← Chapters

နတ်ဘုရားတွေအပေါ် နယ်နိမိတ်ကန့်သတ်ခြင်း

Vol. 78 Ch. 1207

နတ်ဘုရားတွေအပေါ် နယ်နိမိတ်ကန့်သတ်ခြင်း

Vol. 78 Ch. 1207

ရွှီချင်းသည် သူ၏ စွမ်းအင်အကန့်အသတ်ကို အကောင်းဆုံး နားလည်ထားသည်။ သူက ပြီးပြည့်စုံသော ဗလာနတ္ထိအဆင့် ပိုင်ရှောင်ကျိုး၏ ပြိုင်ဘက်မဟုတ်ပေ။

အကယ်၍ သူသာ ရှေးဟောင်းနေလုံးကို အသုံးမပြုဘူးဆိုလျှင် အနိုင်ရလိမ့်မည်မဟုတ်ပေ။

သို့သော်လည်း အကယ်၍ သူသာ ရှေးဟောင်းနေလုံးကို အသုံးပြုမည်ဆိုလျှင် နောက်ဆက်တွဲသက်ရောက်မှုသည် အလွန်ကြီးမားသွားလိမ့်မည်။

အင်ပါယာအကယ်ဒမီတစ်ခုလုံးနှင့် နန်းမြို့တော်သည် အပျက်အစီးနယ်မြေ ဖြစ်သွားလိမ့်မည်။

ထို့ပြင် ပိုင်ရှောင်ကျိုးကို သတ်ဖြတ်ရန် ရှေးဟောင်းနေလုံးကို အသုံးပြုခြင်းက မထိုက်တန်ကြောင်း ရွှီချင်း ခံစားမိသည်။

ထို့ကြောင့် ရှေးဟောင်းနေလုံးကို ရန်သူများအား ခြိမ်းခြောက်ခြင်းနှင့် သူ့ကိုယ်သူ ကာကွယ်ရန် အသုံးပြုခြင်းသည် အသင့်တော်ဆုံးဖြစ်သည်။

‘ တကယ်လို့ ဧကရာဇ်ဓားသာ လှုပ်ရှားမယ်ဆိုရင် အရာအားလုံးက ရိုးရှင်းသွားလိမ့်မယ် ’

ရွှီချင်းသည် အနည်းငယ် နောင်တရသွားသည်။

ဧကရာဇ်ဓားက မလှုပ်ရှားသဖြင့် ပိုင်ရှောင်ကျိုးကို သတ်ဖြတ်ရန် တခြားအင်အားကို ငှားယူရမည်ဖြစ်ကြောင်း ရွှီချင်း နားလည်သည်။

ပိုင်ရှောင်ကျိုး၏ သရုပ်က ထုတ်ဖော်ခံလိုက်ရပြီဖြစ်လေရာ သူ့ကို သတ်ဖြတ်ရန် လူသားမျိုးနွယ်၏ တရားမျှတမှုကို သူငှားယူနိုင်ပေသည်။

ကျီးကန်းအတွက်တော့ အချိန်မကျသေးပေ။

ရွှီချင်း၏ လက်ရှိအင်အားဖြင့် ပရောဟိတ်ဆရာကို မယှဉ်ပြိုင်နိုင်သေးပေ။

ထို့ကြောင့် သူက စည်းချအစီအရင်ဖြင့် လွှမ်းခြုံခံထားရသော အဖြူရောင်တာအိုစင်မြင့်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီး၊ ချန်းတောက်ဇီ၊ စင်မြင့်အောက်မှ အရေအတွက်များပြားသော ကျောင်းတော်သားများနှင့်အတူ ကောင်းကင်ပေါ်မှ တိုက်ပွဲကို ကြည့်ရှုနေသည်။

ရွှီချင်းက ဤအခိုက်အတန့်မှာ တည်ငြိမ်နေစဉ် နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်မှ ကျောင်းတော်သားများသည်တော့ စိတ်ရှုပ်ထွေးနေကြသည်။ ထို့ပြင် သူတို့၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုနှင့် တုန်လှုပ်မှုကိုလည်း မဖိနှိပ်နိုင်ကြပေ။

မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည်ပင် သူ၏ နှလုံးသားထဲမှာ ကြီးမားသော လှိုင်းလုံးများက ထွက်ပေါ်လာနေကြောင်း ခံစားနေမိသည်။ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းအုပ်ကြီးက အလင်းရောင်ဂိုဏ်းဝင် ပိုင်ရှောင်ကျိုးဖြစ်လိမ့်မည်ဟု လုံးဝ သူမမျှော်လင့်ထားပေ။

ထို့ပြင် ထိုအဖြေက သူ့အား မျှော်လင့်ချက်ကို မြင်ယောင်စေသည်။

ဤတိုက်ပွဲပြီးသွားလျှင် မူကွဲအင်မော်တယ်ကျောင်းတော်၏ မြင့်တတ်လာမှုကို မည်သူမှ ရပ်တန့်နိုင်တော့မည်မဟုတ်ကြောင်း သူနားလည်သည်။

နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်သည် သေချာပေါက် ပြိုလဲသွားလိမ့်မည်။ နတ်ဘုရားပေါင်းစပ်ခြင်းကျောင်းတော်၏ ရာထူးမြင့်ကျောင်းတော်သားများသည်တော့ တခြားအလင်းရောင်ဂိုဏ်းဝင်များကို ရှာဖွေရန်အတွက် တင်းကျပ်စွာ စောင့်ကြည့်လေ့လာခံရလိမ့်မည်။

ထိုအရာအားလုံးကို ဘိုးဘေးရွှီချင်းက သယ်ဆောင်လာခြင်း ဖြစ်သည်။

ထိုအတွေးများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည့်အခါ ကျောင်းအုပ်ကြီးသည် ချန်းတောက်ဇီကို လှည့်ကြည့်လိုက်သည်။ ချန်းတောက်ဇီက သူ့ကို ခေါင်းညိတ်ပြသည်။

မူကွဲအင်မော်တယ်ကျောင်းအုပ်ကြီးသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။ ထို့ကြောင့် သူက အနောက်လှည့်လိုက်ပြီး ရွှီချင်းကို ရိုသေလေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ ရွှီချင်း၏ စိတ်အာရုံက တိုက်ပွဲမြေပြင်ပေါ်မှာသာ ရှိနေသည်။

ဤသည်မှာ ရှားပါးလှသော အခွင့်အရေးတစ်ခုဖြစ်သည်။ ဤတိုက်ပွဲက လူတိုင်းကို ဗလာနတ္ထိအဆင့်အကြောင်း ပိုပြီးကောင်းမွန်စွာ နားလည်စေလိမ့်မည်။

သို့သော်လည်း ရွှီချင်းအတွက်တော့ ဤတိုက်ပွဲသည် ထိုထက်ပိုပြီး အဓိပ္ပာယ်ရှိသည်။

အဘယ့်ကြောင့်ဆိုသော် ဤတိုက်ပွဲသည် အင်မော်တယ်ကျင့်ကြံသူနှင့် နတ်ဘုရားအစွမ်းကျင့်ကြံသူကြားမှ တိုက်ပွဲဖြစ်သောကြောင့် ဖြစ်သည်။

ဤတိုက်ပွဲသည် ဝိညာဉ်စုစည်းခြင်းအဆင့် မဟုတ်သော်လည်း ဗလာနတ္ထိစတုတ္ထအဆင့် ပညာရှင်ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများက ပေါင်းစုစည်းသွားသည့်အခါ ကောင်းကင်သည် ဝေဝါးသွားနေဆဲပင်။

အဆင့်နိမ့်ကျင့်ကြံသူများက မြင်နိုင်သည်မှာ ရောင်စုံလျှပ်စီးတန်းများနှင့် နေနှင့်လ၏ ပုံရိပ်များသာဖြစ်ပြီး ထိုနောက်တွင် နားကွဲလုမတတ် ကျယ်လောင်သော မိုးထစ်ချုန်းသံများက ထွက်ပေါ်လာလိမ့်မည်။ သူတို့၏ အမြင်အာရုံသည် ပိတ်ဆို့ခံထားရပြီး သူတို့၏ နားထဲမှာ မိုးခြိမ်းသံများဖြင့်သာ ပြည့်နှက်နေလိမ့်မည်။

သို့သော်လည်း ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူများသည် ပိုပြီးမြင်နိုင်ကြသည်။

ကောင်းကင်ပေါ်မှ နိယာမများနှင့် ဥပဒေသများ၏ ပြောင်းလဲမှုများကို သူတို့က အာရုံခံနိုင်ကြသည်။ နိယာမများက ဒြပ်ထည်ဖြစ်ပေါ်လာပြီး ဥပဒေသများက ရှေးခေတ်ပုံရိပ်များသို့ ပြောင်းလဲသွားကာ အလင်းရောင်ဂိုဏ်းဘက်မှ နတ်ဘုရားအစွမ်းများဖြင့် ဆက်တိုက် တိုက်ခိုက်နေသည်။

ဤသည်မှာ တာအိုလေ့လာခြင်း ဖြစ်သည်။

သူတို့၏ အတွေ့အကြုံများနှင့် ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ပေါ်မူတည်၍ တိုက်ပွဲမြေပြင်ပေါ်မှ နိယာမများအပေါ် မြင်တွေ့ပုံများသည် တစ်ယောက်နှင့်တစ်ယောက် မတူညီကြချေ။

တချို့လူများက ရှင်းလင်းစွာ မြင်နေရစဉ် တချို့လူများက ဝေဝေဝါးဝါးသာ မြင်နိုင်ကြသည်။

သို့ဖြစ်၍ အင်ပါယာအကယ်ဒမီမှ ကျောင်းတော်သားများသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ကြပြီး အာရုံစူးစိုက်လိုက်ကြသည်။ သူတို့က ကောင်းကင်ပေါ်မှ တိုက်ပွဲကို လေ့လာကြည့်နေရင်း ဉာဏ်အလင်းရရန် ကြိုးစားနေကြသည်။

တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်က ဗလာနတ္ထိအဆင့်သို့ ရောက်ရှိသွားမှသာလျှင် သူတို့က တိုက်ပွဲမြေပြင်မှ အသွင်အပြင်အားလုံးကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ သူတို့က နိယာမများနှင့် ဥပဒေသများအပြင် မရေမတွက်နိုင်သော တာအိုစီးဆင်းမှုကိုလည်း မြင်နိုင်လိမ့်မည်။

ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံသူတစ်ယောက်၏ အမြင်ထဲမှာ ကောင်းကင်ပေါ်မှ တိုက်ပွဲသည် ရှေးခေတ်စစ်မြေပြင်တစ်ခုနှင့် ဆင်တူပေသည်။ ပြင်းထန်သော တိုက်ခိုက်မှုများထဲမှာ မဟာတာအိုအတတ်ပညာတစ်ခု ပါရှိနေသည်။

မိုးခြိမ်းသံများသည် ဆက်လက် ပဲ့တင်ထပ်နေပြီး ဟင်းလင်းပြင်သည် အက်ကွဲထွက်သွားသည်။ ဘေးပတ်ဝန်းကျင်မှ နယ်မြေထဲတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာကြသည်။

အနီးကပ်သေချာကြည့်မည်ဆိုလျှင် ထိုအက်ကွဲကြောင်းများထဲမှာ ဥပဒေသအပြောင်းအလဲများ ပါဝင်နေကြောင်း သတိပြုမိလိမ့်မည်။ ယင်းက ဘေးပတ်ပတ်လည်မှ လူများကို အံ့ဩထိတ်လန့်သွားစေသည်။ တစ်ချိန်တည်းမှာ သူတို့သည် နက်နဲစွာ တွေးတောလိုက်ကြသည်။

သို့သော်လည်း ထိုအရာအားလုံးသည် အပေါ်ယံမျှသာ ဖြစ်သည်။ တူညီသော အဆင့် သို့မဟုတ် မြင့်မားသော အဆင့်သို့ ရောက်ရှိနေသူများသာလျှင် ၎င်းတို့၏ အနှစ်သာရများကို ထွင်းဖောက်မြင်နိုင်ကြလိမ့်မည်။

ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံသည် ဗလာနတ္ထိအဆင့်သို့ မရောက်ရှိသေးပေ။ သို့သော်လည်း သူက တခြားလူများနှင့် ခြားနားသည်။

သူက အင်မော်တယ်ကျင့်ကြံသူဖြစ်သလို နတ်ဘုရားအစွမ်းကျင့်ကြံသူလည်း ဖြစ်သည်။

သို့ဖြစ်၍ သူ၏ မျက်လုံးထဲမှာ တိုက်ပွဲမြေပြင်သည် တခြားလူများနှင့် ခြားနားသည်။

သူ၏ မြင်ကွင်းထဲတွင် ရောင်စုံအလင်းတန်းများက ကောင်းကင်ယံမှာ အပြန်အလှန် ယှက်ထွေနေကြပြီး ဆေးပန်းချီကားတစ်ချပ်သဖွယ် ဖြစ်ပေါ်နေသည်။

မြင်ကွင်းထဲတွင် နတ်ဘုရားသဖွယ် ပိုင်ရှောင်ကျိုး၏ ပုံရိပ်သည် တစ်ခါတစ်ရံ ကြည်လင်လာပြီး တစ်ခါတစ်ရံ ဝေဝါးသွားသည်။

သူက ဝေဝါးသွားသည့်အခါတိုင်း တခြားတည်နေရာတစ်ခုမှာ ပြန်ပေါ်လာလိမ့်မည်။

ကျောင်းအုပ်ကြီး၏ ကျင့်ကြံခြင်းအခြေခံသည်လည်း အံ့ဖွယ်ကောင်းသည်။ ထို့ပြင် သူ့မှာ တော်ဝင်မျိုးဆက်သွေး၏ စွမ်းအားတိုးမြှင့်ပေးမှုရှိသဖြင့် သူက ပြီးပြည့်စုံသော ဗလာနတ္ထိအဆင့် ပုံမှန်ကျင့်ကြံသူတစ်ဦးထက် (၃၀)ရာခိုင်နှုန်း ပိုပြီးအစွမ်းထက်သည်။

သူက တိုက်ခိုက်လိုက်သည့်အခါတိုင်း သန်းပေါင်းများစွာသော တာအိုအမှတ်အသားများက ဒြပ်ထည်ဖြစ်ပေါ်လာကြပြီး ရွှေရောင်နဂါးဖြင့် ပေါင်းစပ်သွားကြသည်။

ဤနေရာမှ နိယာမများသည် သူ၏ စိတ်ဆန္ဒအတိုင်း ပြောင်းလဲသွားနေသည်။

တစ်ခါတစ်ရံ ထွန်းလင်းတောက်ပသော နေလုံးက ဒြပ်ထည်ဖြစ်ပေါ်လာပြီး တစ်ခါတစ်ရံ ရှေးခေတ်စစ်ရထားလုံးများက အရှေ့သို့ ပြေးထွက်သွားကြသည်။ တစ်ခါတစ်ရံ ရှေးဟောင်းဧရာမသားရဲပုံရိပ်များက ထွက်ပေါ်လာကြသည်။ သူက တမူထူးခြားသော တာအိုကို ထုတ်ဖော်၍ ပိုင်ရှောင်ကျိုးကို နည်းလမ်းအမျိုးမျိုးဖြင့် ဖိနှိပ်နေသည်။

တခြားလူများ၏ တိုက်ပွဲများသည်တော့ သူတို့နှစ်ယောက်ကဲ့သို့ မပြင်းထန်သော်လည်း အံ့ဖွယ်ကောင်းနေဆဲပင်။

ကောင်းကင်က မည်းမှောင်မသွားခင်အထိ သူတို့သည် နတ်ဘုရားပေါင်းစပ်ခြင်းရုပ်သေးငါးရုပ်ဖြင့် မရပ်မနား တိုက်ခိုက်ခဲ့ကြသည်။ သို့ဖြစ်၍ လူတိုင်းသည် ဒဏ်ရာအနည်းအကျဉ်း ရရှိသွားကြသည်။

ပြီးပြည့်စုံသော ဗလာနတ္ထိအဆင့်သည် မည်သည့်မျိုးနွယ်မှာမဆို အထွတ်အထိပ် တည်ရှိမှုများဖြစ်ကြသည်။

အမှန်မှာ ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူမရှိသော တချို့မျိုးနွယ်စုများတွင် သူတို့က နတ်ဘုရားသဖွယ် တည်ရှိမှုများဖြစ်ကြသည်။

ထို့ကြောင့် ပြီးပြည့်စုံသော ဗလာနတ္ထိအဆင့်တွင် ထူးခြားဆန်းကြယ်သော ဝိသေသလက္ခဏာတချို့ ရှိပေသည်။

ဥပမာ သူတို့၏ သွေးတစ်စက်က မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အခါ သွေးအိုင်ဖြစ်ထွန်းလာလိမ့်မည်။ ထို့ပြင် သူတို့၏ တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော အသံသည် ကုန်းမြေကို ဖျက်ဆီးပစ်နိုင်သည်။

ကံကောင်းစွာဖြင့် ဤနေရာမှ စည်းချအစီအရင်သည် အလွန်အားကောင်းသည်။ စည်းချအစီအရင်ကို အစွမ်းကုန် လှည့်ပတ်ထားလေရာ ၎င်း၏ အကာအကွယ်အတွင်းမှ ကျောင်းတော်သားများသည် ဘေးကင်းလုံခြုံကြသည်။ ထို့ကြောင့် သူတို့က တိုက်ပွဲအား ဆင်ခြင်နားလည်ခြင်းကို မည်သည့်အနှောင့်အယှက်မှမရှိဘဲ ဆောင်ရွက်နိုင်ကြသည်။

ရွှီချင်းသည်လည်း ဆင်ခြင်နားလည်နေသည်။ သူက ကောင်းကင်ပေါ်မှ တိုက်ပွဲကို စူးစိုက်ကြည့်နေစဉ် အတွေးများစွာက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။ ယင်းတို့က သူ၏ ယခင်နားလည်မှုများနှင့် ပေါင်းစည်းသွားသည့်အခါ သူက အင်မော်တယ်ကျင့်ကြံသူနှင့် နတ်ဘုရားအစွမ်းကျင့်ကြံသူအကြောင်းကို ပိုပြီးနားလည်သွားသည်။

“ နတ်ဘုရားအစွမ်းကျင့်ကြံသူတွေမှာ… ဘာမန္တန်မှ မရှိဘူး… အရာအားလုံးက အလိုအလျောက် လည်ပတ်နေတယ်ဆိုတဲ့ ခံစားမှုမျိုး သူတို့က ပေးတယ်… ဥပမာ ဒီကောင်းကင်နဲ့ မြေပြင်က သူတို့အတွက် မွေးဖွားလာတာ ဖြစ်တယ်… ဒီလောကထဲမှာ သူတို့က လွတ်လပ်ပြီး ဘယ်အရာကမှ သူတို့ကို မဟန့်တားနိုင်ဘူး ”

“ အင်မော်တယ်ကျင့်ကြံသူတွေက သူတို့နဲ့ လုံးဝခြားနားတယ်… သူတို့လည်းပဲ ကောင်းကင်နဲ့ မြေပြင်ရဲ့ စွမ်းအားကို အသုံးပြုတယ်ဆိုပေမဲ့ သူတို့ရဲ့ နည်းလမ်းတွေက နတ်ဘုရားအစွမ်းကျင့်ကြံသူတွေနဲ့ ခြားနားတယ်… သူတို့က နိယာမတွေနဲ့ ဥပဒေသတွေကို ချည်မျှင်တွေအဖြစ် အသုံးပြုပြီး ကောင်းကင်နဲ့ မြေပြင်ရဲ့ စွမ်းအင်ကို လှုံ့ဆော်တယ် ”

“ ဒီနည်းက… ကောင်းကင်နဲ့ မြေပြင်ကို ကျွန်ပြုနေတာလား ”

“ ကောင်းကင်ဘုံတာအိုနဲ့လား ”

အတွေးများစွာက သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာနေစဉ် ထူးဆန်းသော အလင်းသည် ရွှီချင်း၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက ဤတိုက်ပွဲမှတဆင့် ဉာဏ်အလင်းအများကြီးကို ရရှိခဲ့သည်။

“ ကောင်းကင်ဘုံတာအိုရဲ့ ထွက်ပေါ်လာမှုက ကောင်းကင်နဲ့ မြေပြင်ကို ချုပ်နှောင်လိုက်တာနဲ့ ဆင်တူတယ်… အဲ့ဒါက နတ်ဘုရားတွေအပေါ် နယ်နိမိတ်ကန့်သတ်လိုက်တာလား ”

ရွှီချင်းသည် နှလုံးတုန်လှုပ်သွားသည်။ ထိုခန့်မှန်းမှုက အမှန်ဟုတ်မဟုတ် သူမသိပေ။

သို့သော်လည်း သူ၏ လက်ရှိဆုံးဖြတ်မှုအရ ထိုအတွေးသည် ယုတ္တိရှိသည်။

အကယ်၍ ထိုအတိုင်းသာ အမှန်ဆိုလျှင် အစောဆုံးအသုတ်ဖြစ်သော ရှေးဟောင်းအင်မော်တယ်များက ဝမ်ကူးကုန်းမြေကို သိမ်းပိုက်ပြီးနောက် ကျင့်ကြံသူများသာ ပိုင်ဆိုင်သော ကောင်းကင်ဘုံတာအိုကို ပျိုးထောင်ရန် အဘယ့်ကြောင့် ကြိုးစားခဲ့သလဲဟူသော မေးခွန်းကို ရှင်းပြနိုင်လိမ့်မည်။

ကောင်းကင်ဘုံတာအိုသည် နောက်ပိုင်းမျိုးဆက် ကျင့်ကြံသူများကို ပိုပြီးလွယ်ကူစွာ ကျင့်ကြံနိုင်စေလိမ့်မည်။

ယင်းက ဝိညာဉ်သိုက်အဆင့်တွင် ကျင့်ကြံသူများက အဘယ့်ကြောင့် လျှို့ဝှက်ရတနာသိုက်ထဲမှာ ကောင်းကင်ဘုံတာအိုကို ပျိုးထောင်ရသလဲဟူသော မေးခွန်းကို အဖြေပေးနိုင်လိမ့်မည်။

“ ငါတို့က ကောင်းကင်ဘုံတာအိုကို တစ်ချိန်လုံး အားဖြည့်ပေးနေသရွေ့ ဒီလောကက ကျင့်ကြံသူတွေရဲ့ လက်ထဲမှာပဲ ရှိနေလိမ့်မယ် ”

“ တကယ်လို့ ငါ့ရဲ့ ခန့်မှန်းမှုသာ မှန်မယ်ဆိုရင် ဒီဟာက အရမ်းအရေးကြီးတဲ့ သတင်းအချက်အလက်ပဲ… လောကကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းက ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ထဲမှာ ပါရှိနေပြီးသားပဲ ”

“ ဒီလိုနည်းလမ်း… ဒီလိုအတွေးအခေါ်… ဒီလိုအမြော်အမြင်… ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဝမ်ကူးကုန်းမြေ၏ အစောဆုံးအသုတ်ဖြစ်သော ရှေးဟောင်းအင်မော်တယ်များအပေါ် သူက ပိုပြီးချီးကျူးလေးစားသွားသည်။ ထို့နောက် သူက ကောင်းကင်ပေါ်မှ တိုက်ပွဲကို ဆက်လက် လေ့လာလိုက်သည်။

နတ်ဘုရားမျက်နှာပျက်ကြီးကို အင်ပါယာအကယ်ဒမီ၏ ကောင်းကင်ပေါ်တွင် မမြင်နိုင်ပေ။ သို့သော်လည်း ယင်းက ရွှီချင်း၏ ဆင်ခြင်သုံးသပ်မှုအပေါ် အဟန့်အတားမဖြစ်စေပေ။

“ နတ်ဘုရားမျက်နှာပျက်ကြီး မျက်လုံးဖွင့်လှစ်တဲ့အခါတိုင်း ကောင်းကင်ဘုံတာအိုက ကျဆုံးသွားတယ်… ကောင်းကင်ဘုံတာအိုအားလုံး ဖျက်ဆီးခံရတဲ့နေ့မှာ ဒီဝမ်ကူးကုန်းမြေက နတ်ဘုရားတွေရဲ့ လောကအဖြစ် ပြန်ပြောင်းလဲသွားလိမ့်မယ် ”

“ ပြီးတော့ ဝမ်ကူးကုန်းမြေက အရမ်းကျယ်ပြောတယ်ဆိုပေမဲ့ အဲ့ဒါက ကြယ်တာရာကောင်းကင်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတယ်… ဝမ်ကူးကုန်းမြေရဲ့ အပြင်ဘက်က… ဘယ်လိုပုံစံမျိုးရှိမလဲမသိဘူး ”

ဤသည်မှာ ရွှီချင်းက ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်မြင်ကွင်းကို ပထမဆုံးအကြိမ် တွေးမိခြင်းဖြစ်သည်။

“ အဲ့ဒီမှာ သူတော်စင်ကုန်းမြေတွေ ရှိတယ်… အဲ့ထက် ပိုဝေးတဲ့နေရာမှာ လီဇီဟွားထွက်သွားတဲ့ နေရာရှိလောက်တယ်… ပြီးတော့ အဲ့ဒီနေရာမှာ ခရမ်းလဂြိုလ်လည်း ရှိတယ် ”

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်ပြီး သူ၏ ခရမ်းလဂြိုလ်ကို အာရုံခံလိုက်သည်။

ယင်းက အလွန့် အလွန် ဝေးလွန်းသည်။

ရွှီချင်းက မျက်လုံးမှိတ်လိုက်ပြီး အာရုံခံလိုက်သည့်အခိုက် ကောင်းကင်ပေါ်မှ တိုက်ပွဲမြေပြင်ပေါ်တွင် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာသည်။

ထိုအပြောင်းအလဲသည် ပိုင်ရှောင်ကျိုးထံမှ ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် လင်းလက်သွားပြီး ပိုပြီးမြင့်မားသော ကောင်းကင်ပေါ်မှာ ပြန်ပေါ်လာသည်။ ကျောင်းအုပ်ကြီးက သူ့ထံသို့ ချဉ်းကပ်လာနေစဉ် သူက လက်နှစ်ဖက်ကို ဦးခေါင်းပေါ်သို့ မြှောက်တင်လိုက်သည်။ ဤသည်မှာ သူက ကောင်းကင်ပေါ်မှ အမြင့်ဆုံးတည်ရှိမှုကို ကိုးကွယ်ပူဇော်နေသည့်အလားပင်။

“ ရှေးခေတ်နေရောင်ခြည်ရဲ့ ပေါင်းစပ်မှုကြောင့်… နတ်ဘုရားပေါင်းစပ်ခြင်းရဲ့ ရှေးဟောင်းမျက်လုံးတွေက ကြယ်တာရာကောင်းကင်ရဲ့ အလင်းရောင်ဖြစ်လာပြီး ဝမ်ကူးကုန်းမြေကို ထွန်းလင်းစေတယ်… အလင်းရောင်က အရိပ်တွေကို ဖြစ်ပေါ်စေပြီး ကုန်းမြေတွေကို နတ်ဘုရားနယ်မြေအဖြစ် ပြောင်းလဲသွားစေတယ် ”

“ ဂုဏ်သိက္ခာကြီးမားသော သူရိန်အရှင်သခင်… ကောင်းကင်ဘုံအားလုံးနဲ့ စကြာဝဠာအားလုံးရဲ့ နတ်ဘုရားဖြစ်တော်မူသော အလင်းရောင်… ”

“ ကျေးဇူးပြုပြီး ဤနေရာကို ဆင်းသက်လာပေးပါ ”

သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း အင်ပါယာအကယ်ဒမီ၏ ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး နန်းမြို့တော်သည် တုန်လှုပ်သွားသည်။ အလွန်တရာ ကြောက်စရာကောင်းပြီး ဖော်ပြရန်ခဲယဉ်းသော စွမ်းအားသည် ကောင်းကင်ပေါ်ရှိ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး နန်းမြို့တော်နှင့် အင်ပါယာအကယ်ဒမီပေါ်သို့ ဆင်းသက်လာသည်။

ချက်ချင်းဆိုသလို ဝေဝါးသော မြင်ကွင်းတစ်ခုသည် အင်ပါယာအကယ်ဒမီ၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။

ယင်းက ဤနေရာမှ ကောင်းကင်၊ ဤနေရာမှ တာအိုနှင့် ဤနေရာမှ အရာအားလုံးကို အစားထိုးသွားသည်။

ထိုမြင်ကွင်းထဲတွင် ရှည်လျားသော သစ်ပင်ကြီးများနှင့် ထူးဆန်းသော သားရဲကြီးများ ရှိကြသည်။ ၎င်းတို့အားလုံးသည် နတ်ဘုရားစွမ်းအင်လှိုင်းအတတ်အကျများကို ထုတ်လွှတ်နေကြသည်။ ထို့ပြင် အချိန်ကာလ၏ လေးနက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသော ရှေးဟောင်းဘုရားကျောင်းများလည်း ရှိသေးသည်။

ထိုမျှတင် မကသေးပေ။ ရေခဲပင်လယ်များ၊ ဓာတ်ငွေ့တောင်ထိပ်များနှင့် ချောက်ချားဖွယ်ကောင်းသော တိမ်တိုက်များရှိပြီး နေနှင့် လသည် ရေဘဝဲလက်တံများကို ထုတ်လွှတ်နေကြသည်။ ဧရာမသားရဲငှက်ကြီးများသည် ကောင်းကင်ပေါ်တွင် ပျံသန်းနေကြပြီး နားလွဲလုမတတ် ကျယ်လောင်သော ဟိန်းသံကို ထုတ်ဖော်နေကြသည်။

၎င်းတို့အားလုံးသည် အရွယ်အစား အလွန်ကြီးမားကြပြီး ပုံသဏ္ဍာန်မတူညီကြချေ။ ၎င်းတို့အားလုံးဆီမှာ အတူတကွ ရစ်ပတ်နေသော ရေဘဝဲလက်တံများ ရှိကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ကို ထူးခြားဆန်းကြယ်သော ရုပ်ဝတ္ထုပစ္စည်းများဖြင့် ဖွဲ့စည်းထားသည်။

ဤသည်မှာ ထူးခြားဆန်းကြယ်သော သက်ရှိများနှင့် အရာဝတ္ထုများဖြင့် ပြည့်နှက်နေသော နယ်မြေတစ်ခု ဖြစ်သည်။

ယင်းက စိတ်ကူးမယဉ်နိုင်အောင် အလွန်ထူးခြားဆန်းကြယ်သည်။ နယ်မြေ၏ အနက်ပိုင်းထဲတွင် အရွယ်အစား အလွန်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ဧရာမစက်လုံးတစ်လုံးရှိကြောင်း မြင်နိုင်လိမ့်မည်။ ယင်းသည် ကီလိုမီတာထောင်ပေါင်းများစွာ ရှည်လျားသည်။

ထိုစက်လုံးသည် လုံးဝအနက်ရောင်ဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော လက်တံများဖြင့် ပြည့်နှက်နေသည်။ ထိုလက်တံများသည် တစ်ချိန်လုံး လူးလွန့်လှုပ်ရှားနေကြသည်။ တစ်ဝက်မှိတ်ထားသော မျက်လုံးထဲတွင် ချောက်ချားဖွယ်ကောင်းသော အလင်းရောင်က ထွန်းလင်းတောက်ပနေသည်။ ဤသည်မှာ ယင်းက အချိန်နှင့်လေဟာနယ်ကို ထွင်းဖောက်နိုင်စွမ်းရှိဟန် ရသည်။

စက်လုံးမှ ထုတ်လွှတ်နေသော အသံသည် နက်ရှိုင်းပြီး ပဲ့တင်ထပ်နေသည်။ ယင်းက တိမ်တိုက်များကြားတွင် ထစ်ချုန်းနေသော မိုးခြိမ်းသံနှင့် ဆင်တူသည်။

၎င်းက တစ်ခါလှုပ်ရှားလိုက်သည့်အခါတိုင်း လောကတစ်ခုလုံး တုန်ယင်သွားပြီး မြေပြင်သည် တုန်ခါသွားသည်။ သမုဒ္ဒရာများသည် တအိအိလှုပ်ခတ်သွားကြပြီး ကောင်းကင်သည် လောင်ကျွမ်းသွားသည်။

မရေမတွက်နိုင်သော မျက်နှာများသည် အနက်ရောင်စက်လုံး၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ၎င်းတို့အားလုံးသည် အစောနက ပိုင်ရှောင်ကျိုးရွတ်ခဲ့သော စကားအတိုင်း ရွတ်ဆိုနေကြသည်။

နတ်ဘုရားအစွမ်းသည် ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။

ယင်းက ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သော်လည်း အင်ပါယာအကယ်ဒမီထဲမှ ကျောင်းတော်သားအများအပြားသည် သွေးအန်လိုက်ရကြသည်။ ကျောင်းတော်သားတချို့သည် သန္ဓေပြောင်းလဲတော့မည့် လက္ခဏာများကိုပင် ထုတ်ဖော်ပြလာကြသည်။ နန်းမြို့တော်ထဲတွင်လည်း ထို့အတူပင်။ ချက်ချင်းဆိုသလို နန်းမြို့တော်တစ်ခုလုံးသည် လွန်စွာသိပ်သည်းပြီး လွှမ်းမိုးခြယ်လှယ်သော ဒြပ်နှောများဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။

သက်ရှိအားလုံးက ကြောက်လန့်သွားကြပြီး ကြီးမားသော ဆူပူအုံကြွမှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။

အင်အားစုအသီးသီး၏ အမူအရာများသည် သိသာစွာ ပြောင်းလဲသွားကြသည်။ လူသားဧကရာဇ်သည် မတ်တတ်ရပ်လိုက်သည်။ သူ့အောက်မှ ကောင်းကင်ဘုရင်(၁၃)ပါး၏ အမူအရာသည်လည်း ပြောင်းလဲသွားကြပြီး သူတို့၏ ဝိညာဉ်စုစည်းခြင်းအဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြသည်။

ရွှီချင်းသည် ပိုင်ရှောင်ကျိုး၏ ဦးခေါင်းပေါ်မှ နယ်မြေပုံရိပ်ကို စူးစိုက်ကြည့်လိုက်သည့်အခါ သူ၏ အမူအရာသည် တည်ကြည်လေးနက်သွားသည်။ သူက ရင်းနှီးကျွမ်းဝင်သော နေရာနှင့် အရှိန်အဝါကို အာရုံခံမိသွားသည်။

“ နတ်ဘုရားနယ်မြေ… ”

နန်းမြို့တော်ထဲမှ သေမျိုးလောကမေ့လျော့ခြင်းမျှော်စင်၏ ဘိုးဘေးခန်းမဆောင်ထဲတွင် နတ်စင်ပေါ်မှ ရွှံ့မြေခွေးရုပ်တုသည် ရုတ်တရက် တုန်ယင်လာသည်။ ရွှံ့မြေခွေးရုပ်တု၏ ဦးခေါင်းသည် အသက်ဝင်လာပြီး ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ထို့နောက် ၎င်းက အင်ပါယာအကယ်ဒမီ၏ ဦးတည်ရာဆီသို့ စိုက်ကြည့်လိုက်သည်။

“ မရင်းနှီးတဲ့ နတ်ဘုရားနယ်မြေတစ်ခုပဲ ”

“ အထဲမှာ မွေးဖွားခဲ့တဲ့ နတ်ဘုရားက… မဟုတ်ဘူး… ဒီနတ်ဘုရားက… တစ်ခုခု လွဲမှားနေတယ် ”

တစ်ချိန်တည်းမှာ နန်းမြို့တော်၏ သက်တံ့လမ်းကြောင်း၏ အရှေ့မှာ မားမားမတ်မတ် တည်ရှိနေသော ဓားကိုင်ဧကရာဇ်၏ ရုပ်တုထံမှ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါ်လျှိုးလာသည်။

မဟာဧကရာဇ်၏ မျက်လုံးသည် ဖြည်းညင်းစွာ ပွင့်သွားသည်။ ထွန်းလင်းတောက်ပသော အလင်းရောင်သည် သူ၏ သူငယ်အိမ်အတွင်းမှာ ထွက်ပေါ်လာပြီး ရှေးခေတ်အချိန်ကာလ၏ နက်နဲမှုကို ပေးသည်။ ထို့ပြင် အက်ကွဲသံများသည်လည်း ပဲ့တင်ထပ်လာသည်။ မဟာဧကရာဇ်၏ ဦးခေါင်းသည် ဖြည်းညင်းစွာ လှည့်သွားပြီး အင်ပါယာအကယ်ဒမီ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။

ထို့နောက် ကောင်းကင်ဘုံမိုးခြိမ်းသံထက် ပိုပြီးနက်ရှိုင်းသော အသံသည် မဟာဧကရာဇ်ထံမှ ပဲ့တင်ထပ်လာသည်။

“ ဓားက ကောင်းကင်ပေါ်မှာ ရစ်ဝဲနေတယ်… ငါ့ဓားရဲ့ အရသာကို မင်းမြည်းစမ်းကြည့်သင့်တယ် ”

All Chapters