← Chapters

အထွတ်အထိပ် မူကွဲအင်မော်တယ်

Vol. 78 Ch. 1205

အထွတ်အထိပ် မူကွဲအင်မော်တယ်

Vol. 78 Ch. 1205

ဝိညာဉ်ချည်မျှင်တစ်သန်းသုံးသိန်းသည် ဝိညာဉ်မြွေများအလား ယှက်ထွေနေပြီး အတူတကွ စုဝေးသွားကြသည်။ ထို့နောက် ယင်းတို့က ပေထောင်ပေါင်းများစွာ ရှည်လျားသော ဧရာမခန္ဓာကိုယ်တစ်ခုကို ဖွဲ့စည်းသွားကြသည်။

ထိုခန္ဓာကိုယ်သည် တစ္ဆေအင်ပါယာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လောကကို တုန်လှုပ်သွားစေမည့် ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်း၏ ဦးခေါင်းပေါ်တွင် (ဃ၁၃၂)မှ ဖြစ်ပေါ်လာသော သရဖူတစ်ခု ရှိသည်။ ယင်းက သူ့ကို ဧကရာဇ်တစ်ပါးနှင့် ပိုပြီးတူညီသွားစေသည်။ ၎င်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ကြီးကျယ်မြင့်မြတ်သည့် တော်ဝင်အရှိန်အဝါသည် ရွှေရောင်နဂါးများသို့ ပြောင်းလဲသွားကြပြီး အရပ်မျက်နှာအဘက်ဘက်သို့ ဟိန်းဟောက်လိုက်ကြသည်။

ကျောက်ရှာအလင်းသည်ပင် ဝိညာဉ်ချည်မျှင်များ၏ တုပဖန်တီးမှုအောက်မှာ ထွက်ပေါ်လာပြီး နတ်ဘုရားတစ်ပါး၏ ကိုယ်ရောင်ကိုယ်ဝါကို ပေးသည်။

ကောင်းကင်ဘုံတာအိုမိုဆာဆော၏ ဟိန်းသံသည် ထိုနတ်ဘုရားခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်လာသည်။ ယင်းက ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် ကြည့်ရှုနေသူအားလုံး၏ အသိစိတ်ထဲသို့ ကျယ်လောင်စွာ ထစ်ချုန်းသွားသည်။ ကောင်းကင်ဘုံတာအို၏ အရှိန်အဝါသည် အလွန်အားကောင်းပြီး ၎င်း၏ အတွင်းထဲမှာ ဆေးမီးဖိုတစ်ခုကဲ့သို့ အပြင်းအထန် လောင်ကျွမ်းနေသည်။

ဆေးမီးဖို၏ မီးတောက်များသည် အပြင်ဘက်သို့ ပျံ့နှံ့ထွက်လာကြပြီး ကျယ်ပြောသော မီးတောက်ပင်လယ်တစ်ခုကို ဖွဲ့စည်းသွားသည်။ ယင်းက အနည်းဆုံး ကီလိုမီတာငါးဆယ်အထိ ကျယ်ပြောသည်။

မီးတောက်ပင်လယ်ထဲမှ ဧရာမခန္ဓာကိုယ်သည် ၎င်း၏ ညာလက်ကို မြှောက်တင်လိုက်ပြီး လေကို ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို ရွှေကျီးကန်းလှံက ထွက်ပေါ်လာပြီး ၎င်း၏ တင်းကျပ်စွာ ဖမ်းဆုပ်ခြင်းခံလိုက်ရသည်။ ၎င်းက လှံကို မြှောက်လိုက်ပြီး နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးဆီသို့ ညွှန်လိုက်သည်။

လှံ၏ ထိပ်ဖျားတွင် ရွှေကျီးကန်း၏ ပုံသဏ္ဍာန်ကို မြင်နိုင်ပေသည်။ ၎င်းက အလွန်ရှင်းလင်းပြီး ၎င်း၏ မျက်လုံးသည် အလွန်စူးရှသည်။ ရွှေကျီးကန်းသည် မီးတောက်များကို မှုတ်ထုတ်လိုက်ပြီး မီးတောက်ပင်လယ်ထဲသို့ ပေါင်းစပ်သွားစေသည်။ ရွှေကျီးကန်းမီးတောက်၏ အားဖြည့်ပေးမှုအောက်မှာ ဧရာမခန္ဓာကိုယ်သည် နတ်ဘုရားတစ်ပါး၏ တည်ရှိမှုကို ပေးသည်။

ဤသည်မှာ ရွှီချင်း၏ ပထမနတ်ဘုရားအသွင်သဏ္ဍာန်ဖြစ်ပြီး ပြီးပြည့်စုံဆုံး အသွင်ဖြစ်သည်။

သို့သော်လည်း ယင်းက အတိတ်တုန်းကနှင့် ခြားနားသည်။ ထိုနတ်ဘုရားအသွင်က ရွှီချင်းနှင့် ပေါင်းစပ်သွားခြင်း မရှိပေ။ ၎င်းက ရွှီချင်း၏ အနောက်မှာ မတ်တတ်ရပ်နေပြီး ထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရားအစွမ်းကို ထုတ်လွှတ်နေသည်။

ရွှီချင်းသည်တော့ နတ်ဘုရားအသွင်သဏ္ဍာန်၏ အရှေ့မှာ ရပ်နေပြီး မီးတောက်ပင်လယ်ပေါ်သို့ ခြေချလိုက်သည်။ နတ်ဘုရားအသွင်သဏ္ဍာန်နှင့် နှိုင်းယှဉ်လျှင် သူ၏ တည်ရှိမှုက ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်သော်လည်း သူက နတ်ဘုရားအား ထိန်းချုပ်နိုင်သည်ဟူသော ခံစားမှုကို ပေးစွမ်းနေဆဲပင်။

ဤသည်မှာ နတ်ဘုရားက သတ္ထုအရုပ်တစ်ခု ဖြစ်လာသည့်အလားပင်။

ထိုမြင်ကွင်းသည် အင်ပါယာအကယ်ဒမီထဲမှ လူတိုင်းနှင့် အပြင်ဘက်မှ အင်အားစုအသီးသီးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။ လူသားဧကရာဇ်သည်ပင် အနီးကပ်ကြည့်ရှု၍ လေ့လာလိုက်သည်။

မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် အလွန်စိတ်လှုပ်ရှားသွားသည်။ သူ၏ ဘေးမှ ချန်းတောက်ဇီသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ရှုပ်ထွေးသော စိတ်ခံစားချက်များက သူ၏ မျက်လုံးထဲမှာ ရောပြွန်ထွက်လာသည်။

မူကွဲအင်မော်တယ်ကျောင်းတော်သားများသည်တော့ သူတို့၏ သရုပ်ကို မဖုံးကွယ်ထားကြတော့ပေ။ သူတို့၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေကြသည်။ သူတို့က ရွှီချင်း၏ လုပ်ဆောင်မှုများကို မချီးကျူးဘဲ မနေနိုင်ကြပေ။ သူတို့က ရွှီချင်း၏ ခြေလှမ်းများအတိုင်း လျှောက်လှမ်းချင်ကြသည်။

အဓိကကျောင်းတော်နှစ်ခုကြားမှ ဤတာအိုဆွေးနွေးပွဲသည် ရွှီချင်း၏ တစ်ကိုယ်တော်ပြပွဲဖြစ်လာသည်။

သူက မင်းသားတစ်ပါးကို သတ်ဖြတ်ခဲ့ပြီး သူ့ကိုယ်သူ မူကွဲအင်မော်တယ်တစ်ပါးအဖြစ် သက်သေပြခဲ့သည်။

ထို့ပြင် ယခု သူ၏ တခြားသရုပ်က ထွက်ပေါ်လာပြန်သည်။

သူက မူကွဲအင်မော်တယ်ကျောင်းတော်၏ ဆန်းကြယ်ဆရာသခင်ဖြစ်သည်။

တစ်ခုသိထားရမည်မှာ ထိုဆန်းကြယ်ဆရာသခင်သည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အသန်မာဆုံးဘိုးဘေးဖြစ်ပြီး မူကွဲအင်မော်တယ်ကျောင်းတော် ပြန်လည်မြင့်တတ်လာသည့် အဓိကဇစ်မြစ် ဖြစ်သည်။

ထို့ကြောင့် ရွှီချင်း၏ ထွက်ပေါ်လာမှုက မူကွဲအင်မော်တယ်ကျောင်းတော်သားများကြားတွင် ကြီးမားသော ဆူပူအုံကြွမှုတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ရွှီချင်း၏ ဒေသအရှင်သခင်ဟူသော သရုပ်က ထွက်ပေါ်လာခဲ့စဉ် မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှ တပည့်ရင်းများသည် ထိတ်လန့်သွားခဲ့ကြသည်။ ယခု ရွှီချင်းက မူကွဲအင်မော်တယ်ကျောင်းတော်၏ အရင်းအမြစ်ဖြစ်ကြောင်း သူတို့နားလည်သွားကြသည့်အခါ သူတို့၏ နှလုံးက ပရမ်းပတာ လှုပ်ခါသွားကြသည်။

ရွှီချင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ခဲ့ဖူးသော တပည့်ရင်းသည် ယခု မျက်နှာဖြူဖျော့သွားသည်။ ထို့အတူ အတိတ်မှာ တပည့်ခေါင်းဆောင်ရာထူးအတွက် ရွှီချင်းကို အထင်သေးရှုံ့ချခဲ့ဖူးသော တပည့်များသည် စိတ်မသက်မသာ ခံစားမိသွားကြသည်။

ကျောင်းတော်သို့ အစောဆုံး ဝင်ရောက်ခဲ့သော တပည့်ရင်းသုံးယောက်သည်တော့ မျက်လုံးပြူးကျယ်သွားကြသည်။

“ ဘိုးဘေးက… ငါတို့နဲ့အတူ သတင်းလွှာတွေ မှတ်တမ်းတင်ခဲ့တာလား ”

လူအုပ်ထဲတွင် ကျောင်းတော်သားတစ်ယောက်လည်း ရှိသည်။ ထိုကျောင်းတော်သားသည် အတိတ်မှာ ကြယ်အင်ပါယာအထွတ်အမြတ်ဂိုဏ်းခွဲတွင် ရွှီချင်းတို့နှင့် အတူပူးပေါင်းခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အမျိုးသမီးမှလွဲ၍ တခြားလူမဟုတ်ပေ။ ယခု သူက လေထဲမှ ရွှီချင်းကို ကြည့်နေသည်။ သူ၏ အမူအရာက တည်ငြိမ်နေဟန် ထင်ရသော်လည်း သူ၏ နှလုံးသားထဲမှာ အဆက်မပြတ် လှိုင်းထနေသည်။

“ ဒီတော့… နင်ကို ”

အမျိုးသမီးသည် အံတင်းတင်းကြိတ်လိုက်သည်။

လူတိုင်း၏ အကြည့်အောက်မှာ နတ်ဘုရားအသွင်သဏ္ဍာန်၏ အရှေ့တွင် မတ်တတ်ရပ်နေသော ရွှီချင်းသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးကို စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မူကွဲအင်မော်တယ်ကျောင်းတော်က ဝိညာဉ်ချည်မျှင်တွေကို သန့်စင်တယ်… ဝိညာဉ်ချည်မျှင်တွေနဲ့ နတ်ဘုရားပုံရိပ်တွေကို ရက်လုပ်တယ် ”

“ ဒါပေမဲ့ အဲ့ဒါတွေအားလုံးက အပေါ်ယံပဲ… မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ အဓိကအားသာချက်က နတ်ဘုရားအရင်းအမြစ်ကို အဆင့်ချိုးဖြတ်ဖို့အတွက် စွမ်းအားအဖြစ် ပြောင်းလဲနိုင်တာပဲ ”

“ မင်းက အကန့်အသတ်ကို ရောက်ရှိသွားတဲ့အခါ နတ်ဘုရားပုံရိပ်ကို လောင်ကျွမ်းပြီး အဲ့ဒါကို ကြီးမားတဲ့ လောင်စာစွမ်းအင်အဖြစ် ပြောင်းလဲပစ်နိုင်တယ်… လောင်စာစွမ်းအင်ရဲ့ အကူအညီနဲ့ မင်းက အတားအဆီးကို ချိုးဖြတ်ပြီး ပိတ်ဆို့ခံထားရတဲ့ လမ်းစဉ်ကို ရှေ့ဆက်သွားနိုင်လိမ့်မယ်… အဲ့ဒီနောက် မင်းက လမ်းစဉ်အသစ်ဆီ ရောက်ရှိသွားလိမ့်မယ်… အင်မော်တယ်တစ်ပါးဖြစ်လာဖို့ နတ်ဘုရားအစွမ်းကို အသုံးပြုတာက မူကွဲအင်မော်တယ်ပဲ ”

“ အပြင်လူတွေရဲ့ အမြင်မှာ အတိတ်တုန်းက မူကွဲအင်မော်တယ်ကျောင်းတော် ကျဆင်းသွားရတဲ့ အကြောင်းအရင်းက ကျင့်ကြံခြင်းတိုးတတ်မှုနှုန်း နှေးကွေးလို့ပဲ… ဒါပေမဲ့ တကယ်တမ်းတော့ အဲ့ဒါကြောင့် မဟုတ်ဘူး… အဓိကအကြောင်းအရင်းက မူကွဲအင်မော်တယ်ကျောင်းတော်မှာ ဝိညာဉ်ချည်မျှင်တစ်သန်းရအောင် ကျင့်ကြံနိုင်တဲ့လူ ဘယ်သူမှမရှိခဲ့လို့ပဲ ”

“ တစ်စုံတစ်ယောက်က ဝိညာဉ်ချည်မျှင်တစ်သန်းထိရောက်အောင် ကျင့်ကြံနိုင်မယ်ဆိုရင် တာအိုမျိုးစေ့တွေကို မွေးဖွားနိုင်လိမ့်မယ်… တာအိုမျိုးစေ့တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် တပည့်တွေရဲ့ ကျင့်ကြံခြင်းက ပိုပြီးမြန်ဆန်လာလိမ့်မယ် ”

“ အခု ဝိညာဉ်ချည်မျှင်သုံးသိန်းက ငါ့နောက်က နတ်ဘုရားပုံရိပ်ကို ရက်လုပ်နိုင်တယ်… အဲ့ဒါက ဗလာနတ္ထိပထမအဆင့်စွမ်းအားကို ပိုင်ဆိုင်နိုင်စေလိမ့်မယ်… အဲ့ဒီနတ်ဘုရားပုံရိပ်ကို လောင်ကျွမ်းပစ်မယ်ဆိုရင် မင်းက ကျင့်ကြံခြင်းရဲ့ အတားအဆီးကို ချိုးဖြတ်ပြီး အဆင့်တတ်နိုင်လိမ့်မယ် ”

ရွှီချင်းသည် ချန်းတောက်ဇီကို လှမ်းကြည့်လိုက်သည်။

ချန်းတောက်ဇီသည် ရွှီချင်း၏ ဆိုလိုရင်းကို နားလည်သည်။ ထို့ကြောင့် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရွှီချင်းကို ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ပြီး ရွှီချင်း၏ အနောက်မှ နတ်ဘုရားပုံရိပ်ကို စူးစမ်းလေ့လာလိုက်သည်။ သူက ၎င်းကို အသေးစိတ် စစ်ဆေးလေ့လာနေခြင်းဖြစ်ပြီး တစ်လက်မမှ ချွင်းချန်မထားခဲ့ပေ။

သူက မူကွဲအင်မော်တယ်ကျောင်းတော်ထဲမှာ နှစ်ပေါင်းနှစ်ထောင်ကျော်ကြာအောင် နေထိုင်ခဲ့လေရာ သူ၏ စူးစမ်းလေ့လာသော စွမ်းရည်သည် ပြီးပြည့်စုံလုနီးပါး ကောင်းမွန်သည်။ ရွှီချင်း၏ နတ်ဘုရားပုံရိပ်က ရှုပ်ထွေးသော်လည်း အချိန်တစ်ခဏကြာပြီးနောက် သူက နားလည်သွားခဲ့သည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး စတင်ရက်လုပ်လိုက်သည်။

ချက်ချင်းဆိုသလို ဝိညာဉ်ချည်မျှင်ခြောက်သိန်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်လာကြပြီး အပြင်ဘက်မှာ ကခုန်ရွေ့လျားသွားကြသည်။ ယင်းတို့က သူ့အနောက်မှာ မြန်ဆန်စွာ ရက်လုပ်သွားကြပြီး နတ်ဘုရားပုံရိပ်၏ အကြမ်းဖျဉ်းပုံစံကို ဖွဲ့စည်းလိုက်သည်။ ထိုသို့လုပ်ဆောင်နေစဉ်အတွင်း သူက ချိန်ညှိခြင်းကို မကြာခဏ လုပ်ဆောင်ခဲ့ရသည်။

နောက်ဆုံးမှာတော့ ရွှီချင်း၏ ပထမနတ်ဘုရားအသွင်သဏ္ဍာန်နှင့် အတော်လေး ဆင်တူသော နတ်ဘုရားခန္ဓာကိုယ်တစ်ခုက ချန်းတောက်ဇီ၏ အနောက်မှာ ထွက်ပေါ်လာသည်။

၎င်း၏ အသွင်သဏ္ဍာန်သည် တစ်ပုံစံတည်းဖြစ်ပြီး ၎င်း၏ အရှိန်အဝါသည်ပင် တူညီသည်။ တစ်ခုတည်းသော ခြားနားမှုမှာ ရွှီချင်း၏ နတ်ဘုရားပုံရိပ်သည် ပိုပြီးသဘာဝဆန်သည်။

အစက ၎င်းတို့၏ အနှစ်သာရများသည် ခြားနားသည်။ သို့သော်လည်း တာအိုမျိုးစေ့၏ ကူညီပေးမှုကြောင့် ၎င်းတို့၏ အနှစ်သာရများသည် ဤအခိုက်အတန့်မှာ တူညီသွားသည်။

ထိုမြင်ကွင်းသည် လူတိုင်းကို အံ့ဩထိတ်လန့်သွားစေသည်။

မည်သို့ဖြစ်ပါစေ မျက်စိဖြင့် မြင်ခြင်းနှင့် ကိုယ်တိုင်လုပ်ဆောင်ခြင်းသည် မတူညီသော အရာနှစ်ခုဖြစ်သည်။

ဤအခိုက်အတန့်မှာ မူကွဲအင်မော်တယ်ကျောင်းတော်၏ ကျောင်းတော်သားအားလုံးသည် စိတ်လှုပ်ရှားသွားကြသည်။ အဘယ့်ကြောင့်ဆိုသော် ဘိုးဘေးချန်းတောက်ဇီက ရွှီချင်း၏ နတ်ဘုရားပုံရိပ်ကို ရက်လုပ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထိုအဓိပ္ပာယ်မှာ အနာဂတ်တွင် သူတို့သည်လည်း အရည်အချင်းပြည့်မီလာသည့်အခါ ထိုသို့လုပ်ဆောင်လာနိုင်လိမ့်မည်ဟု ဆိုလိုပေသည်။ ယင်းက သူတို့ကို မျှော်လင့်ချက်တစ်ခု ပေးသည်။

ယခုအချိန်တွင် စိတ်လှုပ်ရှားဆုံးပုဂ္ဂိုလ်သည် မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ အမြင်က ကျောင်းတော်သားများထက် ပိုပြီးနက်နဲသောကြောင့် ဖြစ်သည်။ ထိုမြင်ကွင်းက မည်မျှအရေးကြီးကြောင်း သူနားလည်သည်။

ဤသည်မှာ မူကွဲအင်မော်တယ်အတတ်ပညာ၏ မမျှော်လင့်ထားသော တိုးတတ်ပြောင်းလဲမှုကြီးတစ်ခု ဖြစ်သည်။ ယနေ့မှစ၍ မူကွဲအင်မော်တယ်ကျောင်းတော်သည် အတိတ်တုန်းက ရွှေရောင်နေ့ရက်များထက် ပိုပြီးသာလွန်သော အမြင့်ထိ ရောက်ရှိသွားလိမ့်မည်။

ဤမတိုင်ခင် ဝိညာဉ်ချည်မျှင်နှစ်သိန်းသည် မူကွဲအင်မော်တယ်ကျောင်းတော်၏ အကန့်အသတ်ဖြစ်သည်။

ယခု သူတို့က ပိုပြီးမြင့်မားသော အဆင့်ထိ ရောက်ရှိသွားကြသည်။

သာမန်ကျောင်းတော်သားများသည် ထိုအဓိပ္ပာယ်ကို နားမလည်နိုင်ကြချေ။ သို့သော်လည်း အပြင်ဘက်မှ အင်အားစုများသည်တော့ ယင်းကို နားလည်ကြသည်။ သူတို့၏ စိတ်ခံစားချက်များက ရောထွေးနေစဉ် မူကွဲအင်မော်တယ်ကျောင်းတော်က ယခုအချိန်မှစ၍ ရွှီချင်းအပိုင်ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သူတို့နားလည်သွားကြသည်။

ရွှီချင်း၏ ဆန်းကြယ်ဆရာသခင်ဟူသော သရုပ်ဖြစ်စေ သို့မဟုတ် မူကွဲအင်မော်တယ်ကျောင်းတော်၏ မြင့်တတ်လာမှုအတွက် သူ၏ အကျိုးဆောင်မှုများဖြစ်စေ ယင်းတို့က အနာဂတ်မှာ ဤကျောင်းတော်ကို ရွှီချင်းအပိုင်ဖြစ်လာစေလိမ့်မည်။

မူကွဲအင်မော်တယ်ကျောင်းတော်သည် ရွှီချင်း၏ ကျောင်းတော်ဖြစ်လာလိမ့်မည်။

လူတိုင်းက နက်နဲစွာ တွေးတောလိုက်ကြသည်။ သို့သော်လည်း ရွှီချင်း၏ စကားက အဆုံးမသတ်သေးပေ။

“ ဝိညာဉ်ချည်မျှင်တစ်သိန်းက ဘူမိကလေးငယ်ကို ရက်လုပ်နိုင်တယ်… ဝိညာဉ်ချည်မျှင်နှစ်သိန်းက ကောင်းကင်ဘုံနွားသိုးကို ရက်လုပ်နိုင်တယ်… ဝိညာဉ်ချည်မျှင်သုံးသိန်းနဲ့ ရက်လုပ်နိုင်တဲ့ ဒီနတ်ဘုရားပုံရိပ်ကိုတော့ နတ်ဧကရာဇ်လို့ ခေါ်တယ်… အခု နောက်လာမှာက ဝိညာဉ်ချည်မျှင်ငါးသိန်းနဲ့ ဖွဲ့စည်းနိုင်တဲ့ အသွင်သဏ္ဍာန်ပဲ ”

ရွှီချင်းသည် စကားပြောပြီးနောက် မျက်လုံးမှိတ်လိုက်သည်။ သူ၏ အနောက်မှ နတ်ဘုရားပုံရိပ်သည် ပြိုကွဲသွားပြီး ဝိညာဉ်ချည်မျှင်တစ်သန်းသုံးသိန်းသည် ပျံ့နှံ့သွားသည်။ ယင်းတို့က ကောင်းကင်ကို နောက်တစ်ကြိမ် ဖုံးလွှမ်းသွားပြန်သည်။

လောကကြီးသည် မည်းမှောင်သွားသည်။ ထို့နောက် ဝိညာဉ်ချည်မျှင်များက မြန်ဆန်စွာ ကျုံ့သွားပြီး စုဝေးသွားကာ ထပ်မံရက်လုပ်လိုက်သည်။ ယင်းတို့က အနက်ရောင်အဆိပ်မြူခိုးသို့ ပြောင်းလဲသွားပြီး နတ်မိစ္ဆာတစ်ကောင်နှင့် ဆင်တူသော ခန္ဓာကိုယ်ကို ဖွဲ့စည်းလိုက်သည်။

စစ်ချပ်ဝတ်တစ်ခုသည် ၎င်း၏ တစ်ကိုယ်လုံးကို ဖုံးအုပ်ထားသည်။ ၎င်း၏ အနောက်မှ မြူခိုးသည် အနက်ရောင်ဝတ်ရုံသို့ ပြောင်းလဲသွားကာ ကောင်းကင်ကို လွှမ်းခြုံသွားသည်။

ယိုယွင်းပျက်စီးသော အငွေ့အသက်နှင့် အဆိပ်မြူခိုးသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ အမှောင်ထုနှင့် အဆိပ်သည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။

ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်သည်။ တစ္ဆေမီးတောက်သည် နတ်ဘုရားပုံရိပ်၏ စစ်ခေါင်းစွပ်ထဲမှ ပေါ်လျှိုးထွက်လာသည်။ ၎င်းက ချောက်ချားဖွယ်ကောင်းသော မိစ္ဆာတစ်ကောင်နှင့် ဆင်တူပြီး ကောင်းကင်နှင့်မြေပြင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

“ အဲ့ဒါကို နတ်မိစ္ဆာလို့‌ခေါ်တယ် ”

ရွှီချင်း၏ အသံသည် အနည်းငယ် အက်ရှနေပြီး အေးစက်နေသည်။

ကျင့်ကြံသူများသည် ထိုနတ်မိစ္ဆာကို မြင်သွားကြပြီး ၎င်း၏ အဆိပ်ကို အာရုံခံမိသွားကြသောအခါ သူတို့၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားကြသည်။

ပထမနတ်ဘုရားပုံရိပ်က အဆင်ပြေသေးသည်ဟု သူတို့ခံစားမိကြသည်။ သို့သော်လည်း ဤဒုတိယနတ်ဘုရားပုံရိပ်ထဲမှာ ပြင်းထန်သော သေခြင်းအရှိန်အဝါက ကိန်းအောင်းနေကြောင်း သူတို့အာရုံခံမိကြသည်။

လူတိုင်းက ယင်းကို သေချာအာရုံမခံနိုင်ခင်မှာ ရွှီချင်းက သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။ သူ၏ အနောက်မှ ဒုတိယနတ်ဘုရားအသွင်သဏ္ဍာန်သည် ကျယ်ပြန့်လာပြီး ထူးဆန်းသော အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။

ခရမ်းရောင်အလင်းသည် အမှောင်ထုထဲမှ ပေါ်ထွက်လာပြီး ရှည်လျားသော ဆံပင်သို့ ပြောင်းလဲသွားသည်။ ယင်းက ဆက်လက် ရှည်ထွက်သွားပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ အဝေးမှကြည့်လျှင် ထိုဆံပင်ရှည်သည် ခရမ်းရောင်ရေတံခွန်နှင့် ဆင်တူသည်။

စစ်ချပ်ဝတ်သည် ပျောက်ကွယ်သွားပြီး ရွှီချင်း၏ အသွင်သဏ္ဍာန်က ထွက်ပေါ်လာသည်။ ၎င်း၏ ခန္ဓာကိုယ်သည် နတ်မိစ္ဆာထက် ပိုပြီးအကျည်းတန်သည်။ ခန္ဓာကိုယ်အပြင်ဘက်တွင် ခရမ်းသလင်းကျောက်သဖွယ် အရိုးများက တည်ရှိနေပြီး မရေမတွက်နိုင်သော သွေးကြောများက ယှက်ထွေနေကြသည်။ ထို့ပြင် မရေမတွက်နိုင်သော အသွေးအသားများနှင့် သွေးကြောများက ရေဘဝဲလက်တံများသဖွယ် အရပ်မျက်နှာအဘက်ဘက်သို့ ဆန့်တန်းသွားကြသည်။

ခရမ်းရောင်အသွေးအသားများနှင့် ငှက်မွှေးများမှ ဖြစ်ပေါ်လာသော ဧရာမအတောင်ပံတစ်စုံသည် ၎င်း၏ နောက်ကျောပေါ်မှာ စတင်ထွက်ပေါ်လာသည်။ ၎င်းက တစ်ချက်လှုပ်ရှားလိုက်သည့်အခါတိုင်း ကောင်းကင်နှင့် မြေပြင်၏ အရောင်သည် မှေးမှိန်သွားပြီး မုန်တိုင်းတစ်ခု အစပျိုးလာသည်။

နောက်ဆုံးမှာတော့ ခရမ်းလတစ်စင်းက ၎င်း၏ အနောက်မှာ ဖြည်းညင်းစွာ မြှောက်တတ်လာသည်။

၎င်း၏ ထွက်ပေါ်လာမှုသည် ပမာဏများပြားသော ဒြပ်နှောများကို ပေါက်ကွဲထွက်လာစေသည်။ အရာအားလုံးသည် ဝေဝါးသွားသည်။ သို့သော်လည်း ဒြပ်နှောများ၏ ကျူးကျော်ဝင်ရောက်သော စွမ်းရည်သည် ကန့်သတ်ခံထားရသည်။ ၎င်း၏ အရှိန်အဝါသည်သာ အပြင်ဘက်သို့ ပျံ့နှံ့သွားသည်။

ယင်းက နတ်ဘုရားအရှိန်အဝါဖြစ်သည်။

“ ဒီနတ်ဘုရားကို ခရမ်းလလို့ ခေါ်တယ်… အဲ့ဒါကို ဝိညာဉ်ချည်မျှင်တစ်သန်းရှိတဲ့အခါ ရက်လုပ်နိုင်လိမ့်မယ် ”

“ ပြီးတော့ ဒီဟာတွေအားလုံးက မူကွဲအင်မော်တယ်တွေပဲ ”

တတိယနတ်ဘုရားအသွင်သဏ္ဍာန်၏ အရှေ့မှာ ရပ်နေသော ရွှီချင်းသည် ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။

အရပ်မျက်နှာအဘက်ဘက်မှ ကျင့်ကြံသူများသည်တော့ လုံးဝ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သူတို့က ရွှီချင်း၏ ခရမ်းလနတ်ဘုရားခန္ဓာကိုယ်ကြောင့် အံ့ဩထိတ်လန့်နေစဉ် ရွှီချင်း၏ အသံက ဆက်လက် ပဲ့တင်ထပ်လာသည်။

“ ဒီဟာက မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ နည်းလမ်းပဲ… မင်းက ကောင်းကင်ဘုံရတနာတွေကို ခန္ဓာကိုယ်ထဲ ပေါင်းစပ်စရာမလိုသလို လူသားအသွင်သဏ္ဍာန်ကို စွန့်လွှတ်စရာလည်း မလိုဘူး… အတွေးတစ်ချက်နဲ့ မူကွဲအင်မော်တယ်က ကောင်းကင်နဲ့ မြေပြင်ကို ပြောင်းပြန်လှန်ပစ်နိုင်ပြီး သူတို့ကိုယ်ပိုင် အင်မော်တယ်ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်တယ် ”

“ နတ်ဘုရားတစ်ပါးကို ရက်လုပ်ပြီး ကျင့်ကြံခြင်းရဲ့ အတားအဆီးကို ချိုးဖြတ်တာက မူကွဲလမ်းစဉ် ”

“ နတ်ဘုရားတစ်ပါးကို ထိန်းချုပ်ပြီး ကိုယ့်ဆန္ဒအတိုင်း တိုက်ခိုက်ခိုင်းတာက အင်မော်တယ် ”

“ အဲ့ဒါက မူကွဲအင်မော်တယ်ကျောင်းတော်ရဲ့ မူဝါဒပဲ ”

“ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်ရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး ငါသဘောတူတဲ့ အချက်တစ်ခုရှိတယ်… နတ်ဘုရားတွေက လက်နက်တစ်ခုသာသာပဲ… ဒါပေမဲ့ ငါတို့ကိုယ်တိုင်က နတ်ဘုရားဖြစ်လာစရာ မလိုဘူး… အင်မော်တယ်လမ်းစဉ်အတိုင်း ဆက်လျှောက်ပြီး နတ်ဘုရားတွေကို လက်နက်အဖြစ် အသုံးပြုတာက မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ သူ၏ အသံသည် လူတိုင်း၏ အသိစိတ်ထဲသို့ ပဲ့တင်ထပ်သွားသည်။

လူတိုင်း၏ အကြည့်ထဲမှာသော်လည်းကောင်း သို့မဟုတ် အသိစိတ်ထဲမှာသော်လည်းကောင်း ရွှီချင်း၏ အဆင့်အတန်းသည် ဆက်လက် မြင့်တတ်သွားသည်။

သူက ဒေသကြီးတစ်ခု၏ အရှင်သခင်ဖြစ်သည်။ သူက ဧကရာဇ်ဓားကို သယ်ဆောင်ထားသူဖြစ်ပြီး မူကွဲအင်မော်တယ်အားလုံး၏ ဇစ်မြစ်ဖြစ်သည်။ ထို့ပြင် သူက မင်းသားတစ်ပါးကို လူအများရှေ့မှာ သတ်ဖြတ်ခဲ့ပြီး ကြောက်စရာကောင်းသော နတ်ဘုရားပုံရိပ်သုံးခုကို ထုတ်ဖော်ပြခဲ့သည်။ ထိုအချက်အားလုံးကို စုပေါင်းလိုက်သည့်အခါ ဤအခိုက်အတန့်မှာ ရွှီချင်း၏ ဂုဏ်သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

ထိုသို့အထွတ်အထိပ် ဂုဏ်သတင်းသည် ရွှီချင်းလိုချင်နေသော ရလဒ်ဖြစ်သည်။ သို့မှသာ သူ၏ စကားများသည် ပိုပြီးအာဏာစက်ပြင်းထန်လာလိမ့်မည်။ သို့မှသာ ဧကရာဇ်ဓား မလှုပ်ရှားခဲ့သော လူများကို သူက သတ်ဖြတ်နိုင်လိမ့်မည်။

ဧကရာဇ်ဓားကို တစ်စုံတစ်ယောက်၏ စိတ်ဆန္ဒဖြင့် မထိန်းချုပ်နိုင်ပေ။

ဥပမာ ရွှီချင်းက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးကို သတ်ဖြတ်ရန် ဧကရာဇ်ဓားကို ဆင့်ခေါ်ခဲ့သော်လည်း ၎င်းက မလှုပ်ရှားခဲ့ပေ။

ရွှီချင်းသည် ထိုအကြောင်းကို အများကြီး တွေးမနေပေ။

သူက ဧကရာဇ်ဓားကို ယုံကြည်သည်။ ဧကရာဇ်ဓားသည် လူသားမျိုးနွယ်၏ အကျိုးစီးပွားအား အန္တရာယ်ပေးလာသော ရန်သူများကို သတ်ဖြတ်ရာတွင်သာ လှုပ်ရှားလိမ့်မည်။ ၎င်းကို ပုဂ္ဂိုလ်ရေးရန်ငြိုးများအတွက် အသုံးမပြုနိုင်ပေ။

သို့သော်လည်း ရွှီချင်းသည် ဧကရာဇ်ဓားမဟုတ်ပေ။

သူ့မှာ ထိုသို့မြင့်မားသော စိတ်ခံစားချက်မျိုး မရှိပေ။ ဖုန်းဟိုင်ဒေသငယ်နှင့် သူ၏ မိတ်ဆွေများကိုသာ သူက အလေးထားသည်။ နန်းမြို့တော်သည်တော့ ယင်းက သူနှင့်သက်ဆိုင်သည်ဟု မခံစားမိပေ။

ထို့ကြောင့် ဧကရာဇ်ဓားက နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးအပေါ် မလှုပ်ရှားမှတော့ သူ့ဘာသာ ဆောင်ရွက်ရလိမ့်မည်။

ထို့ကြောင့် သူက အကြည့်ပြန်မရုပ်ခင် မြင်ကွင်းထဲမှ လူသားဧကရာဇ်ကို ဦးစွာကြည့်လိုက်သည်။ ထို့နောက် သူက စိတ်ရှုပ်ထွေးနေသော နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးကို စိုက်ကြည့်လိုက်သည်။ သူက လေးနက်သော အသံဖြင့် ပြောလိုက်သည့်အခါ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် သူ၏ အကြည့်ထဲမှာ ထွက်ပေါ်လာသည်။

“ ကျစ်လွီဆဲ့တိုင်းပြည်က ဖုန်းဟိုင်ဒေသငယ်ရဲ့ အရင်ဒေသအကြီးအကဲဟောင်း ပိုင်ရှောင်ကျိုး… ဒီဟာကို မင်းဘယ်လိုမြင်လဲ ”

All Chapters