ပစ္စည်းကို ထုတ်ပြခြင်း
Vol. 78 Ch. 1203
ကောင်းကင်သည် တည်ငြိမ်နေသည်။
ကမ္ဘာမြေသည် တိတ်ဆိတ်ငြိမ်သက်နေသည်။
ဤသည်မှာ လောကတစ်ခုလုံးက ရပ်တန့်နေသည့်အလားပင်။
သို့သော်လည်း ဤအခိုက်အတန့်မှာ အင်ပါယာအကယ်ဒမီနှင့် နန်းမြို့တော်ထဲမှ အင်အားစုအသီးသီး၏ နှလုံးသားထဲမှာ မုန်တိုင်းတစ်ခု ထွက်ပေါ်လာသည်။ သူတို့၏ နတ်ဘုရားစိတ်အာရုံများနှင့် အကြည့်များသည် အင်ပါယာအကယ်ဒမီ၏ လေထဲမှ ဧကရာဇ်ဓားနှင့် သတ္တမမင်းသား ပျောက်ကွယ်သွားခဲ့သော နေရာဆီသို့ ကျရောက်နေကြသည်။
သတ္တမမင်းသား၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် လုံးဝဖျက်ဆီးခံလိုက်ရသည်။ ထို့ကြောင့် အသက်ပြန်ရှင်ရန် မည်သည့်အခွင့်အရေးမှ မရှိတော့ပေ။
ဂုဏ်သိက္ခာကြီးမားသော မင်းသားတစ်ပါးသည် ထိုကဲ့သို့ ကြွေလွင့်သွားသည်။
ဤသည်မှာ လူသားဧကရာဇ်ရွှမ်ကျန်း နန်းတတ်ပြီးနောက် ဒုတိယမြောက် သေဆုံးသွားခဲ့သော မင်းသားဖြစ်သည်။
အတိတ်တွင် မင်းသားဆယ့်တစ် သေဆုံးသွားခဲ့သည့်အချိန်မှာ လူသားဧကရာဇ်၏ ဒေါသသည် အလွန်ကြောက်စရာကောင်းစွာ ထွက်ပေါ်လာခဲ့သည်။ ထိုကိစ္စကို စုံစမ်းစစ်ဆေးရန်အတွက် သွေးမိုးသည် နန်းမြို့တော်၏ အတွင်းနှင့် အပြင်ဘက်မှာ မရပ်မစဲ ရွာသွန်းလာခဲ့ပြီး ကြီးမားကျယ်ပြောသော နယ်နိမိတ်အထိ ပျံ့နှံ့သွားခဲ့သည်။ ထိုအတွက် မရေမတွက်နိုင်သော လူများသည် သေဆုံးသွားခဲ့ကြသည်။
တစ်နှစ်ကြာပြီးနောက်မှသာ ထိုကိစ္စက ဖြည်းဖြည်းချင်း ပြန်လည်ငြိမ်သက်သွားသည်။
ယနေ့ နောက်ထပ်မင်းသားတစ်ပါးသည် လူသားဧကရာဇ်နှင့် မရေမတွက်နိုင်သော လူများ၏ အရှေ့မှာ သေဆုံးသွားခဲ့သည်။
ထို့ပြင် လူသားဧကရာဇ်သည် သတ္တမမင်းသားကို အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်ရန် အင်မော်တယ်အမှန်တရားခေါင်းလောင်းအား အသုံးပြုခွင့်ပေးခဲ့သည်။ သို့သော်လည်း ရွှီချင်းက သူ့ကို ငြင်းဆန်ခဲ့သည်။
ရလဒ်အနေဖြင့် ထိုသို့အခြေအနေဖြစ်ပေါ်လာခဲ့ပြီး ဤနေရာမှ လေထုကို တင်းကျပ်သွားစေသည်။ တစ်ချိန်တည်းမှာ လူတိုင်းသည် အသက်ရှူမြန်လာကြသည်။ အရပ်မျက်နှာပေါင်းစုံမှ အကြည့်များသည် တောင်တန်းကြီးများသို့ ပြောင်းလဲသွားသည့်အလား နေရာပေါင်းစုံမှာ ဖိနှိပ်မှုကို ဖြစ်ပေါ်လာစေသည်။
ထိုဖိနှိပ်မှုသည် နန်းမြို့တော်နှင့် အင်ပါယာအကယ်ဒမီထဲမှာ စုဝေးသွားသည်။ နောက်ဆုံးမှာတော့ ကြီးမားသော ဖိအားသည် ရွှီချင်းပေါ်သို့ ကျရောက်လာသည်။
မျက်နှာဖုံးအောက်တွင် ရွှီချင်း၏ အမူအရာသည် လုံးဝမပြောင်းလဲသွားပေ။ သူက လေထဲမှ ပြန်ဆင်းသက်လာပြီး အဖြူရောင်တာအိုစင်မြင့်ပေါ်မှာ ခြေချလိုက်သည်။ ထို့နောက် သူက ကောင်းကင်ပေါ်မှ ဘိုးဘေးပုံရိပ်များ၊ တာအိုစင်မြင့်အောက်မှ အင်ပါယာအကယ်ဒမီ၏ ကျောင်းတော်သားများနှင့် သူ့အနောက်မှ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးကို ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။
နောက်ဆုံးမှာတော့ သူက လက်မြှောက်လိုက်ပြီး သူ၏ မျက်နှာပေါ်မှ မျက်နှာဖုံးကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်သည်။ သူက အင်ပါယာအကယ်ဒမီ၏ ဖုံးကွယ်မှုကို ဖယ်ရှားလိုက်သည့်အခါ သူ၏ အစစ်အမှန် အသွင်အပြင်က ထွက်ပေါ်လာသည်။
လူတိုင်း၏ မျက်စိရှေ့မှာ ထွက်ပေါ်လာသော ထိုမျက်နှာသည် တုနှိုင်းမဲ့အောင် ချောမောခန့်ညားသည်။
ယင်းက အာရုဏ်တတ်ချိန်တွင် ထွက်ပေါ်လာသော ပထမဆုံးနေရောင်ခြည်နှင့် ဆင်တူသည်။ ဤအခိုက်အတန့်မှာ ယင်းက သိမ်မွေ့ညင်သာပြီး ထွန်းလင်းတောက်ပသည်။
သူ၏ ဓားသွားပမာ ဖြောင့်တန်းသော မျက်ခုံးအောက်မှ မျက်လုံးတစ်စုံသည် ကန်ရေပြင်ပမာ တည်ငြိမ်နေသည်။ ထို့အပြင် သူ၏ မျက်လုံးသည် ညကောင်းကင်ပေါ်မှ ဓူဝံကြယ်ပမာ လင်းလက်တောက်ပပြီး သာလွန်ထူးခြားသော ခံစားမှုကို ပေးသည်။
သူ၏ ဆံပင်ရှည်သည် ကျောဘက်တွင် ရေတံခွန်ပမာ ကျဆင်းနေပြီး လေတိုးဝှေ့မှုအောက်မှာ တဖျပ်ဖျပ် လှုပ်ခတ်နေသည်။ သူ၏ ဆံခြည်မျှင်တစ်မျှင်စီတွင် အသက်ဓာတ်စွမ်းအားဖြင့် ပြည့်နှက်နေပြီး သတ်ဖြတ်ရန် စိတ်ဆုံးဖြတ်ထားမှုဖြင့် ပြည့်နှက်နေသည်။
အထက်ဖော်ပြပါ အချက်အားလုံးက ရွှီချင်းကို ညကောင်းကင်ယံမှ ဓူဝံကြယ်ပမာ အောက်မေ့စေသည်။
သူ့ကျောင်းတော်သားဝတ်စုံ၏ အစွန်းများသည် ကဗျာထဲမှာ လွင့်မျောနေသော တိမ်တိုက်များပမာ လှုပ်ခတ်နေကြသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကြွင်းကျန်နေသော ရွှေရောင်အလင်းတန်းများသည် ကန်ရေပြင်ပေါ်မှာ အလင်းပြန်နေသော လပုံရိပ်ပမာ ထွန်းလင်းတောက်ပပြီး အေးဆေးတည်ငြိမ်သော ခံစားမှုကို ပေးသည်။
ဧကရာဇ်ဓားသည် တဝီဝီဟူသော မြည်သံနှင့်အတူ ပျံသန်းလာပြီး ရွှီချင်းနှင့် ဖြည်းညင်းစွာ ပေါင်းစပ်သွားသည်။ ၎င်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသော်လည်း ၎င်း၏ တည်ရှိမှုသည် ရွှီချင်း၏ သရုပ်ကို ပိုပြီးထင်သာပေါ်လွင်စေသည်။
ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်ရှိ မြင်ကွင်းထဲမှ လူသားဧကရာဇ်ကို ကြည့်လိုက်သည်။
ထို့နောက် သူက အရိုအသေပေးလိုက်သည်။
ပထမအကြိမ် သူက အရိုအသေပေးခြင်းမှာ အင်ပါယာအကယ်ဒမီ၏ ကျောင်းတော်သားတစ်ယောက်အနေဖြင့် ကျောင်းတော်သားများနှင့် မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးကို ရိုသေလေးစားကြောင်း ဖော်ပြလိုခြင်း ဖြစ်သည်။ ယခု သူက မျက်နှာဖုံးချွတ်ပြီး အရိုအသေပေးခြင်းမှာ ဒေသအရှင်သခင်အနေဖြင့် လူသားဧကရာဇ်ကို ရိုသေလေးစားကြောင်း ဖော်ပြလိုခြင်း ဖြစ်သည်။
လူသားဧကရာဇ်သည် နှုတ်ဆိတ်နေသည်။ သူက မည်သည့်အရာကို တွေးတောနေကြောင်း မည်သူမှ မသိနိုင်ပေ။ တစ်ခဏကြာပြီးနောက် သူက ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်သည်။ သူ့အောက်မှ ကောင်းကင်ဘုရင်(၁၃)ပါးသည် မျက်နှာဝေဝါးနေသော်လည်း သူတို့အားလုံးသည် ရွှီချင်းကို လေးနက်သော အဓိပ္ပာယ်ဖြင့် ကြည့်လိုက်ကြသည်။
ရွှီချင်းသည်လည်း မည်သည့်စကားမှ မပြောပေ။ သူက အရိုအသေပေးပြီးနောက် အံ့ဩထိတ်လန့်နေသော မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ ဘေးသို့ လျှောက်သွားသည်။ ထို့နောက် သူက ထိုင်ချလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။
ထိုညက အိမ်ထဲတွင် ကျောက်စိမ်းပြားကို သူလက်ခံရရှိခဲ့ချိန်မှာ ဧကရာဇ်ဓားကို ဆင့်ခေါ်ရန် ကြိုးစားကြည့်ခဲ့သည်။ ထိုအချိန်မှာ ဧကရာဇ်ဓားက အမှန်တကယ် လှုပ်ရှားသွားခဲ့သည်။
ထို့ကြောင့် သတ္တမမင်းသားက သေချာပေါက် သေဆုံးရလိမ့်မည်ဟု ရွှီချင်းက တွေးထားခြင်း ဖြစ်သည်။
သတ္တမမင်းသားက အင်မော်တယ်အမှန်တရားခေါင်းလောင်းဖြင့် သူ့ကိုယ်သူ သက်သေပြရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး တစ်ဖက်လူကို ထိုသို့အခွင့်အရေးမျိုး မပေးသင့်ကြောင်း ရွှီချင်း ခံစားမိသည်။ ကျောက်စိမ်းပြားထဲမှ မြင်ကွင်းက အစစ်အမှန်လော အတုယောင်လော အရေးမကြီးပေ။
အရေးကြီးသည်မှာ ဧကရာဇ်ဓားက လှုပ်ရှားသွားခဲ့သည်။ ထိုအချက်က အရာအားလုံးကို ရှင်းပြရန် လုံလောက်သည်။
ရွှီချင်းက မျက်လုံးမှိတ်လိုက်သည့်အခါ ဘေးပတ်ဝန်းကျင်သည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤအခိုက်အတန့်မှာ တစ်စုံတစ်ယောက်၏ တံတွေးမျိုချသံကိုပင် ကြားရနိုင်ပေသည်။ ဤဿည်မှာ တစ်စုံတစ်ယောက်က မင်းသားတစ်ပါးအား သတ်ဖြတ်ခြင်းကို သူတို့၏ မျက်စိဖြင့် ကိုယ်တွေ့မြင်ဖူးခြင်း ဖြစ်သည်။
ဤကိစ္စ၏ သက်ရောက်မှုသည် ပြောမပြနိုင်အောင် ကြီးမားသည်။
ဤအခိုက်အတန့်မှာ အင်ပါယာအကယ်ဒမီထဲမှာဖြစ်စေ နန်းမြို့တော်ထဲမှာဖြစ်စေ အထိတ်လန့်ဆုံးလူများသည် တခြားမင်းသားများသာ ဖြစ်ကြသည်။
ကျောင်းအုပ်ကြီး၏ အနောက်မှာ ရပ်နေသော တတိယမင်းသားသည် တုန်ယင်နေသည်။ ရွှီချင်းကို ကြည့်သော သူ၏ အကြည့်ထဲမှာ ကြောက်ရွံ့ရိုသေမှုဖြင့် ပြည့်နှက်နေသည်။
အဘယ့်ကြောင့်ဆိုသော် သူသည်လည်း အပြစ်ကင်းစင်သူ မဟုတ်ပေ။ ထို့ကြောင့် သူက ဧကရာဇ်ဓားကို ကြောက်ရွံ့ပေသည်။
နန်းမြို့တော်၏ အပြင်ဘက်တွင် မင်းသားကြီးမှစတင်၍ မင်းသားတစ်ဆယ်အထိ သူတို့အားလုံးသည် အလိုအလျောက် နှလုံးတုန်သွားကြသည်။ ဤတစ်ကြိမ် ရွှီချင်း၏ လုပ်ရပ်ထဲမှာ မင်းသားများ၏ အကြံပေးဆရာ၏ အခွင့်အာဏာကို ပိုင်ဆိုင်ထားပေသည်။
အမှန်မှာ မင်းသားများ၏ အကြံပေးဆရာသည်ပင် မင်းသားများကို ထိန်းသိမ်းကြပ်မတ်ရန်သာ အခွင့်အာဏာရှိကြသည်။ သူ့မှာ မင်းသားများကို သတ်ဖြတ်ရန် အခွင့်အာဏာမရှိပေ။
ထို့ကြောင့် ဤအခိုက်အတန့်မှာ ရွှီချင်းအပေါ် မည်သူက မကြောက်ရွံ့ဘဲ နေမည်နည်း။ မည်သို့ဖြစ်ပါစေ ဧကရာဇ်ဓား၏ လှုပ်ရှားမှုသည် လူသားမျိုးနွယ်၏ တည်ကြည်ဖြောင့်မတ်မှုကို ကိုယ်စားပြုသည်။ လူသားဧကရာဇ်သည်ပင် ၎င်းကို မရပ်တန့်နိုင်လေရာ တခြားမည်သူက ခုခံနိုင်မည်နည်း။
“ သူ့ရဲ့ အခွင့်အာဏာက… အရမ်းကြီးမားလွန်းတယ် ”
နင်ယန်မှလွဲ၍ ကျန်မင်းသားအားလုံးက ထိုသို့ တွေးမိသွားကြသည်။
ရွှီချင်းက မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၏ ဘေးတွင် ဝင်ထိုင်လိုက်သည့်အခါ ယင်းက ခြားနားသော အဓိပ္ပာယ်ကို ဖြစ်ပေါ်စေသည်။
ရုတ်တရက်ဆိုသလို ကျောင်းတော်သားများနှင့် အင်အားစုအသီးအသီး၏ မျက်လုံးထဲတွင် မူကွဲအင်မော်တယ်ကျောင်းတော်သည် ယခင်နှင့် ခြားနားသွားသည်။
အဘယ့်ကြောင့်ဆိုသော် ယင်းက ရွှီချင်းရွေးချယ်ခဲ့သော ကျောင်းတော်ဖြစ်သည်။ ထို့ပြင် မူကွဲအင်မော်တယ်ကျောင်းတော်က မိစ္ဆာဒိဌိမဟုတ်ကြောင်း ရွှီချင်းက သက်သေပြခဲ့ပြီးပြီ ဖြစ်သည်။ သူက သတ္တမမင်းသားကို သတ်ဖြတ်ခြင်းနှင့်အတူ မူကွဲအင်မော်တယ်ကျောင်းတော်အပေါ် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ စွပ်စွဲချက်များကို ဖြေရှင်းသွားခဲ့သည်။
ဤအလှည့်အပြောင်းများမှ ဖြစ်ပေါ်လာသော စိတ်ခံစားချက်များသည် တစ်ခါမှမဖြစ်ဖူးသော အဆင့်အထိ ရောက်ရှိသွားသည်။
မကြာမီ မူကွဲအင်မော်တယ်ကျောင်းတော်၏ တာအိုစင်မြင့်မှ သက်တံ့အလင်းတန်းသည် ပေတစ်ထောင်မှ ပေတစ်သောင်းသို့ တိုက်ရိုက် မြင့်တတ်သွားသည်။ ယခင်က မူကွဲအင်မော်တယ်ကျောင်းတော်ထဲသို့ ဝင်ရောက်ခဲ့ကြသော ကျောင်းတော်သားအားလုံးသည် ဤအခိုက်အတန့်မှာ စိတ်လှုပ်ရှားသွားကြသည်။
တခြားကျောင်းတော်များမှ ကျောင်းတော်သားများသည်တော့ မူကွဲအင်မော်တယ်ကျောင်းတော်ကို အသိအမှတ်မပြုဟန် ရ၏။ သူတို့က ရွှီချင်းကို ယခင်က တစ်ခါမှ မမြင်ဖူးသောကြောင့် ရွှီချင်းနှင့် မရင်းနှီးကြပေ။ သို့သော်လည်း ယခု ရွှီချင်းက တော်ဝင်မိသားစု၏ စွမ်းအားကို မကြောက်ရွံ့ဘဲ ဧကရာဇ်ဓား၏ အစွမ်းအား ထုတ်ဖော်ပြခဲ့သည်ကို သူတို့ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရသောအခါ ရိုသေလေးစားသွားကြသည်။
ထိုမြင်ကွင်းသည် လူငယ်မျိုးဆက်များအတွက် ကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။
“ သူက အသက်ငယ်ငယ်နဲ့ ဒေသကြီးတစ်ခုရဲ့ အရှင်သခင်ဖြစ်လာတာ မထူးဆန်းတော့ပါဘူး ”
“ ငါလည်း ကြားမိတယ်… အတိတ်မှာ ရွှီချင်းက တစ်ယောက်တည်း အရှေ့ထွက်ခဲ့ပြီး ဖုန်းဟိုင်ဒေသငယ်ကို မုန်တိုင်းဖြစ်စေခဲ့တဲ့ နောက်ကွယ်က အကြောင်းအရင်းကို ဖော်ထုတ်ခဲ့တယ်တဲ့ ”
“ ဓားကိုင်တွေရဲ့ နှလုံးသားအလင်းစစ်ဆေးမှုမှာ သူ့ရဲ့ အဖြေက ပေတစ်သိန်းအလင်းတန်းကို ရရှိစေခဲ့တယ်လို့ ငါလည်း ကြားမိတယ်… ဒီအဓိပ္ပာယ်က သူဟာ ယုံကြည်ထိုက်သူဖြစ်ကြောင်း ဖော်ပြလိုက်တာပဲ… အစကတော့ အဲ့ဒါက အကျယ်ချဲ့ပြီးပြောတဲ့ ကောလဟာလဖြစ်မယ်လို့ ငါထင်ထားခဲ့တာ… ဒါပေမဲ့ အခုကြည့်ရတာတော့ အဲ့ဒါကြောင့် ဓားကိုင်ဧကရာဇ်က သူ့ကို ရွေးချယ်ခဲ့တာ ဖြစ်ရမယ် ”
“ မဟာဧကရာဇ်ရဲ့ အသိအမှတ်ပြုခံရပြီး ဧကရာဇ်ဓားရဲ့ ရွေးချယ်ခံရတဲ့ လူက မူကွဲအင်မော်တယ်ကျောင်းတော်ကို ရွေးချယ်ခဲ့တယ်… ဒီကျောင်းတော်က သေချာပေါက် ထူးခြားရမယ် ”
အတွေးများစွာသည် အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားများ၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။ တာအိုစင်မြင့်ပေါ်မှ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည်လည်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စိတ်ခံစားချက်များကို ခံစားမိသွားသည်။ တစ်ချိန်တည်းမှာ မိန်းမောတွေဝေသော ခံစားမှုက ပိုပြီးအားကောင်းလာလေရာ စိတ်လှုပ်ရှားသော လှိုင်းလုံးများက သူ၏ ဦးခေါင်းထဲမှာ ပြည့်ကျပ်နေသည့်အလားပင်။
ယနေ့ကိစ္စသည် သူ၏ မျှော်လင့်ထားမှုထက် လုံးဝကျော်လွန်သွားသည်။ ယခုအချိန်မှာပင် သူက ယင်းကို လိုက်လျောညီထွေဖြစ်အောင် မနေနိုင်သေးပေ။ ချက်ချင်းဆိုသလို သူက သူ့ဘေးမှ ရွှီချင်းကို ကြည့်လိုက်သည်။ သူက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားပြောရမည်မှန်း မသိပေ။
နောက်ဆုံးမှာတော့ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းမော့လိုက်သည်။ သူက အနက်ရောင်တာအိုစင်မြင့်ပေါ်မှ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးကို မောက်မာထောင်လွှားစွာ ကြည့်လိုက်သည်။
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ အကြည့်သည် ရွှီချင်းပေါ်မှာ ရှိနေဆဲပင်။ သူ၏ အကြည့်ထဲမှာ စိတ်ရှုပ်ထွေးမှု၊ အတိတ်ကို လွမ်းဆွေးသတိရမှုနှင့် ထက်ရှသော စိတ်ဆန္ဒ ပါရှိသည်။ နောက်ဆုံးမှာတော့ သူက အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သတ္တမမင်းသား ပျောက်ကွယ်သွားခဲ့သော နေရာကို ကြည့်လိုက်သည်။ သူက နူးညံ့စွာ သက်ပြင်းချလိုက်သည်။
‘ ဒီဟာက ဧကရာဇ်အတွက် ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားတဲ့ ပြပွဲတစ်ခုဟာကို… သတ္တမမင်းသားဆိုတဲ့ စစ်တုရင်အရုပ်က သူ့တန်ဖိုးကို ထုတ်မပြရသေးခင်မှာ စောစောစီးစီး ပေါက်ကွဲသွားတယ် ’
‘ ရွှီချင်းက ငါ့သရုပ်ကို သိထားပြီးလောက်ပြီလို့ ငါထင်တယ် ’
‘ နှစ်ကြိမ်ရှိပြီ… ဒီတစ်ကြိမ်နဲ့ဆိုရင် ငါအတွက်မှားတာ နှစ်ကြိမ်ရှိပြီ ’
နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သူ၏ အကြည့်က ကြယ်နိမိတ်ဖတ်မျှော်စင်ဆီသို့ ရွှေ့ပြောင်းသွားသည်။ နောင်တရသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက အမှန်တကယ် အသက်ကြီးသွားပြီဟု ခံစားမိသွားသည်။
ဤအခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်နေစဉ် လေထဲမှ ကျောင်းအုပ်ကြီးသည် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
တာအိုဆွေးနွေးပွဲမှာ ထိုသို့အခြေအနေဖြစ်ပေါ်လာလိမ့်မည်ဟု သူမျှော်လင့်မထားပေ။ ထို့ပြင် တာအိုဆွေးနွေးပွဲသည် မပြီးဆုံးသေးပေ။
ထို့ကြောင့် တစ်ခဏကြာ စဉ်းစားချင့်ချိန်ပြီးနောက် သူက လူသားဧကရာဇ်ကို ကြည့်လိုက်သည်။
“ ဆက်ပြီးဆောင်ရွက်ပါ ”
လူသားဧကရာဇ်က ပြောသည်။ သူ၏ အသံသည် နက်ရှိုင်းပြီး လေထဲမှာ ပဲ့တင်ထပ်သွားသည်။
ကျောင်းအုပ်ကြီးသည် လူသားဧကရာဇ်ထံမှ တခြားအဓိပ္ပာယ်ကို ကြားသွားသည့်အလား သူ၏ အမူအရာသည် အေးခဲသွားသည်။ သို့ဖြစ်၍ သူ၏ အက်ရှရှအသံသည် အင်ပါယာအကယ်ဒမီထဲမှာ ပဲ့တင်ထပ်သွားသည်။
“ တာအိုဆွေးနွေးပွဲရဲ့ တတိယအပိုင်းဖြစ်တဲ့ အနာဂတ်အကြောင်းကို ဆက်ဆွေးနွေးမယ် ”
“ အနာဂတ်ဆိုတာ လူသားမျိုးနွယ်ရဲ့ အနာဂတ်တိုးတတ်မှုကို ရည်ရွယ်တယ်… မူကွဲအင်မော်တယ်ကျောင်းတော်နဲ့ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်က သူတို့ရဲ့ သက်ဆိုင်ရာ အတွေးအမြင်တွေကို အရှေ့မှာ ဖော်ပြပြီးသွားကြပြီ… ဒါပေမဲ့ နောက်ဆုံးမှာ ကျုပ်တို့ကျင့်ကြံသူတွေ အမြင်ချင်ဆုံးအရာက ဘယ်လမ်းစဉ်ဟာ မဟာတာအိုဆီ အရောက်လှမ်းနိုင်မလဲ ဆိုတာပါပဲ ”
“ အဲ့ဒါကို ဒီက ကျောင်းတော်သားတွေက သက်သေပြုပေးပါလိမ့်မယ်… ကျေးဇူးပြုပြီး မင်းတို့ရဲ့ ကျင့်ကြံခြင်းအတတ်တွေကို သရုပ်ပြပေးပါ ”
ကျောင်းအုပ်ကြီး၏ စကားဆုံးသွားသည့်အခါ မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ပေါက်ကွဲထွက်လာပြီး ဝိညာဉ်ချည်မျှင်တစ်သိန်းက သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာကြသည်။ ယင်းတို့က လေထဲမှာ ဝဲကတော့တစ်ခုသဖွယ် ဖွဲ့စည်းသွားသည်။ ဝုန်းခနဲ မြည်သံ ပေါက်ကွဲထွက်လာသည့်အခါ ယင်းက ဘူမိကလေးငယ်တစ်ကောင်သို့ ရက်လုပ်သွားသည်။
ဤသည်မှာ သူ၏ အကန့်အသတ်ဖြစ်သည်။ သို့သော်လည်း မူကွဲအင်မော်တယ်ကျောင်းတော်တွင် ဘိုးဘေးတစ်ယောက် ရှိနေသေးသည်။
မကြာမီ ဘူမိကလေးငယ်တစ်ကောင်၏ အော်သံသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ထဲမှ ပဲ့တင်ထပ်လာသည်။
ထိုအော်သံသည် မိုးခြိမ်းသံသဖွယ် အရပ်မျက်နှာပေါင်းစုံမှာ ပေါက်ကွဲသွားသည်။ မူကွဲအင်မော်တယ်ကျောင်းတော်၏ အဖြူရောင်မျှော်စင်ထဲတွင် လျှို့ဝှက်အခန်းတံခါးသည် ကျယ်လောင်စွာ ပွင့်သွားသည်။ တာအိုဝတ်စုံနှင့် ခေါင်းဖြူအဖိုးအိုတစ်ယောက်သည် လျှို့ဝှက်အခန်းထဲမှ ထွက်လျှောက်လာသည်။
ထိုအဖိုးအိုသည် မျက်နှာဖုံးမတပ်ထားပေ။ သူ၏ မျက်လုံးထဲတွင် စိတ်ဓာတ်တတ်ကြွမှုဖြင့် ပြည့်နှက်နေသည်။ သူက လေထဲသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားနေစဉ် သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ထုတ်လွှတ်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူက မူကွဲအင်မော်တယ်ကျောင်းတော်၏ တာအိုစင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။
သူ၏ ရောက်ရှိလာမှုသည် ဆွေးနွေးမှုများစွာကို ဖြစ်ပေါ်လာစေသည်။ ကျောင်းအုပ်ကြီးသည် ထိုအဖိုးအိုကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ချန်းတောက်ဇီ ”
ယခု ရောက်ရှိလာသူသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ ဘိုးဘေး ချန်းတောက်ဇီမှလွဲ၍ တခြားလူမဟုတ်ပေ။
ဤအခိုက်အတန့်မှာ သူက မူကွဲအင်မော်တယ်ကျောင်းတော်၏ တာအိုစင်မြင့်ပေါ်မှာ မတ်တတ်ရပ်နေသည်။ သူက ပထမဆုံး ကြည့်ရှုလိုက်သူသည် ကျောင်းအုပ်ကြီးကို မဟုတ်ပေ။ ရွှီချင်းကို ဖြစ်သည်။
ရွှီချင်းကို တစ်ခဏကြာ စိုက်ကြည့်ပြီးနောက် ချန်းတောက်ဇီက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ကျောင်းအုပ်ကြီးကို ကြည့်လိုက်ပြီး လက်သီးဆုပ်လိုက်သည်။
“ ကျောင်းအုပ်ကြီး… ကျုပ်က တံခါးပိတ်ကျင့်ကြံနေတာကြောင့် နည်းနည်း နောက်ကျသွားပါတယ် ”
“ အနာဂတ်အတွက် ဆွေးနွေးခြင်းကို ကျုပ်က သရုပ်ပြပေးပါမယ် ”
သူ့စကားဆုံးသွားသည်နှင့် ချန်းတောက်ဇီ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူ၏ အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ်ချည်မျှင်များသည် အပြင်သို့ တိုးထွက်လာကြသည်။ ဝိညာဉ်ချည်မျှင်သည် တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း၊ လေးသိန်း၊ နောက်ဆုံးမှာ ဝိညာဉ်ချည်မျှင်သည် ခြောက်သိန်းအထိ ရောက်ရှိသွားသည်။ ဝိညာဉ်ချည်မျှင်ခြောက်သိန်းသည် ကောင်းကင်နှင့် မြေပြင်ကို လွှမ်းခြုံသွားပြီး အရပ်ရှစ်မျက်နှာဆီသို့ ပျံ့နှံ့သွားသည်။
၎င်း၏ အရှိန်အဝါသည် ဤဧရိယာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
နောက်ဆုံးမှာတော့ ဝိညာဉ်ချည်မျှင်အားလုံးသည် အတူတကွ စုဝေးသွားကြပြီး ကြီးကျယ်မြင့်မြတ်သော ဧရာမပုံရိပ်တစ်ခုကို ဖွဲ့စည်းသွားသည်။ ထို့နောက် နတ်ဘုရားစွမ်းအားက ပျံ့နှံ့ထွက်လာပြီး လောကကြီးကို မည်းမှောင်သွားစေသည်။ ဒြပ်နှောများသည် ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာကြသည်။
ဤသည်မှာ နတ်ဘုရားတစ်ပါး၏ ပုံရိပ်ဖြစ်သည်။
၎င်းက ဟိုးလွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက မဟာဧကရာဇ်၏ သတ်ဖြတ်ခြင်းခံခဲ့ရသော အနက်ရောင်အရိုးခြောက်နတ်ဘုရားတစ်ပါး ဖြစ်သည်။
၎င်း၏ အနက်ရောင်ဝတ်ရုံသည် အပိုင်းပိုင်း ဆုတ်ပြဲနေပြီး လေထဲမှာ တဖျပ်ဖျပ်လှုပ်ခတ်နေသည်။ ၎င်း၏ သမင်ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများဖြင့် ပြည့်နှက်နေသည်။ ၎င်း၏ မျက်လုံးလေးလုံးထဲတွင် နေနှင့်လ၏ ပေါင်းစပ်အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ၎င်းက ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေစဉ် သက်ရှိအားလုံးကို အကြောက်တရားအား ခံစားမိစေသည်။
အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားအများစုသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ ထို့နည်းတူ အပြင်ဘက်မှ အင်အားစုအသီးသီးသည်လည်း အံ့ဩထိတ်လန့်သွားကြသည်။
မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ ယခင်က ဝိညာဉ်ချည်မျှင်ခြောက်သိန်းရရှိဖူးသူ တစ်ယောက်မှမရှိကြောင်း သူတို့သိထားကြသည်။ ယင်းက ဒဏ္ဍာရီတစ်ပုဒ်သဖွယ်ဖြစ်လာခဲ့သည်။ ထို့ကြောင့် ယခု ဆူပူအုံကြွမှုတစ်ခု ဖြစ်ပေါ်လာသည်။
“ ဝိညာဉ်ချည်မျှင်ခြောက်သိန်းက နတ်ဘုရားတစ်ပါးရဲ့ ခန္ဓာကိုယ်ကို ရက်လုပ်နိုင်တယ်… ”
“ ဒါ… ဒါက မူကွဲအင်မော်တယ်ကျောင်းတော်လား ”
ဆွံ့အသံများနှင့် ထိတ်လန့်သံများသည် အင်ပါယာအကယ်ဒမီထဲမှာ ထွက်ပေါ်လာကြသည်။
“ ဟွန့်… ဒီဟာက နတ်ဘုရားအစွမ်းမရှိတဲ့ ပုံစံတစ်ခုထက် မပိုဘူး… ဒီဘာမဟုတ်တဲ့ ပုံစံအတွက် ဝိညာဉ်ချည်မျှင်ခြောက်သိန်းတောင် လိုအပ်တယ်တဲ့လား… ကြည့်ရတာ မူကွဲအင်မော်တယ်ကျောင်းတော်က ဒီလောက်ပဲ အစွမ်းအစရှိတာဖြစ်ရမယ် ”
ကျောင်းတော်သားများက အံ့ဩထိတ်လန့်နေကြစဉ် အနက်ရောင်တာအိုစင်မြင့်ပေါ်မှ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် မတ်တတ်ရပ်လိုက်ပြီး သရော်လှောင်ပြောင်သော လေသံစွက်၍ ပြောသည်။
ဤတစ်ကြိမ်တွင် အခြေအနေက သူ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားပြီဖြစ်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့် သူက သေခြင်းရှင်ခြင်းကို ဂရုမစိုက်နိုင်တော့ပေ။ ယခု သူဂရုစိုက်သည်မှာ ပစ္စည်းကို ထုတ်ပြရန် ဖြစ်သည်။
ဝယ်သူအတွက် သူပြင်ဆင်ထားသော ပစ္စည်းက ၎င်း၏ တန်ဖိုးကို မထုတ်ပြနိုင်ခင် ပေါက်ကွဲသွားမှတော့ အဘယ့်ကြောင့် သူကိုယ်တိုင် ပစ္စည်းကို မထုတ်ပြရမည်နည်း။
တစ်ခဏကြာ စဉ်းစားချင့်ချိန်ပြီးနောက် ဆုံးဖြတ်ချက်ပြတ်သားမှုသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ စကားသံက အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်သွားစဉ် သူက နေရာယူလိုက်သည်။
ရွှီချင်းသည်လည်း မျက်လုံးပြန်ဖွင့်လိုက်ပြီး နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို မဖိနှိပ်ထားပေ။ သို့ဖြစ်၍ သူ၏ အကြည့်သည် အလွန်ထက်ရှသော သဏ္ဍာန်မဲ့ဓားသွားအဖြစ် ပြောင်းလဲသွားသည်။