← Chapters

လက်ဆောင်

Vol. 91 Ch. 1353

လက်ဆောင်

Vol. 91 Ch. 1353

“အစ်မ... ဘာတွေဖြစ်ခဲ့တာလဲ”

ပေမင်အောင်က တံခါးကိုပိတ်ပြီး မနေနိုင်ဘဲ မေးလိုက်၏။

“နန်းကုန်ယွီနဲ့ တခြားသူတွေရော ဘယ်ရောက်ကုန်ပြီလဲ”

“သူတို့မရှိတော့ဘူး”

ပေမင်ရွှယ်က မရေမရာပြန်ဖြေလိုက်၏။

သူမသည် အမှန်တရားကို ပြောပြမည်ဆိုလျှင် ဆူဇီမို၏ သရုပ်သကန်ကို ဖုံးကွယ်ဖို့ ခက်ခဲသွားပေလိမ့်မည်။

သူမသည် လိမ္မာပါးနပ်ပြီး အရမ်းကိုသတိကြီးလေသည်။ ဆူဇီမို၏ သရုပ်သကန်က ဆတ်ဆတ်ထိမခံဘဲ အလွယ်တကူထုတ်ဖော်၍ မရသည်ကို သူမက သိထား၏။ အဲ့ဒါက သူမ၏မောင်လေးဆိုလျှင်တောင် မရပေ။

“မရှိတော့ဘူးလား”

ပေမင်အောင်က တွေဝေရှုပ်ထွေးသွား၏။

ပေမင်ရွှယ်က စကားလမ်းကြောင်းပြောင်းပြီး မေးလိုက်၏။

“မောင်လေး... ရှေးတော်ဝင်မိသားစုပြိုင်ပွဲက စတော့မယ်... နင့်မှာဘာလက်နက်တွေရှိလဲ”

ပေမင်အောင်က ထိုစကားကို ကြားသောအခါ ကျေနပ်နှစ်ခြိုက်သွားပြီး သူ၏သိုလှောင်အိတ်ထဲကနေ ဓားပျံတစ်လက်ကို ထုတ်ပြလိုက်၏။ ၎င်းပေါ်တွင် စိတ်ဝိညာဥ်အင်းကွက်၃ခု ရှိနေပြီး အဲ့ဒါက သာလွန်အဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုဖြစ်၏။

“အစ်မ... ဒီမှာကြည့်”

သူက ရွှင်ပျစွာဖြင့် ပြောလိုက်၏။

“ဒါကို ကလန်ခေါင်းဆောင်က ကျုပ်ကိုပေးထားတာ... ပေမင်မြို့တစ်ခုလုံးမှာတောင် သာလွန်အဆင့်စိတ်ဝိညာဥ်လက်နက် များများစားစား မရှိဘူး”

ပေမင်ကလန်၏ အခြေခံအုတ်မြစ်သည် ရှေးတော်ဝင်မိသားစု ၃စု၏ လုယူခြင်းခံခဲ့ရသည်မှာ ကြာခဲ့လေပြီ။

ပေမင်ကလန်၏ ကျင့်ကြံရေးနည်းစနစ်များနှင့် လျှို့ဝှက်ကျမ်းများစွာပင်လျှင် ရှေးတော်ဝင်မိသားစု ၃စု၏ လုယက်ခြင်းခံခဲ့ရပြီး သူတို့၏အမွေအနှစ်များက ပျောက်ဆုံးသွားခဲ့လေပြီ။

“သာလွန်အဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုပဲ... မဆိုးဘူး”

ပေမင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။

“ဒါပေမယ့်လို့... မင်းက ရှေးတော်ဝင်မိသားစု ၃စုက ရွှေအမြုတေတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အရေးနိမ့်နေဦးမှာပဲ”

ရှေးတော်ဝင်မိသားစု ၃စု မှရွှေအမြုတေများသည် အနည်းဆုံး ထိပ်တန်းအဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုကို ပိုင်ဆိုင်တတ်ကြ၏။

သူတို့မိသားစုများ၏ အလိုလိုက်အကြိုက်ဆောင်ခံရသော အနှိုင်းမဲ့ပါရမီရှင်နှင့် ပြန်ဝင်စားမွန်းစတားအချို့သည် ပကတိအဆင့် သို့မဟုတ် မူလအဆင့်စိတ်ဝိညာဥ်လက်နက်များကို ပိုင်ဆိုင်တတ်ကြသည်မှာ ပုံမှန်သာဖြစ်၏။

ဥပမာအားဖြင့် ပေမင်ရွှယ်၏ ရွှေအမြုတေကို ဖျက်ဆီးခဲ့ဖူးသော ဒေါင်ဖန်ကျစ်သည် မူလစိတ်ဝိညာဥ်နှစ်ခုကို ပိုင်ဆိုင်ထား၏။

ထိုမူလစိတ်ဝိညာဥ်လက်နက်နှစ်ခုထဲမှ တစ်ခုသည် တစ်ခါတုန်းက ပေမင်ရှေးတော်ဝင်မိသားစု ပိုင်ဆိုင်ခဲ့ဖူးသော လက်နက်ဖြစ်၏။

“အဲ့ဒါက အဆင်ပြေပါတယ်”

ပေမင်အောင်က သူ၏လက်သီးနှစ်ဖက်ကို ညင်သာစွာ ဆုပ်လိုက်၏။

“ကျုပ်မှာ ရွှေအမြုတေနယ်မြေတစ်ခုရှိတာပဲ... ကျုပ်ကလက်နက်ချင်း မယှဥ်နိုင်ရင်တောင် သေချာပေါက် အဆင့်ကောင်းကောင်းတစ်ခုတော့ ရလိမ့်မယ်”

“ဒီတစ်ခေါက်မှာ ကလန်ခေါင်းဆောင်က ကျုပ်ကိုမှာထားတယ်... ကျုပ်က အဆင့်တစ်ရာထဲကို ဝင်နိုင်မယ်ဆိုရင် ပေမင်မြို့ကနေ ထွက်ခွာဖို့အတွက် ရှေးတော်ဝင်မိသားစု ၃စုဆီကနေ တောင်းဆိုမှုတစ်ခုပြုလုပ်ရမယ်တဲ့”

“ကျုပ်က ရှေးတော်ဝင်မိသားစု ၃စုရဲ့ နယ်​မြေထဲကနေ ထွက်နိုင်တာနဲ့ ကောင်းကင်က အကန့်အသတ်မဲ့လာလိမ့်မယ်... ဘယ်သူပြောနိုင်မလဲ ကျုပ်က အခွင့်အလမ်းတချို့နဲ့ ကြုံတွေ့ပြီးတော့ တဟုန်ထိုး မြင့်မားတိုးတက်မလာဘူးလို့”

“အစ်မ... မပူနဲ့ အဲ့ဒီအချိန်ကျရင် ကျုပ်က အစ်မကိုပါ သေချာပေါက်ခေါ်သွားမယ်”

ပေမင်ရွှယ်သည် ရင်ထဲမှာနွေးထွေးသွားပြီး ခေါင်းညိတ်လိုက်၏။

“စိုးရိမ်ပေးတာ ကျေးဇူးပဲ မောင်လေး”

သူမသည် ဆူဇီမိုကို အနည်းငယ်တွေဝေတုံ့ဆိုင်းစွာဖြင့် ကြည့်လိုက်၏။ သို့သော်လည်း သူမသည် သူမ၏သိုလှောင်အိတ်ထဲကနေ ဓားပျံတစ်လက်နှင့် ငွေရောင်ကိုယ်ကျပ်ချပ်ဝတ်တစ်ခုကို ထုတ်ယူကာ ကမ်းပေးလိုက်ဆဲ ဖြစ်၏။

ပေမင်ရွှယ်ကပြောလိုက်၏။

“မောင်လေး... ဒီစိ​တ်ဝိညာဥ်လက်နက်နှစ်ခုကိုယူထား... ရှေးတော်ဝင်မိသားစု ပြိုင်ပွဲကျရင် မင်းအနိုင်ရဖို့ အခွင့်အရေးကို တိုးလာစေလိမ့်မယ်”

ပေမင်အောင်က များစွာစဥ်းစားတွေးတောခြင်းမရှိဘဲ အဲ့ဒါကိုလက်ခံယူကာ မေးလိုက်၏။

“အစ်မ... ဒီစိတ်ဝိညာဥ်လက်နက်တွေကို အစ်မဘယ်ကနေရလာတာလဲ”

သူက တစ်ချက်ကြည့်ပြီးနောက် ပေမင်အောင်၏အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။

ဓားပျံပေါ်တွင် စိတ်ဝိညာဥ်အင်းကွက်ငါးခုရှိနေသည်ကို သူကမြင်လိုက်ရ၏။

“ဒါက...”

သူက အဲ့ဒါကို မယုံကြည်နိုင်သေးဘဲ အထဲသို့ သူ၏စိတ်ဝိညာဥ်စွမ်းအင်ကို ထိုးသွင်းလိုက်၏။

ရွှစ်...

ဓားပျံက တစီစီမြည်၍ တုန်ခါလာပြီး ပြိုးပြိုးပြက်ပြက်ပုံစံနှင့်အတူ ဝင်းလက်တောက်ပလာ၏။

“ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုပဲ”

ပေမင်အောင်က အံ့အားတသင့်ရေရွတ်လိုက်၏။

သူ၏ စိတ်ဝိညာဥ်စွမ်းအင်သည် ငွေရောင်ကိုယ်ကျပ်ချပ်ဝတ်ထဲသို့လည်း ဝင်ရောက်သွား၏။

ဝှစ်...

ငွေရောင်အလွှာတစ်ခုက ကိုယ်ကျပ်ချပ်ဝတ်ထံကနေ ရုန်းကန်ထွက်ပေါ်လာပြီး စိတ်ဝိညာဥ်အလင်းငါးခုနှင့်အတူ တောက်ပနေ၏။

အဲ့ဒါကလည်း ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုဖြစ်၏။

အဲ့ဒါက ပေမင်အောင်ကို တုန်လှုပ်သွားစေ၏။

“အစ်မ... ဒါ-ဒါက...”

သူက စကားကိုပင် ကောင်းကောင်းမပြောနိုင်တော့ပေ။

နောက်ဆုံးမှာတော် သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် သာလွန်အဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုကိုပင် မထိတွေ့ခဲ့ဖူးပေ။

ကလန်ခေါင်းဆောင်က သူ့ကို သာလွန်အဆင့်စိတ်ဝိညာဥ်လက်နက်တစ်ခုပေးခဲ့သည့်အခါ သူက အရမ်းကို ဝမ်းသာပျော်ရွှင်ခဲ့ရ၏။ ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်တစ်ခုကို တွေ့မြင်ရချိန်မှာ သူ၏စိတ်အပေါ် ဘယ်လောက်ထိသက်ရောက်မှုရှိနိုင်မလဲ စဥ်းစားကြည့်နိုင်၏။

ပေမင်ရွှယ်သည် ဆူဇီမို သဘောမတူမှာကို စိုးရိမ်ပူပန်နေခဲ့၏။ အဲ့ဒါကြောင့် သူမက အနည်းငယ်တွေဝေတုံ့ဆိုင်းနေခဲ့ခြင်းဖြစ်၏။

သို့သော်လည်း သူမသည် သူမ၏မောင်လေးကို ရင်ထဲအသည်းထဲကနေ ချစ်မြတ်နိုးဆဲ ဖြစ်၏။ ပေမင်အောင် အန္တရာယ်နှင့်ကြုံတွေ့ရမှာကို စိုးရိမ်ပူပန်သည့်အတွက် သူမသည် နန်းကုန်လင်းနှင့် အခြားနှစ်ယောက် သူမကိုပေးခဲ့သော ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်သုံးခုထဲမှ နှစ်ခုကို ထုတ်ပေးလိုက်၏။

သို့သော်လည်း အစကနေ ယခုအချိန်ထိ ဆူဇီမိုသည် တစ်စုံတစ်ရာကိုထုတ်ဖော်ပြသခြင်းမရှိဘဲ ဂရုမစိုက်သည့်အလား သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ထား၏။

“မောင်လေး... ဒီစိတ်ဝိညာဥ်လက်နက်နှစ်ခုအကြောင်းကို မမေးနဲ့... ငါနင့်ကို ပြောလို့မရဘူး”

ပေမင်ရွှယ်က ပေမင်အောင်၏ တွေဝေရှုပ်ထွေးမှုကို သတိထားမိပြီး ခေါင်းခါပြလိုက်၏။

ပေမင်အောင်သည် စိုးရိမ်ပူပန်နေသော်လည်း သူ့ကိုယ်သူထိန်းချုပ်ထားနိုင်၏။

သူသိထားသည့်တစ်ခုတည်းသောအရာမှာ သူ၏အစ်မက သူ့ကိုထိခိုက်အောင်လုပ်မည် မဟုတ်ပေ။

ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်နှစ်ခုကို သိမ်းဆည်းပြီး ပေမင်အောင်သည် ဆူဇီမိုကိုအလိုလိုကြည့်ကာ ဆူဇီမို၏အောက်ဘက်ရှိ ထိုင်ခုံကိုခြေထောက်ဖြင့် လှမ်းကန်လိုက်၏။

“ဟေး... ခင်ဗျားဘာလို့ဒီမှာရှိနေသေးတာလဲ... အဲ့ဒါက ဘယ်နှနှစ်တောင်ကြာသွားပြီလဲ”

ပေမင်ရွှယ်၏အမူအရာက ရုပ်ချည်းပြောင်းလဲသွားပြီး တင်းမာခက်ထန်စွာဖြင့် အော်ငေါက်လိုက်၏။

“ပေမင်အောင်... မရိုင်းစမ်းနဲ့”

“အစ်မ... ကျုပ်က ဘာမှမပြောရသေးပါဘူး ကျုပ်က..”

ပေမင်အောင်သည် ဆက်လက်၍ ပြောချင်သော်လည်း သူဆုံးအောင်မပြောရသေးခင်မှာပင် ပေမင်ရွှယ်က သူ့ကိုဖြတ်အော်လိုက်၏။

“မောင်လေး... လူကြီးမင်းဆူကို တောင်းပန်လိုက်”

သူမသည် တင်းမာခက်ထန်သောအမူအရာရှိနေပြီး ပြန်လှန်မေးခွန်းမထုတ်ဝံ့သော ခိုင်မာသောလေသံဖြင့် စကားကို တစ်လုံးချင်းပြောလိုက်၏။

ပေမင်အောင်သည် သူ၏ အစ်မ ဤကဲ့သို့ စိတ်ဆိုးဒေါသထွက်သည်ကို တစ်ခါမှ မတွေ့မြင်ခဲ့ဖူးပေ။ သူသည် မကျေမချမ်းဖြစ်နေသေးသော်လည်း သူ၏အစ်မကိုကြောက်ရွံ့ရဆဲ ဖြစ်ပြီး ဆူဇီမိုကိုဝန်လေးစွာဖြင့် လက်သီးနှစ်ဖက်ယှက်ကာ တောင်းပန်လိုက်၏။

“လူကြီးမင်းဆူ... ကျုပ်တောင်းပန်ပါတယ်”

ဆူဇီမိုက တည်​ငြိမ်သောအမူအရာရှိပြီး တစ်ချိန်လုံး သူ၏မျက်လုံးကို ဖွင့်မလာခဲ့ပေ။

ဤကဲ့သို့သော ကိစ္စမျိုးအတွက် သူသည် ပေမင်အောင်ကိုအရေးလုပ်နေလိမ့်မည် မဟုတ်ပေ။

ပေမင်အောင်သည် သူ၏နှုတ်ခမ်းကိုစူပြီး ဆူဇီမိုကိုပို၍အထင်သေးစွာကြည့်လိုက်၏။

သို့သော်လည်း ပေမင်ရွှယ်ကြောင့် သူ၏လှောင်ပြောင်ထေ့ငေါ်မည့်စကားလုံးများကို ပြန်လည်မျိုချလိုက်ရ၏။

ပေမင်ရွှယ်က သူမ၏လက်ကို ကာပြလိုက်၏။

“ဟုတ်ပြီလေ... ဘိုးဘေးခန်းမကိုသွားပြီး ကျင့်ကြံတော့... အခုအချိန်မှာ ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်တွေကို ဘယ်သူ့ကိုမှ မပြမိစေနဲ့”

“အစ်မ စိတ်ချပါ”

ပေမင်အောင်က ကြန့်ကြာမနေတော့ဘဲ ခေါင်းညိတ်၍ လှည့်ထွက်သွား၏။

“ဆရာ... ကျွန်မရဲ့မောင်လေးကို စိတ်ဝိညာဥ်လက်နက်နှစ်ခုပေးလိုက်တဲ့အတွက် ကျွန်မကို အပြစ်မတင်ဘူးလား”

ပေမင်ရွှယ်က အတန်ကြာစဥ်းစားတွေးတောပြီးနောက် မလုံမလဲဖြင့်မေးလိုက်၏။

ဆူဇီမိုကခေါင်းခါပြလိုက်၏။

“အဲ့ဒါက ဘာမှမှ မဟုတ်တာ...ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်နှစ်ခုပဲကို.. သူတို့က အံ့မခန်းရတနာတွေမှ မဟုတ်တာ”

သူ၏အမြုတေစိတ်ဝိညာဥ်က ချုပ်နှောင်ခံထားရပြီး သူ၏သိုလှောင်အိတ်ကို မဖွင့်နိုင်ပေ။

မဟုတ်ပါက သူဆွဲထုတ်မည့် မည်သည့်ရတနာမဆို ပကတိစိတ်ဝိညာဥ်လက်နက်များထက် သာလွန်ပေလိမ့်မည်။

စောစောက ဆူဇီမိုသည် ပေမင်ရွှယ်ကို ဘာလက်ဆောင်ပေသရမလဲ စဥ်းစားနေခဲ့ခြင်းဖြစ်၏။

ယခုအချိန်မှာ သူသည် တျဲယွဲ့နှင့်အဆင့်တူခြင်းမှာ ရှိမနေဘဲ.. သူက လက်ဆောင်အဖြစ် လောကဆိုင်ရာ ရတနာများကိုထုတ်မပေးနိုင်သလို သူမ၏ ကံကြမ္မာကိုလည်း ပြောင်းလဲမပေးနိုင်ပေ။

သို့သော်လည်း ပေမင်ရွှယ်သည် သူ၏အကြီးဆုံးတပည့်ဖြစ်သည့်အတွက် သူမကို သူပေးမည့်တစ်စုံတစ်ရာက ပေါပေါပဲပဲဖြစ်လို့မရပေ။

ခဏမျှတိတ်ဆိတ်ငြိမ်သက်ပြီးနောက် ဆူဇီမိုသည် သူ၏ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ရှိ ဗုဒ္ဓပုတီးကုံးကိုဖြုတ်ကာ ပေမင်ရွှယ်ကို ကမ်းပေးလိုက်၏။

“ငါ... ဒီဗုဒ္ဓပုတီးစေ့တွေကို ပတ်ထားတာ နှစ်တော်တော်ကြာသွားခဲ့ပြီ... ဒီနေ့ ငါမင်းကို အဲ့ဒါပေးမယ်”

“ကျေးဇူးတင်ပါတယ်ဆရာ”

ပေမင်ရွှယ်သည် ဗုဒ္ဓပုတီးစေ့များကို လက်ခံယူပြီး စူးစမ်းလိုစိတ်ဖြင့် စစ်ဆေးကြည့်ရှုလိုက်၏။

ဗုဒ္ဓပုတီးစေ့များပေါ်တွင် မည်သည့်စိတ်ဝိညာဥ် အင်းကွက်မှ မရှိဘဲ စိတ်ဝိညာဥ်ချီအတက်အကျလည်းရှိမနေပေ။ သူတို့က အရမ်းကိုအိုဟောင်းနေ၏။

ပေမင်ရွှယ်သည် များစွာစဥ်းစားတွေးတောခြင်းမရှိဘဲ ဗုဒ္ဓပုတီးစေ့များကို သူမ၏လက်ကောက်ဝတ်မှာ သာမန်ကာလျှံကာ ပတ်လိုက်၏။

ထိုအခိုက်အတန့်တွင် ထိုဗုဒ္ဓပုတီးကုံးသည် ကျင့်ကြံရေးလောကရှိ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ရတနာ မင်းဝမ်ဆုတောင်းပုတီးကုံး ဖြစ်သည်ကို သူမက မသိရှိခဲ့ပေ။

သူမလို ရွှေအမြုတေတစ်ယောက်ကိုမပြောနှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်များပင်လျှင် ဗုဒ္ဓပုတီးစေ့များအတွက် အသေအကြေတိုက်ခိုက်ကြပေလိမ့်မည်။

All Chapters