မဟာမိတ်က သိမ်းဆည်းခဲ့ပြီး ကျန်ဆယ်ရာခိုင်နှုန်းကို မိတ်ဖက်အဖွဲ့အစည်းတစ်ခု အတွက် ကနဦးရန်ပုံငွေအဖြစ် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးက ရရှိခဲ့သည်။

အားမိုင်က ဗိုလ်ချုပ်ဆယ်ပါး၏ ကိုယ်စားလှယ် ဖြစ်သောကြောင့် ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီတို့သည် တခြား ရွေးချယ်စရာ မရှိတော့ပေ။

သူတို့သာ အစွမ်းကုန် ခုခံပါက အရာအားလုံး ဖျက်ဆီးခံရပြီး မာကျောက်ကစားရန် ထောင်ထဲသို့ ပို့ခံရမည် ဖြစ်သည်။

လက်ရှိတွင် ထောက်လှမ်းရေးအဖွဲ့ကို အဖွဲ့ခေါင်းဆောင် အဖြစ် ချင်လန်က စီမံခန့်ခွဲလျက် ရှိသည်။

သားရဲဘုရင်ကြီး ဂိမ်းကမ္ဘာမှ နိုးထလာပြီးနောက်တွင် ချင်လန်သည် ကမ္ဘာအနှံ့သို့ ခရီးသွားရန် စီစဉ်ခဲ့သည်။

ချင်လန်၏နည်းလမ်းသည် သတင်းအချက်အလက်များကို ရှာဖွေရန် သစ်ပင်အမြစ်များကို လေထဲသို့ လွှတ်တင်ခြင်း ဖြစ်သည်။

ချင်လန်က ထောက်လှမ်းရေးဌာနအတွက် အလွန်ကောင်းမွန်သော အခြေခံအုတ်မြစ် ဖြစ်သည်။

ချင်လန်၏ ကွပ်ကဲမှုဖြင့် ရဲတိုက်သခင်နှင့် ရဲတိုက်လေဒီတို့သည် ထောက်လှမ်းရေးအဖွဲ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီး ရူးသွပ်စွာပြုမူဝံ့ခြင်း မရှိပေ။

“ဂိုဏ်းခေါင်းဆောင်လု ဘတ်စ်ကားပေါ်ကနေ အခုမြင်နေရတာတွေက မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ အပေါ်ယံလေးပဲ ရှိပါသေးတယ်”

ပါမောက္ခယန်က ညင်သာစွာ ပြောလိုက်သည်။

လုယိုမင် ခေါင်းညိတ်လိုက်သည်။

“မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးရဲ့ ခမ်းနားမှုက တကယ်ကို မကြုံစဖူးပါပဲ.. ငါတကယ် အံ့သြမိပါတယ်”

ပါမောက္ခယန်၏ စကားများသည် သတိပေးချက်တစ်ခုဖြစ်သည်။

အတွေ့အကြုံရင့်သူ တစ်ဦးအနေဖြင့် လုယိုမင်က ကောင်းစွာ နားလည်၏။

သို့သော် ပါမောက္ခယန်က အရာအားလုံးကို တိုက်ရိုက် မဖော်ပြခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးသည် ပြဿနာ တစ်သီတစ်တန်းကြီး ဖြစ်မည်ကို လုံးဝ မကြောက်ရွံ့သောကြောင့် ဖြစ်သည်။

ဘက်စ်ကားက မြင်ကွင်းကျယ်ကြီး တစ်ခုကို ဖြတ်သွားစဥ် ပါမောက္ခယန်က ရှင်းပြလိုက်သည်။

“အခုမြင်နေရတာက ငါတို့ မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ ကောင်းကင်တာအို ဘရိုကိုလီ စိုက်ခင်းတွေပဲ ဖြစ်တယ်.. ဒီစိုက်ခင်းက လက်ရှိ ဟွာရှို့နိုင်ငံမှာ ​မြေဆီလွှာအကောင်းဆုံးပဲ"

"ငါတို့ဂိုဏ်းက ထုတ်လုပ်တဲ့ ကောင်းကင်တာအို ဘရိုကိုလီက အနာဂတ်မှာ ဈေးကွက်ကို ရောက်ရှိမှာဖြစ်ပြီး မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးရဲ့ အမှတ်တံဆိပ်နဲ့အတူ စူပါမားကတ်တွေအပြင် အစားအသောက် ဈေးကွက်တွေမှာလည်း ရောင်းချမှာ ဖြစ်တယ်"

"ကောင်းကင်တာအို ဘရိုကိုလီက သာမန်ဘရိုကိုလီနဲ့ မတူဘူးလား"

ဂိုဏ်းခေါင်းဆောင် တော်တော်များများက ထူးဆန်းသလို ခံစားနေရသည်။

"ငါတို့ ဂိုဏ်းက စိုက်ပျိုးတဲ့ ကောင်းကင်တာအို ဘရိုကိုလီက စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း အဆင့်အောက်မှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်မှာ စုပုံလာနိုင်တဲ့ အဆိပ်ပြဿနာကို သက်သာစေနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားတယ်.. ရိုးရိုးရှင်းရှင်းပြောရရင် ဒါက ဝမ်းနုတ်ဆေး တစ်မျိုးပါပဲ"

“............…”

“ဒါ့အပြင် ရေရှည်စားသုံးမယ်ဆိုရင် လူတစ်ယောက်ရဲ့ သက်တမ်းကို တိုးစေနိုင်တယ်.. ငါတို့ခေါင်းဆောင်က ဖွင့်ပွဲအခမ်းအနားမှာ ကောင်းကင်တာအို ဘရိုကိုလီကို ကိုယ်တိုင်ကိုယ်ကျ စားပြပါလိမ့်မယ်"

ပါမောက္ခယန်က ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် တစ်စုံတစ်ယောက်က ရုတ်တရတ် လှောင်ပြောင်လိုက်သည်။

“ဒါက ဘယ်လောက်ကောင်းမလဲလို့ တွေးနေမိတယ်.. ဒီဘရိုကိုလီကို စားတာက ကောင်းကင်တာအိုကို နားလည်ဖို့ ကူညီပေးနိုင်မှာ မဟုတ်ရင်တော့ ဒါက ဘာမှလည်း မဟုတ်ပါဘူး”

“ဒါကတော့ မင်းတို့ စားသုံးတဲ့ ပမာဏအပေါ် မူတည်ပါလိမ့်မယ်.. ဘယ်သူသိလဲနိုင်မှာလဲ.. တကယ်ပဲ ကောင်းကင်တာအိုကို နားလည်ချင် နားလည်သွားမှာပေါ့"

ပါမောက္ခယန်က အရွှင်းဖောက်၍ ပြန်ဖြေလိုက်သည်။

"စိတ်ဝိညာဥ်အပင်များ မျိုးပွားခြင်းဆိုင်ရာ သမိုင်းကြောင်းကို ရေးသားတဲ့ ပါမောက္ခ ကျန်းရှောင်ဟွာကလည်း ငါတို့ မဟာဗျူဟာ လှည့်ဖြားမှုအထွေထွေရုံးရဲ့ စိတ်ဝိညာဉ်အပင် အဖွဲ့ခေါင်းဆောင် အဖြစ် ပူးပေါင်းခဲ့တယ်"

“…........”

ထိုစကားကိုကြားလျှင် ဂိုဏ်းခေါင်းဆောင်များ၏ လှောင်ပြောင်လိုသော အမူအရာများက အေးခဲသွားသည်။

[ကျန်းရှောင်ဟွာလည်း ပါတယ်လား]

ပါမောက္ခယန်“ပါမောက္ခကျန်းအတွက် အဆင့်တက်ဖို့ အခွင့်အလမ်း အရမ်းနည်းနေပေမယ့် ကောင်းကင်တာအို ဘရိုကိုလီကို စားသုံးနေမယ်ဆိုရင် ကောင်းကင်တာအိုကို သိပ်မကြာခင် ခံစားနိုင်မှာပါ.. ဒါကြောင့်လည်း ကောင်းကင်တာအို ဘရိုကိုလီလို့ခေါ်တာ ဖြစ်တယ်"

"ယနေ့ခေတ်မှာ အချက်အလက် အမှားအယွင်းတွေ ပေးတဲ့ ကြော်ငြာများစွာ ရှိနေပေမဲ့ ငါတို့ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးကတော့ တကယ့်အစစ်အမှန်တွေကိုပဲ ပေးမှာဖြစ်တယ်"

“…..........”

[မင်းတို့ ဂျင်းထည့်တာ မစ်ဂရန်း အလှမယ်ပြိုင်ပွဲလို များသွားပြီလို့ မထင်ဘူးလား]

အပိုင်း(၈၀၉) ပြီး၏

All Chapters