မဟာအဖွဲ့ခေါင်းဆောင်သုံးယောက်
Vol. 91 Ch. 1355
ပေမင်အောင်သည် ဝေခွဲမရ ဖြစ်နေ၏။
ဆူဇီမိုနှင့် ပေမင်ရွှယ်ကသာလျှင် အကြောင်းရင်းကို သိကြလေသည်။
“ကျေးဇူးတင်ပါတယ်.. တာအိုရောင်းရင်း နန်းကုန်”
ပေမင်အောင်သည် နန်းကုန်ရှီဘက်သို့ သူ၏ လက်သီးနှစ်ဖက်ကို ဆုပ်ပြပြီး ကျေးဇူးတင်ကြောင်း ပြသလိုက်၏။
သို့သော်လည်း သူ၏မျက်လုံးများကတော့ စိုးရိမ်ပူပန်မှုကို ပြသနေဆဲဖြစ်၏။
အကြောင်းရင်းမရှိဘဲ ကောင်းပြလာသူများသည် သူတို့၏နောက်ကွယ်တွင် မကောင်းသောအကြံများ ရှိနေတတ်ကြ၏။
သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ နန်းကုန်ရှေးတော်ဝင်မိသားစုသည် သူ့ကို ဝင်ရောပြီး တကယ်မရှိသော လျှို့ဝှက်ချက်ကို ရယူလိုနေခြင်း ဖြစ်ပေလိမ့်မည်။
နန်းကုန်ရှီက ပြုံး၍ အဲဒါကို အရေးမလုပ်မနေပေ။
ထိုအစား.. သူ၏အကြည့်က ပေမင်ရွှယ်နှင့် ဆူဇီမိုအပေါ် မကြာမကြာ ကျရောက်နေ၏။
သူ လက်ခံရရှိခဲ့သည်မှာ သူတို့သုံးယောက်ကို ခေါ်လာခဲ့ဖို့ အမိန့်တစ်ခုသာ ဖြစ်၏။ ဒါ့အပြင်.. နန်းကုန်ရှေးတော်ဝင်မိသားစု၏ အဖွဲ့ခေါင်းဆောင် နန်းကုန်လင်းသည် သူတို့သုံးယောက်ကို နှောင့်နှေးကြန့်ကြာခြင်း မရှိဘဲ ခေါ်လာရမည်ဟု ရှင်းလင်းသော အမိန့်တစ်ခု ပေးခဲ့၏။
သို့သော်လည်း နန်းကုန်လင်းသည် သူတို့သုံးယောက်နှင့် ပတ်သက်၍ မည်သည့် ထူးခြားမှု တစ်စုံတစ်ရာကိုမှ မတွေ့မြင်ရပေ။
ပေမင်အောင်သည် ငယ်ရွယ်သေးပြီး မဆင်မခြင် ပြုလုပ်တတ်လေသည်။
ပေမင်ရွှယ်က ထူးချွန်ထက်မြက်ပြီး တစ်မူထူးခြားသော အော်ရာကို ပိုင်ဆိုင်ထား၏။ သို့သော်လည်း သူမ၏ ရွှေအမြုတေက ဒေါင်ဖန်ကျစ်၏ ဖျက်ဆီးခြင်းခံခဲ့ရပြီး သူမက ယခုဆို ဒုက္ခိတတစ်ယောက် ဖြစ်နေလေပြီ။
နှစ်တစ်ရာဆိုသော ဘဝသက်တမ်းက တစ်ခဏသာဖြစ်၏။
အစိမ်းရောင်ဝတ် ကျင့်ကြံသူကတော့…
သူသည် ဤလူကို လုံးဝ ခန့်မှန်းနိုင်ခြင်း မရှိပေ။
နန်းကုန်ရှီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
ဤလူ့အပေါ်တွင် ကျင့်ကြံမှု၏ အရိပ်အယောင်များကို မတွေ့မြင်ရပေ။
သူက မော်တယ်စာပေသမားတစ်ယောက်နှင့် ပိုတူနေ၏။ သို့သော်လည်း ထိုသူသည် ရှီမန်အိမ်တော်မှ ကျင့်ကြံသူများကြားတွင် မသက်မသာ ခံစားရသည့်ပုံ မရှိပေ။
ထိုအစား.. သူသည် သူ့အိမ်သူ့ရာကဲ့သို့ ရှေးတော်ဝင်မိသားစုသုံးစုမှ ကျင့်ကြံသူများထက်ပင် ပို၍ ဣန္ဒြေရနေ၏။
နန်းကုန်ရှီသည် သူတို့သုံးယောက်ကို အိမ်တော်တစ်ခုဆီသို့ ခေါ်သွားပြီး ပြုံးပြလိုက်၏။
“ခင်ဗျားတို့ သုံးယောက်က ဒီည ဒီမှာ နားကြပေါ့.. ပြိုင်ပွဲက မနက်ဖြန်ကျရင် တရားဝင် စလိမ့်မယ်.. ကိစ္စတစ်ခုခု ရှိမယ်ဆိုရင် နန်းကုန်မိသားစုက အစေခံတွေကို ခေါ်ခိုင်းလိုက်ရုံပဲ”
ထိုသို့ပြောပြီးသည်နှင့် သူက လှည့်ထွက်သွား၏။
“ဒါပဲလား”
ပေမင်အောင်က တွေဝေသွား၏။
သူသည် နန်းကုန်ရှီ သူတို့ကို ကယ်တင်ခဲ့ရသည့် ရည်ရွယ်ချက်နှင့် အဲဒါကို ဘယ်လိုကိုင်တွယ်သင့်သလဲ စဉ်းစားတွေးတောနေဆဲဖြစ်၏။ နောက်ဆုံးမှာတော့ ထိုသူသည် လှည့်ထွက်သွားခဲ့လေပြီ။
“လာပြီးနားလိုက်.. နင်က မနက်ဖြန်ပြိုင်ပွဲအတွက် ကောင်းကောင်းအနားယူရမယ်”
ပေမင်ရွှယ်က ပေမင်အောင်ကို လှမ်းခေါ်လိုက်၏။
အဲဒါသည် ရှီမန်အိမ်တော်၏ ဘေးချင်းကပ် ခြံဝန်းတစ်ခုဖြစ်၏။ အဲဒါက တောင်တန်းတုများနှင့် စီးဆင်းနေသော ရေတံခွန်များနှင့်အတူ ကြော့ရှင်းခမ်းနားနေ၏။ စိမ်းစိုလန်းဆန်းသော စိတ်ဝိညာဉ်အပင်များနှင့် နန်းကုန်မိသားစုမှ အစေခံတချို့လည်း ရှိနေကြ၏။
နန်းကုန်ရှေးတော်ဝင်မိသားစု၏ တိုက်ရိုက်မျိုးဆက်များသာလျှင် ဤကဲ့သို့ တူညီသော ပတ်ဝန်းကျင်ဖြင့် ရှင်သန်နေထိုင်ရပေလိမ့်မည်။
“နန်းကုန်မိသားစုက ဘာသဘောလဲ”
ပေမင်အောင်က တွေဝေရှုပ်ထွေးနေဆဲဖြစ်၏။
သို့သော်လည်း မနက်ဖြန်ပြိုင်ပွဲအကြောင်း တွေးမိချိန်တွင် သူက သူ၏ သိချင်စိတ်ကို ယာယီအားဖြင့် ဖိနှိမ်ပြီး စတင်အနားယူကာ လာမည့်ပြိုင်ပွဲအတွက် ပြင်ဆင်လိုက်၏။
နောက်မနက်တွင်.. တစ်ညလုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သော အိမ်တော်သည် တဖြည်းဖြည်း သက်ဝင်လှုပ်ရှားလာ၏။
ပေမင်ကလန်သားများသည် ပြီးခဲ့သည့် ညတွင် လဟာပြင်ပေါ်မှာ ချမ်းစိမ့်နေသော လေများ တိုက်ခတ်ခံပြီး အချိန်ကုန်ဆုံးခဲ့ရ၏။ အဲဒါက ကျင့်ကြံသူများအတွက် ဘာမျှပြောပလောက်စရာ မဟုတ်သောလည်း သူတို့က စိတ်အားညှိုးငယ်သွားကြ၏။
ထိုအခိုက်အတန့်တွင် ပေမင်ရွှယ်နှင့် ပေမင်အောင်က လျှောက်လှမ်းလာ၏။
တစ်ညတာ အနားယူပြီးနောက်.. ပေမင်အောင်သည် ပို၍ စွမ်းအင်ပြည့်ဝလာပြီး အားမာန်ပြည့်ဖြိုးနေ၏။
“သွားကြရအောင်”
ပေမင်ကလန်ခေါင်းဆောင်က အိမ်တော်၏ အလယ်ဗဟိုဆီသို့ သူ၏ ကလန်သားများကို ခေါ်ဆောင်သွား၏။
ရှေးတော်ဝင်မိသားစုပြိုင်ပွဲကို အိမ်တော်၏ အလယ်ဗဟိုမှာ ကျင်းပမည်ဖြစ်ပြီး ပွဲကြည့်ဧရိယာတစ်ခုက ဝန်းရံထား၏။ ရှေးတော်ဝင်မိသားစုသုံးစုမှ အဖွဲ့ခေါင်းဆောင်များသည် နေရာထိုင်ခင်းရပြီး တခြားကလန်သားများကတော့ မတ်တတ်ရပ်၍ စောင့်ကြည့်ရ၏။
ပွဲကြည့်ဧရိယာသည် တိုက်ပွဲနေရာကို ဗဟိုပြု၍ ဝိုင်းပတ်ထားခြင်းဖြစ်၏။
တိုက်ပွဲနယ်မြေကို ဧရာမ ကျောက်သားစင်မြင့် ဆယ်ခုဖြင့် ခွဲခြားထား၏။
ထိုအခိုက်အတန့်တွင် ပွဲကြည့်ဧရိယာမှာ လူများ၊ အသံများဖြင့် ပြည့်နှက်လုနီးပါး ဖြစ်နေခဲ့လေပြီ။
ရှေးတော်ဝင်မိသားစုသုံးစုမှ ကျင့်ကြံသူများက ရောက်ရှိနေကြပြီဖြစ်၏။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့သည် သိပ်သည်းများပြားပြီး အလွန်တရာ ခမ်းနားထည်ဝါနေ၏။
“အို.. ပေမင်ရှေးတော်ဝင်မိသားစုကလည်း သူတို့လူတွေကို လွှတ်လိုက်တာပဲလား”
“ဟီးဟီး.. ငါ့အထင်တော့ သူတို့က သူတို့ကိုယ်သူတို့ အရှက်ခွဲဖို့ ရောက်လာကြတာပဲ”
များစွာသော ကျင့်ကြံသူများသည် ပေမင်ကလန်သားများကို တွေ့မြင်သောအခါ လှောင်ပြောင်သရော်လိုသော အမူအရာများဖြင့် ရယ်မောလိုက်ကြ၏။
“ဒီမှာ မင်းတို့အတွက် နေရာမရှိဘူး.. သွားကြစမ်း”
ရှီမန်ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်၏။
တကယ်တော့ သူ၏ဘေးတွင် နေရာလွတ်တစ်ခုရှိပြီး လူဆယ်ယောက်ကျော် ဝင်ဆံ့နိုင်လေသည်။
ပေမင်ကလန်ခေါင်းဆောင်သည် စိတ်ထဲကနေ သက်ပြင်းချ၍ ငြင်းဆန်နေခြင်း မရှိပေ။ သူက အခြားတစ်ဖက်သို့ သူ၏ ကလန်သားများကို ခေါ်ဆောင်သွား၏။
သူ၏ အသက်အရွယ်အရ.. သူသည် ဤကဲ့သို့သော ပုံစံမျိုးဖြင့် တိုက်ခိုက်လိုစိတ် မရှိတော့ပေ။
သူသည် ရှေးတော်ဝင်မိသားစုပြိုင်ပွဲတွင် ဝင်ပါဖို့ ရောက်လာစဉ်ကတည်းက ဤကဲ့သို့သော အရှက်ခွဲခံရမှုများကို ကြုံတွေ့ရဖို့ မျှော်လင့်ထားပြီးသား ဖြစ်၏။
“ပေမင်ကလန်က လူတွေ အကုန်လုံးပဲ… ဒီဘက်ကို လာကြ”
နန်းကုန်ရှီက ပေမင်ကလန်မှ လူတိုင်းကို လက်ယပ်ခေါ်လိုက်၏။
ဆူဇီမိုက တစ်ချက်လှမ်းကြည့်လိုက်၏။
နန်းကုန်ရှေးတော်ဝင်မိသားစုဘက်ခြမ်းတွင် နန်းကုန်လင်း၊ လျှိုဟန်ယန်နှင့် ရူရွှမ်တို့သည် စိတ်ဝိညာဉ်သစ်သီးများစွာနှင့်အတူ ပွဲကြည့်ဧရိယာရှိ အထပ်မြင့်တစ်နေရာမှာ ထိုင်နေကြ၏။
နန်းကုန်လင်းက ချက်ချင်းပင် မတ်တတ်ထရပ်ပြီး ဆူဇီမိုဆီသို့ လျှောက်လှမ်းလာချင်၏။
ဆူဇီမိုက မသိမသာ ခေါင်းခါပြလိုက်၏။
ထိုအခါမှသာလျှင်.. နန်းကုန်လင်းက သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်၏။
“အဲဒါက နန်းကုန်လင်းမလား”
ရယ်မောသံတစ်သံက ခပ်ဝေးဝေးကနေ ထွက်ပေါ်လာပြီး ရှီမန်ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူတစ်ယောက်သည် လေထဲမှာ ဆွဲလာသော ဧရာမ ရထားလုံးတစ်စင်းပေါ်ကနေ ဖြည်းဖြည်းချင်း ရောက်ရှိလာ၏။
ငယ်ရွယ်၍ လှပသော မိန်းကလေးများစွာက ရထားလုံးကို ဝန်းရံထားကြ၏။
ရှီမန်ရှေးတော်ဝင်မိသားစုမှ ထိုကျင့်ကြံသူသည် စိတ်လက်ပေါ့ပါးသော အမူအရာရှိပြီး သူ၏ ဝိုင်ကို သောက်ကာ အေးအေးလူလူ စကားလှမ်းပြောလိုက်၏။
“မင်းက နှစ်ပေါင်းများစွာကြာအောင် အပြင်လောကမှာ စွန့်စားသွားလာနေတာဆိုတော့… အခြေအနေ ဘယ်လိုရှိလဲ”
“ရှီမန်ကျီ”
နန်းကုန်လင်းက မျက်ခုံးပင့်လိုက်၏။
ရှီမန်ကျီသည် ရှီမန်ရှေးတော်ဝင်မိသားစု၏ ဒီတစ်ခေါက် အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ရှေးတော်ဝင်မိသားစု ပြိုင်ပွဲကို ဧည့်ခံကျင်းပပေးရမည် ဖြစ်၏။
“နန်းကုန်လင်း.. မင်းက တစ်သီးပုဂ္ဂလ လေးအုပ်စုထဲက အသွန်းတစ်ရာဂိုဏ်းကို ဝင်ရောက်ပြီးတဲ့နောက်.. ငါတို့ကိုတောင် မမှတ်မိတော့ဘူးပေါ့လေ.. ဟင့်”
ဒေါင်ဖန်ရှေးတော်ဝင်မိသားစု၏ မူလနတ္ထိတစ်ယောက်က စိမ်းသက်သော အမူအရာနှင့်အတူ ပျံသန်းလာ၏။
ဒေါင်ဖန်ယီ..။
ဒေါင်ဖန်ရှေးတော်ဝင်မိသားစု၏ ဒီတစ်ခေါက် အဖွဲ့ခေါင်းဆောင်ဖြစ်၏။
သူတို့သုံးယောက်သည် တူညီသော မျိုးဆက်၏ ကျင့်ကြံသူများအဖြစ် သတ်မှတ်နိုင်ပြီး ငယ်ရွယ်စဉ်ကတည်းက တစ်ယောက်ကိုတစ်ယောက် သိကျွမ်းခဲ့ကြလေသည်။
သို့သော်လည်း နန်းကုန်လင်းသည် ကျင့်ကြံဖို့အတွက် အလယ်ပိုင်းတိုက်သို့ သွားရောက်ခဲ့ပြီး နောက်ပိုင်းတွင် အသွန်းတစ်ရာဂိုဏ်းသို့ ဝင်ရောက်သွားခဲ့၏။ ရှီမန်ကျီနှင့် ဒေါင်ဖန်ယီကတော့ ရှေးတော်ဝင်မိသားစုများမှာသာ ကျင့်ကြံရင်း ကျန်ရစ်ခဲ့ကြ၏။ ထိုသို့ဖြင့် သူတို့၏ လမ်းကြောင်းက ကွဲပြားသွားကြ၏။
သို့သော်လည်း ဘာပဲပြောပြော သူတို့အားလုံးသည် တူညီသော မျိုးဆက်မှာ အထက်တန်းအဆင့်များ ဖြစ်ကြ၏။ ယခု သူတို့က မူလနတ္ထိအဆင့်သို့ ရောက်ရှိလာသောအခါ အပြင်လောကမှာ ပို၍ နာမည်ကျော်ကြားလာခဲ့လေပြီ။
ပြီးခဲ့သော ညက ဖြစ်ခဲ့သော အရာသည် ဂျူနီယာများအကြား သေးငယ်သော ပဋိပက္ခတစ်ခုသာ ဖြစ်သော်လည်း ဒေါင်ဖန်ယီနှင့် ရှီမန်ကျီက ထိုသတင်းကို လက်ခံရရှိခဲ့ပြီးလေပြီ။
အဲဒါကြောင့် ယနေ့ နန်းကုန်လင်းနှင့် တွေ့သည့် အခိုက်အတန့်တွင် သူတို့၏လေသံက လှောင်ပြောင်ထေ့ငေ့ါမှုတို့ ပါဝင်နေခြင်းဖြစ်၏။
နန်းကုန်လင်းက ခပ်ယဲ့ယဲ့ပြုံး၍ သူတို့နှစ်ယောက်ကို လျစ်လျူရှုထားလိုက်၏။
ဆူဇီမိုသည် လူအုပ်ကြားထဲမှာ မတ်တတ်ရပ်ရင်း သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို အသုံးမပြုနိုင်သည့်အတွက် သူ၏ အမြင်အကြားဖြင့်သာ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုနေ၏။
နန်းကုန်လင်း ပြောသည့်အတိုင်းပင်.. ရှေးတော်ဝင်မိသားစုပြိုင်ပွဲမှာ ကျင့်ကြံမှုအဆင့် မြင့်မားသည့် ကျင့်ကြံသူများ မရှိပေ။
ရှေးတော်ဝင်မိသားစု သုံးစု၏ အဖွဲ့ခေါင်းဆောင်များဖြစ်သော ရှီမန်ကျီ၊ ဒေါင်ဖန်ယီနှင့် နန်းကုန်လင်းတို့သည် မူလနတ္ထိအဆင့်များ ဖြစ်ကြ၏။ သူတို့အပြင် နောက်ထပ် မူလနတ္ထိအချို့လည်း ရှိကြလေသည်။
သို့သော်လည်း ဆူဇီမိုသည် ဤအိမ်တော်တွင် ဓမ္မဝိသေသ တာအိုအရှင်သုံးယောက် သေချာပေါက် ရှိနေသည်ကိုလည်း အာရုံခံမိနိုင်၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကိုတော့ သူ ယခုအချိန်ထိ မထောက်လှမ်းနိုင်သေးပေ။
တကယ်တော့ ဆူဇီမိုသည် ရှေးတော်ဝင်မိသားစု ပြိုင်ပွဲကို လုံးဝ စိတ်မဝင်စားပေ။
သူ ဤနေရာသို့ ရောက်ရှိလာသည်မှာ ပေမင်ရွှယ်ကို စိုးရိမ်ပူပန်သောကြောင့် ဖြစ်၏။
ပေမင်ရွှယ်သည် သူ၏ တပည့်ကြီး ဖြစ်တာကြောင့် သူသည် သူမကို ဒီတိုင်းလွှတ်ထားမပေးနိုင်ပေ။
အနည်းဆုံးတော့ ဤကိစ္စ ပြီးသွားမှသာ သူက ထွက်သွားနိုင်ပေလိမ့်မည်။
ရှေးတော်ဝင်မိသားစုပြိုင်ပွဲက စတင်လာခဲ့လေပြီ။
ရှေးတော်ဝင်မိသားစုများမှ အခြေတည်အဆင့် ကျင့်ကြံသူများသည် တစ်တွဲစီ တိုက်ခိုက်ဖို့အတွက် ကျောက်သားစင်မြင့်ထက်သို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြ၏။
ပေမင်ရှေးတော်ဝင်မိသားစုမှ အခြေတည်အဆင့် ကျင့်ကြံသူအချို့သည်လည်း ရှေ့သို့ တက်လှမ်းလာကြ၏။
သို့သော်လည်း မကြားခင် ပေမင်ရှေးတော်ဝင်မိသားစု ကလန်သားများသည် ရှေးတော်ဝင်မိသားစုသုံးစုမှ ကျင့်ကြံသူများကို ရှုံးနိမ့်သွားကြ၏။ သူတို့သည် အလွန်ဆုံး နှစ်ချီအတွင်း အပြတ်အသတ် ရှုံးနိမ့်သွားပြီး စင်မြင့်ထက်နေ ဖယ်ထုတ်ခံလိုက်ရ၏။
ပေမင်ရှေးတော်ဝင်မိသားစုတွင် မည်သည့်ကျင့်ကြံရေး နည်းစနစ်မှ မကျန်ရှိတော့ဘဲ သူတို့မှာ စိတ်ဝိညာဉ်လက်နက်များနှင့် ဆေးလုံးများလည်း မရှိကြတော့ပေ။
ရှေးတော်ဝင်မိသားစုသုံးစုမှ ကျင့်ကြံသူများကတော့ သူတို့သည် မြောက်များလှစွာသော အရင်းအမြစ်များနှင့် သူတို့၏ ပညာရှင်များထံမှ လမ်းညွှန်ပြသမှုကို ရရှိကြ၏။ သူတို့ကြား ခွန်အားကွာဟချက်က အရမ်းကို ကြီးမားနေ၏။
ပေမင်ရှေးတော်ဝင်မိသားစု တစ်ကြိမ်ရှုံးနိမ့်သွားတိုင်း လူအုပ်ကြီးထဲမှ လှောင်ပြောင်သရော် ရယ်မောသံများက ထွက်ပေါ်လာတတ်၏။
“မောင်လေး.. ဘာမှ စိတ်ထဲမထားနဲ့… မင်းရဲ့ ခွန်အားနဲ့ဆို ထိပ်ဆုံးတစ်ရာထဲကို သေချာပေါက် ဝင်လိမ့်မယ်”
ပေမင်ရွှယ်က သူ့ကို နှစ်သိမ့်လိုက်၏။
“ကောင်းပါပြီ”
ပေမင်အောင်က ခေါင်းညိတ်ပြလိုက်၏။
အခြေတည်အဆင့် ကျင့်ကြံသူများကြား တိုက်ပွဲက နေ့လယ်ပိုင်းမှာ အဆုံးသတ်သွားခဲ့လေပြီ။ ထို့နောက် ရွှေအမြုတေများကြား တိုက်ပွဲက စတင်လာခဲ့လေပြီ။