← Chapters

နဂါးဆင်အင်အားနှင့် မျိုးဆက်သွေးနိုးထလာခြင်း

Vol. 91 Ch. 1363

နဂါးဆင်အင်အားနှင့် မျိုးဆက်သွေးနိုးထလာခြင်း

Vol. 91 Ch. 1363

ရွှစ်.... ရွှစ်... ရွှစ်...

ဓမ္မလက်နက်များသည် လေထုကို ဆုတ်ဖြဲ၍ ပေမင်ရွှယ်ရှိရာသို့ ချက်ချက်းပင် ရောက်ရှိလာကြ၏။

ပေမင်ရွှယ်သည် ကျောက်သားစင်မြင့်ထက်မှာ ရှေ့သို့ခုန်တက်ပြီး ခန္ဓာကိုယ်ကို လှည့်လိုက်၏။ သူမသည် မြေပြင်နှင့် ထိတွေ့ခြင်းမရှိဘဲ နိုးထဝိညာဥ်များထဲမှ တစ်ယောက်ဆီသို့ ပြေးဝင်သွားပြီး မြွေနဂါးတစ်ကောင်ကဲ့သို့ ပေါ့ပါးဖျတ်လတ်ကြော့ရှင်းနေ၏။

ကျင့်ကြံသူများအားလုံးသည် ပေမင်ရွှယ်၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယစွမ်းအားကို တွေ့မြင်ထားကြ၏။

ရှီမန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ်များပင်လျှင် ဖိနှိမ်ခံခဲ့ရ၏။ ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ ပကတိအရှင်များသည် သူမကို ထိပ်တိုင်ရင်ဆိုင်နိုင်စရာအကြောင်းမရှိပေ။

ထိုနိုးထဝိညာဥ်သည် အလွန်တရာလျင်မြန်စွာ တုံ့ပြန်ပြီး နောက်သို့ခုန်ဆုတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် လက်ဟန်ချိပ်စည်းများကိုလှုပ်ရှားပြီး ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်ကာ ပေမင်ရွှယ်ပေါ်သို့ လွှမ်းခြုံကျဆင်းသွားစေ၏။

ဘုန်း..

ပေမင်ရွှယ်သည် သူမ၏ခေါင်းကိုမော့၍ ကျဆင်းလာသော ဓမ္မပညာရပ်ကို ပြင်းထန်စွာပစ်ထိုးလိုက်၏။

သူမ၏ ကိုယ်ကာယနှင့် သွေးချီနှင့်ပင်လျှင် ရွှေအမြုတေအဆင့်မှာရှိသော ပေမင်ရွှယ်သည် နိုးထဝိညာဥ်တစ်ယောက်၏ ဓမ္မပညာရပ်ကို ချေဖျက်နိုင်ခဲ့၏။

သို့သော်လည်း ထိုဓမ္မပညာရပ်နှင့် ထိတွေ့ရိုက်ခတ်မှုပြီးနောက် သူမသည် ထိုသူနောက်သို့ လိုက်မီနိုင်ဖို့ အခွင့်အရေးမရှိတော့ပေ။

ဘန်း... ဘန်း...

အခြားသောနိုးထဝိညာဥ်များ၏ ဓမ္မပညာရပ်များကလည်း ကောင်းကင်တခွင် အုပ်မိုး၍ ကျဆင်းလာ၏။

ဓမ္မလက်နက်များနှင့် ဓမ္မပညာရပ်များသည် ပေမင်ရွှယ်ရှိရာနေရာကို အဆက်မပြတ် ဖိနှိမ်လာပြီး သူမသည် မည်သည့်ကျင့်ကြံသူထံကိုမှ မချည်းကပ်နိုင်တော့ပေ။

တကယ်တော့... သူမ၏ ပြန်လည်ကုသနိုင်စွမ်းသည် မဖျက်ဆီးနိုင်သော စိန်အဆင့်ကို ကျင့်ကြံပြီးနောက် အလွန်တရာကြောက်စရာကောင်းလာခဲ့၏။ ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဥ် ၇ယောက်အနေဖြင့် အချိန်တိုအတွင်း ပေမင်ရွှယ်ကို ဝိုင်းဝန်းပိတ်ဆို့သတ်ဖြတ်နိုင်ဖို့ကလည်း ခက်ခဲလေသည်။

သူတို့သည် ရွှေအမြုတေတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် ပူးပေါင်းတိုက်ခိုက်နေကြသည်ဆိုလျှင်တောင် နိုးထဝိညာဥ် ၇ယောက်က မျှခြေတစ်ခုမှာ လွန်ဆွဲနေရ၏။

ဒေါင်ဖန်ရီ၏အမူအရာက တည်ကြည်လေးနက်လာလေသည်။ တကယ်ဆို... သူသည် ပေမင်ရွှယ်ကို ကိုယ်တိုင်သတ်ဖြတ်ဖို့အတွက် လှုပ်ရှားမှုတစ်ခုပင်ပြုလုပ်ချင်လာ၏။

သို့သော်လည်း သူ၏အဆင့်အတန်းနှင့် လက်ရှိနေရာမှာ လူပေါင်းများစွာရှိနေသည့်အတွက် သူသည် ခဏမျှစဥ်းစားတွေးတောကာ ဘေးသို့တစ်ချက်ကြည့်ပြီး တီးတိုးပြောဆိုလိုက်၏။

“ဝူဟွား... မင်းတို့၅ယောက် ရှေ့ကိုထွက်ပြီး အဲ့ဒီခွေးမကို တတ်နိုင်သမျှ မြန်မြန်ဖိနှိမ်လိုက်စမ်း”

ပကတိအရှင်ဝူဟွားသည် အနည်းငယ်ခေါင်းညိတ်၍ လှစ်ခနဲဆို လေထဲသို့ရောက်ရှိသွား၏။ အခြားသော နိုးထဝိညာဥ် ၄ယောက်ကလည်း နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါသွားကြ၏။

“မြန်မြန်ကြည့်စမ်း... ဒေါင်ဖန်ရှေးတော်ဝင်မိသားစုက နောက်ထပ် နိုးထဝိညာဥ် ၅ယောက် တိုက်ခိုက်လာကြပြီ”

“ပေမင်ရွယ်ကတော့သွားပြီ... သူကတော့ အကြီးအကျယ်ဒုက္ခရောက်ပြီ ပေမင်ကလန်ကလည်း အဖျက်ဆီးခံရတော့မယ်”

“သူမရဲ့ အံ့ချီးလောက်တဲ့ ပါရမီအရည်အချင်းတွေက ပြုန်းတီးသွားတော့မှာပဲ... အရင်တုန်းက အဋ္ဌမမြောက်အသွင်ပြောင်းလဲခြင်းကို ကျင့်ကြံထားနိုင်တဲ့သူကို ငါတစ်ခါမှ ကြားတောင်မကြားဖူးခဲ့ဘူး”

“အဲ့ဒါကိုကြည့်ပြီးပြောရမယ်ဆိုရင် တာအိုအရှင်အထီးကျန်သိုင်းသခင်က သမိုင်းတစ်လျှောက် နံပါတ်တစ်ပြန်ဝင်စားမွန်းစတားဖြစ်နေခဲ့တာ အံ့ဩစရာမရှိတော့ဘူး... သူဖန်တီးလိုက်တဲ့ သိုင်းသုတ္တန်ကတောင် ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားတစ်ခုရအောင် ကျင့်ကြံနိုင်တယ်ဆိုတော့”

ကျင့်ကြံသူများက ဆွေးနွေးပြောဆိုကြရင်း လူအုပ်ကြီးက ရုတ်ရုတ်သဲသဲ ဖြစ်လာကြ၏။

နန်းကုန်လင်း ၊ လျှိုဟန်ယန်နှင့် ရူရွှမ်တို့ကလည်း စိုးရွံ့ထိတ်လန့်လာ၏။ သူတို့သုံးယောက်သည် ဆူဇီမိုကိုအလိုလိုလှည့်ကြည့်လိုက်၏။

ထိုအခိုက်အတန့်တွင် ဆူဇီမိုသည် ပေမင်ရွှယ်ဒုက္ခရောက်နေသည်ကို မတွေ့မြင်သည့်အလား သူ၏မျက်လုံးနှစ်ဖက်ကိုမှိတ်၍ တည်​ငြိမ်ကာ ဣန္ဒြေရနေဆဲ ဖြစ်၏။

“ဆရာဘိုးလေးက အရမ်းကို တည်​ငြမ်လွန်းတယ်... သူက သူ့တပည့်ဒုက္ခရောက်နေတာကို ဒီတိုင်းပဲ လွှတ်ထားတာလား”

ရူရွှမ်က တိတ်တဆိတ်ပြောစရာစကားမဲ့သွားရ၏။

နန်းကုန်လင်းကလည်း တွေဝေရှုပ်ထွေးနေပြီး အသံတစ်ခုကိုပို့လွှတ်လိုက်၏။

“ဆရာဘိုးလေးမှာ တခြားရည်ရွယ်ချက်ရှိနေတာများလား”

ထိုစဥ်မှာပင် တိုက်ပွဲမြေပြင်ရှိအ​ခြေအနေက နောက်ထပ်နိုးထဝိညာဥ် ၅ယောက် ထပ်မံရောက်ရှိလာခြင်းနှင့်အတူ ပြောင်းလဲသွား၏။

အစကတော့... ပေမင်ရွှယ်သည် နိုးထဝိညာဥ် ၇ယောက်ကို ခုခံနိုင်နေသေး၏။ သို့သော် ယခုအခါ နိုးထဝိညာဥ် ၁၂ယောက်၏ ဝန်းရံပိတ်ဆို့ခြင်းကို ခံနေရပြီး သူမက သိသိသာသာရုန်းကန်နေရလေပြီ။

သူမသည် တိုက်ပွဲများကို အဆက်မပြတ်တိုက်ခိုက်လာခဲ့ရ၏။

ဒါ့အပြင် သူမက နိုးထဝိညာဥ်များနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပြီး သုံးစွဲရသော အင်အားပမာဏကလည်း အရမ်းကိုများပြားလွန်းလေသည်။

သူမသည် သိုင်းတာအိုကို ကျင့်ကြံထားပြီး သန်မြန်သောသွေးချီနှင့် သက်လုံအားရှိနေခြင်းကြောင့်သာမဟုတ်လျှင် သူမက ပြိုလဲကျသွားသည်မှာ ကြာနေလောက်လေပြီ။

အချိန်ကြာလာသည်နှင့်အမျှ ပေမင်ရွှယ်၏ လှုပ်ရှားမှုနည်းစနစ်သည် တဖြည်းဖြည်း နှေးကွေးလာပြီး သူမသည် အရင်ကကဲ့သို့ ပေါ့ပါးဖျတ်လတ်ခြင်း မရှိတော့ပေ။

ဖောက်...

ပေမင်ရွှယ်၏ ရှောင်တိမ်းမှုများထဲမှ တစ်ချက်သည် အနည်းငယ်လေးကန်သွားပြီး သူမ၏လက်မောင်းပေါ်တွင် ဒဏ်ရာအသစ်တစ်ခုဖြစ်ပေါ်လာကာ သွေးများက စီးကျလာ၏။

ဖောက်...

ထိုဒဏ်ရာကို မကုသနိုင်ခင်မှာပင် နောက်ထပ်ဓားပျံတစ်လက်က ပေမင်ရွှယ်၏ပေါင်ကိုလှီးဖြတ်သွားပြီး သွေးများကို ဖြာထွက်လာစေ၏။

သူမ၏ပုံရိပ်က ဒယီးဒယိုင်ယိမ်းထိုးသွား၏။

သို့သော်လည်း သူမသည် စိတ်ခံစားချက်ကင်းမဲ့သော မျက်နှာနှင့်အတူ အံကိုတင်းတင်းကြိတ်ပြီး အသံတစ်ချက်မထွက်ပေ။

“ခွေးမ... နင်ဘယ်လောက်ကြာကြာခံနိုင်ရည်ရှိမလဲ ကြည့်ရသေးတာပေါ့”

ပကတိအရှင် ဝူဟွားက လှောင်ပြောင်လိုသောအကြည့်နှင့်အတူ သရော်ပြုံးပြုံးလိုက်၏။

ဖောက်... ဖောက်... ဖောက်...

ပေမင်ရွှယ်၏ ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်ဒဏ်ရာများက ထပ်မံဖြစ်ပေါ်လာ၏။

သူမ၏ပြန်လည်ကုသနိုင်စွမ်းက ဘယ်လောက်ပဲ သန်မာသည်ဖြစ်ပါစေ အချိန်မီမကုသနိုင်တော့ပေ။

သိပ်မကြာခင် ပေမင်ရွှယ်သည် သွေးများ ဒဏ်ရာများဖြင့် ပြည့်နှက်လာပြီး အလွန်တရာ ဆိုးဆိုးဝါးဝါးပုံပေါက်လာ၏။

သို့သော်လည်း သူမ၏မျက်လုံးထဲတွင် အညံ့ခံမည့်အရိပ်အယောင်လုံးဝမရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ကိုယ်တွင်းမှာ ကြောက်စရာကောင်းသောစွမ်းအားတစ်ခုက ​တဖြည်းဖြည်းနိုးထလာနေပုံရ၏။

တကယ်ဆို... သူမသည် သိုင်းတာအိုကို ကျင့်ကြံပြီးကတည်းက ပေမင်ရွှယ်သည် အသစ်အမှန်ပညာရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်ရခြင်း သို့မဟုတ် သေရေးရှင်ရေးကပ်ဘေးတစ်ခုခုနှင့် ကြုံတွေ့ရခြင်း ဘယ်တုန်းကမှ မရှိခဲ​ပေ။

ဆူဇိမို၏ လမ်းညွှန်ပြသမှုနှင့်ပင်လျှင် သူမ၏အောင်မြင်ထွန်းပေါက်မှုက အကန့်အသတ်ရှိနေခဲ့၏။

အရင်တုန်းက တျဲယွဲ့သည်လည်း ဆူဇီမိုကို ကန်းလန်ရိုးမမှာ တစ်နှစ်ကြာအောင် စွန့်ပစ်ခဲ့ပြီး အမှန်တကယ်ရှင်သန်ကြီးထွားလာစေခဲ့၏။

ယခု သူမသည် ဒေါင်ဖန်ကျစ်ကိုအနိုင်ယူခဲ့ပြီး သူမရင်ထဲရှိအထုံးက ပြေလျော့သွားက သူမ၏စိတ်က ရှင်းလင်းနေ၏။ သူမသည် မကြုံစဖူး ဝမ်းသာပျော်ရွှင်မှုတစ်ခုကို ခံစားနေရပြီး သိုင်းတာအိုပေါ် နားလည်သဘောပေါက်မှု အမြင်သစ်တစ်ခုရရှိလာ၏။

ဒါ့အပြင် ကြီးမားပြင်းထန်သော ဖိအားနှင့် သေခြင်းရှင်ခြင်း၏ အဆက်မပြတ်ထိုးနှက်မှုအောက်မှာ သိုင်းတာအို၏ နဝမမြောက်အသွင်းပြောင်းလဲခြင်း၏ အဟန့်အတားက နောက်ဆုံးမှာ ပြေလျော့လာခဲ့၏။

“အား...”

ရုတ်တရက် ပေမင်ရွှယ်သည် သူမ၏ခေါင်းကိုမော့၍ ကောင်းကင်ထက်သို့ မာန်သွင်းဟိန်းဟောက်လိုက်၏။ သူမသည် သွေးများဖြင့် ရွှဲရွှဲစိုနေသော်လည်း သူမ၏ခန္ဓာကိုယ်ထဲမှာ အချုပ်အနှောင်တစ်ခုက ကျိုးပြတ်သွားသည့်အလား ထင်ရ၏။

အံ့မခမ်းစွမ်းအားတစ်ခုသည် သူမ၏ခန္ဓာကိုယ်ထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး ပေါက်ကွဲထွက်ပေါ်ဖို့ အဆင်သင့်ဖြစ်လာ၏။

ထိုမာန်သွင်းဟိန်းဟောက်သံက အရမ်းကိုကြောက်စရာကောင်းလေသည်။

အဲ့ဒါသည် နဂါးတစ်ကောင်ဟိန်းဟောက်သံနှင့် ဆင်တစ်ကောင်အော်သံနှင့် တူနေ၏။

ပကတိအရှင် ဝူဟွားနှင့် အခြားသူများပင်လျှင် သူတို့၏နားထဲမှာ စူးစူးရှရှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူတို့၏ခန္ဓာကိုယ်များက ယိမ်းထိုးကာ လေထဲကနေ ပြုတ်ကျလုနီးပါးဖြစ်သွားရ၏။

“ဒါက...”

“အဲ့ဒါက... သိုင်းတာအိုရဲ့ နဝမမြောင်အသွင်ပြောင်းလဲခြင်း နဂါးဆင်အင်အားမလား”

တုန်လှုပ်သံများနှင့် အမေဋိတ်သံများက လူအုပ်ကြီးထဲကနေ ပေါ်ထွက်လာ၏။

ဘန်း... ဘန်း… ဘန်း...

ရုတ်တရက် ပေမင်ရွှယ်သည် သူမ၏လက်သီးနှစ်ဖက်ကို ဘက်ပေါင်းစုံသို့ လွှဲယမ်းပြီး သူမ၏ခန္ဓာကိုယ်ထဲမှ တလိပ်လိပ်တက်လာနေသော စွမ်းအားကို လွှတ်ပေးလိုက်၏။

ဝင်ရောက်လာသော ပကတိအရှင် ဓမ္မလက်နက်သည် ပေမင်ရွှယ်၏ လက်သီးချက်ဖြင့် လွင့်စင်ထွက်သွားပြီး လူအုပ်ကြီးထဲသို့ပစ်ကျကာ အုန်းအုန်းကျက်ကျက်ဖြစ်သွားစေ၏။

“ဟာ...”

ပကတိအရှင်ဝူဟွားနှင့် အခြားသူများ၏ အမူအရာကပြောင်းလဲသွားကြ၏။

ပကတိအရှင် ဓမ္မလက်နက်တစ်ခုကတောင် ပေမင်ရွှယ်ကို မထိခိုက်စေနိုင်တော့ဘူးလား။

“အားလုံးပဲ... ဒီမိန်းမကို ပူးပေါင်းပြီးတော့ ဖိနှိမ်လိုက်ကြရအောင်”

ပကတိအရှင်ဝူဟွားက အော်ဟစ်၍ သူ၏အမြုတေစိတ်ဝိညာဥ်ကို အရူးအမူးလှည့်ပတ်လိုက်၏။ သူက စွမ်းအားကြီးမားသော ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။

အခြားသောနိုးထဝိညာဥ်များသည်လည်း လက်ဟန်ချိပ်စည်းများကို လှုပ်ရှားပြီး ဓမ္မပညာရပ်များကို တစ်ခုပြီးတစ်ခုထုတ်ဖော်လိုက်ကြ၏။

ချက်ချင်းပင် ကျောက်သားစင်မြင့်ပတ်လည်တွင် ဓမ္မစွမ်းအားများက တရုန်းရုန်းထကြွလာ၏။

ဓမ္မပညာရပ် ၁၂ခုသည် လေထုကိုဆုတ်ဖြဲ၍ ကြောက်စရာကောင်းသောစွမ်းအားတစ်ခုကို ထုတ်ဖော်ပြီး ပေမင်ရွှယ်ကို မိုးကြိုးကဲ့သို့ ဖိနှိမ်လိုက်၏။

ပေမင်ရွှယ်၏မျက်လုံးများက အေးစက်လာပြီး သူမ၏သွေးချီက တလိပ်လိပ်တက်ကာ အရူးအမူးလည်ပတ်လာ၏။ ရှေးဟောင်းခေတ်က စွမ်းအားတစ်ခုသည် တိတ်တဆိတ်နိုးထလာနေခဲ့လေပြီ။

ဝေါ...

ဆူနာမီသံက လေထဲကနေ ထွက်ပေါ်လာ၏။

အဲ့ဒါက ဆူနာမီသွေးမဟုတ်ပေ။

လူတိုင်း၏ရှေ့မှောက်မှာပင် ညိုမှောင်သော သမုဒ္ဒရာတစ်စင်းက ပေမင်ရွှယ်၏နောက်မှာ ထွက်ပေါ်လာပြီး အလွန်တရာ အေးစက်နေသောအော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

“ပေမင်သမုဒ္ဒရာလား”

ပေမင်အောင်သည် တွေဝေရှုပ်ထွေးသောအမူအရာနှင့်အတူ တီးတိုးရေရွတ်လိုက်၏။

သူ၏ရွှေအမြုတေနယ်မြေသည် ပေမင်သမုဒ္ဒရာဖြစ်ပြီး သူက ထိုသမုဒ္ဒရာနှင့် အရမ်းကိုရင်းနှီးကျွမ်းဝင်လေသည်။ သို့သော်လည်း ပေမင်ရွှယ်၏ နောက်ဘက်ရှိ သမုဒ္ဒရာ၏ စွမ်းအားသည် သူ၏ပေမင်သမုဒ္ဒရာထက် အဆများစွာသန်မာလေသည်။

ဤသမုဒ္ဒရာနှင့်ရင်ဆိုင်ရချိန်တွင် သူ၏ရွှေအမြုတေနယ်မြေက ရေဗွက်အိုင်တစ်ခုကဲ့သို့ဖြစ်လာ၏။

“အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ”

ပေမင်အောင်သည် မျက်လုံးကိုပုတ်ခတ်၍ သိချင်စိတ်ဖြင့် မေးခွန်းထုတ်လိုက်၏။

“သိုင်းတာအိုကို ကျင့်ကြံပြီးတဲ့နောက် သူတို့က ရွှေအမြုတေနယ်မြေကို မဖန်တီးနိုင်ဘူးမလား”

“ဒါ... ဒါက”

ပေမင်ကလန်ခေါင်းဆောင်၏အသံက အနည်းငယ်တုန်ယင်လာ၏။

“အဲ့ဒါက ရွှေအမြတေနယ်မြေမဟုတ်ဘူး... အဲ့ဒါက မျိုးဆက်သွေးနယ်မြေပဲ”

ထိုစဥ်မှာပင် ဆူဇီမိုကလည်း သူ၏မျက်လုံးနှစ်ဖက်ကိုဖွင့်လိုက်၏။

သူ၏အကြည့်သည် ပေမင်ရွှယ်၏နောက်ဘက်ရှိ သမုဒ္ဒရာ၏ အနက်ပိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည့်အလားထင်ရ၏။

ထိုအထဲမှာ များစွာပို၍ကြောက်စရာကောင်းသော တည်ရှိမှုတစ်ခု ရှိနေပုံရ၏။

All Chapters