← Chapters

နိုးထဝိညာဥ်များနှင့် ရင်ဆိုင်ရခြင်း

Vol. 91 Ch. 1361

နိုးထဝိညာဥ်များနှင့် ရင်ဆိုင်ရခြင်း

Vol. 91 Ch. 1361

“ရှီမန်ကျီ... ဒေါင်ဖန်ရီ... မင်တို့တွေ ဘာလုပ်နေကြတာလဲ”

နန်းကုန်လင်းသည် အခြေအနေမဟန်တော့ဘူးဆိုတာ တွေ့မြင်သောအခါ သူက စားပွဲခုံကို ဘန်းခနဲရိုက်ပြီး မတ်တတ်ထရပ်လိုက်၏။

လျှိုဟန်ယန်နှင့် ရူရွှမ်ကလည်း မတ်တတ်ထရပ်လိုက်ကြပြီး မျက်မှောင်ကြုတ်လိုက်ကြ၏။ စောစောက ဒေါင်ဖန်ကျစ်နှင့် ရှီမန်ကျင့်လွေက ပေမင်ရွှယ်ကို ပူးပေါင်းတိုက်ခိုင်ခဲ့စဥ်မှာတောင် သူတို့က ထိုင်နိုင်နေခဲ့သေး၏။ ဘာပဲပြောပြော သူမသည် ဆူဇီမို၏ အကြီးဆုံးတပည့်ဖြစ်ပြီး ရွှေအမြုတေနှစ်ယောက်ကို ရင်ဆိုင်နိုင်ပေလိမ့်မည်။ သို့သော် ယခုအခါ ရှီမန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ် ၅ယောက် တိုက်ခိုက်လာသည့်အခါ အခြေအနေက လုံးဝကွဲပြားခြားနားသွားလေပြီ။

အဲ့ဒါသည် ပေမင်ရွှယ်ကို သက်သက်မဲ့ အနိုင်ကျင့်နေခြင်းဖြစ်၏။ သူတို့သည် ပေမင်ရှေးတော်ဝင်မိသားစုက မည်သည့်နောက်ခံမှ မရှိသည့်အချက်ကိုအသုံးချပြီး အနိုင်ကျင့်လာခြင်းဖြစ်၏။

“နန်းကုန်လင်း... မင်းဘာဖြစ်ချင်နေတာလဲလို့ပဲ ငါအရင်မေးပါရစေ”

ဒေါင်ဖန်ရီက ပေမင်ရွှယ်ကို အေးစက်နေသောအမူအရာဖြင့်လက်ညိုးထိုးပြီး ခက်ထန်စွာဖြင့် ပြောလိုက်၏။

“အဲ့ဒီခွေးမက ရက်စက်ကြမ်းတမ်းပြီးတော့ ငါတို့ဒေါင်ဖန်ရှေးတော်ဝင်မိသားစုရဲ့ ပြိုင်စံရှားတစ်ယောက်ကို ဖျက်ဆီးခဲ့တယ်... ငါက သူ့ကိုလွှတ်ပေးလိုက်မယ်ဆိုရင် ငါတို့ဒေါင်ဖန်မိသားစုရဲ့ မျက်နှာကို ဘယ်နားသွားထားရမှာလဲ”

“ဒေါင်ဖန်မိသားစုက တော်တော်မောက်မာနေတာပဲ”

လျှိုဟန်ယန်က လှောင်ရယ်လိုက်၏။

“ဘာလဲ... ဒေါင်ဖန်မိသားစုကလူတွေကတော့ တခြားသူတွေရဲ့ ရွှေအမြုတေကိုဖျက်ဆီးလို့ရတယ်... တခြားသူတွေကတော့ တူညီတဲ့ပုံစံနဲ့ ပြန်လုပ်လို့ မရဘူးလား”

“ငါတို့ ဒေါင်ဖန်မိသားစုက ရှေးဟောင်းခေတ်တည်းကဆင်းသက်လာတဲ့ ရှေးတော်ဝင်မိသားစုတစ်စုပဲ... ငါတို့က အင်မော်တယ် ၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေရဲ့ ထိပ်သီးဂိုဏ်းကြီးတွေနဲ့တောင် ယှဥ်နိုင်တယ်... ငါတို့က မောက်မာတယ်ဆိုတော့ရော ဘာဖြစ်လဲ”

ဒေါင်ဖန်ရီ၏အော်ရာက လွှမ်းမိုးခြယ်လှယ်မှုရှိပြီး သူကအော်ပြောလိုက်၏။

“ကျဆင်းနေတဲ့ ရှေးတော်ဝင်မိသားစု ပေမင်ကလန်မှာရှိတဲ့လူတိုင်းက ငါတို့ရဲ့မျက်လုံးထဲမှာ ပုရွက်ဆိတ်တွေပဲ... ဒီနေ့ ပေမင်ရွှယ်ဆိုတဲ့ အဲ့ဒီခွေးမက သေရရုံတင်မကဘူး... ပေမင်ကလန်သားတွေအကုန်လုံးပါ သူမနဲ့အတူ သေရလိမ့်မယ်”

“ဒေါင်ဖန်ရီ ၊ ရှီမန်ကျီ မင်းတို့တွေရဲ့လုပ်ရပ်ကို ရပ်တန်းကရပ်ဖို့ ငါအကြံပေးချင်တယ်”

နန်းကုန်လင်းက သုန်မှုန်နေသောအမူအရာဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်၏။

ဘာပဲပြောပြော သူသည် သူတို့နှစ်ယောက်နှင့် ငယ်စဥ်ကတည်းက သိကျွမ်းနေခဲ့၏။ ဒါ့အပြင် ရှေးတော်ဝင်မိသားစု ၃စုသည် အမြဲတမ်းလိုလိုတစ်ဘက်တည်းမှာ ရပ်တည်ခဲ့ကြ၏။ သူသည် သူတို့နှစ်ယောက်ကို တကယ်ပင် စိတ်စေတနာကောင်းဖြင့် သတိပေးနေခြင်းဖြစ်၏။

လက်ရှိအခြေအနေကို သူ့ထက်ပို၍ ဘယ်သူကမှ ကောင်းကောင်းမသိသောကြောင့်ဖြစ်၏။

အောက်ဘက်ရှိလူအုပ်ကြားထဲတွင် ဘယ်လောက်တောင်ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပုန်းလျှိုးနေကြောင်း မည်သူကမှ မသိရှိကြပေ။

အဲ့ဒါသည် ကမ္ဘာဦးတဗူးနှင့်ပင် ယှဥ်နိုင်သော တည်ရှိမှုတစ်ခုဖြစ်၏။

ယခုအချိန်တွင် ထိုတဗူးက သူ၏မျက်လုံးများကိုမှိတ်၍ အိပ်မောကျနေ၏။

ထိုတဗူးနိုးလာသည်နှင့် သူ၏မျက်လုံးများကို ဖွင့်လိုက်သည့်အချိန်မှာပင် ကမ္ဘာတုန်လောက်စရာကိစ္စများက သေချာပေါက်ဖြစ်လာပေလိမ့်မည်။ မည်သူကမှ အဲ့ဒါကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ရှီမန်အိမ်တော်တစ်ခုလုံးက ကျွမ်းထိုးမှောက်ခုံဖြစ်ကုန်ပေလိမ့်မည်။

သို့သော်လည်း နန်းကုန်လင်း၏ဖျောင်းဖျပြောဆိုမှုသည် ရှီမန်ကျီနှင့် ဒေါင်ဖန်ရီ၏ စိတ်များကို ပို၍ပင် ဆွပေးလိုက်သလို ဖြစ်လာစေ၏။

“နန်းကုန်လင်း... ဒီ့အရင်တုန်းက မင်းတို့နန်းကုန်မိသားစုက ပေမင်ကလန်ကို ကာကွယ်ပေးခဲ့တာ ငါက မသိချင်ယောင်ဆောင်ပေးထားခဲ့တယ်”

ရှီမန်ကျီက အေးစက်စွာပြောလိုက်၏။

“အခု...မင်းက ပေမင်ကလန်က အဲ့ဒီခွေးမကြောင့် ငါတို့ရှေးတော်ဝင်မိသားစုနှစ်စုနဲ့ပါ ခွာပြဲချင်နေပြီလား”

“နန်ကုန်လင်း... ငါမင်းကို ပြောလိုက်မယ် ဒီနေရာက ရှီမန်အိမ်တော်ရဲ့ပိုင်နက်ပဲ... ဒါက ငါ့နယ်မြေပဲ”

ရှီမန်ကျီသည် ခံ့ညားသောအကြည့်တစ်ခုရှိပြီး သိပ်သည်းပြင်းထန်သောစွမ်းပကားတစ်ခုကို ​ထုတ်ဖော်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းက အပြင်လောကကိုစွန့်စားသွားလာပြီးတဲ့နောက် ဘယ်လောက်ထိသန်မာလာသလဲ... ငါဂရုမစိုက်ဘူး နန်းကုန်လင်း... ဒီနေ့ မင်းက အစစ်အမှန်နဂါးတစ်ကောင်ဆိုရင်တောင် မင်းကိုယ်မင်းရစ်ခွေပြီး အမြီးကုပ်နေရလိမ့်မယ်”

လူအုပ်ကြီးကလည်း ရုတ်ရုတ်သဲသဲဖြစ်နေကြ၏။

ရှေးတော်ဝင်မိသားစု ၃စု၏ အဖွဲ့ခေါင်းဆောင်များသည် ပေမင်ရွှယ်ကြောင့် အချေအတင်ဖြစ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ကြပေ။

ရှီမန်ကျီ၏ စကားလုံးများက မည်သို့မှ ညှိနှိုင်းဆွေးနွေး၍မရနိုင်ဘဲ အလွန်တရာပြတ်သားမှုရှိနေ၏။

နန်းကုန်လင်းက အလျှော့မပေးဘူးဆိုလျှင် သူသည် ရှေးတော်ဝင်မိသားစု နှစ်စုနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရပေလိမ့်မည်။

ဒါ့အပြင် ရှီမန်ကျီ၏ ထိုစကားများက သေချာပေါက်ခြိမ်းခြောက်မှုသက်သက် မဟုတ်ပေ။

ဤနေရာသည် အမှန်တကယ်ပင် ရှီမန်ရှေးတော်ဝင်မိသားစု၏ ပိုင်နက်ဖြစ်လေသည်။

ဤအိမ်တော်မှာ ဓမ္မဝိသေသ ပညာရှင်များက သေချာပေါက်ပုန်းလျှိုးနေပေလိမ့်မည်။

နန်းကုန်လင်းနှင့် ရှေးတော်ဝင်မိသားစု နှစ်စုက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြမည်ဆိုလျှင် ထိုပညာရှင်များက သေချာပေါက်ပေါ်ထွက်လာမည်ဖြစ်ပြီး နန်းကုန်ရှေးတော်ဝင်မိသားစုသည် သေချာပေါက်ရှုံးနိမ့်ရပေလိမ့်မည်။

နန်းကုန်လင်း၏နဖူးက ချွေးများဖြင့်စိုလာပြီး သူကအခက်တွေ့နေလေသည်။

ထိုစဥ်မှာပင် လျှိုဟန်ယန်က နန်းကုန်လင်း၏ အင်္ကျီစကို တိတ်တဆိတ်ဆွဲပြီး လူအုပ်ကြီးထဲကို ကြည့်လိုက်၏။

နန်းကုန်လင်းကလည်း အလိုလိုလိုက်ပါကြည့်လိုက်၏။

အောက်ဘက်ရှိလူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏။ သို့သော်လည်း လူအုပ်ကြားထဲတွင် တည်ငြိမ်၍ဣန္ဒြေရနေသော အစိမ်းရောင်ဝတ်အမျိုးသားတစ်ယောက်ရှိနေ၏။ သူသည် သူ့ဘေးပတ်လည်တွင် ဖြစ်ပျက်နေသမျှအရာရာတိုင်းကို လျစ်လျူရှုထားသည့်အလား သူ၏မျက်လုံးနှစ်ဖက်ကို မှိတ်ထား၏။

ရှီမန်နှင့် ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ်များ ပေါ်ထွက်လာတာတောင် သူ၏မျက်လုံးနှစ်ဖက်ကို ဖွင့်မလာခဲ့ပေ။

ရူရွှမ်က အသံတစ်ခုကိုထုတ်လွှင့်ပို့လွှတ်လိုက်၏။

“ထူးဆန်းတယ်... ပေမင်ရွှယ်ကို ဘယ်သူမှအနိုင်မကျင့်ရဘူးလို့ ဆရာဘိုးလေးက ဘာလို့မပြောတာလဲ... သူက ဘာဖြစ်လို့ စိုးရိမ်ပူပန်တဲ့ပုံ ပေါက်မနေတာလဲ”

“အရင်ဆုံး စောင့်ကြည့်ကြတာပေါ့... ဆရာဘိုးလေးဆီက ညွှန်ကြားချက်တစ်စုံတစ်ရာရမှ လှုပ်ရှားမယ်ဆိုရင်လည်း နောက်မကျလောက်သေးပါဘူး”

လျှိုဟန်ယန်သည် သူမ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကိုပို့လွှတ်လိုက်၏။

နန်းကုန်လင်းသည် ခေါင်းညိတ်၍ ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်၏။

အခြားတစ်ဘက်ရှိ ကျောက်သားစင်မြင့်ထက်တွင်...

ရှီမန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ် ၅ယောက် ထွက်ပေါ်လာသည့်အခါ ပေမင်ရွှယ်၏မျက်လုံးထဲတွင် စိုးရိမ်ထိတ်လန့်မှုတစ်စွန်းတစ်စ ထွက်ပေါ်လာ၏။

သူမသည် ရွှေအမြုတေအယောက် ၅၀နှင့် ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင်ပင် ကြောက်ရွံ့လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သူမက လက်ရှိမှာ နိုးထဝိညာဥ် ၅ယောက်၏ ဝန်းရံခြင်းကို ခံထားရ၏။

သူမက သိုင်းတာအိုကို မကျင့်ကြံစဥ်က ရွှေအမြုတေအဆင့်ထိသာ ရောက်ရှိခဲ့၏။

သူမက သိုင်းတာအိုကိုကျင့်ကြံထားသည်ဆိုလျှင်တောင် သို့မဟုတ် အဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်းသို့ ရောက်ရှိနေပြီဆိုလျှင်တောင် သူမ၏ ကျင့်ကြံမှုသည် ရွှေအမြုတေအဆင့်နှင့်သာတူညီလေသည်။

နိုးထဝိညာဥ် နှင့် ရွှေအမြုတေအဆင့်ကြားတွင် အဆင့်ကြီးတစ်ဆင့်လုံးလုံးကွာဟနေ၏။

ပေမင်ရွှယ်အတွက်တော့ ထိုအဆင့်ကြီးတစ်ဆင့်သည် မည်သို့မှ ရင်ကြားမစေ့နိုင်သော ကွာဟချက်တစ်ခုဖြစ်၏။

သူမသည် နိုးထဝိညာဥ်များနှင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။ ယခုတော့ သူမသည် နိုးထဝိညာဥ် ၅ယောက်၏ ဝန်းရံခြင်းကို ခံထားရ၏။ သူမက အနည်းငယ် စိုးရိမ်ပူပန်လာရ၏။

သူမသည် ဆူဇီမိုကို အလိုလိုလှမ်းကြည့်လိုက်၏။

သူမ၏ ဆရာသည် လူအုပ်ကြားထဲမှာ မျက်လုံးနှစ်ဖက်မှိတ်၍ မတ်တတ်ရပ်နေပြီး အရာရာတိုင်းကို လျစ်လျူရှုထား၏။

သူမသည် ဤအကျပ်အတည်းကိုဖြေရှင်းဖို့အတွက် သူမကိုယ်သူမသာ မှီခိုအားထားရတော့မည်ကို နားလည်လိုက်၏။

ဆူဇီမိုက သေချာပေါက်တိုက်ခိုက်လာလိမ့်မည် မဟုတ်ပေ။

ကျင့်ကြံသူတစ်ယောက်အနေဖြင့် အဲ့ဒါသည် ကျင့်ကြံရေးလောကတွင် နောင်တစ်ချိန် ပေမင်ရွှယ် သေချာပေါက်ရင်ဆိုင်ကြုံတွေ့ရမည့် အ​ခြေအနေတစ်ခုဖြစ်၏။ တကယ်ဆို... ထိုအချိန်ကျလျှင် ကိစ္စများက ယခုထက်ပင်ပို၍ အန္တရာယ်များလာနိုင်သေး၏။

ဆူဇီမိုအနေဖြင့် သူမ၏ဘေးမှာ တစ်ချိန်လုံးရှိနေဖို့က မဖြစ်နိုင်ပေ။

လက်ရှိအခြေအနေသည် ပေမင်ရွှယ်အတွက် စမ်းသပ်ချက်တစ်ခုလည်းဖြစ်၏။

သူမသည် ဤစမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့မည်ဆိုလျှင် သူမက လျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။

ဒါ့အပြင် ဆူဇီမို၏ စိတ်ထဲတွင် အဆင့်ကြီးတစ်ဆင့်ကွာဟခြင်းသည် အနိုင်ကျင့်ခြင်းဟု မသတ်မှတ်နိုင်ပေ။ သူ၏အကြီးဆုံးတပည့်အနေဖြင့် သူမသည် ဤအခြေအနေကိုတောင် မကိုင်တွယ်နိုင်ဘူးဆိုလျှင် ဤနှစ်များအတွင်း သူမကို သူသင်ကြားပေးခဲ့သည့်အချိန်များက အလဟဿဖြုန်းတီးနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ကျောက်သားစင်မြင့်ထက်တွင်...

ဘန်း ဘန်း....

ရှီမန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ် ၅ယောက် တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာသောအခါ ကျောက်သားစင်မြင့်တစ်ခုလုံးက ပြင်းထန်စွာတုန်ခါလာ၏။

ရှေးတော်ဝင်မိသားစု ၃စုကြားတွင် ရှီမန်ရှေးတော်ဝင်မိသားစုသည် ခန္ဓာမီးဆေးခြင်းနှင့် အနီးကပ်တိုက်ခိုက်ခြင်းမှာ အထူးပြုကြ၏။

ထန်း... ထန်... ထန်း...

ရှီမန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ် ၅ယောက်သည် သူတို့၏ မူပိုင်လက်နက်များ ဆေဘာနှင့်ဓားတို့ကို ဆင့်ခေါ်လိုက်ကြ၏။

လှစ်ခနဲဆို သူတို့က ပေမင်ရွှယ်ကို ဝိုင်းပတ်ထားလိုက်ကြပြီဖြစ်၏။

နိုးထဝိညာဥ်အဆင့်၌ လူတစ်ယောက်သည် အမြုတေစိတ်ဝိညာဥ်တစ်ခုကို ကျင့်ကြံလာနိုင်မည်ဖြစ်ပြီး ဓမ္မစွမ်းအားများကို အသုံးပြုလာနိုင်မည်ဖြစ်၏။

အဲ့ဒါက အခြားသော ကျင့်ကြံသူတစ်ယောက်ယောက်သာဆိုလျှင် သူသည် ထိုဖိအားဒဏ်ကို ခံနိုင်ရည်မရှိဘဲ အညံ့ခံသွားရပေလိမ့်မည်။ သို့သော်လည်း ကြီးမားပြင်းထန်သည့်ဖိအားအောက်တွင် ပေမင်ရွယ်က သူမ၏သွေးချီကို အစွမ်းကုန်လှည့်ပတ်လိုက်၏။ ဆူနာမီသံက သူမ၏ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပြီး သူမ၏အော်ရာက ၎င်း၏အကန့်အသတ်ထိ တလိပ်လိပ်ထိုးတက်လာ၏။

“အား....”

သူမက ခေါင်းကိုမော့၍ မာန်သွင်းဟိန်းဟောက်လိုက်၏။ နိုးထဝိညာဥ် ၅ယောက်နှင့် ရင်ဆိုင်ရချိန်တွင် နောက်ဆုတ်ရမည့်အစား သူမက အရင်စ၍ တိုက်ခိုက်လိုက်၏။

ဘုန်း...

ပေမင်ရွှယ်သည် ရှေ့သို့တက်လှမ်းသွားပြီး နိုးထဝိညာဥ်တစ်ယောက်ရှေ့သို့ ပြေးဝင်သွားလေသည်။ သူမသည် ကြယ်တာရာချီဖြင့် လွှမ်းခြုံနေသော ကောင်းကင်ဘုံအမြုတေလှံကိုဆုပ်ကိုင်ပြီး ထိုသူ၏ဦးခေါင်းကို ပစ်ထိုးလိုက်၏။

“နင်ကတော့... သေချင်နေပြီပဲ”

ထိုလူ၏အမူအရာက အေးစက်လာပြီး ကောင်းကင်ဘုံအမြုတေလှံဆီသို့ သူ၏ လက်နက်ဖြင့် လက်ပြန်လွှဲကာ ခုတ်ပိုင်းချလိုက်၏။

ချွမ်း...

လက်နက်နှစ်ခုက ထိတွေ့ရိုက်ခတ်ပြီး ​မီးပွားများက စင်ထွက်သွား၏။

ထိုသူ၏ မျက်လုံးထဲတွင် တုန်လှုပ်မှုအရိပ်အယောင်က ထင်ဟပ်လာ၏။

ရှီမန်ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူတစ်ယောက်အနေဖြင့် သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးသည် အစကတည်းက သန်မာလေသည်။ ယခု... သူက နိုးထဝိညာဥ်အဆင့်သို့ရောက်ရှိနေပြီး သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးကို ဓမ္မစွမ်းအားများဖြင့် သန့်စင်ထား၏။ သူက ပို၍ပင်ကြောက်စရာကောင်းလာခဲ့၏။

ထိုမျှသာမက သူသည် မူပိုင်ဓမ္မလက်နက်၏ အကူအညီကိုလည်း ရယူထားသေးလေသည်။

သူ၏ထင်မြင်ချက်အရ.. သူသည် ခုတ်ချက်တစ်ချက်ဖြင့် ပေမင်ရွယ်ကို အနိုင်ယူနိုင်မည်။

သူသည် ဒုတိယခုတ်ချက်ကိုထုတ်ဖော်ပြီးနောက် သူမကို သတ်ဖြတ်နိုင်မည်။

သို့သော်လည်း သူတို့ထိတွေ့ရိုက်ခတ်လိုက်သည့်ခဏမှာပင် သူ၏ဆေဘာမှတဆင့် အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်လာလိမ့်မည်ဟု သူကတကယ်ပင် ထင်မှတ်မထားခဲ့ပေ။

သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးက ထိုစွမ်းအား၏ကြမ်းကြုတ်ခက်ထန်မှုကို ခံနိုင်ရည်မရှိပေ။

All Chapters