ဧကရာဇ်ဓားက မင်းသားကို သတ်ဖြတ်ခြင်း
Vol. 78 Ch. 1202
“ ဧကရာဇ်ဓား ”ဟူသော စကားသည် အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်သွားသည်။
အင်ပါယာအကယ်ဒမီ၏ ကောင်းကင်သည် တုန်ယင်သွားပြီး တိမ်တိုက်များသည် ပေါက်ကွဲသွားကြသည်။ ဝုန်းခနဲဟူသော မြည်သံသည် အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားသည်။ ထို့နောက် သာမန်မျက်စိဖြင့် မြင်နိုင်သော စွမ်းအင်လှိုင်းအတတ်အကျများသည် စွမ်းအင်စက်ကွင်းများသို့ ပြောင်းလဲသွားကြသည်။
အထွတ်အမြတ်အင်အားတစ်ခုသည် ဟင်းလင်းပြင်ထဲမှ ပေါ်လျှိုးလာပြီး သဏ္ဍာန်မဲ့မုန်တိုင်းတစ်ခုသို့ ပြောင်းလဲသွားကာ အင်ပါယာအကယ်ဒမီကို ဖိနှိပ်လိုက်သည်။
အင်ပါယာအကယ်ဒမီထဲမှ အဖြူရောင်မျှော်စင်အားလုံးသည် တုန်လှုပ်သွားကြပြီး မြေပြင်သည် ဂနာမငြိမ်ဖြစ်လာသည်။ ကျောင်းတော်သားအားလုံးသည် နှလုံးတုန်သွားကြပြီး အဖြူရောင်တာအိုစင်မြင့်ပေါ်တွင် ရပ်နေသော ကျော်တော်သားဝတ်စုံနှင့် ပုံရိပ်ကို စူးစိုက်ကြည့်လိုက်ကြသည်။
ဤအခိုက်အတန့်မှာ လူတိုင်းက ထိုလူကို ကြည့်နေကြသည်။
“ စောစောက ဧကရာဇ်ဓားလို့ သူပြောသွားတာလား ”
“ ဒီလူရဲ့ သရုပ်က… ”
မိုးခြိမ်းသံသည် ကျောင်းတော်သားများနှင့် အပြင်ဘက်မှ အင်အားစုအသီးသီး၏ စိတ်ထဲမှာ ကျယ်လောင်စွာ ထစ်ချုန်းသွားသည်။
မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှု ထွက်ပေါ်လာသည်။ ထိုရွှမ်လဲ့ဇီက ဆန်းကြယ်ဆရာသခင်ဖြစ်လိမ့်မည်ဟု သူက တွေးထားခြင်း ဖြစ်သည်။
သို့သော်လည်း ဤကိစ္စ၏ တိုးတတ်မှုသည် သူ့အား မိန်းမောတွေဝေသွားစေသည်။ တစ်ဖက်လူက ဆန်းကြယ်ဆရာသခင်မဖြစ်နိုင်ဟန် ထင်ရသော်လည်း သူ၏ သရုပ်သည် အလွန်အံ့ဖွယ်ကောင်းနေဆဲပင်။
‘ တကယ်ကြီး သူပဲ… သူက ငါတို့မူကွဲအင်မော်တယ်ကျောင်းတော်ကို ဝင်ရောက်ခဲ့တာလား ’
မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် အံ့ဩရမည်လော ဝမ်းသာရမည်လော မသိတော့ပေ။ တစ်ဖက်လူက သူမျှော်လင့်ထားသောလူ မဟုတ်သော်လည်း သူ၏ သရုပ်သည် သူ့နှလုံးသားကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။ ထို့ကြောင့် သူက ရွှီချင်းကို မကြည့်ဘဲ မနေနိုင်ပေ။
တာအိုစင်မြင့်ပေါ်တွင် ရွှီချင်းက မတ်တတ်ရပ်နေသည်။
သူက အဖြူရောင်ပိတ်ဝတ်စုံနှင့် ကျောင်းတော်သားမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ သူက အင်ပါယာအကယ်ဒမီထဲမှ တခြားကျောင်းတော်သားများနှင့် သိသာစွာ ကွဲပြားခြားနားနေခြင်း မရှိပေ။
ကျောင်းတော်သားဝတ်စုံ၏ ဖုံးကွယ်ပေးမှုနှင့် အင်ပါယာအကယ်ဒမီ၏ စည်းမျဉ်းများအောက်မှာ ခြားနားမှုကို ရှာတွေ့ရန် ခက်ခဲသည်။ သို့သော်လည်း တစ်ခါတစ်ရံ မတူညီသော လူပုဂ္ဂိုလ်များထံမှ တူညီသော ဝတ်စုံများသည် သိသာထင်ရှားသော ထင်မြင်ချက်ကို ဖြစ်ပေါ်စေနိုင်သည်။
အထူးသဖြင့် အရေးကြီးသော အခြေအနေများတွင် သိသာထင်ရှားသော ထိုအချက်များသည် ပုံမှန်ထက် အဆပေါင်းများစွာ ပိုပြီးကြီးမားလာလိမ့်မည်။
ယင်းက ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်သည်။
ရွှီချင်းသည် တခြားလူများ၏ တုံ့ပြန်မှုကို စိတ်မဝင်စားချေ။ ယခုအချိန်မှာ သူက သတ်ဖြတ်ရန်သာ စဉ်းစားနေသည်။ သူက သတ္တမမင်းသားကို သတ်ဖြတ်ချင်နေသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်၏။
အတိတ်တွင် ဖုန်းဟိုင်ဒေသငယ်၌ တစ်ဖက်လူသည် ကိုယ့်ကျိုးအတွက်ကြောင့် နောက်ကျမှ ရောက်ရှိလာပြီး ဓားကိုင်ရုံးတော်သခင်ကို သေဆုံးစေခဲ့သည်။ ထိုအချိန်ကတည်းက ရွှီချင်း၏ သတ်ဖြတ်ချင်သော စိတ်ဆန္ဒက မျိုးစေ့အစပျိုးလာခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအချိန်တုန်းက သူမလုပ်နိုင်ခဲ့ပေ။
ယခုတော့ ခြားနားသွားသည်။
ဤအခိုက်အတန့်မှာ သူ၏ အကြည့်က ကြီးကျယ်မြင့်မြတ်သော လေထုနှင့် ပေါင်းစပ်သွားသည့်အလား အောက်မေ့ရသည်။ သူက သတ္တမမင်းသားကို အေးစက်စက် စိုက်ကြည့်လိုက်စဉ် ကောင်းကင်နှင့် တာအိုသည် လူသားမျိုးနွယ်၏ စိတ်ဆန္ဒဖြင့် ပေါင်းစပ်သွားဟန် တူသည်။
ဤအခိုက်အတန့်မှာ သူက မြင့်မားသော နေရာမှာ မတ်တတ်ရပ်နေစဉ် လေထဲမှာ ဒူးထောက်နေသော သတ္တမမင်းသားက နိမ့်ကျသော နေရာမှာ ရှိနေသည်။
အချိန်ကာလ၏ ကုန်ဆုံးမှုမှာ တမူထူးခြားသော ဆွဲဆောင်မှုရှိသည့်အလား အဆင့်အတန်းပြောင်းလဲမှုက အံ့အားသင့်ဖွယ်ကောင်းစွာ ဖြစ်ပေါ်လာသည်။
ရွှီချင်းက သတ္တမမင်းသားကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့စဉ် တစ်ဖက်လူသည် ကောင်းကင်ပေါ်မှာ ရွှေရောင်နဂါးကို စီးနင်းထားသည်။ မရေမတွက်နိုင်သော စစ်သည်တော်များနှင့် သားရဲများက သူ့ကို ဘေးပတ်ပတ်လည်မှ ဝန်းရံထားကြသည်။ သူက အနီရောင်နေမင်းအလား ဖုန်းဟိုင်ဒေသငယ်၏ စစ်မြေပြင်မှာ ထွက်ပေါ်လာခဲ့သည်။
ဒုတိယအကြိမ်သည် ဖုန်းဟိုင်ဒေသငယ်မြို့တော်မှာ ဖြစ်သည်။ တစ်ဖက်လူသည် ကျင့်ကြံသူများ၏ ဝိုင်းရံခံထားရပြီး သူရဲကောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူက လူသန်းပေါင်းများစွာ၏ အာရုံစိုက်မှုကို ရရှိထားပြီး အရိုအသေပေးခြင်းခံရသည်။
ထိုအချိန်တုန်းက ရွှီချင်းသည် မြို့တော်အပြင်ဘက်မှ စစ်တပ်ထဲမှာ ရှိနေသည်။ သတ္တမမင်းသားသည် ကောင်းကင်ပေါ်မှ တိမ်တိုက်နှင့် ဆင်တူပြီး ရွှီချင်းသည် မြေပြင်ပေါ်မှ ရွှံ့တုံးကဲ့သို့ လျစ်လျူရှုခံထားရသည်။
နောက်ဆက်တွဲ တွေ့ဆုံမှုများသည်လည်း ထိုအတိုင်းပင်။
လပူဇော်ဒေသကြီးမှ ရွှီချင်း ပြန်ရောက်လာပြီးနောက်မှသာ အရာအားလုံး ပြောင်းလဲသွားသည်။ ယခု အခြေအနေသည် လုံးဝပြောင်းပြန်ဖြစ်သွားသည်။
ဤသည်မှာ အချိန်ကုန်ဆုံးမှု၏ နှစ်လိုဖွယ်ကောင်းသော အချက်တစ်ချက်ဖြစ်သည်။
ထို့ကြောင့် လူတိုင်းက အခွင့်အရေးကို လိုက်လံရှာဖွေနေကြခြင်း ဖြစ်သည်။ ယင်းက ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ပြီးနောက် ရွှီချင်း ရရှိလာခဲ့သော အရာလည်းဖြစ်သည်။
ရွှီချင်းသည် ကောင်းကင်ပေါ်မှ တိမ်တိုက်မဟုတ်သော်လည်း ယနေ့တွင် ကူယွဲ့ကျန်းကန်သည် ရွှံ့တုံးနှင့် မခြားနားပေ။
တူညီသော ခံစားမှုသည် သတ္တမမင်းသား၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် အလွန်ခက်ခဲသည်။ သူ၏ အမူအရာသည် သိသာစွာ ပြောင်းလဲသွားသည်။
သူ၏ မျက်လုံးထဲ၌ တာအိုစင်မြင့်ပေါ်မှာ မတ်တတ်ရပ်နေပြီး သူ့ခမည်းတော်၏ ဩဇာကြီးမားသော အမိန့်တော်ကို ငြင်းဆန်ခဲ့သော ထိုလူသည် ကောင်းကင်ပေါ်မှ အနီရောင်နေလုံးနှင့် ဆင်တူသည်။ ရွှီချင်းက ကောင်းကင်ပေါ်မှ တိမ်တိုက်ဖြစ်ပြီး သူကတော့ ရွှံ့တုံးဖြစ်သည်။
ထိုသို့နားလည်သွားသဖြင့် သူ၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်သွားသည်။ စိတ်ရှုပ်ထွေးမှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးအပေါ် သက်ရောက်သွားသည်။
ရွှီချင်းကို ကြည့်သော သူ့အကြည့်ထဲမှာ ဒေါသနှင့် ရူးသွပ်မှုတို့ ပါဝင်နေသည်။
“ မင်းက ရွှီချင်းပဲ ”
သတ္တမမင်းသားသည် အက်ရှရှအသံဖြင့် တစ်လုံးချင်း ပြောသည်။
ကောင်းကင်ပေါ်မှ မြင်ကွင်းကြောင့် လူတိုင်းသည် ရွှီချင်း၏ သရုပ်ကို ခန့်မှန်းထားကြပြီးသား ဖြစ်သည်။ ယခု သတ္တမမင်းသား၏ စကားက ထိုသရုပ်ကို အတည်ပြုသွားစေသည်။
ချက်ချင်းဆိုသလို အင်ပါယာအကယ်ဒမီထဲမှ လေထုနှင့် နန်းမြို့တော်တစ်ခုလုံး၏ လေထုသည်ပင် တင်းကျပ်လာသည်။
အဘယ့်ကြောင့်ဆိုသော် ရွှီချင်းက တမူထူးခြားသော လူဖြစ်သည်။
သူက လူသားမျိုးနွယ်၏ ဒေသအရှင်သခင်ဖြစ်ရုံသာမက ဧကရာဇ်ဓားကို သယ်ဆောင်ထားသူလည်း ဖြစ်သည်။
အတိုင်းအတာတစ်ခုထိဆိုရလျှင် ဧကရာဇ်ဓား၏ တည်ရှိမှုကြောင့် သူက လူသားဧကရာဇ်၏ စကားကို ငြင်းဆန်ရန် အရည်အချင်းပြည့်မီသူ ဖြစ်သည်။
သို့သော်လည်း အရည်အချင်းပြည့်မီခြင်းနှင့် အမှန်တကယ် လုပ်ဆောင်ခြင်းသည် မတူညီသော အရာနှစ်ခုဖြစ်သည်။
ရှင်းလင်းစွာပင် ရွှီချင်းက ထိုသို့လုပ်ဆောင်ဝံ့သည်။
‘ ခေါင်းလောင်းကို မေးမယ့်အစား ဓားကို မေးတာ ပိုကောင်းတယ် ’ဟု ပြောရန် သူ၏ အဆင့်အတန်းသည် အမှန်တကယ် လုံလောက်သည်။
အထူးသဖြင့် ယခု သူ၏ မျက်လုံးထဲမှ အခွင့်အာဏာက ရွှေရောင်အလင်းသို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည့်အခါ ဖြစ်သည်။
သူ၏ မျက်လုံးထဲမှာသာ ရွှေရောင်အလင်းရှိနေခြင်း မဟုတ်ပေ။ ရွှေရောင်အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ ရွှေရောင်အလင်းသည် တစ်ရာ၊ တစ်ထောင်နှင့် သောင်းပေါင်းများစွာထိ တိုးမြှင့်သွားသည်။ ထို့နောက် ရွှေရောင်အလင်းတန်းများသည် ရွှီချင်းကို ဝန်းရံလိုက်ပြီး အလင်းပင်လယ်တစ်ခုကို ဖွဲ့စည်းသွားသည်။
တောက်ပသော ရွှေရောင်ပင်လယ်ကြားတွင် ကြီးမားသော ဓားတစ်လက်သည် လူတိုင်း၏ အကြည့်အောက်မှာ ရွှီချင်း၏ အနောက်တွင် ထွက်ပေါ်လာသည်။
အဝေးမှကြည့်လျှင် ထိုဓားသည် ကြေးနီရောင်ဖြစ်ပြီး ဓားကိုယ်ထည်ပေါ်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများကို ရေးထွင်းထားသည်။ ၎င်းက ရှေးဟောင်းအရှိန်အဝါနှင့် လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ထိုဓားသည် ရှေးဦးဖန်တီးမှုအငွေ့အသက်ကို သယ်ဆောင်ထားပြီး ကြီးကျယ်မြင့်မြတ်သော တန်ခိုးအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ၎င်း၏ တည်ရှိမှုက ကြည့်ရှုနေသူအားလုံး၏ နှလုံးသားထဲမှာ အကြောက်တရား ထွက်ပေါ်လာစေရန် လုံလောက်သည်။
အင်ပါယာအကယ်ဒမီသည် တုန်လှုပ်သွားပြီး တာအိုစင်မြင့်ပေါ်တွင် အက်ကွဲရာများ ထွက်ပေါ်လာသည်။ ထိုမြင်ကွင်းကို မြင်တွေ့သွားသော လူတိုင်းသည် ထိတ်လန့်အံ့ဩသွားကြသည်။
လူသားမျိုးနွယ်၏ အဆုံးမရှိသော ကမ္မသည် တိမ်တိုက်များအဖြစ်သို့ ပြောင်းလဲသွားပြီး နန်းမြို့တော်၏ ကောင်းကင်ပေါ်မှာ စုဝေးသွားကြသည်။ မြေပြင်သည် ဆက်လက် တုန်ခါနေပြီး နန်းမြို့တော်ထဲမှ သက်ရှိအားလုံးသည် ကြောက်ရွံ့ရိုသေမှုကို ခံစားမိသွားကြသည်။
ဤသည်မှာ မျိုးနွယ်တာအို၏ ဓားဖြစ်ပြီး လူသားမျိုးနွယ်စိတ်ဆန္ဒ၏ ဓားဖြစ်သည့်အပြင် လူသားမျိုးနွယ်အမွေအနှစ်၏ ဓားဖြစ်သည်။
ဤသည်မှာ ဧကရာဇ်ဓားဖြစ်သည်။
ရုတ်တရက်ဆိုသလို အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားအားလုံးသည် အသက်ရှူမြန်လာကြပြီး ဧကရာဇ်ဓား၏ အရှေ့မှာ ချက်ချင်း ဒူးထောက်လိုက်ကြသည်။
အနက်ရောင်တာအိုစင်မြင့်ပေါ်မှ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ရာထူးမြင့်ကျောင်းတော်သားများသည်လည်း နှလုံးတုန်လှုပ်သွားကြသည်။ သူတို့က ဧကရာဇ်ဓားကို ဦးညွတ်လိုက်ကြသည်။
လူသားဧကရာဇ်သည် နှုတ်ဆိတ်သွားပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူက မည်သည့်စကားမှ မပြောပေ။
ရွှီချင်းက သူ့အား အမြဲတမ်း သတ်ချင်နေကြောင်း သတ္တမမင်းသား သိသည်။ ဤသည်မှာ တစ်ဖက်လူကို သတ်ဖြတ်ရန် အကြိမ်ပေါင်းများစွာ သူကြိုးစားခဲ့ပုံနှင့် ဆင်တူသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ အားသာချက်များကို တစ်ခုပြီးတစ်ခု ဆုံးရှုံးသွားခဲ့သည်။ အဆုံးမှာ သူက ပုန်းအောင်းနေရန်သာ ရွေးချယ်ခဲ့ပြီး အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းခဲ့သည်။
သို့သော်လည်း ထိုအခွင့်အရေးကို သူမရရှိနိုင်ခင်မှာ ရွှီချင်းက သူ့ကို အန္တရာယ်များသော ဤအခြေအနေသို့ တွန်းပို့နိုင်ခဲ့သည်။ သေခြင်းရှင်ခြင်းကပ်ဘေးသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ယင်နေသည်။ နောက်ဆုံးမှာတော့ သူက အက်ရှရှအသံဖြင့် အော်ပြောလိုက်သည်။
“ ရွှီချင်း… မင်းအတင့်ရဲလှချည်လား… ဧကရာဇ်ဓားကို ကိုယ့်ကျိုးအတွက် ဘယ်လိုတောင် အသုံးပြုရဲတာလဲ ”
ထိုသို့ပြောပြီးနောက် သတ္တမမင်းသားသည် ဧကရာဇ်ကို သိမ်မွေ့ညင်သာသော အကြည့်၊ ရိုသေလေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ အကြည့်က လူသားဧကရာဇ်၏ မျက်လုံးထဲတွင် စိတ်ခံစားချက်လှိုင်းတချို့ ဖြစ်ပေါ်လာစေသည်။
“ ခမည်းတော်… သားတော်က မင်းသားတစ်ပါးဖြစ်သလို ခမည်းတော်ရဲ့ မျိုးဆက်တစ်ယောက်ပါ… သားတော် ငယ်ငယ်လေးကတည်းက လူသားမျိုးနွယ်ရဲ့ နိမ့်ကျသွားမှုကို မျက်မြင်တွေ့ခဲ့ရပါတယ်… လူသားမျိုးနွယ်ကို ကာကွယ်စောင့်ရှောက်ဖို့ ခမည်းတော် ဘယ်လိုကြိုးစားအားထုတ်ခဲ့ရလဲဆိုတာ သားတော်သိပါတယ်… လူသားမျိုးနွယ်ရဲ့ ဆင်းရဲဒုက္ခတွေကို မြင်ပြီးတဲ့နောက် သားတော်ရဲ့ နှလုံးသားထဲမှာ ဝမ်းနည်းပူဆွေးမှုနဲ့ ပြည့်နှက်ခဲ့ပါတယ်… အဲ့ဒီအချိန်မှာ လူသားမျိုးနွယ် ပြန်လည်မြင့်တတ်နိုင်ရေးအတွက် သားတော်ရဲ့ တစ်ဘဝလုံးကို ပေးဆပ်ဖို့ ကျိန်ဆိုခဲ့ပါတယ် ”
“ ဒါကြောင့် သားတော်က ဖုန်းဟိုင်ဒေသငယ်ကို ကယ်ဆယ်ဖို့ သွားရောက်ခဲ့ပါတယ်… လူသားမျိုးနွယ်ပိုင်တဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဒုက္ခရောက်နေတဲ့ လူသားတွေကို ကယ်ဆယ်နိုင်ခဲ့ပါတယ်… သားတော်ငယ်ငယ်တုန်းက ခမည်းတော် သင်ကြားဆုံးမပေးခဲ့တဲ့ အသိပညာတွေကို သားတော် တစ်ချိန်လုံး နှလုံးသွင်းထားခဲ့ပါတယ်… ဒါကြောင့်မို့လို့ သားတော်က ဒီလိုလူမဆန်တဲ့ လုပ်ရပ်ကို လုပ်ဆောင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ”
“ ဒီမြင်ကွင်းထဲက လူက သားတော်မဟုတ်ပါဘူး ”
သတ္တမမင်းသား၏ အသံထဲမှာ ဝမ်းနည်းကြေကွဲမှု၊ ခံပြင်းမှုဖြင့် ပြည့်နှက်နေပြီး ယင်းက အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။
လူသားဧကရာဇ်၏ မျက်လုံးထဲမှ လှိုင်းဂယက်များသည် ပိုပြီးသိပ်သည်းလာသည်။ သူက မည်သည့်စကားမှ မပြောသော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နေသော ဖိအားသည် အင်ပါယာအကယ်ဒမီတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သူက လူသားဧကရာဇ်ဖြစ်သလို ဖခင်တစ်ယောက်လည်း ဖြစ်သည်။
သူက ဖခင်ဟူသော အသိတရားကို လူသားဧကရာဇ်ဟူသော သရုပ်ဖြင့် ဖိနှိပ်ထားသော်လည်း ယခု တစ်စုံတစ်ယောက်က သူ့မျက်စိရှေ့မှာ သူ့သားကို သတ်ဖြတ်ရန် ကြိုးစားနေလေရာ ဖခင်ဟူသော သရုပ်သည် သူ့အား တည်တည်ငြိမ်ငြိမ် ရှိနေရန် အလွန်ခဲယဉ်းစေသည်။
သူ့အောက်မှ ကောင်းကင်ဘုရင်များသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ နောက်ဆုံးမှာ သူတို့က ရွှီချင်းကို စိုက်ကြည့်လိုက်ကြသည်။
အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားများသည်လည်း တုန်လှုပ်သွားကြသည်။ အပြင်ဘက်မှ အင်အားစုအသီးသီးသည် တည်ကြည်လေးနက်စွာ ကြည့်ရှုနေကြသည်။
ယခု ဖြစ်ပျက်နေသော ကိစ္စသည် အလွန်ကြီးမားသည်။
သတ္တမမင်းသား၏ စကားသည် အမှန်တကယ် အဓိပ္ပာယ်ရှိသည်။
သို့သော်လည်း လူတိုင်း၏ အတွေးများက ပရမ်းပတာ လှုပ်ခတ်နေစဉ် အေးစက်စက် စကားသံက ပဲ့တင်ထပ်လာသည်။ ဤသည်မှာ ဆောင်းလေ တိုက်ခတ်လာသည့်အလားပင်။
“ ဆူညံလိုက်တာ ”
ရွှီချင်းသည် သတ္တမမင်းသားကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ဧရာမပုံရိပ်များသည် ကောင်းကင်ယံမှ ကမ္မတိမ်တိုက်များကြားထဲမှာ ထွက်ပေါ်လာကြသည်။ ပုံရိပ်တစ်ခုစီသည် လွန်စွာကြီးကျယ်ခမ်းနားပြီး သူတို့၏ သရုပ်သည် လူတိုင်းကို ဦးညွတ်သွားစေရန် လုံလောက်သည်။
သူတို့သည် လူသားမျိုးနွယ်အတွက် အကျိုးဆောင်ခဲ့ကြသော ဘိုးဘေးများဖြစ်ကြသည်။
ဤအခိုက်အတန့်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးများက ထွက်ပေါ်လာကြသည်။
ဘိုးဘေးများ၏ ထွက်ပေါ်လာမှုသည် အပြင်ဘက်မှ အင်အားစုအသီးသီး၏ မျက်လုံးထဲမှာ လှိုင်းဂယက်များ ဖြစ်ပေါ်လာစေသည်။ တစ်ချိန်တည်းမှာ သတ္တမမင်းသား၏ သံသယသည် ပျက်စီးသွားသည်။
ဤသည်မှာ ဧကရာဇ်ဓားကို ကိုယ့်ကျိုးအတွက် အသုံးပြုခြင်းမဟုတ်ပေ။ ယင်းက လူသားမျိုးနွယ်၏ ကမ္မကောင်းချီးပေးမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဘိုးဘေးများကို သက်သေအဖြစ် ထားရှိခြင်း ဖြစ်သည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ ဘိုးဘေးများကို ဦးညွတ်လိုက်သည်။
“ ဒီနေ့ ကျုပ်ရွှီချင်းက… ဘိုးဘေးတွေရဲ့ တည်ရှိမှုကို သက်သေအဖြစ်ထားပြီး လူသားဧကရာဇ်ရွှမ်ကျန်းရဲ့ သတ္တမမြောက်သားတော် ကူယွဲ့ကျန်းကန်ရဲ့ လူသားမျိုးနွယ်အပေါ် ပုန်ကန်မှုနဲ့ပတ်သက်ပြီး အပြစ်ဒဏ်ချမှတ်မယ် ”
ရွှီချင်း၏ အကြည့်သည် ကြောက်လန့်မှုကြောင့် တုန်လှုပ်နေသော သတ္တမမင်းသားပေါ်သို့ ကျရောက်သွားသည်။
“ ကူယွဲ့ကျန်းကန်က ရာဇဝတ်မှုလေးခုကို ကျူးလွန်ခဲ့တယ် ”
“ ပထမရာဇဝတ်မှုကတော့ ကူယွဲ့ကျန်းကန်ဟာ တစ်ချိန်က ရန်သူဖြစ်ခဲ့တဲ့ သန့်စင်ရေလှိုင်းမျိုးနွယ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရုံတင်မကဘူး အလင်းရောင်ဂိုဏ်းနဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့တယ်… ဒါက မျိုးနွယ်ပုန်ကန်မှုပဲ ”
ရွှီချင်းက စကားပြောလိုက်သည့်အခါ သူ့အနောက်မှ ဧကရာဇ်ဓားသည် အကန့်အသတ်မဲ့သော အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ ဓားဟိန်းသံသည် ကောင်းကင်ဘုံတစ်လျှောက် ပဲ့တင်ထပ်သွားပြီး မြေပြင်ကို တုန်လှုပ်သွားစေသည်။
“ ဒုတိယရာဇဝတ်မှုကတော့ ကူယွဲ့ကျန်းကန်ဟာ တိုက်ပွဲအကျိုးဆောင်မှုကို လုယက်ဖို့အတွက် ဖုန်းဟိုင်ဒေသငယ်က ဓားကိုင်ရုံးတော်သခင် ခုန်းလျှန်ရှို့ကို သေဆုံးစေခဲ့တယ်… မိမိဂုဏ်သတင်း တိုးပွားရေးအတွက် ဖုန်းဟိုင်ဒေသငယ်က မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ မတရားဘဲ သေဆုံးနေတာကို ကြည့်ရှုနေခဲ့တယ်… ဒါက မျိုးနွယ်ပုန်ကန်မှုပဲ ”
ဧကရာဇ်ဓားသည် ပိုပြီးပြင်းထန်စွာ တုန်ယင်လာသည်။ ဓားဟိန်းသံသည် ပိုပြီးကြမ်းကြုတ်လာပြီး ဓားအရှိန်အဝါသည် ကောင်းကင်အထိ ပျံတတ်သွားသည်။
“ တတိယရာဇဝတ်မှုတော့ ကူယွဲ့ကျန်းကန်ဟာ ဖုန်းဟိုင်ဒေသငယ်က အရင်ဒေသအကြီးအကဲဟောင်းကို လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်… ဒါက မျိုးနွယ်ပုန်ကန်မှုပဲ ”
ဧကရာဇ်ဓားသည် ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားကာ သတ္တမမင်းသားကို ပစ်မှတ်ထားလိုက်သည်။ မရေမတွက်နိုင်သော ကမ္မစွမ်းအားများသည် ဧကရာဇ်ဓားဆီသို့ တိုးဝင်သွားကြသည်။ အသင်္ချေရောင်ခြည်တန်းများသည် ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကြပြီး အမြစ်ဖြတ်သုတ်သင်ရှင်းလင်းမည့် အရှိန်အဝါကို စုစည်းလိုက်သည်။
“ စတုတ္ထရာဇဝတ်မှုကတော့ ကူယွဲ့ကျန်းကန်ဟာ မိစ္ဆာအတတ်ပညာကို ကျင့်ကြံဖို့အတွက် မရေမတွက်နိုင်တဲ့ လူသားဝိညာဉ်တွေကို ဝါးမျိုခဲ့တယ်… ဒါက မျိုးနွယ်ပုန်ကန်မှုပဲ ”
ရွှီချင်း၏ စကားဆုံးသွားသည့်အခါ သူ့မျက်လုံးထဲမှ သတ်ဖြတ်ချင်သော စိတ်ဆန္ဒသည် အလွန်သိပ်သည်းသွားသည်။ သူက ကောင်းကင်ပေါ်သို့ လက်မြှောက်လိုက်ပြီး အဝေးမှာ ဆက်တိုက် အနောက်ဆုတ်သွားနေသော သတ္တမမင်းသားကို ညွှန်ပြလိုက်သည်။
“ ဧကရာဇ်ဓား… ကျေးဇူးပြုပြီး ဒီလူကို သုတ်သင်ပေးပါ ”
ရွှီချင်း၏ စကားဆုံးသွားသည်နှင့် ကောင်းကင်ပေါ်မှ ဧကရာဇ်ဓားသည် အထွတ်အမြတ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင်သည် ရွှေရောင်သို့ ပြောင်းလဲသွားပြီး ပုံရိပ်ယောင်နန်းတော်များသည် မြေပြင်ပေါ်မှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ဓားကိုင်ဧကရာဇ်၏ ပုံရိပ်သည် လေထဲမှာ ဒြပ်ထည်ဖြစ်ပေါ်လာပြီး သတ္တမမင်းသားကို စိုက်ကြည့်လိုက်သည်။
ဧကရာဇ်ဓားသည် ရွေ့လျားသွားပြီး သတ္တမမင်းသားထံသို့ ပိုင်းဖြတ်လိုက်သည်။ ၎င်း၏ ဓားအရှိန်အဝါသည် လောကတစ်ခွင် ပျံ့နှံ့သွားသည်။ ဧကရာဇ်ဓား၏ အရှိန်အဟုန်သည် တောင်တန်းများနှင့် မြစ်ချောင်းများကို ဝါးမျိုနိုင်သော သက်တံ့တစ်စင်းနှင့် ဆင်တူသည်။ ထို့ကြောင့် ဧကရာဇ်ဓားဖြတ်သန်းသွားသည့်နေရာတိုင်း ဟင်းလင်းပြင်သည် ပြိုကွဲထွက်သွားသည်။
ထိုဓားထဲမှာ လူသားမျိုးနွယ်၏ ဝိညာဉ်ပါဝင်ပြီး အချိန်ကာလ၏ လေးနက်မှုကို ဆောင်ကျဉ်းထားသည်။ ၎င်းကို မည်သည့်အရာမှ မတားဆီးနိုင်သလို မည်သူမှ မရပ်တန့်နိုင်ပေ။
သတ္တမမင်းသား၏ ကြောက်ရွံ့မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူက ဧကရာဇ်ဆီသို့ အမြန်ပျံသန်းသွားပြီး ငိုကြွေးတောင်းပန်သည်။
“ ခမည်းတော်… ”
သူ၏ စကားသည် ထိုနေရာမှာတင် အဆုံးသတ်သွားသည်။
ကောင်းကင်ဘုံစွမ်းအားကို သယ်ဆောင်ထားသော ဧကရာဇ်ဓားသည် သတ္တမမင်းသား၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားသည်။ သတ္တမမင်းသားသည် ဧကရာဇ်ဓားကို ရှောင်တိမ်းရန်သော်လည်းကောင်း ခုခံရန်သော်လည်းကောင်း အရည်အချင်းမရှိပေ။ ဧကရာဇ်ဓား၏ ပိုင်းဖြတ်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်သွားသည်။ သူ၏ လက်နှစ်ဖက်သည် အက်ကွဲသွားပြီး ခြေထောက်များသည် ပြိုကွဲပျက်စီးသွားသည်။ သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ပေါက်ကွဲထွက်သွားသည်။
နောက်ဆုံးစက္ကန့်မှာ သူ၏ မျက်လုံးထဲတွင် မကျေနပ်မှုနှင့် ကြောက်ရွံ့မှုသာ ကျန်ရှိနေခဲ့သည်။ ထို့နောက် သူ၏ ဦးခေါင်းက ပေါက်ကွဲသွားပြီး လွင့်ပြယ်သွားသည်။
သူက ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး ဤလောကထဲမှ ပျောက်ကွယ်သွားသည်။
သူ၏ ဝိညာဉ်သည်လည်း ဤကပ်ဘေးမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် လုံးဝဖျက်ဆီးခံလိုက်ရသည်။
သူ့တစ်ဘဝလုံး ကျင့်ကြံခဲ့သော တာအိုသည် ဤအခိုက်အတန့်မှာ ဗလာနတ္ထိသို့ ပြောင်းလဲသွားသည်။
တော်ဝင်မျိုးဆက်သွေးသည် သူ၏ သေဆုံးမှုကို မနှောင့်နှေးစေခဲ့ပေ။
ဧကရာဇ်ဓားသည် မျိုးနွယ်ဧကရာဇ်ကိုပင် သတ်ဖြတ်နိုင်လေရာ မင်းသားတစ်ပါးကိုတော့ ထည့်ပြောနေရန် မလိုအပ်ပေ။