← Chapters

ဘေးကင်းလုံခြုံသည်

Vol. 91 Ch. 1352

ဘေးကင်းလုံခြုံသည်

Vol. 91 Ch. 1352

ပေမင်မြို့ ကလန်၏ မဟာခန်းမရှေ့တွင်...

ပေမင်အောင်သည် ခပ်လှမ်းလှမ်းခြံဝန်းထဲကနေ ထိုးတက်လာသော မီးညွှန့်များကိုကြည့်ပြီး တုန်ယင်နေသောအသံဖြင့် အော်ခေါ်လိုက်၏။

“အစ်မ....”

သူသည် ဆက်လက်၍မချုပ်တည်းနိုင်တော့ဘဲ သူ၏မျက်ရည်များက ချက်ချင်းပင် တစ်ပေါက်ပေါက်ကျဆင်းလာ၏။

ထိုသည်ကိုမြင်သောအခါ ပေမင်အောင်၏ပထမဆုံးတုံ့ပြန်မှုသည် မီးပင်လယ်ထဲမှာ သူ၏အစ်မက သေပြီဟုပင်။

ခြံဝန်းထဲကနေလာသော ခပ်ဖျော့ဖျော့အော်သံသည် ဆူမျိုးရိုးနှင့် အစိမ်းရောင်ဝတ်အမျိုးသားထံမှ ဖြစ်ရပေမည်။

ပေမင်ကလန်ခေါင်းဆောင်သည်လည်း သူ၏ခေါင်းကိုခါယမ်းပြီး လေးတွဲစွာသက်ပြင်းချလိုက်၏။

ကျန်ရှိနေသော ပေမင်ကလန်သားများကလည်း ကြောက်ရွံ့ထိတ်လန့်နေကြ၏။

သူတို့သည် အဝေးမှာရှိနေကြသော်လည်း ​တာအိုမီးကနေ ထွက်ပေါ်လာသည့် စွမ်းအင်အတက်အကျသည် လူတိုင်း၏ရင်ကို တလှပ်လှပ်ဖြစ်သွားစေ၏။

အဲ့ဒါက မူလနတ္ထိတစ်ယောက်ရဲ့စွမ်းအားလား။

“ကလေး... တရားနဲ့ဖြေပါကွယ်”

ပေမင်ကလန်ခေါင်းဆောင်သည် ပေမင်အောင်ကိုကြည့်ပြီး သတိပေးလိုက်၏။

“ကိစ္စက ဒီအခြေအနေထိ ဖြစ်လာပြီဆိုမှတော့ မင်းက မဆင်မခြင်လုပ်လို့မရဘူး... မဟုတ်ရင် မင်းကပါသေချာပေါက်သေရလိမ့်မယ်”

သူက စိတ်ရင်းမှန်ကန်စွာဖြင့်ပြောလိုက်၏။

“မင်းအသက်ရှင်နေမှပဲ မျှော်လင့်ချက်ရှိလိမ့်မယ်”

ပေမင်အောင်က တဖြည်းဖြည်းအငိုတိတ်သွား၏။

သူသည် ချက်ချင်းပင်အတော်လေး ရင့်ကျက်တည်ငြိမ်သွားသည့်အလား ထင်ရ၏။

“အမှန်ပဲ... ကျုပ်အသက်ရှင်နေမှပဲ မျှော်လင့်ချက်ရှိလိမ့်မယ်”

သူက အေးစက်စက်အမူအရာနှင့်အတူ လက်သီးနှစ်ဖက်ကိုဆုပ်လိုက်၏။

ခြံဝန်းထဲတွင်...

နန်းကုန်ယွီတို့လေးယောက်အုပ်စုသည် ပြာအဖြစ်လောင်ကျွမ်းသွားပြီးသိုလှောင်အိတ်လေးခုသာလျှင် ကျန်ရစ်ခဲ့၏။

နန်းကုန်လင်းက သိုလှောင်အိတ်လေးခုကိုကောက်ယူပြီး စိတ်ဝိညာဥ်အသိစိတ်များကိုဖယ်ရှားကာ တစ်ချက်ပင်မကြည့်ဘဲ ဆူဇီမိုကိုကမ်းပေးလိုက်၏။

“မင်းအဲ့ဒါတွေကို ယူလိုက်”

ဆူဇီမိုက ပေမင်ရွှယ်ကိုကြည့်ပြီး ရှေ့သို့တက်လှမ်းယူရန်အချက်ပြလိုက်၏။

ပေမင်ရွှယ်က သူမ၏အဆင့်အတန်းနှင့် တဖြည်းဖြည်းနေသားကျလာခဲ့ပြီဖြစ်၏။ သူမသည် ဆူဇီမို၏စကားကိုကြားသောအခါ သိုလှောင်အိတ်လေးအိတ်ကို လက်ခံယူပြီး သူမ၏သိုလှောင်အိတ်ထဲသို့ထည့်ကာ ကျေးဇူးတင်လိုက်၏။

“သူတို့လေးယောက်ကိုသတ်တဲ့အတွက် မင်းပြဿနာတက်နိုင်လား”

ဆူဇီမိုက နန်းကုန်လင်းကိုကြည့်ပြီး မေးလိုက်၏။

“ဆရာဘိုးလေး...ဘာမှမပူနဲ့ နန်းကုန်ယွီက သွေးနှောမျိုးဆက်ကပဲ.. ဘယ်သူကမှ သူတို့ကိုဂရုစိုက်နေမှာ မဟုတ်ဘူး”

နန်းကုန်လင်းက ပြောလိုက်၏။

“နောက်ပြီး... နန်းကုန်ရှေးတော်ဝင်မိသားစုရဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်အနေနဲ့ ကျုပ်က မိသားစုရဲ့ လူငယ်မျိုးဆက်ကြားမှာ အတော်အတန်အဆင့်အတန်းရှိပါတယ်”

“အင်း... ကောင်းတာပေါ့”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

နန်းကုန်လင်းက ဆက်ပြောလေသည်။

“မပူပါနဲ့ ဆရာဘိုးလေး... ကျုပ်က ဒီကိစ္စကိုသေချာပေါက် ကောင်းကောင်းကိုင်တွယ်လိုက်မယ်... နန်းကုန်မိသားစုရဲ့ ဘယ်သူကမှ ခင်ဗျားကိုပြဿနာလာမရှာစေရဘူး”

ဆူဇီမိုကမေးလိုက်၏။

“မင်းဒီတစ်ခေါက်... ဘာလို့ပြန်လာတာလဲ”

နန်းကုန်လင်းက ပြန်​ဖြေလိုက်၏။

“ရှေးတော်ဝင်မိသားစုပြိုင်ပွဲမှာပါဝင်ဖို့ ကျုပ်ရဲ့မိသားစုက ကျုပ်ကို ပြန်ခေါ်လိုက်တာပဲ... ကျုပ်က ဟန်ယန်နဲ့ ရွှမ်ရွှမ်ကိုပါ ဖိတ်ခေါ်လာခဲ့တာ”

“ရှေးတော်ဝင်မိသားစုပြိုင်ပွဲမှာ ပါဝင်လာမဲ့သူကတွေက ဘယ်လိုလူမျိုးတွေလဲ”

ဆူဇီမိုက လေးနက်စွာမေးလိုက်၏။

“မင်းတို့ရှေးတော်ဝင်မိသားစု ၃စုရဲ့ မိသားစုသခင်တွေကရော ပေါ်လာမှာလား”

“ဟင့်အင်း...”

နန်းကုန်လင်းက သူ၏ခေါင်းကိုခါပြလိုက်၏။

“ရှေးတော်ဝင်မိသားစုပြိုင်ပွဲက အခြေတည်အဆင့် ကျင့်ကြံသူတွေနဲ့ ရွှေအမြုတေအဆင့် လူငယ်မျိုးဆက်တွေကြားက တိုက်ပွဲတစ်ခုပဲ... ရှေးတော်ဝင်မိသားစု ၃စုရဲ့ မိသားစုခေါင်းဆောင်တွေက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေဆိုတော့ သူတို့ကပေါ်လာမှာမဟုတ်ဘူး”

“ပုံမှန်ဆိုရင်... ရှေးတော်ဝင်မိသားစု ၃စုက သူတို့ရဲ့ အထူးချွန်ဆုံးပြိုင်စံရှားတွေကို စေလွှတ်ကြလိမ့်မယ်... ဒီတစ်ခေါက်မှာတော့ ကျုပ်က နန်းကုန်းရှေးတော်ဝင်မိသားစုရဲ့ခေါင်းဆောင်ပဲ”

ဆူဇီမိုက ခေါင်းညိတ်ပြီးထပ်မေးလိုက်၏။

“ဒေါင်ဖန်နဲ့ ရှီမန်ရှေးတော်ဝင်မိသားစုက ခေါင်းဆောင်တွေကရော မူလနတ္ထိတွေပဲလား”

“အဲ့လောက်လောက်ပဲထင်တယ်”

နန်းကုန်လင်းက ပြောလိုက်၏။

“ဘာပဲပြောပြော ဒါက လူငယ်မျိုးဆက်တွေ​ကြားက ပြိုင်ပွဲပဲ... ကျင့်ကြံမှုအဆင့် မြင့်မားတဲ့စီနီယာတွေကတော့ ရောက်လာမှာမဟုတ်ဘူး... မူလနတ္ထိတစ်ယောက်လောက် လိုက်ပါလာမယ်ဆိုရင် အခြေအနေကိုထိန်းချုပ်နိုင်ဖို့ လုံလောက်တာပဲ”

ခဏမျှရပ်တန့်ပြီးနောက် သူကဆက်ပြောလိုက်၏။

“ဒါပေမယ့်လို့... ဒီတစ်ခေါက်ရှေးတော်ဝင်မိသားစုပြိုင်ပွဲက ရှီမန်အိမ်ရာမှာကျင်းပမှာ... အဲ့ဒါက ရှီမန်ရှေးတော်ဝင်မိသားစုအတွက် အရေးကြီးတဲ့နေရာတစ်ခုဆိုတော့... ဓမ္မဝိသေသတာအိုအရှင်တွေတော့ သေချာပေါက်ရှိနေလိမ့်မယ်... ဒါပေမယ့်လို့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ယောက် ရှိနေနိုင်မလားဆိုတာကတော့ ကျုပ်လည်းမပြောနိုင်ဘူး”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

ဓမ္မဝိသေသတာအိုအရှင်များသာဆိုလျှင် သူ့အပေါ်မှာခြိမ်းခြောက်မှု မရှိနိုင်ပေ။

သူ၏အမြုတေစိတ်ဝိညာဥ်က ချုပ်နှောင်ခံထားရပြီး သူ၏ဓမ္မစွမ်းအား သို့မဟုတ် ဓမ္မပညာရပ်များကို အသုံးမပြုနိုင်လျှင်တောင် အခြားသောဓမ္မဝိသေသတာအိုအရှင်များအနေဖြင့် သူ့ကိုထိခိုက်အောင်လုပ်နိုင်ဖို့ ခဲယဥ်းပေလိမ့်မည်။

အဲ့ဒီမှာ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များရှိနေလျှင်တော့ သူ့အတွက် အနည်းငယ်အခက်တွေ့နိုင်၏။ သူသည် အစိမ်းရောင်ကြာပန်းခန္ဓာသက်သက်ဖြင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကို ထိခိုက်အောင်လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

တကယ်တော့ ဆူဇီမိုသည် တခြားရွေးချယ်စရာမရှိသရွေ့ ရှေးတော်ဝင်မိသားစု ၃စုကို ဆန့်ကျင်ဖို့စိတ်ကူးမရှိပေ။

နန်းကုန်လင်းသည် တစ်စုံတစ်ရာကိုခန့်မှန်းမိသွားပြီး အတည်ပြုဖို့မေးလိုက်၏။

“ဆရာဘိုးလေး... ခင်ဗျားက ရှေးတော်ဝင်မိသားစု ၃စုကို တိုက်ခိုက်ဖို့ရည်ရွယ်ထားတာလား”

ဆူဇီမိုမှာ ထိုကဲ့သို့သော အခြေအနေရှိနေမည်ဆိုလျှင် သူက ကို့ရို့ကားယားနိုင်သောအခြေအနေတစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။

တစ်ဘက်မှာ သူသည် နန်းကုန်ရှေးတော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်၏။

အခြားတစ်ဘက်မှာတော့ သူသည် အဆုံးစွန်မီးမျိုးဆက်၏တပည့်တစ်ယောက်လည်းဖြစ်နေ၏။

ဆူဇီမိုသည် နန်းကုန်လင်း၏ စိုးရိမ်ပူပန်မှုကိုသတိထားမိပြီး ခေါင်းခါပြလိုက်၏။

“မင်းစိုးရိမ်စရာမလိုဘူး... ငါက ရှေးတော်ဝင်မိသားစု ၃စုနဲ့ ပေမင်ကလန်ကြားက ရန်ငြိုးရန်စကို ဂရုမစိုက်ဘူး ဒါပေမယ့်လို့...”

သူက စကားလမ်းကြောင်းပြောင်းပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ပေမင်ရွယ်က ငါ့တပည့်ပဲ... ငါ့တပည့်ကိုအနိုင်ကျင့်ရဲတဲ့ဘယ်သူမဆို အထီးကျန်သိုင်းသခင်ကို ဆန့်ကျင်တာပဲ”

နန်းကုန်လင်းက ရင်တစ်ချက်ထိတ်သွားပြီး ခေါင်းညိတ်ပြလိုက်၏။

“ဆရာဘိုးလေး ကျုပ်နားလည်ပါပြီ”

“အင်း... တခြားဘာမှပြောစရာမရှိဘူးဆိုရင် မင်းတို့တွေ ပြန်လို့ရပြီ”

ဆူဇီမိုက လက်ကာပြလိုက်၏။

“ဆရာဘိုးလေး... ကျွန်မတို့က အခုမှရောက်တာ ရှင်နဲ့စကားတောင် ကောင်းကောင်းမပြောရသေးဘူး... ကျွန်မတို့ကိုနှင်ထုတ်နေပြီပေါ့”

ရူရွှမ်က နှုတ်ခမ်းစူ၍ပြောလိုက်၏။

“သွားရအောင်... ရှေးတော်ဝင်မိသားစုပြိုင်ပွဲက ရက်အနည်းငယ်နေရင် စတော့မှာပဲ... အဲ့ဒီအချိန်ကျရင် ဆရာဘိုးလေးနဲ့ သေချာပေါက်ပြန်တွေ့လိမ့်မယ်”

လျှိုဟန်ယန်က ရူရွှမ်၏လက်ကိုဆွဲပြီး ညင်သာစွာ ပြုံးလိုက်၏။

နန်းကုန်လင်းနဲ့ အခြားနှစ်ယောက်သည် ဆူဇီမိုကိုဦးညွှတ်ပြီး လှည့်ထွက်သွားကြ၏။

ကလန်၏ မဟာခန်းမရှေ့တွင်...

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် တိမ်စိုင်များကိုစီးနင်းပြီး ထွက်ခွာသွားသည်ကို တွေ့မြင်သောအခါ ပေမင်အောင်က ဆက်လက်မချုပ်တည်းနိုင်တော့ပေ။ သူက ဝမ်းနည်းပူဆွေးနေသောအမူအရာဖြင့် သူ့အိမ်ရှိရာသို့ ​ဒုန်းဆိုင်းပြေးသွား၏။

ပေမင်ကလန်ခေါင်းဆောင်သည် ပေမင်ရွှယ်တစ်ခုခုဖြစ်မှာကို စိုးရိမ်သည့်အတွက် နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါသွား၏။

ကျန်ရှိနေသော ပေမင်ကလန်သားများကလည်း စူးစမ်းလိုစိတ်ဖြင့် လိုက်ပါသွားကြလေသည်။

ဘုန်း...

ပေမင်အောင်သည်တံခါးကိုတွန်းဖွင့်ပြီး အထဲသို့ဝင်ရောက်လိုက်၏။

သူသည် ခြံဝန်းထဲသို့ ဝင်ရောက်လိုက်သည့်ခဏမှာပင် ကြောင်အ,မှင်တက်၍ ကြက်သေသေသွား၏။

အစကတော့ သူ၏အစ်မက သေဆုံးသွားပြီဖြစ်ပြီး ဆူမျိုးရိုးကလည်း ပြာအဖြစ်လောင်ကျွမ်းသွားပြီဟု သူကတွေးထင်ထား၏။

သို့သော်လည်း ထိုသူနှစ်ယောက်ကို သူ့ရှေ့တွင် အသက်ရှင်လျက် ပြန်တွေ့ရမည်ဟု ထင်မှတ်မထားပေ။

မျိုးရိုးဆူသည် သူ၏မျက်လုံးနှစ်ဖက်ကိုမှေး၍ ကုလားထိုင်တစ်လုံးပေါ်မှာထိုင်နေပြီး အနားယူနေပုံရ၏။ ပေမင်ရွှယ်က ထိုသူ၏နောက်မှာ ဝမ်းသာပျော်ရွှင်မှုတစ်စွန်းတစ်စနှင့်အတူ မတ်တတ်ရပ်နေ၏။

“ဒါက...”

ပေမင်အောင်သည် အနည်းငယ်မှင်တက်သွားပြီး သူ၏တုန်လှုပ်မှုကနေ ရုန်းမထွက်နိုင်သေးပေ။

ပေမင်ကလန်သားအချို့ကလည်း ရောက်ရှိလာပြီး အထဲသို့ကြည့်ကာ တုန်လှုပ်သွားကြ၏။

ပေမင်ရွှယ် မသေးဘူးလား။

ဘာတွေဖြစ်ကုန်တာလဲ...။

ထိုသို့သာဆိုလျှင် စောစောက လောင်ကျွမ်းမှုကနေ အော်ဟစ်နေသူက ဘယ်သူလဲ။

ပေမင်ကလန်ခေါင်းဆောင်သည်လည်း မှင်တက်နေသောအမူအရာဖြင့် ဝင်ပေါက်ဝမှာ မတ်တတ်ရပ်နေ၏။

စောစောက နန်းကုန်ယွီနှင့်အခြားသူများသည် သတ်လိုဖြတ်လိုသော အော်ရာများနှင့်အတူရောက်ရှိလာပြီး မူလနတ္ထိတစ်ယောက်ကိုပင် ဖိတ်ခေါ်လာခဲ့၏။

ဒါတောင်ပေမင်ရွှယ်က အသက်ရှင်နေသေးတာလား။ အဲ့ဒါက အဓိပ္ပါယ်မရှိဘူးမလား။

ပေမင်ကလန်ခေါင်းဆောင်သည် မျက်မှောင်အနည်းငယ်ကြုတ်၍ တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိထားမိလာ၏။

နန်းကုန်ယွီတို့လေးယောက်အုပ်စုသည် လေထဲသို့ပျောက်ကွယ်သွားသည့်အလားထင်ရ၏။

ပေမင်ကလန်ခေါင်း​ဆောင်၏အကြည့်က ခြံဝန်းထဲရှိ ပြာတချို့အပေါ်ရောက်ရှိသွားပြီး ဖြစ်နိုင်ချေတစ်ခုကိုတွေးမိကာ သူ၏သူငယ်အိမ်နှစ်ဖက်ကတင်းကျပ်သွား၏။

သို့သော်လည်း ထိုဖြစ်နိုင်ချေက အရမ်းကိုရယ်စရာကောင်း၏။

နန်းကုန်ရှေးတော်ဝင်မိသားစုက တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ခဲ့ကြတာလား။

“အစ်မ... နင်အဆင်ပြေတာလား”

ပေမင်အောင်သည် ပေမင်ရွှယ်ထံသို့ပြေးသွားပြီး ကျေနပ်နှစ်ခြိုက်သောအမူအရာဖြင့် သူမကိုစေ့စေ့စပ်စပ်ကြည့်နေ၏။ တကယ်ဆိုသူသည် သူ့ကိုယ်သူပင်ဆွဲဆိတ်လိုက်လေသည်။

“အား...”

သူက စပ်ဖြဲဖြဲဖြင့်ရယ်မောလိုက်၏။

“အဲ့ဒါက အိပ်မက်မဟုတ်ဘူး... အဲ့ဒါက အိပ်မက်မဟုတ်ဘူးကွ.. ဟားဟားဟားဟား ငါ့အစ်မ မသေဘူးဟေ့”

ပေမင်ရွှယ်သည် ဝင်ပေါက်ဝရှိ ပေမင်ကလန်သားအချို့ကိုကြည့်ပြီး ကျယ်လောင်စွာပြောလိုက်၏။

“ကလန်သားတို့ကို စိုးရိမ်ပူပန်စေတဲ့အတွက် တောင်းပန်ပါတယ်... ကျွန်မအဆင်ပြေနေပါပြီ”

အဲ့ဒီနောက် သူမက တီးတိုးပြောလိုက်၏။

“မောင်လေး... သူတို့ကိုလူစုခွဲခိုင်းပြီး တံခါးကိုပိတ်လိုက်... ငါနင့်ကို ပြောစရာရှိတယ်”

“ကောင်းပြီလေ”

ပေမင်အောင်က ပေမင်ရွှယ်အဆင်ပြေသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းသာပျော်ရွှင်နေ၏။ သူက များစွာစဥ်းစားခြင်းမရှိဘဲ တံခါးဆီသို့ပြေးသွားကာ လက်ကာပြလိုက်၏။

“အားလုံးပဲ... ပြန်လို့ရပါပြီ ကျုပ်အစ်မ ဘာမှမဖြစ်တော့ဘူး”

All Chapters