← Chapters

အင်မော်တယ်အမှန်တရားခေါင်းလောင်းကို မေးမယ့်အစား ဧကရာဇ်ဓားကို မေးတာ ပိုကောင်းတယ်(ခ)

Vol. 78 Ch. 1201

အင်မော်တယ်အမှန်တရားခေါင်းလောင်းကို မေးမယ့်အစား ဧကရာဇ်ဓားကို မေးတာ ပိုကောင်းတယ်(ခ)

Vol. 78 Ch. 1201

ဤအခြေအနေသို့ ရောက်ရှိသွားသည့်အခါ ကျောင်းအုပ်ကြီးသည် အစွမ်းကုန် ထုတ်သုံးရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူက မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ပေါ်မှ လူသားဧကရာဇ်ထံသို့ ညွှန်ပြလိုက်ကာ စင်မြင့်အောက်မှ ကျောင်းတော်သားများကို ကြည့်လိုက်သည်။

“ ကျုပ်ကို ပြောပြပါ… ဘာလို့ လူသားဧကရာဇ်ရွှမ်ကျန်းကို လူသားဧကရာဇ်လို့ ခေါ်တာလဲ ”

“ အတိတ်မှာ ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေက မျိုးနွယ်စုအားလုံးကို အုပ်ချုပ်ခဲ့တယ်… ဒါပေမဲ့ ဘာလို့ သူ့ကို လူသားဧကရာဇ်လို့ ခေါ်ရတာလဲ ”

“ ဘာလို့လဲဆိုတော့ ကျုပ်တို့က လူသားတွေဖြစ်လို့ပဲ ”

“ အတိတ်မှာပဲဖြစ်ဖြစ် အနာဂတ်ပဲဖြစ်ဖြစ် ကျုပ်တို့အားလုံးက လူသားတွေပဲ… အဲ့ဒါက မျိုးနွယ်စုရဲ့ ဝိညာဉ်၊ အဲ့ဒါက အတွေးအမြင်၊ အဲ့ဒါက လူ့အဖွဲ့အစည်း၊ အဲ့ဒါက စိတ်ဆန္ဒ ပြီးတော့ အဲ့ဒါက အမွေအနှစ်လည်းဖြစ်တယ် ”

“ ကောင်းကင်ပေါ်က နတ်ဘုရာမျက်နှာပျက်ကြီးက ကျုပ်တို့လူသားမျိုးနွယ်ကို အဆုံးမဲ့တဲ့ ကပ်ဘေးတွေဖြစ်စေခဲ့တယ်… သူက ကျုပ်တို့လူသားအားလုံးရဲ့ ဘုံမဟာရန်သူတော်ကြီးပဲ… တကယ်လို့ ကျုပ်တို့က နတ်ဘုရားမျက်နှာပျက်ကြီးနဲ့ အပေးအယူလုပ်မယ်ဆိုရင် အတိတ်မှာ သန္ဓေပြောင်းလဲသွားပြီး သေဆုံးသွားခဲ့ကြတဲ့လူတွေကို ဘယ်လိုမျက်နှာပြနိုင်မှာလဲ ”

“ ဒီဟာက မှန်ကန်တဲ့ လမ်းစဉ်မဟုတ်ဘူး… ဒီဟာက သွေဖယ်နေတဲ့ လမ်းစဉ်ပဲ ”

သူ၏ အသံထဲမှာ နှလုံးသားထဲမှလာသော ခံပြင်းဒေါသဖြစ်မှုဖြင့် ပြည့်နှက်နေသည်။ သူ၏ စကားသံသည် အင်ပါယာအကယ်ဒမီတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ယင်းက အကယ်ဒမီထဲမှ ကျောင်းတော်သားများ၏ နှလုံးသားကိုလည်း လှိုင်းထသွားစေသည်။ အထူးသဖြင့် လူသားဧကရာဇ်နှင့်ပတ်သက်သော မေးခွန်းနှစ်ခုဖြစ်သည်။ ယင်းက သူတို့ကို ပိုပြီးလေးနက်စွာ တွေးတောသွားစေသည်။

အင်ပါယာအကယ်ဒမီတစ်ခုလုံး တိတ်ဆိတ်သွားသည်။

လူသားဧကရာဇ်သည် မျက်လုံးမှိတ်လိုက်သည်။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် မျက်နှာဖုံးအောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အကြည့်က မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးဆီသို့ ကျရောက်သွားသည်။ ယင်ကောင်ဟု အစက သူသတ်မှတ်ထားသော ထိုလူက ယခုကဲ့သို့ ရင်ဆိုင်ရခက်ခဲလိမ့်မည်ဟု သူမျှော်လင့်မထားပေ။

အချိန်အတော်ကြာပြီးနောက် ကျောင်းအုပ်ကြီးသည် တတိယခေါင်းစဉ်ကို ပြောသည်။

“ မှန်ကန်တဲ့ လမ်းစဉ်ဆိုတာ ဘာလဲ ”

ဤတစ်ကြိမ်တွင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ဘက်မှ ကျောင်းတော်သားတစ်ယောက်က စကားပြောရန် ပြင်လိုက်သည်။ သို့သော်လည်း နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးက လက်မြှောက်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မှန်ကန်တဲ့ လမ်းစဉ်ဆိုတာ တမူထူးခြားတဲ့ လမ်းစဉ်ဖြစ်ပြီး တရားမျှတမှုရှိတဲ့ လမ်းစဉ်ဖြစ်ရမယ် ”

“ ငါ့နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်က ကောင်းကင်နဲ့ မြေပြင်ရဲ့ အသိအမှတ်ပြုမှုကို ရရှိထားပြီး လူသားမျိုးနွယ်နဲ့ သင့်တော်တယ်… ငါတို့က နတ်ဘုရားအစိတ်အပိုင်းတွေနဲ့ ပေါင်းစပ်တယ်ဆိုပေမဲ့ မှန်ကန်တဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းတယ်… ဒါပေမဲ့ မင်းရဲ့ မူကွဲအင်မော်တယ်ကျောင်းတော်က ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်ဘူး… မင်းတို့က ကျင့်ကြံခြင်းအတွက် မျိုးနွယ်တူတွေရဲ့ ဝိညာဉ်ကို စုပ်ယူတယ်… ဒါက အားလုံးသိထားတဲ့ ကိစ္စပဲ ”

“ မင်းရဲ့ ပါးစပ်ကနေ လူသားမျိုးနွယ်နဲ့ မျိုးနွယ်စုရဲ့ ဝိညာဉ်အကြောင်း ခဏခဏ ပြောတယ်… ဒါပေမဲ့ တကယ်တမ်းတော့ မင်းက သူတော်ကောင်းယောင်ဆောင်ထားတဲ့ မိစ္ဆာဒိဌိပဲ ”

“ မူကွဲအင်မော်တယ်ကျောင်းတော်က မှန်ကန်တဲ့ လမ်းစဉ်မဟုတ်ဘူး ”

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးက ထိုစကားများကို တည်ငြိမ်သော လေသံဖြင့် ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယင်းက မူကွဲအင်မော်တယ်ကျောင်းတော်၏ အမှုကိစ္စနှင့် ပေါင်းစပ်သွားသည့်အခါ တမူထူးခြားသော အင်အားတစ်ခု ဖြစ်ပေါ်လာသည်။ ယင်းက မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးအပေါ် မြင့်မြင့်တွေးထားကြသော လူများကို စိတ်ယိမ်းယိုင်သွားစေသည်။

“ မိစ္ဆာဒိဌိတစ်ယောက်ရဲ့ ပါးစပ်ကနေ ထွက်ပေါ်လာတဲ့ စကားကို မှန်ကန်တယ်လို့ ယူဆနိုင်လို့လား ”

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ စကားသည် တကယ့်အရှိုက်ကို ထိမှန်သွားသည်။

အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားအားလုံးသည် ခေါင်းမော့လိုက်ကြပြီး မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးကို ကြည့်လိုက်ကြသည်။ အပြင်ဘက်မှ အင်အားစုအသီးသီးသည် တစ်ယောက်ပြီးတစ်ယောက် သက်ပြင်းချလိုက်ကြသည်။

မူကွဲအင်မော်တယ် တာအိုမျိုးစေ့အမှုကိစ္စသည် အတော်လေး ထင်ရှားသည်။ ယင်းက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ စကားများကို ထက်ရှသော ဓားများအဖြစ် ပြောင်းလဲသွားစေသည်။

မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် ပါးစပ်ဟလိုက်သည်။ သို့သော်လည်း မည်သို့ပြောရမည်မှန်း သူမသိပေ။

သူက ငြင်းဆန်ချင်သည်။ သို့သော်လည်း အဆုံးမှာ သူက နှုတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မူကွဲအင်မော်တယ် တာအိုမျိုးစေ့ကြောင့် ဖြစ်ပေါ်ခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ကျောင်းတော်ကို ခုခံကာကွယ်ရန် မည်သည့်သက်သေမှ သူ့ဆီမှာ မရှိသောကြောင့် ဖြစ်သည်။ အမှန်မှာ ကျောင်းတော်ချိပ်ပိတ်ခံထားရစဉ်အတွင်း သူ၏ နှလုံးသားသည် တူညီစွာ တုန်လှုပ်သွားခဲ့သည်။

တာအိုဆွေးနွေးပွဲက အပိုင်းနှစ်ပိုင်းသာ ကျင်းပရသေးသော်လည်း ဤအခိုက်အတန့်မှာ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးက မည်သည့်စကားပြောပါစေ မည်သူမှ သူ့ကို လက်ခံယုံကြည်လိမ့်မည် မဟုတ်ချေ။

လေထဲမှ ကျောင်းအုပ်ကြီးသည်လည်း စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်ကို ဖြတ်သန်းသွားသည်။ သူက စကားပြောတော့မည့်အချိန် အေးစက်စက် စကားသံသည် လူအုပ်ကြားထဲမှ ပဲ့တင်ထပ်လာသည်။

“ လူယုတ်မာတစ်ယောက်ရဲ့ စကားက ထုံးစံအားဖြင့် မှန်ကန်မှုမရှိဘူး… မမှန်ကန်တဲ့ နည်းလမ်းတွေကလည်းပဲ ကျောင်းတော်ကို နာမည်ပျက်စေတယ် ”

ရွှီချင်း၏ စကားသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။ လူတိုင်း၏ အံ့ဩသော အကြည့်အောက်မှာ သူက လေထဲသို့ လျှောက်သွားသည်။

သူ၏ ရုတ်တရက် ထွက်ပေါ်လာမှုသည် ဤနေရာမှ လူတိုင်း၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားရုံသာမက အပြင်ဘက်မှ အင်အားစုအသီးသီး၏ စိတ်ဝင်စားမှုကိုလည်း ဆွဲဆောင်သွားသည်။ မျက်လုံးမှိတ်ထားသော လူသားဧကရာဇ်သည်ပင် မျက်လုံးပြန်ဖွင့်လိုက်သည်။

မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများနှင့် အကြည့်များက သူ့အပေါ်သို့ ကျရောက်လာစဉ် ရွှီချင်းက မူကွဲအင်မော်တယ်တာအိုစင်မြင့်ပေါ်သို့ တစ်လှမ်းချင်း‌ လျှောက်သွားသည်။

မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးက ရွှီချင်းကို ကြည့်လိုက်စဉ် သူ၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူက အနည်းငယ် အံ့ဩသွားပြီး ဇဝေဇဝါဖြစ်သွားသည်။ ထုံးစံအားဖြင့် သူက ထိုတပည့်ကို သိသည်။ သို့သော်လည်း ယခုအချိန်မှာ တစ်ဖက်လူထံမှ မရင်းနှီးသော ခံစားမှုသည် ပိုပြီးပြင်းထန်လာသည်။

ရွှမ်လဲ့ဇီဟု အမည်ရသော ထိုတပည့်က ဤအခိုက်အတန့်မှာ ထွက်ပေါ်လာပြီး ထိုသို့စကားမျိုး ပြောလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ယင်းက သူ့ကို အနည်းငယ် အံ့ဩသွားစေသည်။

နောက်ဆုံးမှာတော့ သူ၏ အံ့ဩမှုက ကြီးမားသော မျှော်လင့်မှုသို့ ပြောင်းလဲသွားသည်။

မူကွဲအင်မော်တယ်ကျောင်းတော်၏ တာအိုစင်မြင့်ပေါ်တွင် မတ်တတ်ရပ်နေသော ရွှီချင်းသည်တော့ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ဆီသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူ၏ အကြည့်က လူတိုင်းကို ဖြတ်သန်းသွားပြီး နောက်ဆုံးမှာ သတ္တမမင်းသားပေါ်သို့ ကျရောက်သွားသည်။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် မျက်မှောင်ကြုတ်သွားသည်။ သူက ရွှီချင်းကို စိုက်ကြည့်လိုက်လေရာ ရင်းနှီးသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

သူ၏ ဘေးမှ သတ္တမမင်းသားသည်တော့ ရင်းနှီးသော အငွေ့အသက်ကို မခံစားမိသော်လည်း ပြင်းထန်သော အန္တရာယ်နိမိတ်ကို ခံစားမိသွားသည်။ ရွှီချင်း၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည့်အခါ အန္တရာယ်သတိပေးမှုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး သူ၏ စိတ်ကို အပြင်းအထန် လှုပ်ခတ်သွားစေသည်။

ယင်းက ရွှီချင်း၏ ပါးစပ်မှ အေးစက်စက် စကားသံ မထွက်ပေါ်လာခင်အထိ ကြာမြင့်ခဲ့သည်။

“ မူကွဲအင်မော်တယ် တာအိုမျိုးစေ့အမှုကိစ္စနဲ့ပတ်သက်ပြီး ဒီက ကျောင်းတော်သားအားလုံးနဲ့ အရှင်မင်းကြီးက သက်သေပြုပေးပါလို့ ကျုပ်ပြောပါရစေ ”

ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ လက်ထဲမှ ကျောက်စိမ်းပြားကို ညင်သာစွာ ဆိတ်လိုက်သည်။

ချက်ချင်းဆိုသလို ကျောက်စိမ်းပြားသည် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ အလင်းရောင်သည် လေထဲမှာ ပျံ့နှံ့သွားပြီး မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းထဲတွင် ကျင့်ကြံခြင်းလျှို့ဝှက်အခန်းတစ်ခန်း ထွက်ပေါ်လာသည်။ လူတစ်ယောက်သည် ထိုအခန်းထဲမှာ ကျင့်ကြံနေသည်။

ထိုလူသည် သတ္တမမင်းသားဖြစ်သည်။

သူ၏ ဘေးပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော လူသားဝိညာဉ်များက လွင့်မျောပျံသန်းနေကြသည်။ အရေအတွက်အားဖြင့် အနည်းဆုံး ဆယ်သန်းကျော်သည်။

သူတို့ထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ၊ ယောင်္ကျားများနှင့် မိန်းမများ ပါရှိကြသည်။ အများစုသည် သေမျိုးများ ဖြစ်ကြသည်။ သူတို့အားလုံးသည် နာကျင်စွာ အော်ဟစ်ညည်းညူနေကြပြီး အသနားခံနေကြသည်။ သို့သော်လည်း သတ္တမမင်းသားသည် သူတို့၏ အော်သံကို မကြားသည့်အလား တည်ငြိမ်နေသည်။ သူ၏ မျက်နှာပေါ်တွင် သနားကြင်နာသော မည်သည့်အရိပ်အယောင်မှ မရှိပေ။ သူက တစ်ခါအသက်ရှူလိုက်သည့်အခါတိုင်း ထိုဝိညာဉ်များက သူ၏ ပါးစပ်ထဲသို့ စုပ်ယူခံလိုက်ရသည်။

သူက ၎င်းတို့ကို ဖြည်းညင်းစွာ ဝါးစားနေရင်း နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျင့်ကြံခြင်းအတတ်ပညာကို အသုံးပြုလိုက်သည်။ သူက လူသားများ၏ ဝိညာဉ်ကို အသုံးပြုနေရင်း သူ့ကိုယ်ပိုင်နတ်ဘုရားပေါင်းစပ်ခြင်းအတတ်၏ အတားအဆီးကို ချိုးဖြတ်ရန် ကြိုးစားနေသည်။ သို့မှသာ သူက ပိုမိုများပြားသော နတ်ဘုရားအစိတ်အပိုင်းများဖြင့် ပေါင်းစပ်နိုင်လိမ့်မည် ဖြစ်သည်။

ထိုနည်းလမ်းသည် သူ့အတွက် အမှန်တကယ် ထိရောက်မှုရှိသည်။ ထို့ကြောင့် သူ၏ မျက်နှာပေါ်မှာ ပျော်ရွှင်သော အရိပ်အယောင်ပင် ထွက်ပေါ်နေသည်။

ဘေးပတ်ဝန်းကျင်တွင် ဝမ်းနည်းဖွယ်ကောင်းစွာ ငိုကြွေးနေကြသော ဝိညာဉ်များနှင့် နှိုင်းယှဉ်လျှင် ဤမြင်ကွင်းသည် ထိတ်လန့်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သည်။

ဤကျောက်စိမ်းပြားသည် သာမန်ပစ္စည်းမဟုတ်ပေ။ ယင်းက ပုံရိပ်ကို မှတ်တမ်းယူနိုင်ရုံသာမက အရှိန်အဝါကိုလည်း ထိန်းသိမ်းနိုင်သည်။ ယင်းက မည်သည့်အတည်ပြုမှုကိုမဆို တောင့်ခံနိုင်သည်။ ထို့ကြောင့် ဤမြင်ကွင်းထဲမှ ရက်စက်ကြမ်းကြုတ်မှုက ထင်ရှားစွာ ထွက်ပေါ်နေခြင်း ဖြစ်သည်။

အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားများ၏ အသိစိတ်သည် ဝုန်းခနဲ လှုပ်ခါသွားသည်။ သူတို့၏ မျက်လုံးသည် နီရဲလာပြီး ဒေါသသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ ယင်းက ကောင်းကင်နှင့် မြေပြင်၏ အရောင်ကိုပင် ပြောင်းလဲသွားစေသည်။

အပြင်ဘက်မှ အင်အားစုများသည်လည်း ဤရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကို မြင်သွားသောအခါ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ဤရာဇဝတ်မှုကို မင်းသားတစ်ပါးက ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

ယင်းကို တော်ဝင်မိသားစုထဲမှ မိသားစုဝင်တစ်ယောက်က ကျူးလွန်ခဲ့ခြင်းဖြစ်လေရာ ပိုပြီးအပြစ်ကြီးလေးသည်။

လူသားဧကရာဇ်၏ အမူအရာသည်လည်း မည်းမှောင်သွားသည်။ အေးစက်စက် အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာပြီး နန်းမြို့တော်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ချက်ချင်းဆိုသလို ကောင်းကင်သည် မည်းမှောင်သွားပြီး မိုးခြိမ်းသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားသည်။

သတ္တမမင်းသားသည် တုန်လှုပ်သွားသည်။ သို့သော်လည်း သူက အတတ်နိုင်ဆုံး ကြိုးစား၍ သူ၏ အမူအရာကို ထိန်းသိမ်းလိုက်သည်။ သူက မတ်တတ်ထရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ခမည်းတော်… ဒီမြင်ကွင်းက အလိမ်အညာပါ… ဒါ တစ်ယောက်ယောက်က သားတော်ကို ချောက်ချတာပါ ”

“ သားတော်မှာ အပြစ်မရှိကြောင်း အင်မော်တယ်အမှန်တရားခေါင်းလောင်းနဲ့ သက်သေပြုခွင့်ပေးပါ ခမည်းတော်… ဒီမြင်ကွင်းထဲက လူက သားတော်မဟုတ်ပါဘူး ”

သတ္တမမင်းသားသည် အပေါ်ယံတွင် တည်ငြိမ်နေဟန် ထင်ရသော်လည်း အမှန်မှာ သူ၏ နှလုံးသားသည် တုန်လှုပ်နေသည်။ သူက ဖုန်းဟိုင်ဒေသငယ်တွင် လွတ်လပ်စွာ ပြုမူဆောင်ရွက်ခဲ့သော်လည်း နန်းမြို့တော်သို့ ပြန်ရောက်လာပြီးနောက် ထိုအကျင့်စရိုက်က ပျောက်ကွယ်သွားသည်။ လူသားဧကရာဇ်၏ ရှေ့တော်တွင် သူက ကြောက်လန့်ခြင်းနှင့် စိုးရိမ်ခြင်းကို ခံစားရသည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ရွှီချင်းက အရှေ့ထွက်လာပြီးပြီဖြစ်လေရာ အဘယ့်ကြောင့် သူ့ကို အခွင့်အရေးတစ်ခု ပေးနိုင်မည်နည်း။ သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ အရိပ်လေး၏ ပူးကပ်ခံထားရသော ကျောင်းတော်သားတစ်ယောက်က ထွက်ပေါ်လာသည်။

ထိုလူက မည်သည့်စကားမှ မပြောနိုင်ခင် ရွှီချင်းက သူ၏ လက်ကို မြှောက်လိုက်ပြီး ထိုလူ၏ နဖူးကို ရိုက်ချလိုက်သည်။ ချက်ချင်းဆိုသလို ထိုလူ၏ မှတ်ဉာဏ်ပုံရိပ်များက လေထဲမှာ မြန်ဆန်စွာ ထွက်ပေါ်လာကြသည်။

ထိုနေ့က အိမ်ထဲမှာ ဖြစ်ပျက်ခဲ့သော အရာအားလုံးက လူတိုင်း၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသည်။

မုန်တိုင်းသည် ထပ်မံ ပေါ်လျှိုးလာသည်။

အေးစက်စက်အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ မုန်တိုင်း၏ ရိုက်ခတ်မှုကြားမှာ သူက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးကို စူးစိုက်ကြည့်လိုက်သည်။

“ ဘယ်သူက ကျုပ်တို့မျိုးနွယ်ကို အဆိပ်ခတ်တာလဲ ”

“ ဘယ်သူက လူသားဝိညာဉ်တွေကို ဝါးမျိုတာလဲ ”

“ ဘယ်သူက မဟုတ်မမှန် ပြောတာလဲ ”

ရွှီချင်း၏ အသံသည် တိုးညင်းသော်လည်း သူ၏ မေးခွန်းသုံးခုက လောကကြီးကို တုန်လှုပ်သွားစေသည်။

မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် အလွန်စိတ်လှုပ်ရှားလာသည်။ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည်တော့ သူက ရွှီချင်းကို လေးနက်စွာ စိုက်ကြည့်လိုက်ပြီး နှုတ်ဆိတ်သွားသည်။

သတ္တမမင်းသားသည် ရွှီချင်းကို စူးစိုက်ကြည့်လိုက်သည်။ သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး လေထဲသို့ ပျံသန်းသွားသည်။ သူက လူသားဧကရာဇ်၏ အရှေ့တွင် ဒူးထောက်ချလိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

“ ခမည်းတော်… ဒါ သားတော်ကို တစ်ယောက်ယောက်က အကွက်ကျကျ စီစဉ်ပြီး ချောက်ချတာပါ… သားတော်ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြနိုင်ဖို့ အခွင့်အရေးတစ်ခု ပေးသနားပါ… အင်မော်တယ်အမှန်တရားခေါင်းလောင်းရဲ့ အောက်မှာ သားတော် အားလုံးကို သက်သေပြပါမယ် ”

ကောင်းကင်ယံမှ မြင်ကွင်းထဲတွင် လူသားဧကရာဇ်သည် သတ္တမမင်းသားကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

“ ခွင့်ပြုတယ် ”

ဧကရာဇ်၏ စကားသည် အင်ပါယာအမိန့်တော်နှင့် တူညီသည်။ သူ၏ စကားတိုင်းသည် အမြဲတမ်း ဩဇာကြီးမားပြီး တည်မြဲသည်။ သို့သော်လည်း ယနေ့မှာတော့ ယင်းက အတိတ်တုန်းကနှင့် ခြားနားသွားသည်။

ရွှီချင်းသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူ၏ အသံသည် အရပ်ရှစ်မျက်နှာသို့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

“ အဲ့လိုလုပ်ဖို့ မလိုပါဘူး ”

“ ခေါင်းလောင်းကို မေးမယ့်အစား ဓားကိုမေးတာ ပိုကောင်းပါတယ် ”

ရွှီချင်းသည် သူ့စကားဆုံးသွားသည်နှင့် ညာလက်ကို မြှောက်လိုက်ပြီး ကောင်းကင်သို့ ညွှန်လိုက်သည်။

“ ဧကရာဇ်ဓား ထွက်လာပါ ”

All Chapters