← Chapters

ထိုးချက်တစ်ချက်နှင့် ဓားတစ်လက်

Vol. 91 Ch. 1358

ထိုးချက်တစ်ချက်နှင့် ဓားတစ်လက်

Vol. 91 Ch. 1358

“ဘယ်လောက်တောင် စွမ်းအားကြီးမားလိုက်တဲ့ သွေးချီလဲ”

ပွဲကြည့်စင် ဧရိယာတွင် ဒေါင်ဖန်ရီက သူ၏မျက်လုံးကို မှေးကျဉ်းလိုက်၏။

ရှီမန်ကျီကလည်း ခေါင်းညိတ်လိုက်၏။

“ပေမင်ရွှယ်ရဲ့ မျိုးဆက်သွေးက ခဲပြဒါးစပ်သွေးအဆင့်ကိုတောင် ရောက်နေပြီပဲ”

ရှေးတော်ဝင်မိသားစုသုံးစုကြားတွင် ရှီမန်ရှေးတော်ဝင်မိသားစုသည် ခန္ဓာမီးဆေးခြင်းမှာ အသန်မာဆုံးဖြစ်၏။

သို့သော်လည်း ရွှေအမြုတေအဆင့်မှာရှိသော ရှီမန်ကျင့်လွေပင်လျှင် သူသည် များစွာသော အရင်းအမြစ်များ၏ အကူအညီဖြင့် သူသည် ခဲပြဒါးစပ်သွေးအဆင့်ထိသာ ကျင့်ကြံနိုင်ခဲ့၏။

ဒေါင်ဖန်ကျစ်က ရင်တစ်ချက်ထိတ်သွား၏။

ရွှေအမြုတေအဆင့်၌ ဒေါင်ဖန်ရှေးတော်ဝင်မိသားစု၏ အထူးချွန်ဆုံး အရိုက်အရာဆက်ခံသူအနေဖြင့် သူမသည် အခြေအ​နေကို ချက်ချင်းပင် အကဲဖြတ်နိုင်ပြီး နောက်သို့ခုန်ဆုတ်ကာ ပေမင်ရွှယ်နှင့် အကွာအဝေးတစ်ခု ခြားလိုက်၏။

သူမသည် ပေမင်ရွှယ်နှင့် အနီးကပ်တိုက်ခိုက်လို့ မဖြစ်တော့ပေ။

သိုင်းတာအိုသည် လူတစ်ယောက်၏ အလားအလာကို အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး သူတို့၏ ခန္ဓာကိုယ်များကို မီးဆေးပေးခြင်းဖြစ်၏။

သိုင်းတာအိုကို ကျင့်ကြံထားသော ထိုသူများသည် အနီးကပ်တိုက်ခိုက်ရည်မှာ အရမ်းကို သန်မာကြ၏။

“သွား”

ဒေါင်ဖန်ကျစ်က သူမ၏ သိုလှောင်အိတ်ကို ပုတ်ပြီး သူမ၏ လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ သူမရှေ့တွင် ငွေရောင်လှံတစ်လက်ကို ထွက်ပေါ်လာစေ၏။

လှံတံက တုန်ခါနေပြီး စိတ်ဝိညာဉ်အင်းကွက်ခြောက်ခုဖြင့် ဝင်းလက်တောက်ပနေ၏။

မူလဓမ္မလက်နက်၊ ကောင်းကင်ဘုံအမြုတေလှံ…

ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူများသည် ဓားများကို အသုံးပြုခဲပြီး များသောအားဖြင့် လှံများကိုသာ အသုံးပြုတတ်ကြလေသည်။

လှံတစ်လက်သည် ပေါ့ပါးဖျတ်လတ်ခြင်းအရာမှာ ဓားပျံတစ်လက်ထက် အားနည်းသော်လည်း ၎င်းသည် ခွန်အားအရာမှာ ဓားပျံထက် ပိုမိုသန်မာလေသည်။

ဒေါင်ဖန်ကျစ်၏ ထိန်းချုပ်မှုအောက်တွင် ကောင်းကင်ဘုံအမြုတေလှံသည် ငွေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး အံ့မခန်းအမြန်နှုန်းဖြင့် ပေမင်ရွှယ်ရှေ့သို့ ရောက်ရှိလာ၏။

အမြန်နှုန်းနှင့် ရုန်းကန်ပေါက်ကွဲအားမှာ မူလအဆင့်လက်နက်များက ထိပ်တန်းဖြစ်လေသည်။

လှုပ်ရှားမှုများစွာ မရှိဘဲ ပေမင်ရွှယ်၏ လက်ထဲတွင် အေးစက်စက် တောက်ပနေသော ဓားတစ်လက်က ထွက်ပေါ်လာခဲ့ပြီဖြစ်၏။

ဓားသည် တုန်ခါနေပြီး စိတ်ဝိညာဉ်အင်းကွက်ငါးခုက ဝင်းလက်နေ၏။

ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခု…

ထိုဓားသည် ပေမင်ရွှယ်ကို လျှိုဟန်ယန်​ ပေးခဲ့သော ပကတိစိတ်ဝိညာဉ်လက်နက်ဖြစ်၏။

“ပေမင်ရွှယ်မှာလည်း ပကတိစိတ်ဝိညာဉ်လက်နက်တစ်ခု ရှိနေတာပဲ”

“ပေမင်မိသားစုက ပစ္စည်းကောင်းတွေ တကယ်ရှိနေတာပဲ”

များစွာသော ကျင့်ကြံသူများက မနာလိုအားကျမှုကို ထုတ်ဖော်ပြသလိုက်ကြ၏။

ပေမင်ရွှယ်သည် ရုတ်တရက် တိုက်ခိုက်လိုက်ပြီး သူမ၏ ဓားနှင့်အတူ ခုတ်ပိုင်းချလိုက်၏။

ချွမ်း..

ဓားက ကောင်းကင်ဘုံအမြုတေလှံနှင့် ရိုက်ခတ်မိသောအခါ မီးပွားများက လွင့်စင်ထွက်သွား၏။

ပုံမှန်အားဖြင့်ဆို.. ပကတိအဆင့်နှင့် မူလအဆင့် စိတ်ဝိညာဉ်လက်နက်များကြား ထိတွေ့ရိုက်ခတ်မှုတွင် မူလစိတ်ဝိညာဉ်လက်နက်တစ်ခုက သေချာပေါက် အသာစီးရရှိပေလိမ့်မည်။

သို့သော်လည်း ပေမင်ရွှယ်က အရမ်းကို သန်မာနေ၏။

ဓားသည် တုန်ခါသွားပြီး သူမ ခုတ်ပိုင်းချလိုက်သောအခါ ​ကောင်းကင်ဘုံအမြုတေလှံကို စင်ထွက်သွားစေ၏။

ဘုန်း…

ပေမင်ရွှယ်သည် ရှေ့သို့တက်လှမ်းပြီး မြေပြင်ကို ပြင်းထန်စွာ ဆောင့်နင်းကာ လေးကနေ ပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ဒေါင်ဖန်ကျစ်ရှေ့သို့ ချက်ချင်းပင် ရောက်ရှိလာ၏။

အဲဒါက အရမ်းကို မြန်ဆန်လွန်း၏။

ပေမင်ရွှယ်၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေး၏ ရုန်းကန်ပေါက်ကွဲအားနှင့်အတူ သူမသည် ပေတစ်ရာကျော် အကွာအဝေးကို တစ်ခါတည်း ခုန်ကူးနိုင်လေသည်။

ပေမင်ရွှယ်၏ အမူအရာက အေးစက်နေပြီး သူမ၏ ဓားကိုမြှောက်ကာ ထိုးသွင်းလိုက်၏။

ဓားက ရောက်မလာခင်မှာပင်.. အေးစက်နေသော ထက်ရှမှုက ထိုးဖောက်လာခဲ့လေပြီ။

ဒေါင်ဖန်ကျစ်သည် သူမ၏နှာရောင်က အမှန်တကယ်ပင် စပ်ဖျဉ်းဖျဉ်း ခံစားလာရ၏။

“ချုပ်နှောင်စမ်း”

ဒေါင်ဖန်ကျစ်သည် သူမ၏ ကောင်းကင်ဘုံအမြုတေလှံကို အချိန်မီ မပြန်မယူနိုင်တော့ဘူးဆိုတာ သိလိုက်ရသောအခါ သူမ၏ တုံ့ပြန်မှုက အရမ်းကို မြန်ဆန်လေသည်။ သူမသည် လက်ဟန်ချိပ်စည်းတစ်ခုကို လှုပ်ရှားပြီး သူမ မိသားစု၏ အမွေအနှစ်စိတ်ဝိညာဉ်ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်၏။

ထူးဆန်းသော နွယ်ပင်များနှင့် သစ်ကိုင်းများက ကျောက်သားစင်မြင့်ထက်ရှိ ပေမင်ရွှယ်၏ ခြေထောက်အောက်တွင် ထွက်ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်နှင့် ခြေလက်များကို ရစ်ပတ်လိုက်၏။

ဒေါင်ဖန်ရှေးတော်ဝင်မိသားစုသည် သစ်သားဓာတ် စိတ်ဝိညာဉ်ပညာရပ်များမှာ အထူးပြုကြလေသည်။

ဒေါင်ဖန်ရှေးတော်ဝင်မိသားစု၏ ရွှေအမြုတေပြိုင်စံရှားတစ်ယောက်အနေဖြင့် ဒေါင်ဖန်ကျစ်သည် ဤတာအိုမှာ ပို၍ပင် ကျွမ်းကျင်ပိုင်နိုင်ပြီး သူမ၏ စိတ်ဝိညာဉ်ပညာရပ်ကို မျက်တစ်မှိတ်အတွင်း ဆင့်ခေါ်နိုင်လေသည်။

ထိုနွယ်ပင်များနှင့် သစ်ကိုင်းများသည် သာမန်အပင်များ မဟုတ်ပေ။ ဒေါင်ဖန်ကျစ်၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အားဖြည့်ပေးခြင်းနှင့်အတူ သူတို့က စိတ်ဝိညာဉ်လက်နက်များထက် အားမနည်းတော့ပေ။

ဒါ့အပြင်.. နွယ်ပင်များပေါ်မှာ ကျင့်ကြံသူတစ်ယောက်၏ အသားများကို ထိုးဖောက်နိုင်သော ဆူးချွန်များ ရှိနေ၏။

ထိုစိတ်ဝိညာဉ်အတတ်ကို ထုတ်ဖော်ပြီးနောက် ဒေါင်ဖန်ကျစ်သည် အခွင့်အလမ်းကို ချိန်ဆကာ နောက်သို့ခုန်ဆုတ်ပြီး ပေမင်ရွှယ်နှင့်တစ်ဖန် အကွာအဝေးတစ်ခု ခြားလိုက်၏။

“ဟမ်”

ပေမင်ရွှယ်က လှောင်ရယ်လိုက်၏။

သူမသည် သိုင်းတာအိုကို ကျင့်ကြံထားပြီး အဋ္ဌမမြောက် အသွင်ပြောင်းလဲခြင်း၊ မဖျက်ဆီးနိုင်သော စိန်အဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။ သူမ၏ ခန္ဓာကိုယ်က မီး၊ ရေ၊ လက်နက်တို့ဖြင့် ထိုးဖောက်၍ မရနိုင်တော့ပေ။

စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဆင့်ခေါ်ထားသော နွယ်ပင်များကို မပြောနှင့်.. အစစ်အမှန် စိတ်ဝိညာဉ်လက်နက်များပင်လျှင် သူမကို ထိခိုက်စေနိုင်လိမ့်မည် မဟုတ်​ပေ။

ပေမင်ရွှယ်က ရုန်းကန်လိုက်၏။

ဖြောက်.. ဖြောက်.. ဖြောက်..

နွယ်ပင်များက သူမကို ရစ်ပတ်လိုက်သည့် ခဏမှာပင် ပေမင်ရွှယ်က ရုန်းထွက်လိုက်ပြီး နောက်တစ်ဖန် ပြေးလိုက်လာ၏။

ချွင်… ချွင်… ချွမ်…

သူမက ဆက်တိုက်ခုတ်ပိုင်းချလိုက်၏။

ဒေါင်ဖန်ကျစ်သည် ပေမင်ရွှယ်၏ ဓားကို သူမ၏ တိကျသော လှုပ်ရှားမှုနည်းစနစ်များနှင့် လှံနည်းစနစ်များနှင့်အတူ ပိတ်ဆို့တားဆီးလိုက်၏။

သို့သော်လည်း သူမက လုံးဝ အရေးနိမ့်နေဆဲဖြစ်၏။

ပေမင်ရွှယ်သည် ဓားနည်းစနစ်များစွာကို မတတ်မြောက်သော်လည်း သူမ၏ သိုင်းတာအိုအစစ်အမှန်ခန္ဓာကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး ဓားခုတ်ချက်တစ်ချက်ချင်းစီ၏ စွမ်းအားက ၎င်း၏ အကန့်အသတ်ထိ ရောက်ရှိနေ၏။

သူမသည် ကိုယ်ကာယခွန်အားသက်သက်ဖြင့် အရာရာတိုင်းကို လွှမ်းမိုးနိုင်နေ၏။

ဒေါင်ဖန်ကျစ်၏ လှုပ်ရှားမှုများက မည်မျှပင် တိကျသည်ဖြစ်ပါစေ.. သူမသည် ပေမင်ရွှယ်၏ ဓားချက်များကို ကောင်းကောင်းမခုခံနိုင်ပေ။

“ပေမင်ရွှယ်ရဲ့ ခွန်အားက နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်”

“သူက သိုင်းတာအိုမှာ ဒီအဆင့်ထိ ရောက်ရှိနေပြီဆိုတော့.. ပေမင်ရွှယ်က အသွင်ပြောင်းလဲခြင်း ဘယ်လောက်များများကို ကျင့်ကြံထားပြီးပြီလဲ ငါသိချင်မိတယ်”

လူအုပ်ကြီးက တီးတိုးပြောဆိုလိုက်ကြ၏။

မည်သူကမှ ဤရလဒ်ကို ထင်မှတ်မထားကြပေ။

“သူမက ကိုယ်ကာယခွန်အားသက်သက်ကို မှီခိုနေတာပဲ”

ရှီမန်ကျင့်လွေက လှောင်ရယ်လိုက်၏။

“သိုင်းတာအိုကို ကျင့်ကြံတဲ့သူတွေမှာ စိတ်ဝိညာဉ်စွမ်းအင် မရှိဘူးဆိုတာ လူတိုင်း သိထားကြတာပဲ.. အဲဒီတော့ သူတို့က ရွှေအမြုတေနယ်မြေတွေကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး.. အဲဒါက ငါတို့ ကျင့်ကြံသူတွေမှာရှိတဲ့ အကြီးမားဆုံး အားသာချက်ပဲ”

ဒေါင်ဖန်ရီသည် တည်ငြိမ်သော အမူအရာဖြင့် အမြင့်မှာ ထိုင်နေပြီး စိုးရိမ်ပူပန်ခြင်း မရှိပေ။

ဒေါင်ဖန်ကျစ်၏ ခွန်အားကို သူ့ထက် မည်သူကမှ ရှင်းလင်းစွာ ပိုမသိနိုင်ပေ။

ဒေါင်ဖန်ကျစ်က သူမ၏ ရွှေအမြုတေနယ်မြေကို ထုတ်ဖော်သည်နှင့် ဤတိုက်ပွဲက အဆုံးသတ်သွားပေလိမ့်မည်။

“ပေမင်ရွှယ်.. နင် ငါ့ကို ဒီအတိုင်းအတာထိ ဖိအားပေးနိုင်ခဲ့တာ သိပ်တော်တယ်”

ဒေါင်ဖန်ကျစ်၏ ရွှေအမြုတေက ဖြည်းဖြည်းချင်း လည်ပတ်လာပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအင်များက တလိပ်လိပ်တက်လာ၏။ သူမ၏ နောက်ဘက်တွင် ခရမ်းရောင်ချီတစ်ခုက ထွက်ပေါ်လာပြီး ဝင်းလက်တောက်ပနေ၏။

ရွှေအမြုတေနယ်မြေ… အရှေ့တိုင်း ခရမ်းရောင်ချီ…

အဲဒါသည် တူညီသော အမြုတေနယ်မြေပင် ဖြစ်သော်လည်း ဒေါင်ဖန်ကျစ်၏ အမြုတေနယ်မြေစွမ်းအားသည် ဒေါင်ဖန်ရွှမ်ထက် အဆများစွာ ပိုမိုသန်မာသည်မှာ သိသာလေသည်။

အဲဒါက ပြီးဆုံးမသွားသေးပေ။

ရုတ်တရက်.. ဒေါင်ဖန်ကျစ်၏ နောက်တွင် နောက်ထပ် စွမ်းအားကြီးမားသော စွမ်းအင်အတက်အကျတစ်ခုက ထွက်ပေါ်လာ၏။

နောက်ထပ်အမြုတေနယ်မြေတစ်ခုက ထွက်ပေါ်လာခဲ့လေပြီ။

များစွာသော အပင်များသည် ဒေါင်ဖန်ကျစ်၏နောက်မှာ ထွက်ပေါ်လာပြီး ကြမ်းကြုတ်ခက်ထန်သော စစ်သားများအဖြစ် ပြောင်းလဲကာ ပေမင်ရွှယ်ထံသို့ ပြေးဝင်လာကြ၏။

ရွှေအမြုတေနယ်မြေ၊ သစ်ပင်အသင်္ချေလက်နက်များ…

ဒေါင်ဖန်ကျစ်သည် ရွှေအမြုတေနယ်မြေနှစ်ခုကို ကျင့်ကြံထားနိုင်ခဲ့လေသည်။

လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

နန်းကုန်ချီ၏ အမူအရာပင်လျှင် သုန်မှုန်လာခဲ့၏။

ရွှေအမြုတေနယ်မြေနှစ်ခု ကျင့်ကြံထားသော ဒေါင်ဖန်ကျစ်ကို ရင်ဆိုင်ရာတွင် အနိုင်ရရှိဖို့ သူပင်လျှင် ယုံကြည်မှု မရှိတော့ပေ။

“အဲဒါ ပြီးသွားပြီ”

ဒေါင်ဖန်ကျစ်က ဖြည်းဖြည်းချင်း လေထဲသို့ ကြွတက်လာပြီး ရွှေအမြုတေနယ်မြေနှစ်ခုက သူမကို လှည့်ပတ်နေ၏။ သူမ၏ အော်ရာက ၄င်း၏ အထွတ်အထိပ်ထိ မြင့်တက်လာပြီး ပေမင်ရွှယ်ကို ငုံ့ကြည့်လိုက်၏။

“ခွေးမ.. အခုချိန်မှာ နင် အရှုံးကို ဝန်ခံလည်း မရတော့ဘူး”

သူမ၏ အသံက အေးစက်နေ၏။

သူမသည် နန်းကုန်ချီနှင့် ရင်ဆိုင်ရာမှာ သူမ၏ အမြုတေနယ်မြေနှစ်ခုကို ထုတ်သုံးဖို့ ရည်ရွယ်ထားခဲ့၏။ ယခုတော့ သူမသည် ထိုအရာကို ကြိုတင်၍ ထုတ်ဖော်အသုံးပြုလိုက်ရလေပြီ။

“အမြုတေနယ်မြေနှစ်ခုလား”

ပေမင်ရွှယ်က တည်ငြိမ်သော အမူအရာရှိနေပြီး သူမ၏ မျက်လုံးထဲတွင် မည်သည့် ကြောက်ရွံ့မှုနှင့် အံ့အားသင့်မှုတို့မှ ရှိမနေပေ။

“ဒါပေါ့.. ကိစ္စတွေကို အဆုံးသတ်ဖို့ အချိန်ကျပြီပဲ”

သူမက ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်၏။

“ဒါပေမဲ့လို့.. အရှုံးကို ဝန်ခံရမှာက ငါမဟုတ်ဘူး”

သူမ စကားမဆုံးသေးခင်မှာပင် ပေမင်ရွှယ်က သူမ၏သွေးချီကို သူမ၏ အစွမ်းကုန်ဖြင့် လှည့်ပတ်လိုက်ပြီဖြစ်၏။

ဝေါ…

သူမ၏ သွေးချီက တလိပ်လိပ်တက်လာပြီး ကျယ်လောင်သော ဆူနာမီအသံက သူမ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာ၏။

ဆူနာမီသွေး…

အံ့အားတသင့် အော်ဟစ်သံများက လူအုပ်ကြီးထဲကနေ ထွက်ပေါ်လာ၏။

ရှီမန်ကျီနှင့် ဒေါင်ဖန်ရီပင်လျှင် တုန်လှုပ်သွားကြ၏။

သူတို့အားလုံးသည် မူလနတ္ထိများ ဖြစ်ကြပြီး ဆူနာမီသွေးအဆင့်သို့ ကျင့်ကြံဖို့က ဘယ်လောက်တောင် ခက်ခဲသလဲ ကောင်းကောင်းသိကြလေသည်။ အဲဒါက ရွှေအမြုတေနယ်မြေများထက် ပို၍ ရှားပါးလေသည်။

ကျင့်ကြံရေးလောကတွင် ရွှေအမြုတေနယ်မြေများကို ကျင့်ကြံထားနိုင်သော လူများစွာ ရှိကြလေသည်။

သို့သော်လည်း ဆူနာမီသွေးအဆင့်ကို ကျင့်ကြံထားနိုင်သောသူက အနည်းအကျဉ်းမျှသာ ရှိကြလေသည်။

ဘုန်း..

ပေမင်ရွှယ်က ဒေါင်ဖန်ကျစ်၏ ရွှေအမြုတေနယ်မြေနှစ်ခုကို ရှောင်တိမ်းခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း မရှိပေ။ ထိုအစား သူမသည် ရှေ့သို့ တက်လှမ်းပြီး လေထဲသို့ ခုန်တက်လိုက်၏။ သူမသည် သူမ၏ ဘယ်ဘက်လက်ဖြင့် ထိုးချက်တစ်ချက်ကို ထုတ်ဖော်လိုက်၏။ သူမ၏ ညာဘက်လက်ထဲရှိ ဓားကို ခုတ်ပိုင်းချလိုက်ရင်း မဖော်ပြနိုင်သော သိုင်းတာအိုကြယ်တာရာချီများသည် သူမ၏ ဓားပေါ်မှာ တစ်လွှာပြီးတစ်လွှာ လွှမ်းခြုံလာ၏။

သူမ၏ ကိုယ်တွင်းမှာ ဆူနာမီလှိုင်းတစ်ခု ထိုးထွက်လာသည့်အလား သူမ၏ သွေးချီက တလိပ်လိပ်တက်လာ၏။

ဘုန်း..

ဖောက်..

ထိုးချက်တစ်ချက်နှင့် ဓားတစ်လက်…

ခရမ်းရောင်ချီက ပျက်ပြယ်သွားပြီး စစ်သားများကလည်း ခေါင်းပြတ်ကျသွား၏။

အားလုံး၏ ရှေ့မှောက်မှာပင်.. ဒေါင်ဖန်ကျစ် ယခုတင် ဆင့်ခေါ်ထားသော ရွှေအမြုတေနှစ်ခုသည် ပေမင်ရွှယ်၏ ထိုးချက်တစ်ချက် ဓားတစ်လက်ဖြင့် ဖျက်ဆီးခြင်းခံလိုက်ရ၏။

နေရာတစ်ခုလုံးက အုန်းအုန်းကျက်ကျက် ဖြစ်ကုန်ကြသည်။

All Chapters