တိုက်ခိုက်ခြင်း
Vol. 91 Ch. 1356
ပေမင်ကလန်သည် ပြိုင်ပွဲမှာပါဝင်ဖို့ ရွှေအမြုတေများစွာမရှိပေ။ ပေမင်အောင်အပါအဝင် အဲ့ဒီမှာ သုံးယောက်သာလျှင်ရှိလေသည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်က ပေမင်ရွှယ်၏ရွှေအမြုတေသည် ဖျက်ဆီးခံခဲ့ရပြီး သူမက ယှဥ်ပြိုင်ခွင့်ကိုဆုံးရှုံးသွားရ၏။ ဤနှစ်များအတွင်း သူမသည် သိုင်းတာအိုကို စိတ်ရောကိုယ်ပါနှစ်မြှုပ်၍ ကျင့်ကြံနေခဲ့ပြီး ထိုအကြောင်းအရာကို စကားဟခဲ့ခြင်းမရှိပေ။
ပေမင်ရွှယ်၏အကြည့်သည် လူအုပ်ကြီးကိုဖြတ်သန်းသွားပြီး ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ အေးစက်၍မောက်မာသော အမျိုးသမီးတစ်ယောက်အပေါ် ကျဆင်းသွား၏။
ဒေါင်ဖန်ကျစ်...
လွန်ခဲ့သည့်နှစ်အနည်းငယ်က ဒေါင်ဖန်ကျစ်သည် သူမ၏ရတနာကိုလုယူခဲ့ပြီး သူမ၏ရွှေအမြုတေကိုလည်း ဖျက်ဆီးခဲ့၏။ သူမသည် ထိုကိစ္စကို ဘယ်တော့မှ မေ့လျော့လိမ့်မည် မဟုတ်ပေ။
သူမသည် ရှေးတော်ဝင်မိသားစုပြိုင်ပွဲမှာ ယနေ့မပါဝင်ရသော်လည်း သူမသည် ဒေါင်ဖန်ကျစ်နှင့် ဤကိစ္စကိုသေချာပေါက် စာရင်းရှင်းရပေလိမ့်မည်။
ဒေါင်ဖန်ကျစ်သည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ဘေးတိုက်တစ်ချက်ကြည့်ပြီး ပေမင်ရွှယ်နှင့် အကြည့်ချင်းဖလှယ်မိသွား၏။
သူမ၏နှုတ်ခမ်းက အထင်သေးစွာဖြင့် ကွေးညွှတ်သွား၏။ သူမ၏မျက်လုံးထဲတွင် ပေမင်ရွှယ်က ဒုက္ခိတတစ်ယောက်ဖြစ်နေပြီး သူမ၏စိတ်အာရုံကို ရရှိဖို့ မထိုက်တန်တော့ပေ။
ရွှေအမြုတေပြိုင်ပွဲက စတင်လေပြီ။
ပေမင်ကလန်မှ အခြားနှစ်ယောက်သည် သူတို့၏ ပြိုင်ဘက်များကို အလျင်အမြန်ရှုံးနိမ့်သွားကြ၏။ ပေမင်အောင်ကတော့ သူ၏ပြိုင်ဘက်သုံးယောက်ကို ဆက်တိုက်အနိုင်ယူပြီး ဆဋ္ဌမမြောက်အချီသို့ ဝင်ရောက်လာခဲ့၏။
အစကတော့ ပေမင်အောင်ကို မည်သူကမှ သတိမထားမိခဲ့ကြပေ။ သို့သော်လည်း လူတိုင်း၏ရှေ့တွင် သတ္တမမြောက်အချီကိုဖြတ်ကျော်ပြီးနောက် သူသည် ရှေးတော်ဝင်မိသားစု ၃စု၏ အာရုံစိုက်ခြင်းကိုခံလာရ၏။ ယခုအချိန်တွင် ပြိုင်ဘက်ပေါင်း တစ်ရာထက်ပိုမရှိတော့ပေ။
ပေမင်အောင်သည် ယခုအချိန်တွင် ရွှေအမြုတေပြိုင်ပွဲမှာ ထိပ်ဆုံးတစ်ရာထဲ ဝင်နေပြီဟုဆိုလိုလေသည်။
“ပေမင်ကလန်မှာ ဒီလိုလူတစ်ယောက်ပေါ်လာတယ်ဆိုတော့ ဘယ်လောက်တောင်ရှားရှားပါးပါးလဲ”
ရှီမန်ရှေးတော်ဝင်မိသားစု၏ အဖွဲ့ခေါင်းဆောင် ရှီမန်ကျီက အေးစက်စက်အလင်းနဲ့အတူ မျက်လုံးကိုမှေးကျဥ်းလိုက်၏။
“အဲ့ဒါက ဘာမှပြောပလောက်စရာမဟုတ်ဘူး”
ဒေါင်ဖန်ရီက အလေးမထားဟန်ဖြင့်ပြန်ပြောလိုက်၏။
“သူက ဒေါင်ဖန်ရွှမ်နဲ့ သေချာပေါက်ရင်ဆိုင်ရလိမ့်မယ်... ဒေါင်ဖန်ရွှမ်က သူ့ကိုအလွယ်တကူဖိနှိမ်ပြီး ဖျက်ဆီးလိုက်လိမ့်မယ်”
အချိန်က တဖြည်းဖြည်းကုန်ဆုံးသွား၏။
ပေမင်ကလန်သားများသည် ကျောက်သားစင်မြင့်ထက်တွင် ပေမင်အောင်တိုက်ခိုက်နေသည်ကို စောင့်ကြည့်ရင်း အကြောအခြင်များတောင့်တင်းလာကြ၏။
ယခုအချိန်တွင် ပြိုင်ပွဲဝင်ပေါင်းနှစ်ဆယ်ထက် ပိုမရှိတော့ပေ။
“အနိုင်ရရှိသူ ပေမင်အောင်ဖြစ်ပါတယ်”
ရှေးတော်ဝင်မိသားစု ကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာ ထုတ်ဖော်ကြေညာလိုက်၏။
ကျောက်သားစင်မြင့်ထက်တွင် ပေမင်အောင်က အနည်းငယ်မောဟိုက်နေ၏။ သူသည် အဆက်မပြတ်တိုက်ခိုက်ရခြင်းကြောင့် ချွေးများဖြင့် စိုရွှဲနေသော်လည်း သူက အတော်လေးစိတ်လှုပ်ရှားနေဆဲ ဖြစ်၏။
စောစောက သေရေးရှင်ရေးအခိုက်အတန့်တွင် သူက ပေမင်ရွှယ်ပေးထားခဲ့သော ပကတိအဆင့် ဓားပျံကိုထုတ်သုံးပြီး ပြိုင်ဘက်ကိုအနိုင်ယူခဲ့၏။
ယခုအချိန်တွင် သူက အဆင့်နှစ်ဆယ်အတွင်းဝင်သွားခဲ့လေပြီ။
သူသည် ယခုအချိန်မှာရပ်တန့်ပြီး ရှုံးနိမ့်မှုကို ကြိုတင်ဝန်ခံလိုက်မည်ဆိုလျှင် သူက များပြားလှစွာသော ဆုလာဘ်များကို ရရှိနိုင်ဆဲ ဖြစ်ပြီး အပြင်ဘက်သို့စွန့်စားသွားလာဖို့ ရှေးတော်ဝင်မိသားစု ၃စုကနေ တောင်းဆိုမှုတစ်ခုကိုပင် ပြုလုပ်နိုင်ပေလိမ့်မည်။
သို့သော်လည်း ပေမင်အောင်က ဤကဲ့သို့ပုံစံဖြင့် နှုတ်မထွက်ချင်သေးပေ။
အကြောင်းမှာ နောက်ထပ်သူယှဥ်ပြိုင်ရမည့်ပြိုင်ဘက်က ဒေါင်ဖန်ရွှမ် ဖြစ်နေသောကြောင့်ပင်။ သူသည် ဒေါင်ဖန်ရွှမ်ကို ပေါ်ပေါ်ထင်ထင်အနိုင်ယူချင်လေသည်။
“သားပေါက်လေး... ဒီနှစ်တွေထဲ မင်းတို့ဆီက ပစ္စည်းတွေလာသိမ်းတာ ငါတော်တော်လေးပေါ့လျော့ခဲ့တယ်ထင်တယ်... မင်းမှာ ပကတိစိတ်ဝိညာဥ်လက်နက်တစ်ခုတောင် ရှိနေတယ်ဆိုတော့...”
ဒေါင်ဖန်ရွှမ်သည် ကျောက်သားစင်မြင့်ထက်ပေါ်သို့ခုန်တတ်ပြီး တည်ကြည်လေးနက်စွာပြောလိုက်၏။
“အဲ့ဒီ ပကတိစိတ်ဝိညာဥ်လက်နက်ကို အခုချိန်မှာ မင်းထုတ်ပေးမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးကောင်းချမ်းသာပေးလိမ့်မယ် မဟုတ်ရင်တော့ သနားညှာတာမှုမရှိဘူးဆိုပြီး ငါ့ကိုအပြစ်မတင်နဲ့”
“ဒေါင်ဖန်ရွှမ်... ပါးစပ်ကိုပိတ်ထားလိုက် စိန်ခေါ်မှုကိုလက်ခံလိုက်စမ်းပါ”
ပေမင်အောင်က အော်ဟစ်၍ သူ၏လက်နှစ်ဖက်ကိုဝေ့ယမ်းကာ ပကတိအဆင့် ဓားပျံကိုဆင့်ခေါ်ပြီး အရင်ဦးစွာစ၍ တိုက်ခိုက်လိုက်၏။ သူ၏ဓားပျံကအလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး ဒေါင်ဖန်ရွှမ်ထံသို့ တိုးဝင်သွားလေသည်။
“ဟမ်..”
ဒေါင်ဖန်ရွှမ်၏အမူအရာကအေးစက်လာပြီး သူ၏သိုလှောင်အိတ်ကို ပုတ်ကာ သူကလည်း ပကတိအဆင့် ဓားပျံတစ်လက်ကို ဆင့်ခေါ်ပြီး ရှေ့သို့ခုတ်ပိုင်းချလိုက်၏။
“ချွမ်း...”
ပကတိအဆင့် ဓားပျံနှစ်လက်က ထိတွေ့ရိုက်ခတ်ပြီး မီးပွားများက လွင့်စင်ထွက်သွား၏။
ပေမင်အောင်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားလေသည်။
အဆက်မပြတ်တိုက်ခိုက်ပြီးနောက် သူ၏သက်လုံအားက အတော်လေးကျဆင်းသွားလေသည်။
ဒါ့အပြင်... သူက အစောပိုင်းရွှေအမြုတေအဆင့်မှာသာရှိပြီး ဒေါင်ဖန်ရွှမ်ကတော့ နောက်ပိုင်းအဆင့်သို့ရောက်ရှိနေလေပြီ။ သူတို့ကြား ကွာဟချက်က အဆင့်သေးနှစ်ဆင့်ဖြစ်လေသည်။
ပေမင်အောင်သည် ဤထိပ်တိုက်ရင်ဆိုင်ခြင်းမှာ အနည်းငယ် စွမ်းအားမဲ့နေသည်ကို ရှင်းလင်းစွာခံစားလိုက်ရ၏။
ချွင်.... ချွမ်...
ဓားပျံနှစ်လက်သည် အရှိန်အဟုန်ဖြင့်တိုက်ခိုက်လိုက်ကြပြီး ဒေါင်ဖန်ရွှမ်က ပိုမိုသန်မာသည်မှာ သိသာလေသည်။ သူ၏ဓားနည်းစနစ်က ရှုပ်ထွေး၍ ထိန်းချုပ်မရနိုင်ဘဲ လှည့်ဖျားနိုင်လေသည်။ သို့သော်လည်း ပေမင်ရွှယ်သည် မည်သည့်အဆင့်မြင့်ဓားနည်းစနစ်ကိုမှ ကျင့်ကြံခဲ့ရခြင်းမရှိပေ။ သူသည် အခြေခံဓားကွက်များကိုသာ စုန်ချည်ဆန်ချည်အသုံးပြုနေရလေသည်။
သိပ်မကြာခင် ပေမင်အောင်က ဒေါင်ဖန်ရွှမ်၏ဖိနှိမ်ခြင်းကို ခံလာရ၏။
“ရွှေအမြုတေနယ်မြေ”
နောက်ဆုံးမှာတော့ ပေမင်အောင်သည် တောင့်မခံနိုင်တော့ဘဲ သူ၏ အမြုတေနယ်မြေစွမ်းအားကို ထုတ်ဖော်လိုက်ရ၏။
အကန့်အသတ်မဲ့သော သမုဒ္ဒရာတစ်စင်းက သူ၏နောက်မှာပေါ်ထွက်လာပြီး အေးစက်စက်အော်ရာတစ်ခုကိုဖြာထုတ်ပေးကာ ပတ်ဝန်းကျင်အပူချိန်က ထိုးဆင်းသွား၏။
“အဲ့ဒါက ပေမင်သမုဒ္ဒရာပဲ”
“နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်... ပေမင်ရှေးတော်ဝင်မိသားစုရဲ့ အမွေအနှစ်အမြုတေနယ်မြေကို ကျင့်ကြံထားနိုင်တဲ့သူတစ်ယောက် နောက်ဆုံးပေါ်ထွက်လာပြီပေါ့လေ”
လူအုပ်ကြီးထဲမှ အံ့အားတသင့်ရေရွတ်သံများက ထွက်ပေါ်လာ၏။
ပွဲကြည့်ဧရိယာတွင်...
ရှီမန်ကျီနှင့် ဒေါင်ဖန်ရီသည် အလေးအနက်မထားသောအမူအရာများရှိနေပြီး ဂရုမစိုက်သလို ကြည့်နေကြ၏။
မူလနတ္ထိများအနေဖြင့် သူတို့၏အမြင်အာရုံကစူးရှပြီး ပေမင်ရွှယ်သည် သူ၏လမ်းဆုံးသို့ရောက်နေပြီကို သူတို့က ပြောနိုင်ကြ၏။ သူက ပေမင်သမုဒ္ဒရာကို ဆင့်ခေါ်ခဲ့သည်ဆိုလျှင်တောင် သူက သိပ်ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။
“အရှေ့တိုင်းခရမ်းရောင်ချီ”
ဒေါင်ဖန်ရွှမ်က ဟိန်းဟောက်၍ သူ၏ရွှေအမြုတေနယ်မြေကို ထုတ်ဖော်လိုက်၏။
ခရမ်းရောင်ချီတစ်ခုက သူ၏နောက်မှာ ပေါ်ထွက်လာပြီး ဝင်းလက်တောက်ပကာ ပေမင်သမုဒ္ဒရာရှိရာသို့ တိုးဝင်သွား၏။
ဘုန်း...
ခရမ်းရောင်ချီက ပေမင်သမုဒ္ဒရာထဲသို့ တလိပ်လိပ်တိုးဝင်သွားပြီး ဒေါသူပုန်ထနေသော ဒီရေလှိုင်းများကို ချက်ချင်းဖြစ်ပေါ်လာစေ၏။
ပင်လယ်ရေများက တဝုန်းဝုန်းရိုက်ခတ်လာ၏။
ပေမင်အောင်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ၏အမြုတေနယ်မြေက ယိမ်းထိုးလာလေသည်။ အဲ့ဒါက ပြိုလဲတော့မည့်ဆဲဆဲဖြစ်လာ၏။
အဲ့ဒါသည် သူ၏ရွှေအမြုတေနယ်မြေက လုံလောက်အောင်မသန်မာသောကြောင့်မဟုတ်ဘဲ သူ၏ စိတ်ဝိညာဥ်စွမ်းအင်က မြောက်မြားစွာကုန်ခမ်းနေသောကြောင့်ဖြစ်ကာ သူက ထိုထိပ်တိုက်ရင်ဆိုင်ခြင်းတွင် ခံနိုင်ရည်မရှိတော့ပေ။
“ရှုံးနိမ့်ကြောင်း ဝန်ခံတယ်”
ပေမင်ကလန်ခေါင်းဆောင်က အလောတကြီးဝင်ပြီး အော်ပြောလိုက်၏။
“ပေမင်ကလန်က ရှုံးနိမ့်မှုကို ဝန်ခံပါတယ်”
ရှေးတော်ဝင်မိသားစုပြိုင်ပွဲ၏ တိုက်ပွဲများသည် အဓိကအဖြင့် လက်ရည်စမ်းခြင်းသာ ဖြစ်ပြီး အသေအကြေတိုက်ခိုက်ကြလိမ့်မည် မဟုတ်ပေ။ တစ်ဘက်လူက ရှုံးနိမ့်မှုကိုဝန်ခံလိုက်သည်နှင့်အမျှ အခြားတစ်ဘက်က မညှာမတာရက်စက်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဒေါင်ဖန်ရွှမ်သည် ပေမင်ကလန်ခေါင်းဆောင်၏ အော်သံတွင် လှုပ်ရှားယိမ်းယိုင်ခြင်း မရှိပေ။ ထိုအစား သူ၏မျက်လုံးက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လာပြီး အေးစက်စွာဖြင့်ပြောလိုက်၏။
“အခုမှ ရှုံးနိမ့်မှုကို ဝန်ခံလည်းနောက်ကျသွားပြီ... ဒီကောင်လေးက မောက်မာပြီးတော့ ဘဝင်မြင့်လွန်းတယ်... ငါက သူ့ကို တခြားသူတွေကို သတိပေးတဲ့အနေနဲ့ ငါဒီနေ့ သူ့ကိုဆုံးမရမယ်”
ဘုန်း...
ဒေါင်ဖန်ရွှမ်သည် သူ၏ရွှေအမြုတေနယ်မြေကို ၎င်း၏အကန့်အသတ်ထိလှည့်ပတ်ပြီး ခရမ်းရောင်ချီကို တလိပ်လိပ်တက်လာစေကာ ပေမင်သမုဒ္ဒရာကို ဖြတ်ကျော်၍ ပေမင်အောင်၏ ရင်ဘတ်ပေါ့သို့ ဆင်းသက်လာစေ၏။
ရွှစ်...
ဖျတ်ခနဲဆို ပေမင်အောင်၏ရင်ဘတ်ကနေ ငွေရောင်အလင်းတစ်ခုက တောက်ပလာပြီး ရွှေအမြုတေနယ်မြေ၏ စွမ်းအားအများစုကို ပိတ်ဆို့တားဆီးလိုက်၏။
ထိုသို့ဆိုလျှင်တောင် ပေမင်အောင်က အဝေးသို့လွင့်စင်သွားဆဲ ဖြစ်ပြီး စိတ်အားညိုးငယ်သောအမူအရာတစ်ခုနှင့်အတူ သွေးများကိုထွေးထုတ်လိုက်ရ၏။
သူ့ကို ပေမင်ရွှယ်ပေးထားခဲ့သည့် ငွေရောင်ကိုယ်ကျပ်ချပ်ဝတ်ကြောင့်သာမဟုတ်ရင် သူက ယခုအချိန်မှာ လူသေတစ်ယောက်ဖြစ်နေပေလိမ့်မည်။
“နောက်ထပ် ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်လား”
“ပေမင်ကလန်က တကယ့်ကို သန်မာတဲ့အခြေခံအုတ်မြစ် ရှိတာပဲ... ပေမင်အောင်တစ်ယောက်တည်းကတောင် ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်နှစ်ခုကို ပိုင်ဆိုင်တယ်ဆိုတော့...”
“သူက သေမသွားဘူးလား”
ဒေါင်ဖန်ရွှမ်၏အမူအရာက အေးစက်လာပြီး ရှေ့သို့ခုန်တက်လိုက်၏။ ခရမ်းရောင်ချီက သူ၏ကိုယ်ကို လွှမ်းခြုံနေပြီး ကျောက်သားစင်မြင့်၏အပြင်ဘက်သို့ လွင့်ထွက်သွားသော ပေမင်အောင်နောက်သို့ ပြေးလိုက်သွားလေသည်။
“ပေမင်အောင်က ရှုံးနိမ့်မှုကိုဝန်ခံပြီးပြီ... သူက ကျောက်သားစင်မြင့်ထက်ကလည်း လိမ့်ကျလာခဲ့ပြီ မင်းက သူ့ကိုသတ်လို့ မရတော့ဘူး”
ပေမင်ကလန်ခေါင်းဆောင်က ရှေ့သို့ထွက်ရပ်ပြီး အော်ပြောလိုက်၏။
“အဖိုးကြီး.... ခင်ဗျားဝင်မရှုပ်တာ ကောင်းလိမ့်မယ်”
ဒေါင်ဖန်ရှေးတော်ဝင်မိသားစု၏ နိုးထဝိညာဥ်တစ်ယောက်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ရှေးတော်ဝင်မိသားစုပြိုင်ပွဲရဲ့ စည်းမျဥ်းစည်းကမ်းတွေဆိုတာ ကျုပ်တို့ရှေးတော်ဝင်မိသားစု ၃စုအတွက်ပဲ ရည်ရွယ်ထားတာ... ခင်ဗျားတို့ပေမင်ကလန်က ဘာမို့လို့လဲ”
ဒေါင်ဖန်ရွှမ်သည် ပေမင်အောင် မြေပြင်ထက်သို့ မကျဆင်းခင်မှာပင် လိုက်မီသွားခဲ့ပြီဖြစ်၏။
“သားပေါက်လေး... ဒီနေ့မင်းကိုဘယ်သူကယ်နိုင်မလဲ ကြည့်ရသေးတာပေါ့”
ဒေါင်ဖန်ရွှမ်၏နောက်ဘက်ရှိ အမြုတေနယ်မြေစွမ်းအားက တလိပ်လိပ်ထိုးတက်လာပြီး ပေမင်အောင်ကို ရိုက်ခတ်လိုက်လေသည်။
ရုတ်တရက်ဆိုသလို...
ပေမင်အောင်၏ရှေ့တွင် ပုံရိပ်တစ်ခုက ပုံရိပ်ယောင်ကဲ့သို့ ထွက်ပေါ်လာ၏။
အဲ့ဒါက ပေမင်ရွှယ်ဖြစ်၏။
သူမသည် သူမ၏လက်ဖဝါးကို ဖြည်းဖြည်းချင်းဖြန့်ပြီး လက်သီးတစ်ခုအဖြစ်ဆုပ်ကာ ဒေါင်ဖန်ရွှမ်ဆီသို့ ပစ်ထိုးရင်း အေးစက်စွာပြောလိုက်၏။
“ထွက်သွားစမ်း”