← Chapters

လက်ထောက်ဒေသအကြီးအကဲ ကျေးဇူးပြုပြီး ထောက်ပြပေးပါ

Vol. 78 Ch. 1206

လက်ထောက်ဒေသအကြီးအကဲ ကျေးဇူးပြုပြီး ထောက်ပြပေးပါ

Vol. 78 Ch. 1206

ဖြစ်နိုင်သည်မှာ တချို့ပုဂ္ဂိုလ်များသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ အစစ်အမှန် သရုပ်ကို သိထားလောက်ပေသည်။ သို့သော်လည်း နန်းမြို့တော်ထဲမှ လူသား(၉၉)ရာခိုင်နှုန်းသည် ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှမသိထားကြပေ။

မည်သို့ဖြစ်ပါစေ အင်ပါယာအကယ်ဒမီ၏ အထူးစည်းမျဉ်းများကြောင့် ကျောင်းတော်သားများနှင့် ကျောင်းအုပ်ကြီးများ၏ သရုပ်သည် ကာကွယ်ပေးခြင်းခံထားရသည်။

ယခင်က မဟာနန်းမြို့တော်ဒေသကြီးမှ လူအနည်းစုသာလျှင် အလင်းရောင်ဂိုဏ်းကို ကြားဖူးကြသည်။ ဖုန်းဟိုင်ဒေသငယ်မှ အဖြစ်အပျက်ကြောင့်သာ အလင်းရောင်ဂိုဏ်း၏ နာမည်သည် လူသားမျိုးနွယ်တစ်ခုလုံးမှာ မုန်တိုင်းသဖွယ် ပျံ့နှံ့သွားခဲ့သည်။

ထို့နောက် လူသားဧကရာဇ်၏ အမိန့်တော်အတိုင်း အလင်းရောင်ဂိုဏ်းသားများကို ရှာဖွေသုတ်သင်ခဲ့ကြသည်။ သို့မှသာ အလင်းရောင်ဂိုဏ်း၏ နာမည်က ကျယ်ကျယ်ပြန်ပြန် ပျံ့နှံ့သွားခဲ့သည်။

သို့ဖြစ်၍ ကျင့်ကြံသူအများစု၏ အမြင်တွင် အလင်းရောင်ဂိုဏ်းသည် ဖရိုဖရဲကိစ္စများ၊ မိစ္ဆာဆန်သော လုပ်ရပ်များနှင့် ကပ်ဘေးများကို ဖြစ်ပေါ်စေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အလင်းရောင်ဂိုဏ်းကို အာရုံစိုက်ခဲ့သူများသည် ထိုဂိုဏ်းက မည်မျှကြောက်စရာကောင်းကြောင်း တခြားလူများထက် ပိုပြီးသိထားကြသည်။

ဖုန်းဟိုင်ဒေသငယ်မှ အဖြစ်အပျက်ကြောင့် ပိုင်းရှောင်ကျိုးနှင့် ပတ်သက်သော ကောလဟာလများသည် သူက အလင်းရောင်ဂိုဏ်းဝင်တစ်ယောက်ဖြစ်ကြောင်း သူ၏ သရုပ်ကို သက်ရှိများ၏ နှလုံးသားထဲမှာ ပိုမိုခိုင်မြဲစေခဲ့သည်။

သို့ဖြစ်၍ ရွှီချင်းထံမှ ထိုစကားများ ထွက်ပေါ်လာသည့်အခါ ယင်းက မိုးခြိမ်းသံပမာ ဤလောကထဲမှာ ပေါက်ကွဲထွက်သွားသည်။ ယင်းက လေဟာနယ်ကို ဖြတ်သန်းသွားပြီး နန်းမြို့တော်၏ အရပ်မျက်နှာအဘက်ဘက်မှာ ပဲ့တင်ထပ်သွားသည်။

“ အလင်းရောင်ဂိုဏ်းလား ”

“ ဒါဖြစ်နိုင်လို့လား ”

“ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးက ပိုင်ရှောင်ကျိုးလား ”

အလန့်တကြား ရေရွတ်သံများသည် အကယ်ဒမီထဲရှိ ကျောင်းတော်သားအသီးသီးထံမှ ထွက်ပေါ်လာကြသည်။ အထူးသဖြင့် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းတော်သားများ ဖြစ်ကြသည်။ ရွှီချင်း၏ စကားက သူတို့၏ အသိစိတ်ကို တုန်လှုပ်သွားစေသည်။

သူတို့က မယုံကြည်နိုင်ပေ။ ထိုကြောင့် သူတို့၏ ပထမဆုံး တုံ့ပြန်မှုသည် ဤကိစ္စက လုံးဝဖြစ်နိုင်ခြေမရှိဘူးဟူသော အမူအရာဖြစ်သည်။ အကယ်၍ အစောနက ရွှီချင်းရရှိခဲ့သော အဆင့်အတန်း၊ အရှိန်အဟုန်နှင့် မင်းသားတစ်ပါးကို သတ်ဖြတ်ခဲ့သော မြင်ကွင်းကြောင့်သာ မဟုတ်လျှင် ဤအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က ရွှီချင်းကို ဒေါသတကြီး ဆဲဆိုလိမ့်မည်။

မည်သို့ဖြစ်ပါစေ ရွှီချင်း၏ စကားသည် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ကျောင်းတော်သားများကြားမှာ ဂယက်ထစေခဲ့သည်။ ထို့ပြင် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ရာထူးမြင့်ကျောင်းတော်သားများသည်လည်း သူတို့၏ မျက်နှာဖုံးအောက်မှာ အမူအရာအမျိုးမျိုး ထုတ်ဖော်လိုက်ကြသည်။

သူတို့သည်လည်း မယုံကြည်ပေ။ ထို့ကြောင့် အရပ်မျက်နှာအသီးသီးမှ အကြည့်များသည် ကောင်းကင်ပေါ်မှ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးပေါ်သို့ တစ်စုတစ်စည်းတည်း ကျရောက်သွားကြသည်။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် ရွှီချင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ရွှီချင်းသည် နေရာမှာ ရပ်နေပြီး ကျောင်းအုပ်ကြီးကို ကြည့်လိုက်သည်။

“ အတိတ်မှာတုန်းက ခင်ဗျားရဲ့ သင်ကြားပြသမှုတွေကြောင့် ကျုပ်ရဲ့ သံသယတွေက ရှင်းလင်းခဲ့ပြီး ကျုပ်ရဲ့ နှလုံးသားက အေးချမ်းခဲ့တယ်… ဒါကြောင့် ခင်ဗျားကို ကျုပ်ရိုသေလေးစားပါတယ် လက်ထောက်ဒေသအကြီးအကဲ ”

ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ ဤသည်မှာ တူညီသော မြင်ကွင်း၊ တူညီသော အခိုက်အတန့်၊ တူညီသော လူနှစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ယောက်၏ သရုပ်သည် ယခင်ကနှင့် မတူညီကြတော့ချေ။

“ အတိတ်တုန်းကလိုပဲ… လက်ထောက်ဒေသအကြီးအကဲ ကျုပ်တို့ နောက်တစ်ကြိမ် ပြန်တွေ့ဆုံပြန်ပြီ ”

“ အလင်းရောင်ဂိုဏ်းဝင်တွေက လိမ်ညာတာကို ရှုံ့ချပြီး အကျိုးသင့်အကြောင်းသင့် ဆောင်ရွက်တာကို အဓိကအလေးထားတယ် ”

“ ဒီစကားကို ဖုန်းဟိုင်ဒေသငယ်မှာ ကျုပ်ပြောခဲ့ပါတယ်… ဒါပေမဲ့ ခင်ဗျားက ခင်ဗျားရဲ့ အသိတရားကို ဆန့်ကျင်ခဲ့တယ် ”

ရွှီချင်းသည် တည်ငြိမ်သည်။ သူ၏ မျက်လုံးထဲမှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီး၏ အကြည့်သည် လေးနက်သည်။ သူက စိတ်ရှုပ်ထွေးနေသည့်အလား သက်ပြင်းချလိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။

ရွှီချင်းသည် ခေါင်းခါလိုက်သည်။

“ လက်ထောက်ဒေသအကြီးအကဲ အတိတ်မှာ ကျုပ်ပြောခဲ့တာကို ခင်ဗျားမှတ်မိသေးလား… တကယ်လို့ နတ်ဘုရားပေါင်းစပ်ခြင်းကိစ္စက ခင်ဗျားရဲ့ အကောင်းမွန်ဆုံး လက်ရာဆိုရင်တော့ ကျုပ် တကယ်စိတ်ပျက်သွားပြီ ”

“ ခင်ဗျားရဲ့ ပြပွဲက စိတ်ဝင်စားဖို့မကောင်းသလို ခင်ဗျားကိုယ်တိုင်ကလည်း ခင်ဗျားရဲ့ မူဝါဒတွေကို ဆန့်ကျင်နေတယ်… ခင်ဗျားက အလင်းရောင်ဂိုဏ်းဝင်လို့ မခေါ်ထိုက်ဘူး ”

“ ဒီတော့… ဒီနေ့မှာရော ခင်ဗျားရဲ့ နှလုံးသားကို ထပ်ပြီး ဆန့်ကျင်ဦးမှာလား ”

“ လက်ထောက်ဒေသအကြီးအကဲ… ကျေးဇူးပြုပြီး ထောက်ပြပေးပါ ”

ရွှီချင်း၏ အသံက ပဲ့တင်ထပ်လာသည်။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် မျက်လုံးမှိတ်လိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်ကာ သူ၏ မျက်နှာဖုံးပေါ်တွင် တင်လိုက်သည်။ တစ်ခဏကြာ ရပ်တန့်ပြီးနောက် သူက မျက်နှာဖုံးကို ဆွဲချွတ်လိုက်ပြီး သူ၏ အစစ်အမှန်အသွင်အပြင်ကို ထုတ်ဖော်လိုက်သည်။

သူက ရွှီချင်း၏ မှတ်ဉာဏ်များထဲမှ ပိုင်ရှောင်ကျိုးသာ ဖြစ်သည်။

အကြည့်များစွာသည် ချက်ချင်း စုဝေးရောက်ရှိလာကြသည်။ မရေမတွက်နိုင်သော လူများသည် အသက်ရှူရပ်တန့်သွားသည့်အလား ဆွံ့အသွားကြသည်။ အင်ပါယာအကယ်ဒမီတစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ကျင့်ကြံသူများအတွက် ရုပ်ရည်သည် အခြေခံလိုအပ်ချက်တစ်ခုထက် မပိုပေ။ သရုပ်ကို ခွဲခြားရန် အဓိကအရေးကြီးဆုံးသည် အရှိန်အဝါ ဖြစ်သည်။ သို့သော်လည်း လက်ရှိ ပိုင်ရှောင်ကျိုး၏ အရှိန်အဝါသည် ဖုန်းဟိုင်ဒေသငယ်မှာ သူရှိနေခဲ့စဉ်ကနှင့် လုံးဝခြားနားနေသည်။

ထို့ကြောင့် သူသာ ဆန္ဒရှိလျှင် ငြင်းဆန်နိုင်ပေသည်။

သို့သော်လည်း ရွှီချင်း၏ စကားများသည် အတိတ်တုန်းကကဲ့သို့ ထက်ရှနေဆဲပင်။

“ ရွှီချင်း… ငါတို့ ထပ်တွေ့ပြန်ပြီ ”

မျက်နှာဖုံးချွတ်ထားသော ပိုင်ရှောင်ကျိုးသည် တည်ငြိမ်သော အမူအရာကို ထုတ်ဖော်ထားသည်။

“ ဒီတစ်ကြိမ် ငါမင်းကို စိတ်မပျက်စေဘူးမလား… ကျုပ်က ပိုင်ရှောင်ကျိုး… ကျစ်လွီဆဲ့တိုင်းပြည်က ဖုန်းဟိုင်ဒေသငယ်ရဲ့ ဒေသအကြီးအကဲ ပိုင်ရှောင်ကျိုး ”

ပိုင်ရှောင်ကျိုး၏ အသံသည် မြည်ဟိန်းထွက်လာသည်။ သူ၏ တစ်ကိုယ်လုံးမှ ဖော်ပြရန်ခဲယဉ်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ယင်းက နန်းမြို့တော်ထဲမှာ ကြီးမားသော မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ကျောင်းတော်သားများသည် နှလုံးတုန်သွားကြပြီး သူတို့၏ မျက်လုံးထဲမှာ ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားကြသည်။ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားများသည်တော့ အံ့ဩတုန်လှုပ်သွားကြသည်။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးကိုယ်တိုင်က ဝန်ခံလိုက်သဖြင့် သူတို့၏ ယုံကြည်မှုအားလုံးသည် ချက်ချင်း ပျက်စီးသွားသည်။ ထို့နောက် စိတ်ရှုပ်ထွေးခြင်း၊ ရူးသွပ်ခြင်းနှင့် ဒေါသထွက်ခြင်း အစရှိသော စိတ်ခံစားချက်များက ထွက်ပေါ်လာကြသည်။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးသည် လူတိုင်းက သတ်ဖြတ်ချင်နေသော အလင်းရောင်ဂိုဏ်းဝင်တစ်ယောက် ဖြစ်သည်။

ထိုလူက ပိုင်ရှောင်ကျိုးဖြစ်သည်။ သူက ဖုန်းဟိုင်ဒေသငယ်ကို ကပ်ဘေးသင့်စေခဲ့သူဖြစ်ပြီး မရေမတွက်နိုင်သော လူသားများကို အသက်ဆုံးရှုံးစေခဲ့သူ ဖြစ်သည်။

ဤအချက်အလက်များမှ ထွက်ပေါ်လာသော အမှန်တရားသည် အကယ်ဒမီထဲမှ ကျောင်းတော်သားများ၏ နှလုံးကို ပရမ်းပတာ လှုပ်ခါသွားစေသည်။ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ရာထူးမြင့်ကျောင်းတော်သားများသည်တော့ ဤအခိုက်အတန့်မှာ သူတို့၏ အသိစိတ်သည် ဝုန်းခနဲ တုန်လှုပ်သွားကြသည်။

သူတို့က ယင်းကို မယုံကြည်နိုင်သလို ယုံကြည်ရန် မဝံ့မရဲဖြစ်နေကြသည်။ သို့သော်လည်း အမှန်တရားသည် သူတို့၏ အရှေ့မှာ ထွက်ပေါ်လာပြီးပြီဖြစ်သည်။

ပိုပြီးကြီးမားသော မုန်တိုင်းသည် အင်ပါယာအကယ်ဒမီ၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။ အင်အားစုအသီးသီး၏ အမူအရာများသည် ပြောင်းလဲသွားကြသည်။ မည်သို့ဖြစ်ပါစေ အလင်းရောင်ဂိုဏ်းနှင့် ပိုင်ရှောင်ကျိုးသည် ဤလောကထဲမှာ မတည်ရှိသင့်သောအရာ ဖြစ်သည်။

သို့ဖြစ်၍ များပြားလှသော အရှိန်အဝါများသည် အရပ်မျက်နှာအဘက်ဘက်မှ ပျံ့နှံ့ထွက်လာကြပြီး ပိုင်ရှောင်ကျိုးကို ပစ်မှတ်ထားလိုက်ကြသည်။ အင်ပါယာအကယ်ဒမီတစ်ခုလုံး၏ လေထုသည် ချက်ချင်း တင်းကျပ်သွားသည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် လေထဲမှာ ပြည့်နှက်သွားသည်။ ထို့နောက် အရိုးခိုက်ခိုက်တုန်စေမည့် ဆောင်းလေသည် ပြင်းထန်သော အအေးဓာတ်ကို သယ်ဆောင်လျက် တိုက်ခတ်လာသည်။

အင်ပါယာအကယ်ဒမီ၏ ကျောင်းအုပ်ကြီးသည် မလှုပ်ရှားပေ။ သို့သော်လည်း သူ၏ အကြည့်သည် လေးနက်သည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ အင်ပါယာအကယ်ဒမီတစ်ခုလုံး တုန်ယင်လာသည်။ အကာအကွယ်စည်းချအစီအရင်သည် တာအိုစင်မြင့်အောက်မှ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်တစ်လျှောက် လွှမ်းခြုံသွားကာ ကျောင်းတော်သားအားလုံးကို ကာကွယ်ပေးလိုက်သည်။

သို့သော်လည်း ပိုင်ရှောင်ကျိုးသည် ယင်းတို့ကို ဂရုမစိုက်ပေ။ သူက ရွှီချင်းကိုသာ ကြည့်နေသည်။ ထို့နောက် သူက အက်ရှရှအသံဖြင့် ပြောသည်။

“ ဖုန်းဟိုင်ဒေသငယ်မှာ မင်းတစ်ယောက်ပဲ ရှေ့ထွက်ခဲ့တယ် ”

“ ဒီနေ့မှာလည်း မင်းတစ်ယောက်ပဲ ရှေ့ထွက်လာခဲ့တယ် ”

“ ရွှီချင်း… မင်းဝမ်းမနည်းဘူးလား… ဒါက မင်းလိုချင်တဲ့ လူ့သဘာဝလား ”

“ ဧကရာဇ်ဓားက ငါ့အပေါ်မှာ မလှုပ်ရှားဘူး… အဲ့ဒါရဲ့ အဓိပ္ပာယ်ကို မင်းသိလား ”

ရွှီချင်းက ခေါင်းခါလိုက်သည်။

“ အရမ်းရှုပ်ထွေးတယ်… အဲ့ဒါကို ငါမစဉ်းစားချင်ဘူး ”

“ ဖုန်းဟိုင်ဒေသငယ်မှာ ငါရှေ့ထွက်ခဲ့တာက ငါအရမ်းလေးစားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကြောင့်ပဲ… သူက စစ်မြေပြင်မှာ သေဆုံးသွားပေမဲ့ ငါ့နှလုံးသားထဲမှာ ဆက်ပြီး အသက်ရှင်နေတုန်းပဲ ”

“ ဒါပေမဲ့ ဒီနေ့ကိစ္စကတော့… လက်ထောက်ဒေသအကြီးကဲ မင်းက နားလည်မှုလွဲနေပြီ ”

“ ငါအရှေ့ထွက်လာတာက မင်းကို သေစေချင်လို့ပဲ ”

ရွှီချင်း၏ လေသံသည် တည်ငြိမ်သည်။

“ အဲ့လောက်တောင် ရိုးရှင်းတာလား ”

ပိုင်ရှောင်ကျိုးက ရယ်မောလိုက်ပြီး မေးသည်။

“ တခြားအကြောင်းအရင်း လိုသေးလို့လား ”

ရွှီချင်းက ပြန်ပြောသည်။

“ ငါက ဒီတစ်ကြိမ်မှာ မင်း စကားအများကြီး ပြောလိမ့်မယ်လို့ ထင်ထားတာ ”

ပိုင်ရှောင်ကျိုးက ပြုံးလိုက်သည်။

“ အရင်တစ်ခေါက်မှာ ငါမလုပ်ခဲ့ဘူး… ဒီတစ်ကြိမ်မှာလည်း ငါလုပ်မှာမဟုတ်ဘူး ”

ရွှီချင်းသည် စကားဆုံးအောင် ပြောပြီးသည်နှင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး မူကွဲအင်မော်တယ်ကျောင်းတော်၏ တာအိုစင်မြင့်ပေါ်သို့ ပြန်ရောက်သွားသည်။ ထို့နောက် သူက တင်ပျဉ်ခွေထိုင်လိုက်သည်။

သူက လေထဲမှ ပိုင်ရှောင်ကျိုးကို ဂရုမစိုက်ပေ။

သူလုပ်ဆောင်ချင်နေသော အရာကို လုပ်ဆောင်ခဲ့ပြီးပြီဖြစ်သလို တစ်ဖက်လူ၏ သရုပ်ကိုလည်း ဖော်ထုတ်ခဲ့ပြီးပြီ ဖြစ်သည်။ သူ၏ အခန်းကဏ္ဍက ပြီးဆုံးသွားပြီ ဖြစ်သည်။ ထို့ကြောင့် ယခု သူက ဝင်ပါရန် မလိုအပ်တော့ပေ။

အဘယ့်ကြောင့်ဆိုသော် တရားမျှတမှုဖြင့် ရင်ဆိုင်ရသည့်အခါ တစ်စုံတစ်ယောက်၏ စံနှုန်းက မည်သို့ဖြစ်ပါစေ သူတို့က ဤကိစ္စကို မျက်ကွယ်ပြုနိုင်လိမ့်မည် မဟုတ်ချေ။ လူသားဧကရာဇ်သည် နောက်ဆက်တွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းလိမ့်မည်။

မည်သို့ဖြစ်ပါစေ ဤနေရာသည် ဖုန်းဟိုင်ဒေသငယ်မဟုတ်ပေ။ နန်းမြို့တော်ဖြစ်သည်။

အမှန်တကယ်ပင် ထိုသို့ဖြစ်သည်။

လူသားဧကရာဇ်သည် ခေါင်းမော့လိုက်ပြီး ပိုင်ရှောင်ကျိုးကို ကြည့်လိုက်သည်။ သူ၏ ဩဇာကြီးမားသော အသံသည် ပဲ့တင်ထပ်သွားသည်။

“ အင်ပါယာအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး… ဝရမ်းပြေးပိုင်ရှောင်ကျိုးကို ဖမ်းဆီးပါ ”

ဤသည်ကို ကျောင်းအုပ်ကြီးကြားသောအခါ သူ၏ ကုန်းနေသော ခါးက ဖြည်းညင်းစွာ ဖြောင့်တန်းသွားသည်။ သူ၏ ဆံပင်ဖြူသည် မည်းနက်သွားပြီး သူ၏ မျက်နှာပေါ်မှ အရေးအကြောင်းများသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ သူက အဖိုးအိုမှ သက်လတ်ပိုင်းအရွယ်အမျိုးသားသို့ ပြောင်းလဲသွားသည်။

သူ၏ ခန္ဓာကိုယ်က အရွယ်အစားကြီးမားလာစဉ် အက်ကွဲသံများကို ထုတ်လွှတ်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် ဆေးမီးဖိုတစ်ခုပမာ ပေါက်ကွဲထွက်လာပြီး ရေလှိုင်းလုံးများသဖွယ် ပျံ့နှံ့သွားသည်။ သူ၏ မျက်လုံးထဲတွင် တာအိုအမှတ်အသားတစ်ထောင်ရှိပြီး မရေမတွက်နိုင်သော ပုံရိပ်များက သူ့အနောက်မှာ ထွက်ပေါ်လာကြသည်။ ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး ပုံရိပ်ယောင်လောကတစ်ခုက သူ၏ ဘယ်ဘက်ပုခုံးပေါ်မှာ ထွက်ပေါ်လာသည်။

အင်ပါယာအကယ်ဒမီ၏ ကျောင်းအုပ်ကြီးသည် ပြီးပြည့်စုံသော ဗလာနတ္ထိအဆင့် ဖြစ်သည်။

သူ၏ တော်ဝင်မျိုးဆက်သွေးသည် ပုံရိပ်ယောင်လောကထဲတွင် ရွှေရောင်နဂါးတစ်ကောင်ကို ဖွဲ့စည်းလိုက်သည်။ ရွှေရောင်နဂါးသည် အပြင်သို့ ပြေးထွက်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ၎င်းက ပိုင်ရှောင်ကျိုးကို စိုက်ကြည့်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။

ကျောင်းအုပ်ကြီးသည် အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ထိုခြေတစ်လှမ်းကြောင့် ကောင်းကင်နှင့်မြေပြင်က ကပြောင်းကပြန်ဖြစ်သွားဟန် ရ၏။ မရေမတွက်နိုင်သော နိယာမများနှင့် ဥပဒေသများသည် သူ၏ ဆန္ဒအတိုင်း ပြောင်းလဲသွားကြသည်။ နေ၊ လနှင့် ကြယ်ပုံရိပ်များသည် သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။

ပိုင်ရှောင်ကျိုးသည် နှုတ်ဆိတ်သွားသည်။ သူက ရွှီချင်းထံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ကောင်းကင်ကို လေ့လာလိုက်သည်။ သူက မည်သည့်အရာကို တွေးတောနေကြောင်း သို့မဟုတ် မည်သည့်အရာကို ကြည့်ရှုနေကြောင်း မည်သူမှ မသိနိုင်ပေ။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါသည် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

ဒြပ်နှောများက ပေါ်လျှိုးလာပြီး နတ်ဘုရားအရင်းအမြစ်များက မြှောက်တတ်လာသည်။ ယင်းက ကျောင်းအုပ်ကြီးနှင့်တူညီသော စွမ်းအင်အတတ်အကျများကို ထုတ်လွှတ်နေသည်။

သို့သော်လည်း သူ၏ တိုက်ပွဲစွမ်းအားသည် ကျင့်ကြံခြင်းအခြေခံမှ ဆင်းသက်လာခြင်း မဟုတ်ပေ။ ယင်းအစား သူ၏ နတ်ဘုရားခန္ဓာကိုယ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူက ဘယ်လက်ကို မြှောက်လိုက်ပြီး ရွှေရောင်နဂါးပေါ်သို့ ဖိချလိုက်သည်။ တစ်ချိန်တည်းမှာ သူက ညာလက်ကို မြှောက်လိုက်ပြီး ဘေးပတ်ပတ်လည်မှ ဒြပ်နှောများဖြင့် နတ်ဘုရားပုံရိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထိုနတ်ဘုရားပုံရိပ်သည် လေထဲမှ ကျောင်းအုပ်ကြီးဆီသို့ တန်းမတ်စွာ ရွေ့လျားသွားသည်။

ပေါက်ကွဲသံသည် ကောင်းကင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။

နှစ်ဖက်စလုံးက စတင်တိုက်ခိုက်လိုက်သည့်အခါ အင်ပါယာအကယ်ဒမီ၏ လေဟာနယ်သည် တုန်ယင်လာပြီး ကောင်းကင်သည် မည်းမှောင်လာသည်။ ဤသည်မှာ ကမ္ဘာပျက်ကပ်ဘေးတစ်ခု ဆင်းသက်လာသည့်အလားပင်။ လေကြမ်းများသည် အရပ်မျက်နှာအဘက်ဘက်မှာ တိုက်ခတ်လာပြီး ချောက်ချားဖွယ်ကောင်းသော ညည်းညူသံကို ထုတ်လွှတ်နေသည်။

သူတို့နှစ်ယောက် အပြန်အလှန် တိုက်ခိုက်လိုက်သည့်အခါတိုင်း ပေါက်ကွဲသံများသည် ကောင်းကင်ဘုံမိုးခြိမ်းသံသဖွယ် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

ဤသည်မှာ နိယာမများနှင့် နတ်ဘုရားအစွမ်းများကြားမှ တိုက်ခိုက်မှုဖြစ်ပြီး ဥပဒေသများနှင့် နတ်ဘုရားအရင်းအမြစ်များကြားမှ အားပြိုင်မှုဖြစ်သည်။ အလုံးစုံခြုံငုံကြည့်လျှင် ယင်းက အင်မော်တယ်ကျင့်ကြံသူနှင့် နတ်ဘုရားအစွမ်းကျင့်ကြံသူကြားမှ တိုက်ပွဲဖြစ်သည်။

ရွှီချင်းက အရာအားလုံးကို တည်ငြိမ်စွာ လေ့လာကြည့်နေသည်။

ပိုင်ရှောင်ကျိုးသည် ဖုန်းဟိုင်ဒေသငယ်မှာထက် ပိုပြီးအစွမ်းထက်လာသည်။

‘ သူက ဒီထက်ပိုပြီးသန်မာသင့်တယ်… သူက ရုပ်သေးအတတ်ကို ထုတ်မသုံးသေးသလို နတ်ဘုရားပေါင်းစပ်ခြင်းအတတ်ရဲ့ အဓိကအနှစ်သာရကို ထုတ်မပြသေးဘူး ’

ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ထိုစဉ် ကောင်းကင်သည် တုန်ခါသွားပြီး ကြီးမားသော ဧရာမပုံရိပ်တစ်ခုက ဒြပ်ထည်ဖြစ်ပေါ်လာသည်။ ဤသည်မှာ နတ်ဘုရားတစ်ပါး၏ လက်က ကောင်းကင်ကို ဖုံးလွှမ်းသွားသည့်အလား ကျောင်းအုပ်ကြီးပေါ်သို့ ဖိချလိုက်သည်။

ကျောင်းအုပ်ကြီးသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။ သူ၏ ပခုံးပေါ်မှ ပုံရိပ်ယောင်လောကသည် ရုတ်တရက် အပေါ်သို့ မြှောက်တတ်သွားပြီး ထွန်းလင်းတောက်ပလာသည်။ ထို့နောက် ပုံရိပ်ယောင်လောကသည် စူးရှသော အလင်းရောင်နှင့်အတူ သူ့ကို ထပ်ဆင့်လွှမ်းခြုံသွားကာ ကောင်းကင်ပေါ်မှ ဆင်းသက်လာနေသော အင်အားကို ရင်ဆိုင်လိုက်သည်။

နားကွဲလုမတတ် ကျယ်လောင်သော ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာနေစဉ် ပိုင်ရှောင်ကျိုးသည် သူ၏ လက်ကို တည်ငြိမ်စွာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ဝဲကတော့ငါးခုသည် သူ့အနောက်မှ လေဟာနယ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။ ထို့နောက် ရုပ်သေးငါးရုပ်သည် ထိုဝဲကတော့များထဲမှ ထွက်လျှောက်လာကြသည်။

၎င်းတို့ကို လူသားများဖြစ်သည်ဟု ပြောရန် မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးကို နတ်ဘုရားပစ္စည်းများဖြင့် အစားထိုးထားသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ခန္ဓာကိုယ်မှ နတ်ဘုရားအရင်းအမြစ်များ၏ စွမ်းအားကို ထုတ်လွှတ်နေလေရာ ယင်းက ဤနေရာမှ ဒြပ်နှောများကို ပိုပြီးသိပ်သည်းလာစေသည်။

ရုပ်သေးတစ်ရုပ်စီသည် ဗလာနတ္ထိစတုတ္ထအဆင့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေပြီး ပုံရိပ်ယောင်လောကများက ၎င်းတို့၏ ဘေးပတ်ပတ်လည်မှာ ဒြပ်ထည်ဖြစ်ပေါ်လာကြသည်။ သို့သော်လည်း ယင်းတို့က သေဆုံးနေသော လောကများသာ ဖြစ်ကြသည်။ ထိုလောကများထဲမှာ မတူညီသော နတ်ဘုရားရုပ်တုများက ထွက်ပေါ်လာကြသည်။

ထိုရုပ်သေးရုပ်များသည် ဝဲကတော့ထဲမှ ထွက်ပေါ်လာပြီးနောက် သတ်ဖြတ်ချင်သော စိတ်ဆန္ဒနှင့်အတူ ကျောင်းအုပ်ကြီးဆီသို့ ဦးတည်သွားကြသည်။

သို့သော်လည်း နန်းမြို့တော်၏ အရေးကြီးနေရာတစ်နေရာဖြစ်သော အင်ပါယာအကယ်ဒမီထဲမှာ ပညာရှင်ကျင့်ကြံသူက တစ်ယောက်တည်းရှိခြင်း မဟုတ်ပေ။ ချက်ချင်းဆိုသလို ပုံရိပ်ခုနစ်ခု ရှစ်ခုသည် ဤနေရာဆီသို့ အရပ်မျက်နှာအသီးသီးမှ တည်နေရာပြောင်းရွှေ့လာကြသည်။

သူတို့အားလုံးသည် အတွေးကျောင်းတော်များ၏ ကျောင်းအုပ်ကြီးများဖြစ်ကြသည်။ သူတို့က ထွက်ပေါ်လာကြပြီး တိုက်ပွဲအတွင်းသို့ ဝင်ရောက်သွားကြသည့်အခါ တိုက်ပွဲမြေပြင်သည် ပိုပြီးပရမ်းပတာဖြစ်လာသည်။

ကံကောင်းစွာဖြင့် အင်ပါယာအကယ်ဒမီထဲမှ လေဟာနယ်သည် မြဲမြံပြီး စည်းချအစီအရင်၏ ကာကွယ်ပေးမှုသည်လည်း အားကောင်းသည်။ ထို့ကြောင့် ဤနေရာမှ ကျောင်းတော်သားအများစုသည် အဆင်ပြေကြသည်။ သို့သော်လည်း ကျောင်းတော်သားတချို့သည် ဒဏ်ရာအနည်းအကျဉ်း ရရှိသွားကြသည်။

တစ်ချိန်တည်းမှာ ကောင်းကင်ပေါ်မှ နန်းတော်မြင်ကွင်းထဲတွင် ကောင်းကင်ဘုရင်တစ်ပါးသည် ခေါင်းလှည့်လိုက်ပြီး လူသားဧကရာဇ်ကို ကြည့်လိုက်သည်။

သို့သော်လည်း လူသားဧကရာဇ်သည် မည်သည့်စကားမှ မပြောပေ။

သို့ဖြစ်၍ ထိုကောင်းကင်ဘုရင်သည် အကြည့်ပြန်ရုပ်လိုက်ပြီး တိုက်ပွဲကို ဆက်လက် ကြည့်လိုက်သည်။ သူက မလှုပ်ရှားပေ။

ရွှီချင်းသည်လည်း ကြည့်ရှုနေသည်။

All Chapters