မဖျက်ဆီးနိုင်သောစိန်
Vol. 91 Ch. 1362
ရှီမန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ်သည် သူက လူသားတစ်ယောက်နှင့်ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ လူပုံသဏ္ဌာန် မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်တစ်ကောင်နှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု သူက ခံစားမိလာ၏။
ဘုန်း...
ထိုကြောက်စရာကောင်းသောစွမ်းအားနှင့် ရင်ဆိုင်ရချိန်တွင် နိုးထဝိညာဥ်သည် မြေပြင်ပေါ်သို့ ချက်ချင်းပင် ဒူးထောက်ကျသွား၏။
လူအုပ်ကြီးက တုန်လှုပ်သွားရ၏။
“ဟမ်...”
ရှီမန်ကျီနှင့် ဒေါင်ဖန်ရီသည် မယုံကြည်နိုင်မှုဖြင့် မျက်လုံးများပြူးကျယ်သွားကြ၏။
ပေမင်ရွှယ်သည် နိုးထဝိညာဥ်များကို ဖိနှိမ်နိုင်လောက်အောင်ပင် သန်မာနေပြီလား။
ဘန်း...
ပေမင်ရွှယ်က သူမ၏ခြေထောက်ကိုဆန့်ပြီး ထိုသူ၏ရင်ဘတ်ကိုဆောင့်နင်းချလိုက်၏။
နိုးထဝိညာဥ်၏ ခန္ဓာကိုယ်သည် ဆတ်ခနဲတုန်ခါသွားပြီး သူ၏နှလုံးကပေါက်ကွဲထွက်ကာ သွေးများကပန်းထွက်လာ၏။ သူ၏သွေးချီက လျင်မြန်စွာကျဆင်းလာပြီး စိတ်အားညိုးငယ်သည့်ပုံ ပေါက်သွားလေသည်။
တစ်ချိန်တည်းမှာပင် ရှီမန်ရှေးတော်ဝင်မိသားစုမှ အခြားသောနိုးထဝိညာဥ်လေးယောက်သည် သူမ၏နောက်ကနေ ချည်းကပ်လာကြ၏။ ပေမင်ရွယ်သည် လိုဏ်ခေါင်းပေတံကို လက်ပြန်လွှဲယမ်းပြီး သူမ၏ နောက်သို့ခုတ်ပိုင်းချလိုက်၏။
ချွမ်း...
လိုဏ်ခေါင်းပေတံသည် ဓမ္မလက်နက်လေးခုနှင့် ရိုက်ခတ်မိသွားလေသည်။
ခွမ်း...
လိုဏ်ခေါင်းပေတံက ကြေမွသွား၏။
သူတို့ထဲတွင် နိုးထဝိညာဥ်တစ်ယောက်၏ ဓမ္မလက်နက်သည် မူလပကတိအရှင် ဓမ္မလက်နက်ဖြစ်ပြီး လိုဏ်ခေါင်းပေတံကို ကျိုးပဲ့သွားစေခြင်းဖြစ်၏။
သို့သော်လည်း နိုးထဝိညာဥ် ၄ယောက်သည် ဆတ်ခနဲတုန်ခါသွားပြီး နောက်သို့ခြေတစ်လှမ်းစီ ဆုတ်လိုက်ကြရ၏။
စိတ်ဝိညာဥ်လက်နက်တစ်လက်နှင့် လေးယောက်တစ်ယောက်ရင်ဆိုင်နေရတာတောင် ပေမင်ရွှယ်သည် ခွန်အားအရာမှာ အသာစီးရနေဆဲ ဖြစ်၏။
လိုဏ်ခေါင်းပေတံက ကြေမွသွားသော်လည်း ပေမင်ရွှယ်သည် စိတ်အားမာန်တက်ကြွလာပြီး အစက စိုးရွံ့ထိတ်လန့်နေသည့် သူမ၏စိတ်အခြေအနေကနေ ရုန်းထွက်လာနိုင်၏။ တောက်လောင်နေသောအကြည့်နှင့်အတူ သူမကရှေ့သို့တက်လှမ်းပြီး နောက်တစ်ဖန်တိုက်ခိုက်လိုက်၏။ သူမသည် ကောင်းကင်ဘုံအမြုတေလှံကိုမြှောက်ပြီး နိုးထဝိညာဥ်တစ်ယောက်၏ မျက်နှာဆီသို့ ပစ်ထိုးလိုက်၏။
“ပျက်စမ်း”
နိုးထဝိညာဥ်က ဟိန်းဟောက်၍ ခုတ်ပိုင်းဖို့အတွက် သူ၏ဓားကို ပင့်မြှောက်လိုက်၏။
ဤလူသည် စောစောက မူလပကတိအရှင် ဓမ္မလက်နက်ကိုသုံးပြီး လိုဏ်ခေါင်းပေတံကို ကျိုးပဲ့စေခဲ့သူဖြစ်၏။ သူက ပေမင်ရွှယ်၏ ပထမဆုံးပစ်မှတ်ဖြစ်လာ၏။
ချွမ်း...
ထင်မှတ်ထားသည့်အတိုင်းပင် ကောင်းကင်ဘုံအမြုတေလှံက ကြေမွပျက်စီးသွား၏။
သို့သော်လည်း ထိုသူကလည်း ဆတ်ခနဲတုန်ခါသွားလေသည်။
ကောင်းကင်ဘုံအမြုတေလှံထဲတွင် ရှိနေသည့် သိပ်သည်းပြင်းထန်သော စွမ်းအားသည် သူ၏ဓမ္မလက်နက်မှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ်တိုးဝင်လာပြီး သူလည်းခံစားရသိပ်မကောင်းလှပေ။
ကံကောင်းထောက်မစွာဖြင့် သူသည် သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် မီးဆေးထားခဲ့၏။ အဲ့ဒါသည် ဒေါင်ဖန် သို့မဟုတ် နန်းကုန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ်တစ်ယောက်သာဆိုလျှင် သူက ထိုတိုက်ခိုက်မှုတစ်ချက်မှာ အပြင်းအထန် ဒဏ်ရာရရှိသွားပေလိမ့်မည်။
ထိုသူက ဆတ်ခနဲတုန်ခါသွားသည့်အခိုက်အတန့်မှာပင် ပေမင်ရွှယ်၏အကြည့်က သိပ်သည်းကျစ်လျစ်လာပြီး ရှေ့သို့စောင်းငဲ့ကာ ချက်ချက်းပင် ခုန်ဝင်လိုက်၏။ သူမသည် အခြားသောနိုးထဝိညာဥ်သုံးယောက်၏ ဓမ္မလက်နက်များကိုရှောင်တိမ်းပြီး ထိုသူ၏ရင်ဘတ်ကိုပစ်တွန်းလိုက်၏။
ဘန်း...
ထိုသူ၏ရင်ဘတ်က ချိုင့်ဝင်သွားပြီး သူက မျက်လုံးပြူးမျက်ဆံပြူးဖြင့် အရုပ်ကြိုးပြတ်လဲကျသွား၏။
တစ်ခဏအတွင်းမှာပင် ရှီမန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ်နှစ်ယောက်က ဒုက္ခိတဖြစ်သွားခဲ့လေပြီ။
သိုင်းတာအိုကိုကျင့်ကြံပြီးနောက် ပေမင်ရွယ်၏ခွန်အား ၊ အမြန်နှုန်း ၊ တုံ့ပြန်မှုနှင့် စိတ်ဝိညာဥ်အသိစိတ်တို့သည် အလွန်တရာကြောက်စရာကောင်းသော အဆင့်တစ်ခုထိ ရောက်ရှိလာခဲ့လေပြီ။
ရွှစ်...
သူမ၏ နောက်ဘက်တွင် လေတစ်ချက်က တိုက်ခတ်လာ၏။
ပေမင်ရွှယ်သည် နောက်စေ့မှာမျက်လုံးပါပုံရပြီး ပြန်လှည့်ကြည့်ခြင်းမရှိဘဲ သူမ၏ခန္ဓာကိုယ်မှ တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာ၏။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လူပုလေးတစ်ယောက်အဖြစ်အသွင်ပြောင်းလဲသွားသည့်အလား ရုတ်တရက်ကျုံ့ဝင်သွားပြီး ဓမ္မလက်နက်သုံးခု၏ တိုက်ခိုက်မှုကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နိုင်၏။
ဆူနာမီသွေးအဆင့်၌ အရွတ်အသွင်ပြောင်းလဲခြင်းကို ကျွမ်းကျင်ပိုင်နိုင်ဖို့ ပို၍ပင်လွယ်ကူလာ၏။
ကျန်ရှိနေသော နိုးထဝိညာဥ်သုံးယောက်က ကြောင်အ,မှင်တက်သွားကြ၏။
ပေမင်ရွှယ်သည် သူမ၏ခန္ဓာကိုယ်ကို တစ်ဖန်ပြန်ဆန့်လာပြီး နိုးထဝိညာဥ်တစ်ယောက်ရှေ့သို့ ရောက်ရှိလာကာ ထိုသူ၏လည်ပင်းကို ဖမ်းဆွဲလိုက်၏။
“ဗြစ်...”
ချက်ချင်းပင် နိုးထဝိညာဥ်၏လည်ပင်းသည် စုတ်ပြဲသွားပြီး မြေပြင်ပေါ်သို့လဲကျကာ တဆတ်ဆတ်တုန်နေ၏။
ပွဲကြည့်ဧရိယာတွင် ရှီမန်ကျီ၏အမူအရာက အလွန်တရာသုန်မှုန်လာခဲ့ပြီဖြစ်၏။
သူ၏ရင်ထဲတွင် ပေမင်ရွှယ်က သေလူတစ်ယောက်ဖြစ်နေခဲ့လေပြီ။
သို့သော်လည်း ဘာပဲပြောပြောသူက မူလနတ္ထိတစ်ယောက်ဖြစ်၏။ သူ၏အဆင့်အတန်းကြောင့် သူက အဲ့ဒါကို သည်းခံပြီး ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်လို့ မဖြစ်ပေ။
တစ်ဘက်မှာတော့... အစက ပေမင်ရွှယ်ထံသို့ ပြေးဝင်သွားသော ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ်များသည်လည်း အဲ့ဒါကိုသတိထားမိသွားပြီး ပေမင်ရွယ်ကို ဝိုင်းပတ်လိုက်ကြ၏။
ရွှစ်.... ရွှစ်....ရွှစ်...
ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ် ၇ယောက် ရောက်မလာခင်မှာပင် သူတို့သည် သူတို့၏ မူပိုင်ဓမ္မလက်နက်များကို ဆင့်ခေါ်ပြီး လေထုကိုဖြတ်ကျော်ကာ ပေမင်ရွှယ်ထံသို့ ပြေးဝင်သွားကြပြီဖြစ်၏။
ပေမင်ရွယ်က အန္တရာယ်ကိုအာရုံခံမိသွားပြီး ကြီးမားပြင်းထန်သည့်ဖိအားတစ်ခုကို ခံစားလာရ၏။
ကျောက်သားစင်မြင့်ပေါ်တွင် ရှီမန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ်နှစ်ယောက်သာလျှင် ကျန်ရစ်တော့၏။
ရှီမန်ရှေးတော်ဝင်မိသားစုမှ ပကတိအရှင်နှစ်ယောက်သည် အနီးကပ်တိုက်ခိုက်ခြင်းမှာ ဝင်လုံးပြီး သူမ၏ လှုပ်ရှားမှုနည်းစနစ်များကို ကန့်သတ်နိုင်မည်ဆိုလျှင် ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ ပကတိအရှင်များက အဝေးကနေ တိုက်ခိုက်လာသည်နှင့် သူမက အလွန်တရာအန္တရာယ်များသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။
ထိုသို့အတွေးဖြင့် ပေမင်ရွှယ်သည်ရှေ့သို့ တက်လှမ်းပြီး ဝင်ရောက်လာသော ဓားပျံများနှင့် လှံများကိုလျစ်လျူရှုကာ ရှီမန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ်နှစ်ယောက်ဆီသို့ ပြေးဝင်သွား၏။
နိုးထဝိညာဥ်နှစ်ယောက်ကလည်း အတွေ့အကြုံကြွယ်ဝပြီး စိတ်လိုက်မာန်ပါတိုက်ခိုက်ခြင်းမရှိတော့ပေ။ သူတို့က သူတို့၏ နည်းဗျူဟာကိုပြောင်းလဲပြီး ပေမင်ရွှယ်၏လှုပ်ရှားမှုများကို ကန့်သတ်ဖို့သာ အာရုံစိုက်လိုက်ကြ၏။
ပေမင်ရွှယ်၏မျက်လုံးထဲတွင် ပြတ်သားသည့်ပုံရိပ်တစ်ခုက ထင်ဟပ်လာပြီး နိုးထဝိညာဥ်တစ်ယောက်၏ ဓမ္မလက်နက်ကို ရုတ်တရက်ဖမ်းဆွဲလိုက်၏။
“နင်ကတော့... သေချင်နေပြီပဲ”
ရှီမန်ရှေးတော်ဝင်မိသားစု၏ နိုးထဝိညာဥ်က ထိုသည်ကိုမြင်သောအခါ ကျေနပ်သဘောကျသွား၏။ သူက သူ့လက်ထဲရှိဓားကို အလောတကြီး ခါယမ်းပြီး ပေမင်ရွယ်၏လက်ဖဝါးကို ပိုင်းဖြတ်ချင်လေသည်။
ဖောက်..
ပေမင်ရွှယ်က သူမ၏လက်ဖဝါးဖြင့် သူ၏ဓားကိုဖမ်းဆွဲပြီး နီရဲနေသောသွေးများက စီးကျလာ၏။ သို့သော်လည်း ဓားက လုံးဝလှုပ်ရှားခြင်းမရှိတော့ပေ။
“ဟမ်...”
နိုးထဝိညာဥ်က ထိတ်ထိတ်ပျာပျာဖြစ်သွား၏။
ပေမင်ရွှယ်သည် အခြေအနေကို အသာစီးရယူပြီး ထိုသူ၏ခေါင်းကိုပစ်ရိုက်ကာ သတ်ဖြတ်လိုက်၏။
ရှီမန်ရှေးတော်ဝင်မိသားစုမှ ကျန်ရစ်သောနိုးထဝိညာဥ်သည်လည်း လွတ်မြောက်နိုင်ခြင်းမရှိတော့ပေ။ ပေမင်ရွှယ်သည် ရှေ့သို့အလောတကြီးတက်ပြီး သူမ၏ ဒဏ်ရာရနေသောလက်ဖဝါးနှင့်ပင် ထိုသူကို ရိုက်သတ်လိုက်၏။
ဖောက်.. ဖောက်...
ထိုအခိုက်အတန့်တွင် သူမသည် အဆက်မပြတ်လိုက်လံတိုက်ခိုက်ခဲ့ရပြီး သူမ၏စိတ်နှင့်ခန္ဓာ စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ရပြီးလေပြီ။
သူမသည် ဓမ္မလက်နက် ၅ခုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူမသည် လက်နက်နှစ်ခုကိုတော့ မရှောင်တိမ်းနိုင်ခဲ့ပေ။ သူမ၏ ဝမ်းဗိုက်က လှံတစ်ချောင်း၏ ထိုးဖောက်ခြင်းခံလိုက်ရ၏။
သူမ၏ ပေါင်ပေါ်တွင် အရိုးထိတိုင်နက်သော ဒဏ်ရာတစ်ခုဖြစ်ပေါ်လာပြီး သွေးများက တစ်စက်စက်စီးကျနေ၏။
ဒါ့အပြင် သူမသည် ရှီမန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ်နှစ်ယောက်ကို အတင်းအကျပ်ဖိအားပေး၍ သတ်ဖြတ်ထားကာစဖြစ်ပြီး သူမ၏ လက်ဖဝါးက သွေးများဖြင့်နီစွေးနေ၏။ သူမသည် အလွန်တရာဆိုးဆိုးရွားရွားပုံပေါက်နေ၏။
“ခွေးမ... သေဖို့သာပြင်ထားပေတော့”
ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ်တစ်ယောက်က ပေမင်ရွှယ်ကိုငုံ့ကြည့်လိုက်၏။
သူတို့အတွက်တော့ သူမ၏ပြင်းထန်သောဒဏ်ရာများသည် သူမ၏တိုက်ခိုက်ရည်ခွန်အားကို ဆုံးရှုံးသွားရခြင်းနှင့်တူလေသည်။ ပေမင်ရွယ်သည် နေရာမှာမတ်တတ်ရပ်နိုင်သေးသော်လည်း သူမက အရှိန်အဟုန်ကုန်သွားသည့် မြားတစ်စင်းကဲ့သို့ဖြစ်နေလေပြီ။ သို့သော် မကြာခင် ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ်များ၏ အမူအရာများသည် ပြောင်းလဲသွားကြ၏။
သူတို့၏မျက်လုံးများက ပြူးကျယ်သွားပြီး သူတို့၏သူငယ်အိမ်များက တဆတ်ဆတ်လှုပ်လာခဲ့ကြ၏။
“ဟာ...”
လူအုပ်ကြီးထဲမှ ပင့်သက်ရှိုက်သံများကလည်း ထွက်ပေါ်လာကြ၏။
ပွဲကြည့်ဧရိယာတွင် ရှီမန်ကျီနှင့် ဒေါင်ဖန်ရီတို့၏အမူအရာများကလည်း သုန်မှုန်လာပြီး ပေမင်ရွှယ်၏ ဒဏ်ရာများကိုငေးကြည့်ကာ တီးတိုးရေရွတ်လိုက်ကြ၏။
“အဲ့ဒါ... ဘယ်လိုဖြစ်နိုင်မှာလဲ”
အားလုံး၏အကြည့်အောက်မှာပင် ပေမင်ရွှယ်၏ဒဏ်ရာများက မြင်နိုင်သောနှုန်းထားဖြင့် သက်သာပျောက်ကင်းလာနေ၏။
သူမ၏ဝမ်းဗိုက်ပေါ်ရှိ ကြီးမားစွာပေါက်ထွက်နေသော နေရာတစ်ဝိုက်တွင် အသားများက လျင်မြန်စွာကြီးထွားလာပြီး သူမ၏ဒဏ်ရာများကိုကုသဖို့အတွက် ယှက်ဖြာလာကြ၏။
အချိန်တိုအတွင်းမှာပင် ပေမင်ရွှယ်၏ လက်ဖဝါးပေါ်ရှိဒဏ်ရာက သက်သာပျောက်ကင်းသွားခဲ့လေပြီ။
သူမ၏ပေါင်ပေါ်ရှိ ဒဏ်ရာက အနာဖေးတစ်ခုကိုဖြစ်ပေါ်လာစေပြီး တစ်ခဏအတွင်းမှာပင် အဲ့ဒါက ကြွေကျသွား၏။
“ဒါက...”
“ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်တဲ့ ပြန်လည်ကုသနိုင်စွမ်းလဲ “
“ငါသိပြီ... အဲ့ဒါက မဖျက်ဆီးနိုင်သောစိန်ပဲ... ပေမင်ရွယ်က သိုင်းတာအိုရဲ့ အဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်း မဖျက်ဆီးနိုင်သောစိန်ကို ကျင့်ကြံထားခဲ့ပြီပဲ”
လူအုပ်ကြီးထဲမှ အာမေဋိတ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။
သိုင်းတာအို၏ အဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်း မဖျက်ဆီးနိုင်သောစိန်သည် ဤကျင့်ကြံမှုအဆင့်၌ လူတစ်ယောက်သည် လက်နက် ၊ ရေနှင့်မီးတို့ကို မှုစရာမလိုတော့ဟု မဆိုလိုပေ။
ဘာပဲပြောပြော လူတစ်ယောက်၏ခန္ဓာကိုယ်က မည်မျှပင်သန်မာသည်ဖြစ်ပါစေ ကြောက်စရာကောင်းသောခွန်အား သို့မဟုတ် လက်နက်များနှင့် ရင်ဆိုင်ရလျှင် ဒဏ်ရာရရှိနိုင်ဆဲ ဖြစ်၏။
မဖျက်ဆီးနိုင်သောစိန်ဆိုသည်မှာ ဒဏ်ရာများရရှိပြီးနောက် အလွန်တရားအားကောင်းသည့် ပြန်လည်ကုသနိုင်စွမ်းနှင့်အတူ သူ၏တိုက်ခိုက်ရည်ခွန်အားကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်ခြင်းဖြစ်၏။
မူလသွေးမျိုးဆက် ကြမ်းကြုတ်တောကောင်များပင်လျှင် ဤမျှထိကြောက်စရာကောင်းသော ပြန်လည်ကုသနိုင်စွမ်းကို ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။
“မင်းတို့တွေက ဘာကိုစောင့်နေကြတာလဲ”
ဒေါင်ဖန်ရီက မနေနိုင်ဘဲအော်ပြောလိုက်၏။
“မင်းတို့တွေက အဲ့ဒီခွေးမ အားပြန်ပြည့်ပြီး တိုက်ခိုက်လာမှာကို စောင့်နေကြတာလား”