ပြာအဖြစ်သို့ ရောက်ရှိသွားခြင်း
Vol. 91 Ch. 1351
ပေမင်ရွှယ်သည် ဆူဇီမိုကို အကူညီတောင်းသလိုကြည့်လိုက်၏။
“ယူလိုက်”
ဆူဇီမိုက တည်ငြိမ်စွာခေါင်းညိတ်ပြလိုက်၏။
သူ၏တပည့်ကြီးအနေဖြင့် ပကတိအဆင့်စိတ်ဝိညာဥ်လက်နက်တစ်ခုကို လက်ခံရယူလိုက်သည်က ဘာမှပြောပစရာမဟုတ်ပေ။
သူ၏အမြုတေစိတ်ဝိညာဥ်ကို အသုံးမပြုနိုင်သည့်အတွက် သူက သူ၏သိုလှောင်အိတ်ကိုမဖွင့်နိုင်ပေ။ မဟုတ်ပါက သူသည် သူ၏သိုလှောင်အိတ်ထဲကနေ မူလစိတ်ဝိညာဥ်လက်နက်ဆယ်ခုလောက်ကို ထုတ်ပြနိုင်လေသည်။
ဆူဇီမို၏ စကားကိုကြားသောအခါ ပေမင်ရွှယ်က ငွေရောင်ကိုယ်ကျပ်ချပ်ဝတ်ကိုယူလိုက်၏။ သူမ၏ တည်ကြည်သောစိတ်နေစရိုက်နှင့်ပင်လျှင် သူမ၏မျက်လုံးများက ဝမ်းသာပျော်ရွှင်မှုကို ထုတ်ဖော်ပြသနေ၏။
ပေမင်ရှေးတော်ဝင်မိသားစုသည်လည်း နက်ရှိုင်းသော အခြေခံအုတ်မြစ်တစ်ခုရှိခဲ့ဖူး၏။
သို့သော်လည်း ဤနှစ်များအတွင်း ရှေးတော်ဝင်မိသားစု ၃စု၏ ဖိနှိမ်ခြင်းကို ခံခဲ့ရပြီးနောက် သူတို့၏ အခြေခံအုတ်မြစ်များက ပျောက်ဆုံးသွားခဲ့သည်မှာ ကြာခဲ့လေပြီ။
ပေမင်ရှေးတော်ဝင်မိသားစုကနေ လက်ဆင့်ကမ်းခဲ့သော မူလအဆင့်၊ ပကတိအဆင့်နှင့် ထိပ်တန်းအဆင့် စိတ်ဝိညာဥ်လက်နက်များကို ရှေးတော်ဝင်မိသားစု ၃စု မှကျင့်ကြံသူများက လုယူသွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။
ယခုအချိန်တွင် ပေမင်မြို့ရှိ ကျင့်ကြံသူများအနေဖြင့် သာလွန်အဆင့်စိတ်ဝိညာဥ်လက်နက်တစ်ခုကို ပိုင်ဆိုင်ရမည်ဆိုလျှင်တောင် ရှားရှားပါးပါးဖြစ်နေခဲ့လေပြီ။
လျှိုဟန်ယန်နှင့် ရူရွှမ်ကလည်း သူတို့၏သိုလှောင်အိတ်ထဲကနေ ပကတိအဆင့်စိတ်ဝိညာဥ်လက်နက်တစ်ခုစီကို ထုတ်ယူပြီး ကမ်းပေးလိုက်ကြ၏။
ပေမင်ရွှယ်သည် ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် လက်ခံယူလိုက်၏။
ပေမင်ရွှယ်သည် သူမ၏ လက်ထဲရှိ ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်သုံးခုကိုကြည့်ပြီး အိပ်မက်မက်နေသလို ခံစားရ၏။
အဲ့ဒါက စိတ်ကူးယဥ်ဆန်လွန်းလေသည်။
စောစောကပင် သူမသည် ပေမင်ကလန်မှ နိမ့်ကျသောတည်ရှိမှုတစ်ခုဖြစ်နေဆဲပင်။
သို့သော် ယခုအခါ သူမသည် ဆူဇီမိုကိုသူမ၏ဆရာအဖြစ် သတ်မှတ်လိုက်သောကြောင့် နန်းကုန်ရှေးတော်ဝင်မိသားစုမှ မူလနတ္ထိတစ်ယောက်ကပင်လျှင် သူမကို ဆရာအဒေါ်ဟု တရိုတသေခေါ်ဝေါ်လာခဲ့၏။
“ငါ့ဆရာက ဒီလောကမှာ ဘယ်သူပါလိမ့်”
ပေမင်ရွှယ်၏စိတ်ထဲသို့ သံသယတစ်ခုက ဖျပ်ခနဲဝင်ရောက်လာ၏။
“အာ.. ကျုပ်တို့က အချင်ချင်းတွေပဲ... စီနီယာ ကျုပ်ကလည်း နန်းကုန်ရှေးတော်ဝင်မိသားစုက လူပါပဲ”
နန်းကုန်ယွီက စိုးရိမ်တကြီးဖြင့် ရှေ့သို့လျှောက်လှမ်းလာ၏။
သူ၏ပါးပြင်နှစ်ဖက်က ယောင်ကိုင်းနေပြီး သူက စကားကောင်းကောင်းမပြောနိုင်ပေ။ သို့သော်လည်း သူက ကြိုးစား၍ပြုံးလိုက်၏။
“စီနီယာကို နှုတ်ဆက်ပါတယ်... ကျုပ်က နန်းကုန်ယွီပါ”
သူ၏တုံ့ပြန်မှုက အလွန်တရာမြန်ဆန်လေသည်။ အခြေအနေက မူမမှန်တော့ဘူးဆိုတာ တွေ့မြင်လိုက်ချိန်တွင် သူက သူ၏ခေါင်းကိုအလောတကြီးငုံ့ပြီး ဆူဇီမိုကို ဦးညွှတ်လိုက်၏။
“ငါ့ရဲ့မျိုးရိုးနာမည်က နန်းကုန်မဟုတ်သလို... ငါက နန်းကုန်ရှေးတော်ဝင်မိသားစုကလည်းမဟုတ်ဘူး”
ဆူဇီမိုက မတ်တတ်ထရပ်ခြင်းမရှိဘဲ နန်းကုန်ယွီကိုအေးစက်စွာဖြင့်သာကြည့်နေ၏။
နန်းကုန်ယွီ၏အမူအရာက အေးစက်တောင့်တင်းသွား၏။
အစကတော့ ဆူဇီမိုသည် နန်းကုန်လင်း၏ ဆရာဘိုးလေးဖြစ်သောကြောင့် ထိုသူသည် နန်းကုန်ရှေးတော်ဝင်မိသားစုမှ တစ်စုံတစ်ယောက်သေချာပေါက်ဖြစ်လိမ့်မည်ဟု သူကတွေးထင်ခဲ့၏။ သို့သော်လည်း သူက အမှားကြီးကြီးကျူးလွန်လိုက်လေပြီ။
ဆူဇီမို၏ မျိုးရိုးနာမည်က ‘နန်းကုန်’ မဟုတ်ဘဲ ‘ဆူ’ဖြစ်လေသည်။
“ခင်ဗျားက နန်းကုန်ရှေးတော်ဝင်မိသားစုက မဟုတ်ဘူးဆိုရင်တောင် ခင်ဗျားက အကျော်အမော်တစ်ယောက်ပဲ ဖြစ်ရမယ်.. ကျုပ်က မျက်စိကန်းနေခဲ့လို့သာ ခင်ဗျားကို ပြဿနာရှာခဲ့မိတာပါ ကျေးဇူးပြုပြီး... ကျုပ်ကို ခွင့်လွှတ်ပေးပါ စီနီယာ”
နန်းကုန်ယွီက ရှက်ကိုးရှက်ကန်းပြုံး၍ သူ၏ခေါင်းကို ကျိုးနွံစွာငုံ့ထား၏။ သူက သူ၏ဂုဏ်သိက္ခာကို ဆက်လက်၍မငဲ့ကွက်နိုင်တော့ပဲ လုံးဝဦးညွှတ်နေခဲ့ပြီဖြစ်၏။
“ဟုတ်ပါတယ်ဗျာ... ဟုတ်ပါတယ် “
နိုးထဝိညာဥ် အဖိုးအိုသုံးယောက်ကလည်း အလောတကြီး ဝင်ရောက်ပြောဆိုလိုက်ကြ၏။
“မင်းတို့က ငါ့ရဲ့တာအိုဘွဲ့ကိုတော့ ကြားဖူးကောင်းကြားဖူးမှာပေါ့”
ဆူဇီမိုက ခံစားချက်ကင်းမဲ့စွာဖြင့် ပြောလိုက်၏။
“ငါက... အထီးကျန်သိုင်းသခင်ပဲ”
အထီးကျန်သိုင်းသခင်...
ထိုစကားစုနှစ်စုသည် နတ်ဆိုးစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည်ဟုထင်ရ၏။
နန်းကုန်ယွီနှင့် နိုးထဝိညာဥ်သုံးယောက်၏ မျက်နှာအမူအရာများက အေးစက်တောင့်တင်းသွားပြီး သူတို့၏မျက်လုံးများထဲသို့ ကြောက်ရွံ့မှုနှင့် တုန်လှုပ်မှုတို့က အဆက်မပြတ်ဝင်ရောက်လာ၏။
သူတို့၏ခန္ဓာကိုယ်များက အနည်းငယ် တုန်ယင်လာကြ၏။
ကျင့်ကြံရေးလောကတွင် တာအိုဘွဲ့တစ်ခုမျှနှင့် အခြားသောကျင့်ကြံသူများကို အသည်းအသန်ကြောက်ရွံ့သွားစေနိုင်သောလူ များစွာမရှိပေ။
ဆူဇီမိုက သူတို့ထဲမှ သေချာပေါက်တစ်ယောက်ဖြစ်၏။
ရွှေအမြုတေအဆင့်မှာရှိသော နန်းကုန်ယွီနှင့် နိုးထဝိညာဥ် သုံးယောက်ကိုမပြောနှင့် ထိပ်သီးဂိုဏ်းကြီးများမှ မည်ကာမတ္တတပည့်များပင်လျှင် အထီးကျန်သိုင်းသခင်ဟူသော တာအိုဘွဲ့ကို ကြားရချိန်တွင် တုန်လှုပ်ချောက်ချားရပေလိမ့်မည်။
သူ့ကျင့်ကြံမှု၏ ဤအဆင့်အရောက်တွင် အထီးကျန်သိုင်းသခင်သည် မရေမတွက်နိုင်သော ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများ၏ အလောင်းများကို နင်းချေတက်နင်းလာခဲ့၏။
ပေမင်ရွှယ်သည် သူမ၏ပါးစပ်ကို အနည်းငယ်ဖွင့်ဟပြီး သူမ၏လှပသောမျက်လုံးများထဲသို့ နက်ရှိုင်းသောတုန်လှုပ်မှုတစ်ခုက ဝင်ရောက်လာ၏။
အထီးကျန်သိုင်းသခင်...
သူမ၏ဆရာသည် ကျင့်ကြံရေးလောက၏ နာမည်ကြီးကျော်ကြားသော တာအိုအရှင်အထီးကျန်သိုင်းသခင်ဖြစ်လေသည်။ သူမ၏ ဆရာသည် သိုင်းတာအိုအပေါ် ဤမျှအထိ ကမ်းကုန်အောင်သဘောပေါက်နေသည်မှာ မထူးဆန်းတော့ပေ။
သူမ၏ဆရာသည် သူ၏သရုပ်သကန်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ လျှို့ဝှက်စွာနေခဲ့သည်မှာ မထူးဆန်းတော့ပေ။
သူမ၏ဆရာသည် သူမကို တပည့်အဖြစ်လက်ခံလိုက်လျှင် သူမဒုက္ခရောက်မည်ကို စိုးရိမ်ပူပန်နေခဲ့သည်မှာ မထူးဆန်းတော့ပေ။
အဲ့ဒါက တစ်မိုးအောက်မှာ တစ်ယောက်သာလျှင် ရှိလေသည်။
သူမ၏ဆရာက အထီးကျန်သိုင်းသခင်ဖြစ်၏။
ပေမင်ရွှယ်သည် ထိုစကားကိုကြားလိုက်ရသည့်အခိုက်အတန့်မှာ တုန်လှုပ်မှုက လွဲလျှင် သူမ၏နှလုံးသားထဲတွင် မည်သည့်စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုတို့မှ ရှိမနေပေ။ ထိုအစား သူမသည် ဝမ်းသာပျော်ရွှင်မှုဖြင့်ပြည့်နှက်လာပြီး သူမ၏မာန်မာနက ပို၍တိုးလာ၏။
“အထီးကျန်သိုင်းသခင်က တာအိုတစ်ခုတည်ထောင်ပြီး သက်ရှိအားလုံးကို သိုင်းပညာသင်ကြားပေးချင်တယ်”
အစကတည်းက သူမသည် အထီးကျန်သိုင်းသခင်အပေါ် အလွန်ရိုသေလေးစားသူဖြစ်လေသည်။
အပြင်ဘက်ရှိ ကောလာဟလများက မည်သို့ပင်ဖြစ်ပါစေ... တာအိုအရှင်အထီးကျန်သိုင်းသခင်သည် အခြားမည်သူကမှ မယှဥ်နိုင်သည့် သဘောထားကြီးမြတ်မှုကို ပိုင်ဆိုင်ထားသည်ဟု ပေမင်ရွှယ်က ယုံကြည်လေသည်။
သူ၏သဘောထားကြီးမြတ်မှုသည် မည်သည့်အထက်လမ်းဂိုဏ်းသားထက်မဆို သာလွန်လေသည်။
ပေမင်ရွှယ်သည် အထီးကျန်သိုင်းသခင်နှင့် တစ်ကြိမ်တွေ့ဆုံခွင့်ရလျှင်ပင် လွန်မင်းစွာ စိတ်ကျေနပ်မိမည်ဖြစ်၏။ ယခုတော့... ထိုသူက သူမ၏ဆရာ ဖြစ်နေ၏။
ထိုသို့ပြောပြီးနောက် ဆူဇီမိက ဘာစကားမှ ထပ်မပြောတော့ပေ။
ရုတ်တရက် ခြံဝန်းတစ်ခုလုံးက သေလောက်အောင်တိတ်ဆိတ်ငြိမ်သက်သွား၏။
နန်းကုန်လင်းသည် သူ၏ခေါင်းကို အနည်းငယ်ငုံ့ပြီး သူ၏မျက်လုံးထဲတွင် အေးစက်စက်အလင်းက တောက်ပလာ၏။
သူက နန်းကုန်ယွီတို့လေးယောက်အုပ်စုဘက်ကိုလှည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“မင်းတို့လေးယောက်... ဒီနေ့ ဒီခြံဝန်းထဲကနေ ထွက်သွားလို့ မရတော့ဘူး”
ဆူဇီမိုက စကားများစွာမပြောဆိုပေ။ သို့သော်လည်း သူ၏တာအိုဘွဲ့ကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် နန်းကုန်ယွီနှင့် အခြားနှစ်ယောက်က သေမိန့်ကျသွားခဲ့လေပြီ။
ယခုအချိန်တွင် ဆူဇီမိုသည် အင်မော်တယ် ၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ထိပ်သီးဂိုဏ်းကြီးအချို့ကို ဆန့်ကျင်ခဲ့မိပြီဖြစ်၏။
ဆူဇီမိုမသေသေးဘူးဆိုတာသိလျှင် ထိုထိပ်သီးဂိုဏ်းကြီးများက သေချာပေါက်လှုပ်ရှားမှုပြုလုပ်လာပေလိမ့်မည်။
ဒါ့အပြင် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ဒဏ်ရာရရှိထားပြီး သူ၏တိုက်ခိုက်ရည်ခွန်အားက လျော့ကျနေ၏။
နန်းကုန်ယွီတို့လေးယောက်အုပ်စုက ဤနေရာကနေ ထွက်ခွာသွားမည်ဆိုလျှင် အဲ့ဒါသည် ဆူဇီမိုကို အန္တရာယ်တောထဲသို့ တွန်းပို့လိုက်ခြင်းနှင့် တူလေသည်။
ဒုန်း.... ဒုန်း...
နန်းကုန်ယွီနှင့် အခြားသုံးယောက်သည် ဖြူဖပ်ဖြူရော်မျက်နှာများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျသွား၏။
“ကျုပ်တို့က ဘာပဲပြောပြော နန်းကုန်မိသားစုကပါပဲ... ကျုပ်တို့ရဲ့သွေးကြောထဲမှာစီးဆင်းနေတာက တူညီတဲ့သွေးတွေပါပဲ ဦးလေးလင်း ကျေးဇူးပြုပြီး ကျုပ်တို့ကိုချမ်းသာပေးပါဦး”
“ဦးလေးလင်း... ကျေးဇူးပြုပြီး သနားညှာတာမှုပြပေးပါဦး ကျုပ်တို့က ဒီကနေထွက်သွားပြီးရင် ဘာကိုမှထုတ်ဖော်မပြောဘူးလို့ အာမခံပါတယ်”
နန်းကုန်ယွီသည် လိပ်ပြာလွင့်မတတ်ကြောက်လန့်နေပြီး ငိုသံနှင့်အော်ပြောနေလေသည်။
နန်းကုန်လင်း၏အမူအရာက တည်ငြိမ်နေပြီး လှုပ်ရှားယိမ်းယိုင်ခြင်း မရှိပေ။
နန်းကုန်ရှေးတော်ဝင်မိသားစုတွင် သွေးနှောမျိုးဆက်ပေါင်းတစ်ထောင်ရှိလေသည်။
တိုက်ရိုက်မျိုးဆက်တစ်ယောက်အနေဖြင့် သူသည် ဤသွေးနှောမျိုးဆက်မှ ဆင်းသက်လာသူများအပေါ် ခံစားချက်များစွာမရှိပေ။
သူ၏ရင်ထဲတွင် ဆူဇီမိုက များစွာပို၍အရေးပါလေသည်။
ရွှစ်...
နန်းကုန်လင်း၏ လက်ဖဝါးပေါ်တွင် သုံးရောင်စပ်မီးတောက်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာ၏။
သမာဓိတာအိုမီး...
နန်းကုန်လင်းသည် အဆုံးစွန်မီး၏ မျိုးဆက်အမွေအနှစ်ကို ဆက်ခံရရှိထားခဲ့ပြီဖြစ်၏။
သူ၏သမာဓိတာအိုမီးသည် ဆူဇီမိုထက်များစွာအားနည်းသော်လည်း အဲ့ဒါက နန်းကုန်ယွီနှင့် နိုးထဝိညာဥ်သုံးယောက်ကို ကိုင်တွယ်ဖို့လုံလောက်တာထက် ပိုလေသည်။
မီးတောက်များက နန်းကုန်ယွီတို့လေးယောက်အုပ်စုကို ချက်ချင်းပင် လွှမ်းခြုံသွား၏။
“အား...”
နန်းကုန်ယွီတို့လေးယောက်အုပ်စုက စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။
မီးညွှန့်များက ကောင်းကင်ထက်သို့ထိုးတက်သွား၏။
တစ်ခဏအတွင်းမှာပင် နန်းကုန်ယွီက ပြာအဖြစ်ပြောင်းလဲသွားလေသည်။
သူသည် ရွှေအမြုတေတစ်ယောက်သာဖြစ်ပြီး နန်းကုန်လင်း၏ သမာဓိတာအိုမီးကို လုံးဝခံနိုင်ရည်မရှိပေ။
နိုးထဝိညာဥ်သုံးယောက်ကတော့ သူတို့သည် ခဏမျှသာတောင့်ခံနိုင်ခဲ့ပြီးနောက် လုံးဝသေဆုံးကုန်ကြ၏။ သူတို့၏ အသားနှင့်အရိုးများက သမာဓိတာအိုမီး၏လောင်ကျွမ်းခြင်းကို ခံလိုက်ရ၏။
နန်းကုန်ရှေးတော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်အနေဖြင့် နန်းကုန်လင်းသည် အသွန်းတစ်ရာဂိုဏ်းသို့ဝင်ရောက်ခဲ့ပြီး မုန်တိုင်းများစွာကို ဖြတ်ကျော်ခဲ့ဖူးလေသည်။ သူသည် ဆူဇီမိုနောက်သို့ပင် လိုက်ပါပြီး ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာ တုန်လှုပ်စရာကောင်းသော တိုက်ပွဲများစွာကို တွေ့မြင်ခဲ့ဖူး၏။ သူသည် သူတော်စင်တစ်ယောက်မဟုတ်ပေ။
ပေမင်ရွှယ်သည် ဆူဇီမို၏နောက်မှာရပ်နေပြီး လေထဲကနေ ဖြည်းဖြည်းချင်းလွင့်ကျလာသော ဖုန်မှုန့်များကို တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုဖြင့်ကြည့်နေ၏။
အစကနေ ယခုအချိန်ထိ ဆူဇီမိုက လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းမရှိပေ။
စကားလုံးအနည်းငယ်မျှနှင့် နန်းကုန်ယွီတို့လေးယောက်အုပ်စုက ဤနေရာမှာ မြှုပ်နှံခံလိုက်ရလေသည်။
သူ၏လက်ကို တစ်ချက်လှုပ်လိုက်ရုံဖြင့် သူသည် တိမ်စိုင်များနှင့် မိုးသားများကိုဖန်တီးနိုင်၏။ အဲ့ဒါတွေက သူမဆရာ၏ နည်းလမ်းများဖြစ်၏။