ပြိုင်ပွဲ စတင်ပြီ
Vol. 91 Ch. 1354
ရှီမန်ရှေးတော်ဝင်မိသားစု၏ အရေးပါသော နေရာတစ်ခုအနေဖြင့် ရှီမန်အိမ်တော်ကို ပုံမှန်အားဖြင့် တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားပြီး အပြင်လူများ ဝင်ရောက်ခြင်းမှ တားမြစ်ထားလေသည်။
ပြီးခဲ့သည့်နှစ်ရက်က ရှီမန်အိမ်တော်သည် ရုတ်တရက် သက်ဝင်လှုပ်ရှားလာခဲ့၏။
အကြောင်းမှာ.. ရှေးတော်ဝင်မိသားစုသုံးစုကြား ပြိုင်ပွဲက စတင်တော့မည် ဖြစ်သောကြောင့်ပင်။
ရှေးတော်ဝင်မိသားစုသုံးစုမှ ပြိုင်စံရှားများသည် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ရန် သက်ဆိုင်ရာ ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် ရှီမန်အိမ်တော်သို့ တစ်ရက်ကြိုတင်၍ ရောက်ရှိလာကြ၏။
ရှီမန်အိမ်တော်သည် ဒေါင်ဖန်နှင့် နန်းကုန်ရှေးတော်ဝင်မိသားစုများ၏ ကျင့်ကြံသူများအတွက် နေရာထိုင်ခင်းများကို စီစဉ်ပေးပြီး သူတို့စားသုံးဖို့အတွက် စိတ်ဝိညာဉ်သစ်သီးများနှင့် ဝိုင်များကိုလည်း တည်ခင်းပေးကြလေသည်။
ရှီမန်အိမ်တော်၏ ထောင့်တစ်နေရာတွင် ပေမင်ကလန်မှ လူတိုင်းစုဝေးနေကြ၏။
ဆူဇီမို၊ ပေမင်ရွှယ်နှင့် ပေမင်အောင်တို့ကလည်း သူတို့ကြားတွင် ပါဝင်လေသည်။
“အာ.. ငါတို့ ပေမင်ကလန်က ဒီအခြေအနေထိ ကျဆင်းသွားပြီပဲ.. ငါတို့ အခြေချနေထိုင်ဖို့ နေရာတစ်ခုတောင် မရတော့ဘူး.. ငါတို့ ဒီညတော့ ဒီလဟာပြင်ထဲမှာပဲ နေရတော့မယ် ထင်တယ်”
“ရှေးတော်ဝင်မိသားစုသုံးစုက ငါတို့ကို လုံးဝမှ ဂရုမစိုက်တာ.. သူတို့က ငါတို့အတွက် နေရာတစ်ခု ဘယ်လိုလုပ် စီစဉ်ပေးပါ့မလဲ”
ပေမင်ကလန်သား တချို့သည် တိတ်တဆိတ် ရေရွတ်၍ သက်ပြင်းချလိုက်ကြ၏။
ပေမင်ကလန်ခေါင်းဆောင်က မျက်မှောင် အနည်းငယ်ကြုတ်ပြီး ငေါက်ငမ်းလိုက်၏။
“တော်လောက်ပြီ.. ငါတို့က ရှေးတော်ဝင်မိသားစုပြိုင်ပွဲအတွက် ဒီကိုရောက်လာတာပဲ.. မင်းတို့တွေက အဆင့်ကောင်းကောင်းတစ်ခု ရနိုင်မယ်ဆိုရင် ပေမင်ကလန်ကို ဂုဏ်တက်အောင်လုပ်တာနဲ့ အတူတူပဲ”
ထိုစဉ်မှာပင်.. ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်အုပ်စုသည် မလှမ်းမကမ်းကနေ လျှောက်လှမ်းလာကြပြီး မောက်မာဝင့်ကြွားသည့်ပုံပေါက်နေကြ၏။
“အဲဒါက ဒေါင်ဖန်ရွှမ်ပဲ”
ပေမင်အောင်သည် ခေါင်းဆောင်ဖြစ်သူကို မြင်သောအခါ အံကိုတင်းတင်းကြိတ်လိုက်၏။
“ဒေါင်ဖန်ရွှမ် ဘေးကလူက ရှီမန်ရှေးတော်ဝန်မိသားစုရဲ့ ပြန်ဝင်စား မွန်းစတား ရှီမန်ကျင့်လွေပဲ… သူက ဒေါင်ဖန်ကျစ်နဲ့ စေ့စပ်ထားပြီးပြီလို့ ငါကြားမိတယ်.. သိပ်မကြာခင် သူတို့က တာအိုလက်တွဲဖော်တွေ ဖြစ်လာကြလိမ့်မယ်”
ရှေးတော်ဝင်မိသားစုသုံးစုအကြား စေ့စပ်လက်ထပ်မှုများ ပြုလုပ်တတ်ကြလေသည်။
“ဟဲဟဲ”
ဒေါင်ဖန်ရွှမ် ရောက်မလာခင်မှာပင် ရယ်သံက ထွက်ပေါ်လာ၏။
“အဲဒါက ရှေးဟောင်းခေတ်က ပေမင်ရှေးတော်ဝင်မိသားစုကြီးရဲ့ ဒဏ္ဍာရီလာ ကလန်သားတွေမလား.. ငါတို့က တော်တော်မယဉ်ကျေးမိတာပဲ”
ဒေါင်ဖန်ရွှမ်သည် လှောင်ပြောင်သရော်လိုသော လေသံဖြင့် ညင်သာစွာ ပြုံးလိုက်၏။
ပေမင်ကလန်သားများသည် သူတို့၏ခေါင်းကို ငုံ့ထားပြီး သူတို့၏ မျက်နှာများက နီရဲလာသော်လည်း သူတို့က တစ်စုံတစ်ရာ ပြောဆိုရဲခြင်း မရှိကြပေ။
ဒေါင်ဖန်ရွှမ်က ဟန်အမူအရာပိုစွာဖြင့် ပြောလိုက်၏။
“ညီအစ်ကို ကျင့်လွေ.. ခင်ဗျားတို့ရဲ့ ရှီမန်ရှေးတော်ဝင်မိသားစုက ဒီတစ်ခေါက်တော့ တော်တော်ဧည့်ဝတ်မကျေတာပဲ.. ခင်ဗျားတို့တွေက ရှေးဟောင်းခေတ်က ရှေးတော်ဝင်မိသားစု ပေမင်ကလန် ရောက်လာတာတောင် နေရာထိုင်ခင်း ချမပေးဘူး”
“ပေမင်ရှေးတော်ဝင်မိသားစုလား”
ကျင့်လွေက တွေဝေသွား၏။
“သူတို့ကို ငါ အရင်က ဘာလို့ မကြားဖူးရတာလဲ... ရှေးဟောင်းခေတ်က ရှေးတော်ဝင်မိသားစုကြီးဆိုပြီး ဘာလို့ လူလေး နည်းနည်းလေးပဲ ရှိရတာလဲ.. သူတို့က ငါတို့ ရှီမန်ရှေးတော်ဝင်မိသားစုရဲ့ သွေးနှောမျိုးဆက်တစ်ခုလောက်တောင် မသားနားပါလား”
“အာ… သူတို့က ကျဆင်းသွားလို့ နေမှာပေါ့”
ဒေါင်ဖန်ရွှမ်က သက်ပြင်းချလိုက်၏။
“ဒါပေမဲ့လို့ အဲ့လိုဆိုရင်တောင် သူတို့က ရှေးတော်ဝင်မိသားစုထဲမှာ ပါနေတုန်းပဲလေ”
“သူတို့ကို ဒီလိုပုံစံနဲ့ ရှေးတော်ဝင်မိသားစုတစ်စုအဖြစ် သတ်မှတ်မယ်ဆိုရင် နေရာတိုင်းမှာ ရှေးတော်ဝင်မိသားစုတွေ ပေါ်လာမှာ မဟုတ်ဘူးလား”
ရှီမန်ကျင့်လွေက သူ၏ခေါင်းကို ခါလိုက်၏။
“အဲ့လိုဆိုရင်တော့လဲ မဖြစ်သေးဘူးနော်”
“ဟားဟားဟားဟား”
သူတို့နှစ်ယောက်နောက်ရှိ ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူများသည် ပြောင်ပြောင်တင်းတင်း ဟားတိုက်ရယ်မောလိုက်ကြ၏။
သူတို့နှစ်ယောက်သည် တစ်ယောက်တစ်လှည့်စီ ဟာသလုပ်ရင်း ပေမင်ကလန်သားများကို လုံးဝ အလေးအနက်ထားခြင်း မရှိပေ။
“ဒေါင်ဖန်ရွှမ်.. ရှီမန်ကျင့်လွေ… သိပ်ပြီးတော့ အူမြူးမနေနဲ့”
ပေမင်အောင်၏ အမူအရာက အေးစက်လာပြီး ရုတ်တရက် ပြောလိုက်၏။
“ရှေးတော်ဝင်မိသားစု ပြိုင်ပွဲမှာ မင်းတို့တွေ ငါ ပေမင်အောင်နဲ့ ကြုံမယ်ဆိုရင် သေချာပေါက် နောင်တရလိမ့်မယ်”
“ဟီးဟီး”
ရှီမန်ကျင့်လွေက လှောင်ရယ်၍ ပေမင်အောင်ကို အလေးအနက်ထားခြင်း မရှိပေ။
ရွှေအမြုတေအဆင့် ပြန်ဝင်စား မွန်းစတားတစ်ယောက်အနေဖြင့် သူ့ကို ရှီမန်ရှေးတော်ဝင်မိသားစု၏ နံပါတ်တစ် ပကတိသက်ရှိအဖြစ် သတ်မှတ်နိုင်ပြီး ထိပ်သီးဂိုဏ်းကြီးများမှ ပြိုင်စံရှားများနှင့်ပင် ယှဉ်နိုင်လေသည်။
သူက ပေမင်အောင်ကဲ့သို့ အစောပိုင်း ရွှေအမြုတေတစ်ယောက်ကို ဘယ်လိုလုပ် အတည်အတံ့ မှတ်ယူပါ့မလဲ။
သို့သော်လည်း ဒေါင်ဖန်ရွှမ်၏ အမူအရာက သုန်မှုန်သွားပြီး သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က တဖျပ်ဖျပ်လက်သွား၏။
“တောကောင်လေး.. စကားကို ဆင်ခြင်ပြော.. မဟုတ်ရင် ငါ မင်းကို ဒီနေရာမှာပဲ သတ်ပစ်လိုက်မယ်”
“ပြိုင်ပွဲ မစခင် အိမ်တော်အတွင်းမှာ တစ်ယောက်ချင်း တိုက်ခိုက်တာတွေကို တားမြစ်ထားတယ်”
ပေမင်အောင်က အေးစက်စွာ ပြောလိုက်၏။
“ဟီးဟီး”
ဒေါင်ဖန်ရွှမ်က လှောင်ရယ်လိုက်၏။
“အဲဒီစည်းကမ်းက ငါတို့ ရှေးတော်ဝင်မိသားစုသုံးစုအတွက်ပဲ.. ဒါပေမဲ့ ပေမင်ကလန်က ကျင့်ကြံသူတွေကတော့ ငါတို့ရဲ့ မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေပဲ.. ငါတို့က သူတို့ကို အလွယ်တကူ ဖိချေလို့ ရတယ်”
သူ၏စကားများက ခြိမ်းခြောက်မှုသက်သက် မဟုတ်ပေ။
သူသည် အိမ်တော်ထဲမှာ ပေမင်ကလန်မှ ကျင့်ကြံသူများကို သတ်ဖြတ်လိုက်မည်ဆိုလျှင် မည်သူကမှ သူ့ကို အပြစ်ပေးလိမ့်မည် မဟုတ်ပေ။
ကျင့်ကြံရေးလောကတွင် ပကတိ တရားမျှတမှု ဆိုတာမျိုးက မရှိပေ။
နှစ်ဖက်စလုံးသည် ခွန်အားတူ၊ အဆင့်အတန်းတူနေမှသာ မျှတမှုဆိုတာ ရှိကောင်းရှိလာနိုင်လေသည်။
“ပေမင်အောင်.. တော်တော့”
ပေမင်ကလန်ခေါင်းဆောင်က အလောတကြီး လှမ်းအော်ပြီး ဒေါင်ဖန်ရွှမ်နှင့် ရှီမန်ကျင့်လွေကို တောင်းပန်သလို ပြုံး၍ ဦးညွှတ်လိုက်၏။
“ခင်ဗျားတို့ နှစ်ယောက်က အဆင့်မြင့်ပုဂ္ဂိုလ်တွေပဲ.. ပေမင်အောင်က ငယ်ရွယ်သေးပြီးတော့ အသိမကြွယ်သေးဘူး.. ကျေးဇူးပြုပြီး သူ့အဆင့်နဲ့ မတုပြိုင်ကြပါနဲ့”
“ခင်ဗျားကို ဘယ်သူက စကားပြောခိုင်းလို့လဲ”
ဒေါင်ဖန်ရွှမ်က မျက်ခုံးပင့်ပြီး အေးစက်စွာ အော်ငေါက်လိုက်၏။
“အဘိုးကြီး လစ်စမ်း.. အဲဒီ နိမ့်ကျတဲ့ ပေမင်အောင်ကိုယ်တိုင် ကျုပ်ကို တောင်းပန်ခိုင်းလိုက်”
နိုးထဝိညာဉ်တစ်ယောက်အနေဖြင့် ပေမင်ကလန်ခေါင်းဆောင်၏ ကျင့်ကြံမှုအဆင့်သည် ဒေါင်ဖန်ရွှမ်၏ အထက်မှာ ဖြစ်၏။
သို့သော်လည်း သူသည် ဒေါင်ဖန်ရွှမ် အော်ငေါက်နေသည်ကို သည်းခံပြီး သက်ပြင်းချ၍ နောက်ဆုတ်လိုက်၏။
သူသည် တစ်ခဏအတွင်း ပိုမိုအိုစာသွားသည်ဟု ထင်ရ၏။
အစကနေ ယခုအချိန်ထိ ပေမင်ရွှယ်က တစ်စုံတစ်ရာ ဝင်ရောက်ပြောဆိုခြင်း မရှိပေ။
သူမသည် အေးစက်စက် အမူအရာတစ်ခုရှိပြီး သူမ၏ လက်သီးနှစ်ဖက်ကို ဆုပ်ကာ သည်းခံနေဆဲဖြစ်၏။
ဆူဇီမိုကလည်း ဝင်ပါစရာ အကြောင်းမရှိပေ။
ထိုကဲ့သို့သော တစ်စုံတစ်ရာကို သူက လျစ်လျူရှုထားမည်ဖြစ်ပြီး ပေမင်ရွှယ်ကို သူမဘာသာသူမ ကိုင်တွယ်ဖြေရှင်းစေမည် ဖြစ်၏။
တစ်စုံတစ်ယောက်က သူ၏အောက်စည်းကို ဖြတ်ကျော်လာမှသာလျှင် သူက လှုပ်ရှားမှု ပြုလုပ်ပေလိမ့်မည်။
ပေမင်အောင်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့်အတူ လူအုပ်ကြီးထဲမှာ မလှုပ်မယှက် ရပ်နေ၏။
“ဘာလဲ.. မင်းက မလုပ်ချင်ဘူးလား”
ဒေါင်ဖန်ရွှမ်က တစ်ချက်ဝှေ့ကြည့်ပြီး သွားဖြဲပြလိုက်၏။
“မင်းက ငါ့ကို မတောင်းပန်ဘူးဆိုရင် မင်းတို့ ပေမင်ကလန်သားတွေ အားလုံး ထိခိုက်ခံစားရမယ်”
“သွား.. သွားတောင်းပန်လိုက်လေ.. အဲဒါက ဘာမှမှ မဟုတ်တာ”
“အမှန်ပဲ.. ဘာပဲပြောပြော မင်းက သူ့ကို သွားပြီး ရန်စခဲ့တာပဲ.. အဲဒါက ငါတို့နဲ့ ဘာမှမဆိုင်ဘူး”
ပေမင်ကလန်သား တချို့သည် ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ တတွတ်တွတ် ပြောဆိုလိုက်ကြ၏။
ပေမင်အောင်သည် အံကိုတင်းစွာကြိတ်ပြီး သူ၏မျက်နှာက အစိမ်းရောင်သန်းလာ၏။
ထိုစဉ်မှာပင် ခပ်လှမ်းလှမ်းကနေ ကျင့်ကြံသူတစ်အုပ်စုက လျှောက်လှမ်းလာကြ၏။ သူတို့က နန်းကုန်ရှေးတော်ဝင်မိသားစု၏ ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး အတော်လေး ထင်ရှားပေါ်လွင်နေ၏။
သူတို့၏ ခေါင်းဆောင်က နန်းကုန်ရှေးတော်ဝင်မိသားစု၏ ရွှေအမြုတေ ပြိုင်စံရှား နန်းကုန်ရှီ ဖြစ်လေသည်။
ဒီဘက်ခေတ် ရွှေအမြုတေများကြားတွင် နန်းကုန်ရှေးတော်ဝင်မိသားစု၏ နန်းကုန်ရှီ၊ ဒေါင်ဖန်ရှေးတော်ဝင်မိသားစု၏ ဒေါင်ဖန်ကျစ်နှင့် ရှီမန်ရှေးတော်ဝင်မိသားစု၏ ရှီမန်ကျင့်လွေတို့ကို မဟာပြိုင်စံရှားသုံးယောက်ဟု သတ်မှတ်ထားကြလေသည်။
သူတို့ကြားတွင် နန်းကုန်ရှီက အကျော်ကြားဆုံးဖြစ်၏။
“ခင်ဗျားတို့တွေက ဒီမှာ ဘာလုပ်နေကြတာလဲ”
နန်းကုန်ရှီက ရှေ့သို့ လျှောက်လှမ်းလာပြီး လူတိုင်းကို ပြုံးပြကာ မေးလိုက်၏။
“ခင်ဗျားရောက်လာတာ အတော်ပဲ ညီအစ်ကိုနန်းကုန်..”
ဒေါင်ဖန်ရွှမ်က ပြောလိုက်၏။
“ပေမင်ကလန်ရဲ့ ဒီတောကောင်လေးတွေက မိုက်မိုက်မဲမဲနဲ့ ကျုပ်ကိုလာပြီး ရန်စတာလေ.. ကျုပ်က သူတို့ကို ဆုံးမပေးနေရတာ”
နန်းကုန်ရှီက ညင်သာစွာ ပြုံးလိုက်၏။
“အားနာနာနဲ့ပဲ ကျုပ်မှာလည်း လုပ်စရာတစ်ခု ရှိနေတယ်.. ကျုပ်က ပေမင်ကလန်က ကျင့်ကြံသူ သုံးယောက်ကို ကျုပ်တို့နဲ့အတူ လာထိုင်ဖို့ လာဖိတ်တာပဲ”
ထိုသို့ပြောရင်း သူက ပေမင်ရွှယ်နှင့် ပေမင်အောင်ဘက်သို့ လက်သီးနှစ်ဖက်ကို ယှက်လိုက်၏။
“တာအိုရောင်းရင်းတို့.. ကျုပ်နောက်က လိုက်ခဲ့ပေးကြပါ”
အဲဒီနောက်.. နန်းကုန်ရှီ၏ အကြည့်က ဆူဇီမိုအပေါ်သို့ ရောက်ရှိသွား၏။
“ဒီက လူကြီးမင်းလည်း ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ လိုက်ခဲ့ပေးပါ”
“နန်းကုန်ရှီ.. ဒါက ဘာသဘောလဲ”
ဒေါင်ဖန်ရွှမ်၏ အမူအရာက အေးစက်လာပြီး မျက်မှောင်ကြုတ်၍ မေးလိုက်၏။
နန်းကုန်ရှီက မှင်သေသေဖြင့် ပြန်ဖြေလိုက်၏။
“ဘာရယ်မဟုတ်ပါဘူး.. ကျုပ်က ပေမင်ကလန်က ကျင့်ကြံသူသုံးယောက်ကို လာဖိတ်ရုံပါပဲ.. ခင်ဗျားက ကျုပ်ကို တားမလို့လား”
“ညီအစ်ကိုနန်းကုန်.. ခင်ဗျား နေရာမှားလာတာနဲ့တူတယ်”
ရှီမန်ကျင့်လွေက ပြောလိုက်၏။
“ခင်ဗျား သူတို့သုံးယောက်ကို ဖိတ်ချင်တယ်ဆိုလည်း ရတယ်လေ.. ဒါပေမဲ့ ပေမင်အောင်ကတော့ မသွားခင် ဒေါင်ဖန်ရွှမ်ကို တောင်းပန်သွားရမယ်”
“အို..”
နန်းကုန်ရှီက အမူအရာ ကင်းမဲ့စွာဖြင့် ပြန်ဖြေလိုက်၏။
“အားတော့နာပါရဲ့.. အခုတော့ ကျုပ်က အဲဒါကို သဘောမတူနိုင်သေးဘူး”
ထိုသို့ပြောရင်း သူသည် ပေမင်ရွှယ်နှင့် သူမ၏မောင်ကို ခေါင်းညိတ်ပြကာ သူတို့နှင့်အတူ လှည့်ထွက်သွားလေသည်။
ဆူဇီမိုက တည်ငြိမ်စွာ ပြုံး၍ နောက်ကနေ လိုက်ပါသွား၏။
ဒေါင်ဖန်ရွှမ်နှင့် ရှီမန်ကျင့်လွေသည် သုန်မှုန်သော အမူအရာများ ရှိနေသော်လည်း သူတို့သည် သူ့ကို တားဆီးလိုက်ခြင်း မရှိပေ။
ပေမင်ကလန်သားများက အားကျငေးမောသွားကြ၏။