မဟာဗျူဟာလှည့်ဖြားမှုရုံး၏ အကာအကွယ်အတားအဆီး
Vol. 54 Ch. 810
ရှုခင်းကြည့်ရင်း ဘတ်စ်ကားသည် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ မြောက်ဘက်ရင်ပြင်သို့ မရောက်မီ အချိန်အတော်ပင် ကြာခဲ့သည်။
ဤရင်ပြင်သည် မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ ဂိုဏ်းတပည့်များ အားလုံး နံနက်ခင်းလေ့ကျင့်ခန်းလုပ်သည့်နေရာ ဖြစ်သည်။
ရင်ပြင်က အလွန်ပင် ကျယ်ဝန်းပြီး ကြီးကျယ်ခမ်းနားလှသည်။
အရေးအကြီးဆုံးအချက်မှာ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးတွင် ထို့ကဲ့သို့ ရင်ပြင် သုံးခု ရှိနေခြင်းပင်။
လုယိုမင် နှင့် အခြားဂိုဏ်းခေါင်းဆောင်များ အားလုံးသည် တစ်ယောက်ပြီး တစ်ယောက် မနာလိုသော ခံစားချက်များ ဖြစ်ပေါ်လာသည်။
ဤဂိုဏ်းက ချမ်းသာကြွယ်ဝမှုကို ပြောင်ပြောင်တင်းတင်း ကြွားလုံးထုတ်နေသည် မဟုတ်ပါလား။
မနာလိုခြင်းသည် အမှန်တကယ်ပင် ကြောက်စရာကောင်းသောအရာဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်ကြီးများပင် မလွတ်မြောက်နိုင်ပေ။
ကျင့်ကြံသူများသည် ၎င်းတို့၏ ခန္ဓာကိုယ်မှ အဆိပ်အတောက်များနှင့် အညစ်အကြေးများကို ကျင့်ကြံခြင်းဖြင့် ဖယ်ရှားနိုင်သည့်အပြင် ၎င်းတို့၏ စိတ်ဝိညာဉ်များကိုပါ သန့်စင်စေနိုင်သော်လည်း နှလုံးသားထဲမှ စိတ်ခံစားမှုများနှင့် ဆန္ဒများကိုမူ လုံးလုံးလျားလျား မပယ်သတ်နိုင်ပေ။
တစ်နည်းအားဖြင့် စိတ်ခံစားမှုနှင့် ဆန္ဒအားလုံးကို စွန့်လွှတ်နိုင်သူတစ်ဦးသည် လူသားတစ်ဦးအနေဖြင့် မိမိ၏ ဝိညာဉ်ကို ဆုံးရှုံးရပေလိမ့်မည်။
ဂိုဏ်းခေါင်းဆောင်များကို မြောက်ပိုင်းရင်ပြင်သို့ ခေါ်ဆောင်ပြီးနောက် ပါမောက္ခယန်သည် အချိန်ကိုကြည့်ရှုလိုက်သည်။
“ဖွင့်ပွဲအခမ်းအနားကျင်းပဖို့က နာရီဝက် လိုပါသေးတယ်.. ကျန်တဲ့လူတွေအားလုံးက လမ်းမှာရှိနေတုန်းပဲ.. ခေါင်းဆောင်တို့က မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးရဲ့ VIP ဧည့်သည်တွေ ဖြစ်တာကြောင့် ဘတ်စ်ကားက VIP လမ်းကြောင်းကနေ မောင်းလာခဲ့တာပဲ"
"ရင်ပြင်ဘေးမှာရှိတဲ့ ပျဉ်ထောင်အိမ်က အချိုရည်နှင့် မုန့်တွေသုံးဆောင်လို့ရတဲ့ ဧည့်လက်ဖက်ရည်ဆိုင် ဖြစ်တယ်.. ဂိုဏ်းခေါင်းဆောင်များ ကျေးဇူးပြုပြီး အနားယူနိုင်ပါတယ်"
"ကောင်းပါပြီ ကျေးဇူးအများကြီးတင်ပါတယ် ပါမောက္ခယန်"
လုယိုမင်က ခေါင်းညိတ်လိုက်သည်။
ပါမောက္ခယန်က သူပြောနေစဥ်အချိန်တွင် ဂိုဏ်းခေါင်းဆောင်အချို့ ပျောက်ကွယ်သွားသည်ကို သတိပြုမိခဲ့သည်။
"ဟက် သူတို့က အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ သွားနေတာ ဖြစ်နိုင်တယ်"
သို့သော် ပါမောက္ခယန်က သတိပေးခြင်း သို့မဟုတ် မေးခွန်းများပင် မမေးဘဲ မသိချင်ယောင်သာ ဆောင်လိုက်သည်။
ယင်းက လုယိုမင်ကို ပို၍ စိတ်မသက်မသာဖြစ်စေသော အပြုအမူ ဖြစ်သည်။
အကြောင်းရင်းမှာ အရာအားလုံးက ချောမွေ့လွန်းနေတာကြောင့်ပင်။
ဤလမ်းခရီးတွင် လုယိုမင်သည် ပါမောက္ခယန်၏ အသုံးအနှုန်းများကြောင့် တစ်စုံတစ်ရာ မှားယွင်းနေပြီဟု ခံစားမိနေပြီ ဖြစ်သည်။
တစ်ဖက်လူက သူတို့၏ မစ်ရှင်အကြောင်း သိထားပြီးသားဟု ခံစားခံရသည်။
လုယိုမင်က မြောက်ဘက်ရင်ပြင်အစွန်းရှိ ဧည့်လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ ပြတင်းပေါက်ကို ငေးကြည့်ရင်း ဂနာမငြိမ် ဖြစ်နေသည်။
ထိုအချိန်တွင် ကောင်းကင်အလင်း မဟာမိတ်အဖွဲ့ ချက်ဂရုတွင် မက်ဆေ့ခ်ျအသစ် တစ်ခု ထွက်ပေါ်လာသည်။
"တစ်ဆင့်ပို့ ခရစ်စတယ်တွေ အားလုံးကို နေရာတကျ ထားပြီးပြီ"
ဂိုဏ်းခေါင်းဆောင်စွန်းက အခြားဂိုဏ်းခေါင်းဆောင် လေးဦးနှင့်အတူ တစ်ဆင့်ပို့ ခရစ်စတယ်များကို သတ်မှတ်ထားသည့် နေရာများတွင် ချထားခဲ့သည်။
စွန်းဟန်ကျိမ် "ဥက္ကဌလု.. တစ်ဆင့်ပို့ ခရစ်စတယ်တွေကို တပ်ဆင်ပြီးပါပြီ"
“အဲဒါက တည်နေရာ ရွှေ့ပြောင်းတဲ့ အစီအရင် အမျိုးအစားနဲ့ နည်းနည်းဆင်တူသလိုပဲ"
ဂိုဏ်းခေါင်းဆောင်အချို့သည် အဖွဲ့ထဲတွင် စတင် တွေးခေါ်ခဲ့ကြသည်။
ဖန်သားပြင်၏ အခြားတစ်ဖက်မှ လုယိုမင်သည် သူတို့၏ စိတ်လှုပ်ရှားမှုကို ခံစားနိုင်ခဲ့သည်။
"မင်းတို့တွေ နည်းနည်းလေးမှ အချိန်မဖြုန်းဘဲ အမြန်ဆုံး ပြန်လာခဲ့ကြ"
လုယိုမင် ဘာမှ ထပ်မပြောတော့ပေ။
တစ်ဆင့်ပို့ ခရစ်စတယ် တပ်ဆင်ထားသည့် နေရာသည် မြောက်ဘက်ရင်ပြင် နှင့် သိပ်မဝေးလှပေ။
"ဟားဟား.. ဥက္ကဌလု မင်းကြောက်လို့လား"
စွန်းဟန်ကျိမ်က ရယ်လိုက်သည်။
“စိတ်မပူပါနဲ့ ငါတို့က မမြင်နိုင်တဲ့အစီအရင်ကို အသုံးပြုထားတဲ့အတွက် ငါတို့ကို ဘယ်သူမှမြင်နိုင်မှာမဟုတ်ဘူး.. အစောပိုင်းက ခရစ်စတယ်ကို နေရာချနေတဲ့အချိန်မှာ ငါ့ဘေးနားကနေ မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံးရဲ့ ဂိုဏ်းဝင်အချို့ ဖြတ်သွားကြပေမဲ့ ငါ့ကို သတိမထားမိခဲ့ဘူး”
လုယိုမင် သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဒီကိစ္စကို သဘောတူရတဲ့ အကြောင်းရင်းက အခြေခံအားဖြင့် စွန့်စားရမှုမျိုး မရှိလို့ပဲ.. ဘာပဲဖြစ်ဖြစ် သတိဝီရိယတော့ရှိကြ.. အတင့်ရဲလွန်းတာက ဘာမှကောင်းတာမဟုတ်ဘူး”
"ဟားဟား.. ဥက္ကဌလု မင်းသတိအရမ်းကြီးတာပဲ.. ကောင်းပါပြီ.. ငါတို့ အခုချက်ချင်းပဲ ပြန်လာခဲ့မယ်"
ဂိုဏ်းခေါင်းဆောင်စွန်းက ပြောလိုက်သည်။
ဤဂိုဏ်းခေါင်းဆောင်စွန်းက အခြေအနေမည်မျှ အန္တရာယ်ရှိသည်ကို လုံးဝ မသိရှိခဲ့ပေ။
ဥက္ကဌလုက ဧည့်လက်ဖက်ရည်ဆိုင်မှာ စောင့်နေစဥ် ပါမောက္ခယန်က ပြုံးရွှင်စွာဖြင့် ပိုးအိတ်တစ်လုံးနဲ့ အတူ ဝင်လာသည်။
"ဂိုဏ်းခေါင်းဆောင်လု.. ငါမင်းကို စောစောကပေးဖို့ မေ့သွားခဲ့တယ်"
လုယိုမင် "ဒီပိုးအိတ်က.."
ပါမောက္ခယန် “ဒီထဲမှာ ငါတို့ဂိုဏ်းကို လာလည်ကြတဲ့ ဧည့်သည်တွေ အားလုံးအတွက် လက်ဆောင်တွေရှိတယ်.. အတိအကျပြောရရင် ကျောက်စိမ်းတုံး ၁၇ခုပဲ.. ဂိုဏ်းခေါင်းဆောင်လုကပဲ သူတို့ကို ပြန်လွှဲပေးလိုက်ပါ”
လုယိုမင်၏ နဖူးတွင် ချွေးများ ထွက်လာသည်။
“ကျေးဇူးအများကြီးတင်ပါတယ် ပါမောက္ခယန်.. ဒါပေမယ့် ဒီကျောက်စိမ်းတွေက သာမန် အဆင်တန်ဆာ တစ်ခုတော့ မဟုတ်ဘူးမလား”
"အင်း"
ပါမောက္ခယန် ခေါင်းညိတ်လိုက်သည်။
“ဒီကျောက်စိမ်းမှာ သေးငယ်တဲ့ ဝိညာဉ်စုဆောင်းခြင်း အစီအရင် တစ်ခု ပါ၀င်တာကြောင့် ဝတ်ထားလို့ရှိရင် သတ်မှတ်ထားတဲ့ ဝိညာဉ်စွမ်းအင်ကို စုဆောင်းနိုင်ပါတယ်.. ဒါ့အပြင် ဒီကျောက်စိမ်းတုံးက ငါတို့ရဲ့ VIP ဧည့်သည်တွေ အတွက် ID တံဆိပ်လည်း ဖြစ်တယ်.. ငါတို့က ဂိုဏ်းရဲ့ အကာအကွယ် အတားအဆီးကို လွန်ခဲ့တဲ့ ဆယ်မိနစ်က စတင် လည်ပတ်ခဲ့ပေမဲ့ ဒီကျောက်စိမ်းတုံးကို ဆောင်ထားသရွေ့တော့ ကန့်သတ်ချက်အချို့ကို ကျော်ဖြတ်နိုင်မှာ ဖြစ်တယ်"
"ကန့်သတ်ချက်အချို့ ဟုတ်လား"
“ဂိုဏ်းကြီးတွေ အားလုံးမှာ အခြေခံအားဖြင့် အကာအကွယ် အတားအဆီးတွေ ရှိတယ် မဟုတ်လား.. တချို့ဂိုဏ်းတွေမှာဆိုရင် ပျံသန်းခွင့်နဲ့ မှော်စွမ်းရည် အသုံးပြုတာတွေကို တားမြစ်ကြလေ့ ရှိတယ်.. ဂိုဏ်းခေါင်းဆောင်လုတို့ ဂိုဏ်းမှာလည်း ရှိမှာပါ"
"အင်း ရှိိပါတယ်"
လုယိုမင် ချွေးများ အတားအဆီးမဲ့စွာ ထွက်လာသည်။
သူသည် လက်ဖက်ရည်ဆိုင် ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသော်လည်း မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံး၏ အကာအကွယ် အတားအဆီးကို လုံးလုံးလျားလျား မတွေ့မိခဲ့ပေ။
သို့ဆိုလျှင် ဂိုဏ်း၏ အကာအကွယ် အတားအဆီးက မည်မျှပင် ထက်မြက်နေပါသနည်း။
ဥက္ကဌလုက မစ်ရှစ်နှင့် ပတ်သက်၍ အဆင်မပြေလောက်ဟု ခံစားမိလာသည်။
သူက ဂိုဏ်းခေါင်းဆောင် စွန်းတို့အဖွဲ့ကို အမြန်ပြန်လာရန် စာပို့၍ ထပ်မံ သတိပေးခါနီးတွင် ပါမောက္ခယန်က ဆက်ပြောလိုက်သည်။
"ဂိုဏ်းခေါင်းဆောင်လု.. ကျန်တဲ့ခေါင်းဆောင်တွေကို တတ်နိုင်သမျှ မြန်မြန် လွှဲပေးလိုက်ပါ.. ဂိုဏ်းရဲ့ အကာအကွယ် အတားအဆီးက အသက်ဝင်နေပြီ.. ဒီကျောက်စိမ်းကို မဆောင်ထားရင် ဂိုဏ်းအတွင်း ပျံသန်းမှုနဲ့ မှော်စွမ်းရည်တွေ ကန့်သတ်ခံရရုံသာမကဘူး.. ခေါင်းဆောင်တို့ ယူဆောင်လာတဲ့ အဆောင်လက်ဖွဲ့တွေတောင် အလုပ်ဖြစ်မှာ မဟုတ်ဘူး"
လုယိုမင် “…...........”
…............
အခြားတစ်ဖက်တွင် မြောက်ဘက်ရင်ပြင်နှင့် မဝေးသောတောင်ထိပ်၌ ဂိုဏ်းခေါင်းဆောင်စွန်းသည် အခြားသောဂိုဏ်းခေါင်းဆောင်လေးဦးနှင့်အတူ မစ်ရှင်ကိုဆောင်ရွက်ပြီးပြီ ဖြစ်သည်။
သို့သော်လည်း သူတို့က ထွက်ခွာရန် အလျင်လိုခြင်း မရှိခဲ့ပေ။
ဤခရစ်စတယ်များကို တပ်ဆင်ရန်က ငါးမိနစ်သာကြာခဲ့ပြီး ဖွင့်ပွဲအခမ်းအနားစတင်ရန်မှာ နှစ်ဆယ့်ငါးမိနစ် ကျန်ရှိနေသေး၏။
သူတို့ ဤနေရာကို စောစောက ဖြတ်သွားသည့်အခါ တောင်တစ်ဝက်လောက်တွင် သဘာဝရေပူစမ်းတစ်ခုကို မထင်မှတ်ပဲ တွေ့ရှိခဲ့သည်။
ဤရေပူစမ်းသည် လက်ရှိတွင် မဟာဗျူဟာ လှည့်ဖြားမှု အထွေထွေရုံး၏ ရေပူစမ်းအဖွဲ့ စီရင်ပိုင်ခွင့်အောက်တွင် ရှိနေသည်။
"ဒီမဟာဗျူဟာလှည့်ဖြားမှုရုံးက တကယ်ကို ကြွယ်ဝတာပဲ"
ဂိုဏ်းခေါင်းဆောင်များအားလုံးက လွန်စွာ မနာလို ဖြစ်ခဲ့ကြသည်။
အကြောင်းရင်းမှာ မဟာဗျူဟာလှည့်ဖြားမှုရုံးတွင် ဤကဲ့သို့သော သဘာဝရေပူစမ်း ငါးဆယ်ကျော် ရှိသောကြောင့်ပင်။
ဤဂိုဏ်းက ထောက်ပံ့ရေးကွင်းဆက်အမျိုးမျိုးနှင့် ဂိုဏ်း၏ဖွံ့ဖြိုးတိုးတက်မှုအတွက် ကွဲပြားသောအရင်းအမြစ်များ ပေါများသည်။
မဟာဗျူဟာလှည့်ဖြားမှုရုံးသည် လက်ရှိတွင် နယ်ပယ် အားလုံးနီးပါးကို စုစည်းထား၍ နိဗ္ဗာန်ဘုံနှင့်ပင် ဆင်တူ၏။
မည်သူက ဤနေရာကိုမလာချင်ဘဲ နေမည်နည်း။
ခရစ်စတယ်များကို တပ်ဆင်ပြီးနောက် ဂိုဏ်းခေါင်းဆောင်စွန်းသည် ဥက္ကဌလုထံမှ အမြန်ပြန်လာရန် မှာကြားသော မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။
လေတဟူးဟူး တိုက်ခတ်နေသည့် ချောက်ကမ်းပါးစွန်းတွင် ရပ်နေသော စွန်းဟန်ကျိမ်သည် ခမ်းနားလှသော မဟာဗျူဟာလှည့်ဖြားမှု အထွေထွေရုံးကို အပေါ်စီးမှကြည့်ကာ စိတ်ထဲတွင် မနာလို ဖြစ်လာသည်။
“ဥက္ကဌလုက အမြန်ပြန်လာဖို့ တိုက်တွန်းနေပြီ.. ငါတို့ တောင်ပေါ်ကနေ ခုန်ချပြီး အမြန်ပြန်ကြရအောင်"
စွန်းဟန်ကျိမ်ထံမှ ရှည်လျားသော သက်ပြင်းရှိုက်သံ ထွက်လာခဲ့သည်။
“ကောင်းပြီ”
အခြားဂိုဏ်းခေါင်းဆောင်များက ခေါင်းညိတ်လိုက်သည်။
"ဒါဆို ဘယ်သူ အရင်စမလဲ"
စွန်းဟန်ကျိမ်က မေးလိုက်သည်။
သူတို့အားလုံးက အာကာပြင်မွမ်းမံခြင်း အဆင့်တွင် ရှိကြ၍ ဤနေရာမှ ချက်ချင်း ခုန်ချရန် စီစဉ်ခဲ့ကြသည်။
"အတူတူပဲ ခုန်ချကြရအောင်"
"ကောင်းပြီ"
ဂိုဏ်းခေါင်းဆောင်စွန်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် အားလုံးက ပြိုင်တူ ခုန်ချလိုက်ကြသည်။
သူတို့က မမြင်နိုင်သော အစီအရင်များကို အသုံးပြုထား၍ ချောက်ကမ်းပါးမှ ခုန်ချသည်ကို မည်သူမျှ မမြင်နိုင်ဟု တွေးထင်ခဲ့ကြသည်။
သို့သော် ဂိုဏ်း၏ အကာအကွယ် အတားအဆီး အသက်ဝင်နေပြီဆိုသည်ကို သူတို့ လုံးဝ မသိခဲ့ကြပေ။
သူတို့က ခုန်ဆင်းလာရင်း လက်ရှိ အခြေအနေနဲ့ ပတ်သတ်ပြီး တစ်စုံတစ်ရာ မူမမှန်သည်ကို သတိပြုမိခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ချောက်ကမ်းပါး အောက်ခြေတွင် အသံဖမ်းကိရိယာများကို ကိုင်ဆောင်ထားသည့် သတင်းထောက် အဖွဲ့တစ်ဖွဲ့ ရှိနေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။
ထိုသတင်းထောက်များက မြောက်ဘက်ရင်ပြင်သ်ု့ သွားရာလမ်းပေါ်တွင် ရှိနေကြ၏။
အပိုင်း(၈၁၀) ပြီး၏