ခွန်
Vol. 91 Ch. 1364
“မျိုးဆက်သွေးနယ်မြေလား”
ရှီမန်ကျီနှင့် ဒေါင်ဖန်ရီသည် ခါးကို ဆတ်ခနဲမတ်ပြီး တုန်လှုပ်စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
သူတို့နှစ်ယောက်စလုံးသည် မူလနတ္ထိများဖြစ်ကြပြီး လူတစ်ယောက်၏ မျိုးဆက်သွေးကို ဆူနာမီသွေးအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံဖို့ ဘယ်လောက်တောင် ခက်ခဲသလဲ ကောင်းကောင်းသိကြလေသည်။
ဆူနာမီသွေး၏ အထက်တွင် ဒဏ္ဍာရီလာ မျိုးဆက်သွေးနယ်မြေ ရှိလေသည်။
နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးကသာလျှင် ပင်ကိုနယ်မြေတစ်ခုကို ထုတ်ဖော်နိုင်သည်ဟု ဆိုကြလေသည်။
လူသားကျင့်ကြံသူများအနေဖြင့် သူတို့၏မျိုးဆက်သွေးမှတစ်ဆင့် မျိုးဆက်သွေးနယ်မြေများကို ကျင့်ကြံနိုင်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
ပေမင်ရွှယ်က သိုင်းတာအို၏ အဋ္ဌမမြောက် အသွင်ပြောင်းလဲခြင်း သို့မဟုတ် နဝမမြောက် အသွင်ပြောင်းလဲခြင်းကိုသာ ကျင့်ကြံထားမည်ဆိုလျှင် သူတို့က ဣန္ဒြေဆည်နိုင်ကြသေး၏။
သို့သော်လည်း သူတို့သည် မျိုးဆက်သွေးနယ်မြေတစ်ခုကို တွေ့မြင်သောအခါ ဒီတိုင်း ထိုင်မနေနိုင်ကြတော့ပေ။
သူတို့၏ စိတ်ထဲသို့ အတွေးတစ်ချက်က ဝင်ရောက်လာ၏။
သူတို့သည် ပေမင်ရွှယ်ကို သတ်ဖြတ်ရပေမည်။
သူမက ရွှေအမြုတေအဆင့်မှာပင် မျိုးဆက်သွေးနယ်မြေတစ်ခုကို စုဖွဲ့နိုင်နေသည်ဆိုပါက နောင်တစ်ချိန်တွင် ပေမင်ရွှယ်က ဘယ်လောက်တောင် ကြောက်စရာကောင်းလာလိုက်မလဲ။
သူတို့ထဲ မည်သူကမှ အဲဒါကို စဉ်းစားမကြည့်ရဲကြပေ။
ဘန်း.. ဘုန်း.. ဘုန်း..
တိုက်ပွဲနယ်မြေတွင်.. ပေမင်သမုဒ္ဒရာသည် တလိပ်လိပ်တက်လာပြီး ကောင်းကင်ကို အုပ်မိုးကာ ပကတိအရှင် ဝူဟွားနှင့် အခြားသူများကို ချက်ချင်းပင် လွှမ်းခြုံသွား၏။
ပင်လယ်ရေက အရိုးထိတိုင် အေးစက်နေ၏။ နိုးထဝိညာဉ် ၁၂ယောက်ကြားတွင် အချို့က ကျင့်ကြံမှုအဆင့်နိမ့်ပြီး အားနည်းသော သွေးချီများ ရှိကြ၏။ ယခုအချိန်တွင် သူတို့၏ မျိုးဆက်သွေးထဲမှာ ရေခဲဆူးချွန်လေးများက အတန်းလိုက် ထွက်ပေါ်လာပြီး သူတို့၏ ခြေလက်များက အေးစက်တောင့်တင်းသွားကြ၏။
နိုးထဝိညာဉ် ၂ယောက်သည် ဖြူဖပ်ဖြူလျော်ဖြစ်လာပြီး သူတို့၏မျက်နှာပေါ်တွင် နှင်းခဲတစ်လွှာက ဖြစ်ပေါ်လာ၏။ သူတို့၏ အကြည့်များက မှေးမှိန်သွားပြီး ပင်လယ်ထဲသို့ နစ်မြုပ်ကာ သူတို့၏ အသက်များနှင့်အတူ ပျောက်ကွယ်သွားကြ၏။
မျိုးဆက်သွေးနယ်မြေ ဆင်းသက်လာသည့် ခဏမှာပင် ၎င်းက နိုးထဝိညာဉ် ၂ယောက်ကို ဝါးမျိုသွားခဲ့၏။
ကျန်ရှိနေသော နိုးထဝိညာဉ် ၁၀ယောက်သည် ပေမင်သမုဒ္ဒရာထဲမှာ အဆက်မပြတ် ရုန်းကန်နေပြီး ထွက်ပြေးလွတ်မြောက်ချင်ကြ၏။
သို့သော်လည်း ပင်လယ်ရေက အလွန်တရာ အေးစက်နေသော အော်ရာနှင့်အတူ တလိပ်လိပ်တက်လာပြီး အဲဒီကနေ ရုန်းထွက်နိုင်ဖို့က မလွယ်ကူပေ။
ပကတိအရှင် ဝူဟွားနှင့် အခြားနှစ်ယောက်ကသာလျှင် သူတို့၏ ကာကွယ်ရေးအဆောင်များကို ဆုတ်ဖြဲပြီး သူတို့၏ ဓမ္မလက်နက်များကို စီးနင်းကာ နောက်ပြန်လှည့်ကြည့်ခြင်း မရှိဘဲ ပြေးထွက်လိုက်ကြ၏။ သူတို့သည် မျိုးဆက်သွေးနယ်မြေ၏ သက်ရောက်မှုဧရိယာကနေ ရုန်းထွက်ချင်ကြလေသည်။
ရုတ်တရက်ဆိုသလို…
နက်ရှိုင်းသော သမုဒ္ဒရာ၏ အလယ်တွင်.. ပင်လယ်ရေမျက်နှာပြင်အောက်မှာ အရမ်းကို ကြီးမားသည့် ပစ္စည်းတစ်ခုက မျောလွင့်လာသည့်အလား.. စက်ဝိုင်းခြမ်းသဏ္ဌာန် ကြီးမားသည့် လှိုင်းလုံးတစ်လုံးက တလိပ်လိပ် ထိုးတက်လာ၏။
အဲဒီနောက်.. ပင်လယ်ရေမျက်နှာပြင်ထက်တွင် ကြောက်စရာကောင်းသော လှိုင်းလုံးများသည် တစ်ခုပြီးတစ်ခု တလိပ်လိပ်တက်လာပြီး အော်မြည်လာကြ၏။
အစက ပင်လယ်ရေထဲတွင် ရုန်းကန်နေကြသော နိုးထဝိညာဉ်အချို့သည် လှိုင်းလုံးများကြား နစ်မြုပ်သွားပြီး ပြန်လည်ပေါ်ထွက်မလာကြတော့ပေ။
ပကတိအရှင် ဝူဟွားနှင့် အခြားနှစ်ယောက်သည် ကံကောင်းထောက်မစွာဖြင့် မလှမ်းမကမ်းသို့ ထွက်ပြေးလွတ်မြောက်လာကြ၏။
ထိုသို့ဆိုလျှင်တောင်.. သူတို့သုံးယောက်သည် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး သူတို့၏ မျက်နှာများက သွေးရောင်မရှိတော့ပေ။ အဲဒါသည် ပင်လယ်ရေ၏အအေးဓာတ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သူတို့သည် ထိတ်လန့်တကြား အမူအရာများနှင့်အတူ တဆတ်ဆတ် တုန်ယင်နေကြ၏။
ရုတ်တရက်ဆိုသလို…
သမုဒ္ဒရာမျက်နှာပြင်ထက်တွင် အေးစက်စက် အလင်းတန်းနှစ်ခုက ထွက်ပေါ်လာ၏။
အဲဒါက ဧရာမ မျက်လုံးတစ်စုံ ဖြစ်လေသည်။
ထိုမျက်လုံးများက အရမ်းကို ကြီးမားပြီး ကောင်းကင်ထက်ရှိ ချစ်ချစ်တောက် ပူလောင်သော နေမင်းနှင့် ဆင်တူနေ၏။
ထိုမျက်လုံးများနှင့် နှိုင်းယှဉ်လျှင် ကျင့်ကြံသူများ အားလုံးသည် အစက်အပြောက်များကဲ့သို့ သေးငယ်သွား၏။
ကျင့်ကြံသူများ အားလုံးသည် ပါးစပ်အဟောင်းသားနှင့် တုန်လှုပ်စွာ မော့ကြည့်လိုက်ကြ၏။
အားလုံး၏ အကြည့်အောက်မှာပင်.. အရမ်းကို ကြီးမားသည့် သတ္တဝါတစ်ကောင်သည် သမုဒ္ဒရာမျက်နှာပြင်ထက်မှာ တဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီး ၎င်း၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသလိုက်၏။ ၎င်းက အရမ်းကို ကြီးမားပြီးက ကီလိုမီတာထောင်ချီ ရှည်လျားသည်ဟု ထင်ရကာ ရှီမန်အိမ်တော်တစ်ခုလုံး၏ အထက်ကောင်းကင်ကို အုပ်မိုးထားလေသည်။
ဒုန်း.. ဒုန်း…
ကျင့်ကြံသူအချို့သည် ဖိအားဒဏ်ကို မခံနိုင်တော့ဘဲ မြေပြင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျကုန်၏။
ကြီးမားသည့် သတ္တဝါနှင့် ရင်ဆိုင်ရချိန်တွင် နိုးထဝိညာဉ်များနှင့် မူလနတ္ထိများ အပါအဝင် လက်ရှိကျင့်ကြံသူများ အားလုံးသည် တုန်လှုပ်ချောက်ချားမှုကို ခံစားလာရ၏။
အဲဒါက မျိုးဆက်သွေး ဖိနှိမ်မှုတစ်ခု ဖြစ်၏။
အဲဒါသည် ရှေးဟောင်းခေတ်ကနေ အမြစ်တွယ်လာခဲ့သော အကြောက်တရားတစ်ခုဖြစ်၏။
“ဘုရားရေ.. ဘာ.. ဘာတွေဖြစ်ကုန်တာလဲ”
ကျင့်ကြံသူအချို့က ကြောက်ရွံ့မှုဖြင့် တုန်တုန်ယင်ယင် ဖြစ်နေကြ၏။
ရှီမန်အိမ်တော်တွင် အစက တရားထိုင်နေသော ဓမ္မဝိသေသ တာအိုအရှင်များသည် ရုတ်ရုတ်သဲသဲ အခြေအနေများကြောင့် သတိဝင်လာပြီး အပေါ်သို့ မော့ကြည့်လိုက်ကြ၏။
အို..
သူတို့သည် တုန်လှုပ်ချောက်ချား၍ ပင့်သက်ကို ရှိုက်လိုက်ကြ၏။
“အဲဒါက ဘာသားရဲတောကောင်ပါလိမ့်”
“အဲဒါက ပင်လယ်ထဲက ဝေလငါးများလား”
“မဖြစ်နိုင်ဘူး.. ဝေလငါးတွေဆိုရင်တောင် အဲ့လောက်ထိ ကြောက်စရာမကောင်းနိုင်ဘူး.. ကြည့်ရတာ အဲဒီအော်ရာက…”
ဓမ္မဝိသေသ တာအိုအရှင်အချို့သည် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားပြီး သူတို့က ရင်တထိတ်ထိတ် ဖြစ်လာကြ၏။
အိမ်တော်၏ ထောင့်တစ်နေရာရှိ လိုဏ်ဂူခန်းဝါထဲတွင်.. တံခါးပိတ်ကျင့်ကြံနေသော လူအိုတစ်ယောက်သည် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။
သူ၏မျက်နှာက အရေးအကြောင်းများဖြင့် ပြည့်နှက်နေပြီး သူ၏မျက်လုံးများက လေးလံထိုင်းမှိုင်းနေ၏။ သူက ဘယ်လောက်ကြာအောင် ရှင်သန်နေထိုင်လာခဲ့သလဲ မသိရပေ။
သူ၏အကြည့်က အကာအရံအလွှာများကို ထိုးဖောက်သွားသည် ထင်ရပြီး ကောင်းကင်ထက်ရှိ ကြီးမားသော သတ္တဝါပေါ်သို့ ဆင်းသက်သွား၏။
သူ၏ အတွေ့အကြုံနှင့်ပင်လျှင် အရမ်းကို ကြီးမားသည့် သတ္တဝါကို တွေ့မြင်လိုက်သောအခါ သူက မျက်မှောင်ကြုတ်၍ တီးတိုးရေရွတ်လိုက်၏။
“ခွန်… ကမ္ဘာဦးမျိုးနွယ် ကိုးစုထဲက တစ်စု..”
တိုက်ပွဲနယ်မြေတွင်.. ကြီးမားသည့် သတ္တဝါ၏ မျက်လုံးများသည် ပင်လယ်ရေထက်ပင် ပို၍အေးစက်နေပြီး ထိုအကြည့်က ပကတိအရှင် ဝူဟွားနှင့် အခြားနှစ်ယောက်ပေါ်သို့ ဆင်းသက်သွား၏။
သူတို့သုံးယောက်သည် ပေမင်သမုဒ္ဒရာထဲမှာ ရှိနေကြဆဲဖြစ်၏။
ပကတိအရှင် ဝူဟွားသည် ရူးသွပ်သွားသည့်အလား အဝေးတစ်နေရာသို့ ပြေးထွက်လိုက်၏။
ရုတ်တရက်ဆိုသလို…
သားရဲတောကောင်ကြီးသည် ၎င်း၏ပါးစပ်ကို ဖွင့်ဟပြီး မခုခံနိုင်သည့် စုပ်ယူအားတစ်ခုကို ထုတ်ဖော်လိုက်၏။
ဝှစ်.. ဝှစ်.. ဝှစ်..
ပင်လယ်ရေများက ၎င်း၏ ပါးစပ်ထဲသို့ တိုးဝင်လာကြ၏။
ပကတိအရှင် ဝူဟွားနှင့် အခြားနှစ်ယောက်သည် သားရဲတောကောင်၏ ပါးစပ်ပေါက်ဆီသို့ စုပ်ယူခြင်းခံလိုက်ရ၏။
တစ်ခဏအတွင်းမှာပင်.. သူတို့သုံးယောက်သည် သားရဲတောကောင်၏ ဝါးမျိုခြင်းကိုခံလိုက်ရပြီး လုံးဝ ပျောက်ကွယ်သွားကြ၏။
သေကြလေပြီ။
နိုးထဝိညာဉ်သုံးယောက်သည် ထိုသားရဲတောကောင်၏ အရှင်လတ်လတ် ဝါးမျိုခြင်းကို ခံလိုက်ရ၏။
ရှီမန်ရှေးတော်ဝင်မိသားစုမှ နိုးထဝိညာဉ် ၅ယောက် အပါအဝင် စုစုပေါင်း နိုးထဝိညာဉ် ၁၇ယောက်သည် သေသူသေ.. ဒဏ်ရာရသူ ရကုန်ကြလေပြီ။ မည်သူကမှ ချမ်းသာရာမရကြပေ။
နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားကြသော်လည်း သူတို့သည် ပြောစရာစကားမဲ့သွားရအောင် တုန်လှုပ်သွားရဆဲဖြစ်၏။
ပေမင်ရွှယ် ကျင့်ကြံထားသော မျိုးဆက်သွေးနယ်မြေသည် ပေမင်သမုဒ္ဒရာသာ မဟုတ်ဘဲ သမုဒ္ဒရာ၏ အနက်ပိုင်းထဲမှာ အရမ်းကို ကြီးမားသည့် သားရဲတောကောင်တစ်ကောင်က ပုန်းလျှိုးနေ၏။
ထိုအခိုက်အတန့်တွင် ပေမင်ရွှယ်ကလည်း ထူးဆန်းသော စိတ်အခြေအနေတစ်ခုမှာ ရောက်ရှိနေ၏။
သူမသည် သူမ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်စဉ်ကတည်းက ပေမင်ရွှယ်သည် မျက်မှောင်ကြုတ်ပြီး ပေမင်မြို့ရှိရာဘက်သို့ ငေးငိုင်နေသော အမူအရာဖြင့် လှည့်ကြည့်နေ၏။
ထိုစဉ်မှာပင်.. အလွန်တရာ အေးစက်သော သတ်ဖြတ်လိုစိတ်တစ်ခုက ထွက်ပေါ်လာ၏။
ပေမင်ရွှယ်၏ စိတ်ထဲသို့ သတိပေးချက်တစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာ၏။
သိပ်သည်းပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုက ဆင်းသက်လာပြီး သူမကို မွန်းကျပ်လုနီးပါး ဖြစ်သွားစေ၏။
ကြောက်စရာကောင်းသော စိတ်ဝိညာဉ်အတက်အကျတစ်ခုက လေထဲမှာ ဖြန့်ကြက်လာခဲ့၏။
ပွဲကြည့်ဧရိယာ၌.. ဒေါင်ဖန်ရီနှင့် ရှီမန်ကျီ၏ နှာရောင်များသည် တစ်ပြိုင်နက်တည်း တောက်ပလာကြ၏။ သူတို့နှစ်ယောက်၏ စိတ်ဝိညာဉ်အသိစိတ်များက သိပ်သည်းစုဖွဲ့လာပြီး အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ကာ ပေမင်ရွှယ်အပေါ် သက်ဆင်းလာစေ၏။
မူလနတ္ထိများနှင့် ရှေးတော်ဝင်မိသားစုနှစ်စု၏ အဖွဲ့ခေါင်းဆောင်များအနေဖြင့် သူတို့သည် သူတို့၏ အဆင့်အတန်းအရ ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်လိုခြင်း မရှိခဲ့ကြပေ။
သို့သော်လည်း ပေမင်ရွှယ်၏ မျိုးဆက်သွေးနယ်မြေ ဆင်းသက်လာပြီးနောက်.. သူတို့က ဆက်၍ သည်းမခံနိုင်ကြတော့ပေ။
သူတို့သည် ပေမင်ရွှယ်ကို ဝင်ရောက်သတ်ဖြတ်ရပေမည်။
သူတို့နှစ်ယောက်သည် အလိုလိုနားလည်မှုတစ်ခု ရယူပြီး မည်သည့် ဓမ္မအတတ် သို့မဟုတ် လက်နက်ကိုမှ အသုံးမပြုခဲ့ကြပေ။ ထိုအစား သူတို့သည် မူလနတ္ထိများ၏ သေစေနိုင်စွမ်း အမြင့်မားဆုံး လှုပ်ရှားကွက်ဖြစ်သော အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကို အသုံးပြုလိုက်ကြ၏။
အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များသည် အမြုတေစိတ်ဝိညာဉ်ကို တိုက်ရိုက်ပစ်မှတ်ထားသော သတ်ဖြတ်ခြင်း နည်းစနစ်များ ဖြစ်၏။
ရွှေအမြုတေများကို မပြောနှင့်… နိုးထဝိညာဉ်များပင်လျှင် အဲဒါကို ခုခံနိုင်ဖို့ မဖြစ်နိုင်သလောက်နီးပါးပင်။
ဆေဘာတစ်လက်ကဲ့သို့ စိတ်ဝိညာဉ်အသိစိတ်သည် ပေမင်ရွှယ်၏ အသိစိတ်ကို ချက်ချင်းပင် လှီးဖြတ်နိုင်လေသည်။
နန်းကုန်လင်းသည် စိတ်ဝိညာဉ်အသိစိတ် အတက်အကျတစ်ခုကို အာရုံခံမိသွားပြီး တစ်စုံတစ်ရာကို အလျင်အမြန် နားလည်သွား၏။
သို့သော်လည်း သူ့အနေဖြင့် အဲဒါကို တားဆီးဖို့က နောက်ကျသွားခဲ့လေပြီ။
“မလုပ်ကြနဲ့”
သူက အံ့အားတသင့် အော်လိုက်ရ၏။
“နောက်ကျသွားပြီလေ”
ဒေါင်ဖန်ရီ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းတမ်းသည့် အလင်းတစ်ချက်က ဖျတ်ခနဲလက်သွား၏။
ရှီမန်ကျီကလည်း အေးစက်စွာဖြင့် ပြောဆိုလိုက်၏။
“အဲဒီခွေးမက ငါတို့နှစ်ယောက်ရဲ့ လက်ထဲမှာ သေရတာ သူ့အတွက် ဂုဏ်ယူစရာပဲ”