← Chapters

ငါက သူ့ရဲ့ ဆရာပဲ

Vol. 91 Ch. 1365

ငါက သူ့ရဲ့ ဆရာပဲ

Vol. 91 Ch. 1365

“အစ်မ..”

ပေမင်အောင်သည် စိတ်ပျက်အားငယ်မှုနှင့်အတူ လှမ်းအော်ခေါ်လိုက်၏။

ပေမင်ကလန်ခေါင်းဆောင်၏ မျက်လုံးကလည်း အရောင်မှိန်ကျသွားပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်၏။

ပေမင်ကလန်အနေဖြင့် ဤကဲ့သို့သော ရှားရှားပါးပါး ပြန်ဝင်စား မွန်းစတားတစ်ယောက်ကို မွေးထုတ်ပေးနိုင်ဖို့က မလွယ်ကူပေ။ သူမသည် အရွယ်မတိုင်ခင်မှာပင် ရှေးတော်ဝင်မိသားစုသုံးစု၏ သတ်ဖြတ်ခြင်းကို ခံရပေတော့မည်။

အပြင်လူများကို မပြောနှင့်.. နန်းကုန်လင်းနှင့် အခြားသူများပင်လျှင် အချိန်မီ ဝင်ရောက်တားဆီးနိုင်ခြင်း မရှိကြပေ။

ဒါ့အပြင်.. ပေမင်ကလန်မှ လူတိုင်းက အချိန်မီ တုံ့ပြန်နိုင်မည် ဆိုလျှင်တောင် ဘယ်သူကများ မူလနတ္ထိတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို တားဆီးနိုင်ပါ့မလဲ။

မည်သူကမှ မရပေ။

အမြုတေစိတ်ဝိညာဉ်တစ်ခု၏ ရုန်းကန်ပေါက်ကွဲအားသည် အရမ်းကို မြန်ဆန်ပြီး ချက်ချင်းနီးပါး ဆင်းသက်လာ၏။

ကျောက်သားစင်မြင့်ထက်တွင် ပေမင်ရွှယ်ကလည်း ကူကယ်ရာမဲ့စွာ ငေးကြည့်နေရ၏။

သူမသည် ဤအဆင့် စွမ်းအားတစ်ခုနှင့် ရင်ဆိုင်ရာမှာ လုံးဝ ခုခံနိုင်ခြင်း မရှိတော့ပေ။

သူမ၏ မျိုးဆက်သွေးနယ်မြေက မည်မျှပင် သန်မာသည်ဖြစ်ပါစေ.. အဲဒါက အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကို မခုခံနိုင်ပေ။

အဲဒါက အဆင့်ကြီးနှစ်ဆင့် ကွာဟနေခြင်း၏ ဖိနှိမ်မှုဖြစ်၏။

မူလနတ္ထိများသည် ရွှေအမြုတေများကို အတွေးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်၏။

ရုတ်တရက်ဆိုသလို..

ပေမင်ရွှယ်သည် သူမ၏ လက်ကောက်ဝတ်က ပူနွေးလာသည်ဟု ခံစားလိုက်ရ၏။

လျှို့ဝှက်ဆန်းကြယ်သော ဂါထာမန္တန် ခြောက်သံသည် သူမ၏ စိတ်ထဲမှာ ချက်ချင်းပင် ထွက်ပေါ်လာ၏။

ထို့နောက် ချက်ချင်းပင်.. ရွှေရောင်အကာအရံ အလင်းလွှာတစ်ခုသည် သူမ၏ ဘေးပတ်လည်မှာ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ထွက်ပေါ်လာပြီး ၎င်းပေါ်တွင် ရှေးဟောင်းစာလုံးများစွာ ရှိနေ၏။

“အဲဒါက ဆရာ ငါ့ကို ပေးထားတဲ့ ဗုဒ္ဓပုတီးစေ့တွေပဲ”

ထိုအတွေးက ပေမင်ရွှယ်၏ စိတ်ထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာ၏။

ရှီမန်ကျီနှင့် ဒေါင်ဖန်ရီ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များသည် ချက်ချင်း ဆင်းသက်လာပြီး ပေမင်ရွှယ်၏ မျိုးဆက်သွေးနယ်မြေကို ဖြတ်ကျော်ကာ ရွှေရောင်အကာအရံအလွှာနှင့် ပြင်းထန်စွာ ထိတွေ့ရိုက်ခတ်သွား၏။

စွမ်းအင်နှစ်ခုက ထိတွေ့ရိုက်ခတ်သွားပြီး အကာအရံလွှာ၏ မျက်နှာပြင်ပေါ်မှာ ဝဲဂယက်များ ထွက်ပေါ်၍ ပြင်းထန်စွာ တုန်ခါသွား၏။

သို့သော်လည်း ဖြစ်စဉ်တစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။

အဆုံးသတ်မှာတော့.. အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်နှစ်ခုသည် ရွှေရောင်အကာအရံလွှာ၏ ခံစစ်ကို ချိုးဖျက်နိုင်ခြင်း မရှိဘဲ တိတ်တဆိတ် ပျက်ပြယ်သွား၏။

ပေမင်ရွှယ်၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ သူမ၏ မျိုးဆက်သွေးနယ်မြေက ပျက်ပြယ်သွားသော်လည်း သူမက ရှင်သန်နိုင်ခဲ့၏။

ပေမင်ရွှယ်သည် တုန်လှုပ်မှုဖြင့် အနည်းငယ်​ မောဟိုက်နေသော်လည်း သူမ၏ မျက်လုံးထဲမှာ ဝမ်းသာပျော်ရွှင်မှု ရှိနေ၏။

သူမ၏ ဘေးပတ်လည်ရှိ ရွှေရောင်အကာအရံလွှာသည်လည်း ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ အရောင်အဝါ မှိန်ကျကာ စောစောက ဖြစ်ပျက်သည်များက ပုံရိပ်ယောင်တစ်ခုအလား ဘာမှမကျန်အောင် ပျက်ပြယ်သွား၏။

လေထဲတွင်..

ရှီမန်ကျီ၏ မျက်လုံးက ပြူးကျယ်နေပြီး သူ့မျက်နှာထက်ရှိ လှောင်ပြောင်သရော်လိုရိပ်က အေးခဲသွားကာ အရာရာတိုင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေ၏။

ဒေါင်ဖန်ရီ၏ မျက်လုံးထဲရှိ ကြမ်းကြုတ်ခက်ထန်မှုကလည်း တဖြည်းဖြည်း တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွား၏။

ကြီးမားသော ရှီမန်အိမ်တော်ပတ်လည်တွင် အရှေ့ကနေ အနောက်ထိ အစက ဆူညံပွက်လောရိုက်နေသော အသံများသည် အပ်ကျသံပင် ကြားရလောက်အောင် ပကတိ တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ကျင့်ကြံသူများသည် တစ္တေသရဲတစ်ကောင်ကို တွေ့မြင်နေသည့်အလား.. ကြက်သေသေနေသော အမူအရာများနှင့်အတူ ကျောက်သားစင်မြင့်ထက်ရှိ မိန်းကလေးကို ငေးငိုင်ကြည့်ရှုနေကြ၏။

အဲဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

မူလနတ္ထိနှစ်ယောက်က တိုက်ခိုက်ခဲ့ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်များကို ထုတ်ဖော်ခဲ့ပြီးတာတောင် ပေမင်ရွှယ်က သေမသွားဘူးလား..။

စောစောက အခိုက်အတန့်မှာ ဘာတွေဖြစ်ခဲ့တာလဲ..။

ပေမင်ရွှယ်၏ ဘေးပတ်လည်မှာ ရွှေရောင်အကာအရံလွှာတစ်ခု ပေါ်ထွက်လာခဲ့ပုံရ၏။ အဲဒါက ဘာပါလိမ့်။

ကျင့်ကြံသူများ၏ စိတ်ထဲတွင် မရေမတွက်နိုင်သော မေးခွန်းများက ထင်ဟပ်လာ၏။

နန်းကုန်လင်းသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် ပေမင်ရွှယ်၏ လက်ကောက်ဝတ်ကို စစ်ဆေးကြည့်ရှုကာ တုန်လှုပ်ချောက်ချားသွားရ၏။

မင်းဝမ်ဆုတောင်းပုတီး..

“ဆရာဘိုးလေးက မင်းဝမ်ဆုတောင်းပုတီးကိုတောင် ပေးထားတယ်ဆိုတော့.. သူ့ကို တော်တော်တန်ဖိုးထားတာပဲ”

နန်းကုန်လင်းက အားကျငေးမောသွား၏။

အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်များသည် အရမ်းကို အဖိုးတန်လေသည်။

မင်းဝမ်ဆုတောင်းပုတီးစေ့များကတော့.. သူတို့သည် အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်များကြားမှာ အကောင်းဆုံးဟု သတ်မှတ်နိုင်ပြီး အတိတ်ကာလတုန်းက တာမင်းကျောင်းတော်ကို ထောက်ပံ့ပေးခဲ့သော ရတနာများ ဖြစ်ခဲ့၏။

အချိန်တိုအတွင်းမှာပင်.. ရှီမန်ကျီနှင့် ဒေါင်ဖန်ရီကလည်း တဖြည်းဖြည်း နားလည်သဘောပေါက်သွားကြ၏။

“အဲဒါက အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်တစ်ခုပဲ”

ရှီမန်ကျီသည် သူ၏မျက်လုံးကို မှေးကျဉ်းပြီး သူ၏အကြည့်က တဖျပ်ဖျပ်လက်သွား၏။

အဲဒါက မင်းဝမ်ဆုတောင်းပုတီးစေ့များဆိုတာ သူမသိသော်လည်း သူ၏ အတွေ့အကြုံအရ ပေမင်ရွှယ်သည် အလွန်တရာ စွမ်းအားကြီးမားသော အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်တစ်ခုကို ဝတ်ဆင်ထားခြင်း ဖြစ်မည်ဟု ခန့်မှန်းမိလိုက်၏။

ပေမင်ရွှယ်သည် ရွှေအမြုတေအဆင့်မှာသာ ရှိနေသေးပြီး ဤအမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်ကို အသုံးမပြုနိုင်သေးပေ။

ထိုသို့ဆိုလျှင်တောင်.. သူမသည် ဤအမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်၏ အလိုအလျောက် စွမ်းအားသက်သက်ဖြင့် သူတို့၏ အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်နှစ်ခုကို ခုခံနိုင်ခဲ့၏။

သူက အဲဒါကို အရယူနိုင်ခဲ့မည်ဆိုလျှင် ထိုအမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်ကနေ ထွက်ပေါ်လာမည့် စွမ်းအားက ဘယ်လောက်တောင် ကြီးမားလိုက်မလဲ။

ချက်ချင်းနီးပါးပင်.. ရှီမန်ကျီနှင့် ဒေါင်ဖန်ရီက လောဘရမ္မက်တက်လာကြ၏။

“အဲဒါက ပေမင်ရှေးတော်ဝင်မိသားစုကနေ စောင့်ထိန်းနေတဲ့ လျှို့ဝှက်ချက်များ ဖြစ်နေမလား”

ဒေါင်ဖန်ရီ၏ စိတ်ထဲသို့ အတွေးတစ်ချက်က ဖျတ်ခနဲ ဝင်ရောက်လာ၏။ သူက အဲဒါကို ပိုမိုတွေးကြည့်လေလေ.. အဲဒါက မှန်ကန်နေသည်ဟု ထင်ရလေလေ ဖြစ်၏။

“ပေမင်ရွှယ်က သူမရဲ့ အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်နဲ့ ဒီကပ်ဘေးကနေ ရှောင်လွှဲနိုင်ခဲ့မယ် ဆိုရင်တောင်.. သူက သေခြင်းတရားကနေ မလွတ်မြောက်နိုင်စေရဘူး”

“အမှန်ပဲ.. မူလနတ္ထိအနေနဲ့ သူ့ကို သတ်ဖြတ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်.. သူတို့ကြား ကွာဟချက်က အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်တစ်ခုနဲ့ ဖာထေးနိုင်တဲ့ တစ်စုံတစ်ရာ မဟုတ်ဘူး”

တဖြည်းဖြည်းနှင့် လူအုပ်ကြားထဲမှာ အသံဗလံများက ပြန်လည်ထွက်ပေါ်လာ၏။

“ခွေးမ.. နင် အဲဒီ အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်ကို ဘယ်ကနေ ရလာခဲ့တာလဲ”

ရှီမန်ကျီက တိုက်ခိုက်ဖို့ အလောတကြီး ရှိမနေဘဲ ဖြည်းဖြည်းချင်း မေးလိုက်၏။

ဤအမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်သည် ပေမင်ရှေးတော်ဝင်မိသားစု စောင့်ထိန်းလာခဲ့သော လျှို့ဝှက်ချက်နှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေနိုင်သည်ဟု သူကလည်း တွေးမိလာပြီဖြစ်၏။ အဲဒါကြောင့် သူသည် ပေမင်ရွှယ်ထံမှ အမှန်တရားကို ဖော်ထုတ်ချင်လေသည်။

ပေမင်ရွှယ်က ရင်တစ်ချက်ထိတ်သွား၏။ သူမသည် တိတ်ဆိတ်ငြိမ်သက်နေပြီး သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထား၏။

သူမက သူမ၏ ဆရာအကြောင်းကို ထုတ်ဖော်ပြောကြားစရာ အကြောင်းမရှိပေ။

သူမ၏ဆရာက ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး သူ၏အမြုတေစိတ်ဝိညာဉ်က ထိခိုက်ထားသည်ကို သူမ သိရှိထားခဲ့ပြီဖြစ်၏။ သူက သူ၏ ဓမ္မစွမ်းအားများကိုပင် အသုံးမပြုနိုင်ဘဲ သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျနေ၏။

သူမ ဆရာ၏ တည်နေရာက အခုချိန်မှာ ပေါက်ကြားသွားမည်ဆိုလျှင် သူ့အတွက် အသက်အန္တရာယ် ရှိလာပေလိမ့်မည်။

အပြင်ဘက်မှ ထိပ်သီးဂိုဏ်းကြီးများနှင့် ကမ္ဘာဦးမျိုးနွယ်များ ရောက်မလာသေးလျှင်တောင် ရှေးတော်ဝင်မိသားစုသုံးစု၏ ခွန်အားကပင်လျှင် သူမ ဆရာကို သတ်ဖြတ်နိုင်လေသည်။

“မပြောဘူးလား”

ရှီမန်ကျီက အေးစက်စွာ သရော်ပြုံး၍ ပေမင်ရွှယ်အပေါ် မူလနတ္ထိတစ်ယောက်၏ ဖိအားကို ထုတ်ဖော်လိုက်၏။

“နင်က င့ါကို မပြောချင်ဘူးဆိုလည်း ရတယ်လေ.. ငါ့မှာ နင့်ကို ညှင်းပန်းနှိပ်စက်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ်”

ရှီမန်ကျီက ရက်စက်ကောက်ကျစ်စွာ ပြုံးလိုက်၏။

“အဲဒီအချိန်ကျရင် နင်က ငါ့ဘေးမှာ ဒူးထောက်ပြီး သတ်ဖြတ်ပေးဖို့ တောင်းဆိုလာလိမ့်မယ်”

“အဲဒီ အမြုတေစိတ်ဝိညာဉ် ဓမ္မလက်နက်က သူ့ကို ငါပေးထားတာ”

ရုတ်တရက်ဆိုသလို…

လူအုပ်ကြားထဲကနေ တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို ဖြန့်ကြက်သွား၏။

နန်းကုန်လင်း၊ လျှိုဟန်ယန်နှင့်​ ရူရွှမ်က တုန်လှုပ်သွားကြ၏။

ကျင့်ကြံသူ အားလုံးက လှည့်ကြည့်လိုက်ကြ၏။

ပေမင်ကလန်သားများကြားတွင် အစိမ်းရောင်ဝတ် အမျိုးသားတစ်ယောက်က လူအုပ်ကြီးကို တွန်းဖယ်၍ အပြင်ဘက်သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။

ထိုအမျိုးသားသည် ကြော့ရှင်းသော သွင်ပြင်ရှိသော်လည်း သူ၏မျက်နှာက ညိုးနွမ်း၍ အဝါရောင်သန်းနေ၏။ သူ့မှာ မည်သည့် ကျင့်ကြံမှုမှ မရှိဘဲ အလွန်တရာ အားနည်းနေသည့်ပုံပေါ်ကာ ကျင့်ကြံသူတစ်ယောက်နှင့် မတူပေ။

သို့သော်လည်း ထိုသူ၏ မျက်လုံးများက အလွန်တရာ တောက်ပ၍ စိတ်ဝိညာဉ်ဓာတ်ဖြင့် ပြည့်ဝနေ၏။

“ခင်ဗျား ဘယ်ကို သွားနေတာလဲ.. မသွားနဲ့.. အလကားသက်သက် အသတ်ခံနေရမယ်”

ပေမင်အောင်သည် ဆူဇီမို ထွက်လာသည်ကို တွေ့မြင်သောအခါ ဆူဇီမို၏ လက်ကို အလိုလိုဖမ်းဆွဲလိုက်၏။

ဆူဇီမိုက သူ့ကို လှည့်ပင်မကြည့်ဘဲ ပေမင်အောင်၏ လက်ဖဝါးကို ညင်သာစွာ ပုတ်ချလိုက်၏။

ပေမင်အောင်၏ လက်ဖဝါးက ထုံကျင်သွားပြီး အတန်ကြာသည်အထိ သူ၏ခွန်အားကို အသုံးမပြုနိုင်တော့ပေ။

ပေမင်အောင်သည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ခဏကြာအောင် ကြောင်အ,မှင်တက်နေ၏။

အချိန်တိုအတွင်းမှာပင်.. ရှီမန်ကျီနှင့် ဒေါင်ဖန်ရီသည် ဆူဇီမို၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရှုခဲ့ပြီဖြစ်ပြီး မည်သည့် ခြိမ်းခြောက်မှုကိုမှ မခံစားမိကြပေ။

သူတို့နှစ်ယောက်စလုံး၏ အမူအရာက အလျင်အမြန် ပြေလျော့သွားကြ၏။

“အို..”

ရှီမန်ကျီက ဆူဇီမိုကို လှောင်ပြောင်သရော်လိုသော အကြည့်ဖြင့် ကြည့်ပြီး ညင်သာစွာ ပြုံးကာ မေးလိုက်၏။

“အဲ့တော့.. မင်းက ဘယ်သူလဲ”

“ငါက သူ့ဆရာပဲ”

ဆူဇီမိုက ကျောက်သားစင်မြင့်ထက်ရှိ ပေမင်ရွှယ်ကို လက်ညိုးထိုးပြီး မှင်သေသေဖြင့် ပြောလိုက်၏။

“ဟားဟားဟားဟား”

ရှီမန်ကျီနှင့် ဒေါင်ဖန်ရီက ဟားတိုက်ရယ်မောလိုက်ကြ၏။

ရှေးတောင်ဝင်မိသားစု သုံးစုမှ ကျင့်ကြံသူများစွာကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။

လက်ရှိအခြေအနေက အလွန်တရာ သိသာထင်ရှားနေ၏။ ပေမင်ရွှယ်သည် သေလူတစ်ယောက် ဖြစ်နေခဲ့လေပြီ။ ဤအခိုက်အတန့်မှာ ရှေ့သို့ ထွက်လာသော မည်သူမဆို သူမနှင့်အတူ သေရပေလိမ့်မည်။

အဲဒါကြောင့် သူတို့၏ မျက်လုံးထဲတွင် ဤအစိမ်းရောင်ဝတ် ကျင့်ကြံသူသည် ကောင်းမှန်းဆိုးမှန်း နားမလည်သော အရူးတစ်ယောက်သာ ဖြစ်လေသည်။

ပွဲကြည့်ဧရိယာတွင်.. နန်းကုန်လင်း၊ လျှိုဟန်ယန်နှင့် ရူရွှမ်တို့က မရယ်နိုင်ကြပေ။

သူတို့သုံးယောက်သည် ရှီမန်ကျီနှင့် ဒေါင်ဖန်ရီကို သေလူနှစ်ယောက်ကို တွေ့မြင်နေရသည့်အလား ထူးဆန်းသော အကြည့်များနှင့် တိတ်တဆိတ် ငေးကြည့်နေကြ၏။

All Chapters