သတ်ဖြတ်ရာမှာ ပြတ်သားသူ
Vol. 92 Ch. 1366
“မင်းက သူ့ဆရာဆိုတော့... သူ့ကိုအမြုတေစိတ်ဝိညာဥ်လက်နက်တစ်ခု ပေးထားတယ်ပေါ့... အင်း အဲ့ဒါက အဓိပ္ပါယ်တော့ရှိသားပဲ”
ဒေါင်ဖန်ရီက ခေါင်းညိတ်၍ ဆူဇီမိုကို လှောင်ပြောင်သရော်သလိုကြည့်ကာ ပြုံးစစဖြင့် မေးလိုက်၏။
“အဲ့တော့... မင်းက အခုရှေ့ထွက်လာတယ်ဆိုတာ ဘာလုပ်ဖို့လဲ”
“လူသတ်ဖို့”
ဆူဇီမိုက စိတ်ခံစားချက်ကင်းမဲ့နေပြီး စကားတစ်ခွန်းသာပြောလိုက်၏။ တကယ်တော့ သူသည် ရှေးတော်ဝင်မိသားစုပြိုင်ပွဲသို့ ရောက်ရှိလာသည်မှာ တိုက်ခိုက်ဖို့ စိတ်ကူးမရှိခဲ့ပေ။
သို့သော်လည်း ရှီမန်နှင့် ဒေါင်ဖန်ရှေးတော်ဝင်မိသားစုများသည် မောက်မာဝံကြွား၍ ပေမင်ရွှယ်ကိုတိုက်ခိုက်ဖို့အတွက် နိုးထဝိညာဥ်၁၀ယောက်ကျော်ကို စေလွှတ်ခဲ့ရုံတင် အားမရသေးဘဲ မူလနတ္ထိနှစ်ယောက်ကပါ ကိုယ်တိုင်တိုက်ခိုက်လာခဲ့၏။
အဲ့ဒါက ဆူဇီမို၏အောက်စည်းကို ဖြတ်ကျော်လာခြင်း ဖြစ်လေသည်။
အချိန်အများစုမှာ သူသည် ဘေးကနေ မတ်တတ်ရပ်နေပြီး ပေမင်ရွှယ်ကို လုံလောက်သည့် ဖိအားတစ်ခုရရှိစေရန် လွှတ်ပေးထားခဲ့၏။ အဲ့ဒါက သူမကိုအလျင်အမြန် တိုးတက်လာစေရန် ကူညီပေးနေခြင်းဖြစ်၏။
သို့သော်လည်း မူလနတ္ထိနှစ်ယောက်က ကိုယ်တိုင်တိုက်ခိုက်လာပြီးနောက် အရာရာတိုင်းက ပြောင်းလဲသွားလေပြီ။
သူ၏အမြုတေစိတ်ဝိညာဥ်က ပျက်စီးထိခိုက်ထားသည်ဆိုလျှင်တောင် သူက တာအိုအရှင်အထီးကျန်သိုင်းသခင် ဖြစ်နေဆဲပင်။
သူ၏တပည့်များကို မည်သူကမှ အနိုင်ကျင့်စော်ကားလို့ မရပေ။
“လူသတ်ဖို့လား”
ဒေါင်ဖန်ရီက ရယ်မောလိုက်လေသည်။
“မင်းက ဘယ်သူ့ကို သတ်ချင်သေးတာလဲ”
“မင်းကို”
ဆူဇီမိုသည် ထိုစကားကိုပြောရင်း ရုတ်တရက်ရှေ့သို့တက်လှမ်းကာ မြေပြင်ကိုပြင်းထန်စွာစောင့်နင်းချလိုက်၏။
ဘုန်း...
အဲ့ဒီမှာကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။ ဆူဇီမို၏ ခြေထောက်အောက်ရှိမြေပြင်က သူ၏ခြေနင်းချက်ဖြင့် ချိုင့်ဝင်သွား၏။
လူအုပ်ကြီးသည် အငိုက်မိသွားပြီး တုန်လှုပ်သွားသောအမူအရာများနှင့်အတူ လဲပြိုကျလုနီးပါးဖြစ်ကုန်၏။
ဖုန်များတထောင်းထောင်းထနေသောမြေပြင်ကနေ ပုံရိပ်တစ်ခုက ခုန်တက်သွားပြီး မျက်တစ်မှိတ်အတွင်းမှာပင် ပွဲကြည့်စင်အထက်သို့ ရောက်ရှိသွား၏။ ပေမင်အောင်သည် လေထဲရှိပုံရိပ်ကို မော့ကြည့်ရင်း တုန်လှုပ်သွားကာ အလိုလိုတီးတိုးရေရွတ်လိုက်၏။
“အဲ့-အဲ့ဒါက လူသားတစ်ယောက်ရော ဟုတ်သေးရဲ့လား”
ထိုပုံရိပ်သည် သူ၏စိတ်ထဲရှိ မမာမကျန်းဖြစ်နေသောပုံရိပ်နှင့် အရမ်းကိုကွာခြားနေ၏။
ဆူဇီမိုသည် ဒေါင်ဖန်ရီနှင့် စကားပြောရင်းအချိန်ဖြုန်းမနေဘဲ လေထဲသို့ခုန်တက်လိုက်၏။ သူ၏အနက်ရောင်ဆံပင်က ကခုန်နေပြီး တောက်လောင်နေသော အကြည့်တစ်ခုနှင့်အတူ နတ်ဘုရားသက်ရှိတစ်ပါးကဲ့သို့ လေထဲကနေ သူကဆင်းသက်လာ၏။
“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”
ဒေါင်ဖန်ရီက တုန်လှုပ်၍ ဒေါသထွက်လာသောအမူအရာနှင့်အတူ အော်ငေါက်လိုက်၏။ မမာမကျန်းဖြစ်နေသည်ထင်ရသော ဤလူသည် သူ့ကိုတိုက်ခိုက်ရဲလာပြီး ဤမျှအထိကြောက်စရာကောင်းသော စွမ်းအားတစ်ခုကိုပင် ထုတ်ဖော်လာနိုင်လိမ့်မည်ဟု သူကတကယ်ပင်ထင်မှတ်မထားခဲ့ပေ။
ဒေါင်ဖန်ရီ၏ တုံ့ပြန်မှုက အရမ်းကိုမြန်ဆန်ပြီး သူ၏သိုလှောင်အိတ်ကိုပုတ်ကာ အနက်ရောင်လှံတစ်လက်ကို ဆွဲထုတ်ယူလိုက်၏။
ဓမ္မစွမ်းအားများက တလိပ်လိပ်တက်လာပြီး လှံကတုန်ခါလာကာ ဓမ္မအင်းကွက်၅ခု နှင့်အတူတောက်ပလာ၏။ အဲ့ဒါက ပကတိအဆင့် တာအိုသက်ရှိ ဓမ္မလက်နက်တစ်ခုဖြစ်၏။
“သေစမ်း”
ဒေါင်ဖန်ရီက အော်ငေါက်၍ သူ၏ဘယ်ဘက်လက်ဖြင့် လက်ဟန်ချိပ်စည်းများကို လှုပ်ရှားလိုက်၏။ သူ၏ ညာဘက်လက်က သူ၏လှံတံကိုဆုပ်ကိုင်ပြီး ဆူဇီမိုကိုပစ်ထိုးကာ သူ၏ဘယ်ဘက်လက်ကတော့ ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်၏။
ဘုန်း...
ဓမ္မပညာရပ်ကအရင်ဆုံးဆင်းသက်လာပြီး ဆူဇီမို၏ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ပစ်ဝင်သွား၏။ ဒေါင်ဖန်ရီက ကျေနပ်နှစ်ခြိုက်သွား၏။ ဓမ္မဝိသေသတာအိုအရှင်တစ်ယောက်၏ ခန္ဓာကိုယ်ပင်လျှင် သူ၏ ဓမ္မပညာရပ်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သူ့မျက်လုံးထဲရှိ ပျော်ရွှင်မှုက တုန်လှုပ်မှုအဖြစ်သို့ တမုဟုတ်ချင်းပြောင်းလဲသွား၏။
ထိုဓမ္မပညာရပ်သည် ဆူဇီမိုအပေါ် လုံးဝသက်ရောက်စေခြင်းမရှိပေ။
သူက လုံးဝအဆင်ပြေနေသည့်အလားပင်။
ဆူဇီမို၏ မျိုးဆက်သွေးက မသန်မာသော်လည်း သူ၏ခန္ဓာကိုယ်ကို အသွေးအသားခန္ဓာကိုယ်တစ်ခုအဖြစ် မသတ်မှတ်နိုင်တော့ပေ။
အဆင့်၆ ဖန်တီးခြင်းကြာပဒုမ္မာကို အခြေခံအုတ်မြစ်အဖြစ် ထားပြီး အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကိုယ်ကို ဖန်တီးထားခြင်းဖြစ်ကာ ထိပ်သီးဂိုဏ်းကြီးများမှ ထိပ်တန်းအဆင့် ဓမ္မလက်နက်များဖြင့် ထပ်မံအားဖြည့်ထားသေးလေသည်။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မာကြောမှုသည် မူလတာအိုအရှင် ဓမ္မလက်နက်များနှင့် ယှဥ်နိုင်လေသည်။
မူလနတ္ထိအဆင့် ဓမ္မပညာရပ်တစ်ခုက သူ့ကိုလုံးဝလှုပ်ခတ်စေလိမ့်မည် မဟုတ်ပေ။ ဝင်ရောက်လာသောလှံနှင့် ရင်ဆိုင်ရာတွင် ဆူဇီမိုက သူ၏လက်ဖဝါးကို ရုတ်တရက်ဆန့်ထုတ်ပြီး လျှပ်စီးလိုအမြန်နှုန်းဖြင့် အေးစက်စက်လှံဖျားကို အုပ်ကိုင်ကာ ရှေ့သို့ ပစ်တွန်းလိုက်၏။
ကြီးမားပြင်းထန်သော အားအင်တစ်ခုက ရုန်းကန်ထွက်ပေါ်လာ၏။
ဒေါင်ဖန်ရီသည် လှံကိုလုံးဝဆုပ်ကိုင်ထားနိုင်ခြင်း မရှိတော့ပေ။
လှံက သူ၏လက်ဖဝါးထဲမှ လျှောထွက်သွား၏။
“ဒုတ်...”
ဒေါင်ဖန်ရီသည် ဆတ်ခနဲတုန်သွားပြီး သူ၏ခေါင်းကို ဖြည်းဖြည်းချင်း ငုံ့လိုက်၏။ ဆူဇီမိုသည် လှံအနှောင့်ကိုသုံးကာ သူ၏ရင်ဘတ်ကို ထုတ်ချင်းပေါက်သွားစေလေသည်။ လှံရိုးက ဒေါင်ဖန်ရီ၏ ကျောဘက်ကနေ ပြူထွက်လာပြီး သွေးများဖြင့် စိုရွှဲနေ၏။
သူ၏နှလုံးက လှံရိုးဖြင့် ထိုးဖောက်ခြင်းခံလိုက်ရပြီး သူ၏သွေးချီက လျင်မြန်စွာ ကျဆင်းလာ၏။
ဒေါင်ဖန်ရီ၏မျက်လုံးများက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်လာ၏။
ရုတ်တရက် သူ၏အမြင်အာရုံက ဝေဝါးသွားပြီး ပုံရိပ်တစ်ခုက ဖျတ်ခနဲလက်သွားသည်ဟုထင်ရ၏။
“မကောင်းတော့ဘူး”
ဒေါင်ဖန်ရီက အံ့အားတသင့်ရေရွတ်လိုက်၏။ ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ ပြိုင်စံရှားတစ်ယောက်အနေဖြင့် သူ၏တုံ့ပြန်မှုက အလွန်တရာ မြန်ဆန်ပြီး သူ၏အမြုတေစိတ်ဝိညာဥ်ကို ခန္ဓာကိုယ်ထဲကနေ အလျင်အမြန်ဆွဲထုတ်လိုက်၏။
သူ၏ဦးခေါင်းထက်ကနေ နတ်ဘုရားဆန်ဆန် အလင်းတစ်ခုက ပြူထွက်လာပြီး အဝေးသို့ထွက်ပြေးချင်လေသည်။ သို့သော်လည်း အဲ့ဒါက သူ၏ခန္ဓာကိုယ်ထဲကနေ လွတ်လွတ်ကျွတ်ကျွတ်ထွက်မလာနိုင်ခင်မှာပင် ကြီးမားသောအရိပ်တစ်ခုက သူ့ကိုလွှမ်းခြုံသွား၏။
ဖောင်း...
ဆူဇီမိုသည် ဒေါင်ဖန်ရီ၏ဦးခေါင်းကို ပစ်ရိုက်ချလိုက်၏။ ထိုလက်ဝါးရိုက်ချက်သည် ဒေါင်ဖန်ရီ၏ဦးခေါင်းကို စုတ်ပြဲသွားစေပြီး သူ၏အမြုတေစိတ်ဝိညာဥ်က နေရာမှာပင်ကြေမွကာ သေဆုံးသွားရလေသည်။
သေလေပြီ...
စောစောကတင် မောက်မာခက်ထန်စွာပြောဆိုနေခဲ့သော ဒေါင်ဖန်ရှေးတော်ဝင်မိသားစု၏ အဖွဲ့ခေါင်းဆောင် ဒေါင်ဖန်ရီသည် လူတိုင်း၏ ရှေ့မှောက်မှာပင် ရိုက်သတ်ခံလိုက်ရလေသည်။
ဆူဇီမိုတိုက်ခိုက်ချိန်မှ ဒေါင်ဖန်ရီသေဆုံးသွားချိန်ထိ ဖြစ်စဥ်တစ်ခုလုံးသည် အသက်သုံးရှိုက်စာထက် ပိုမကြာခဲ့ပေ။
ကျင့်ကြံသူများ၏ မျက်လုံးများက ပြူးထွက်လာကြ၏။
“မင်း... မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”
ရှီမန်ကျီသည် တုန်ရီနေသောအသံဖြင့် ဆူဇီမိုကို လက်ညိုးထိုးလိုက်၏။
ဆူဇီမိုထံမှ အရမ်းကိုအန္တရာယ်များသော အော်ရာတစ်ခုဖြာထွက်လာနေသည်ကို သူကခံစားမိလိုက်၏။
“မင်းလည်းသေရမယ်”
ဆူဇီမို၏အကြည့်က လျှပ်စီးကဲ့သို့ကျဆင်းလာပြီး ရှေ့သို့တက်လှမ်းလိုက်၏။ မည်သည့်အပိုလှုပ်ရှားမှုမှမရှိဘဲ သူကရှီမန်ကျီ၏ မျက်နှာကိုပစ်ထိုးချလိုက်၏။
ထိုထိုးချက်၏အော်ရာက အရမ်းကိုကြမ်းကြုတ်ခက်ထန်ပြီး ရှီမန်ကျီသည် အဲ့ဒါကို ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိပေ။
ရွှစ်...
သူ၏နှာရောင်ကနေ ကြေးမုံတစ်ချပ်က ပျံသန်းထွက်ပေါ်လာ၏။
ဇီ...
ရှီမန်ကျီက သူ၏စိတ်ဝိညာဥ်အသိစိတ်ကို အသက်သွင်းလိုက်၏။
ကြေးမုံသည် လေကိုဆန်၍ပြန့်ကားလာပြီး လျင်မြန်စွာ ကြီးထွားကာ တောက်ပနေသော ဓမ္မအင်းကွက်၆ခု နှင့်အတူ မဖျက်ဆီးနိုင်သော ဒိုင်းကာတစ်ခုကဲ့သို့ သူ၏ရှေ့ကနေ ပိတ်ဆို့တားဆီးလိုက်၏။
မူလတာအိုအရှင် ဓမ္မလက်နက်တစ်ခု...
သူ၏ထင်မြင်ချက်အရ သူသည် ဆူဇီမို၏တိုက်ခိုက်မှုကို ခုခံကာကွယ်နိုင်သည်နှင့်အမျှ သူသည် ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။
အိမ်တော်ထဲရှိ ဓမ္မဝိသေသတာအိုအရှင်များသည် ဤကဲ့သို့ ကြီးမားသည့် ရုတ်ရုတ်သဲသဲ အခြေအနေကို သတိထားမိသွားလောက်လေပြီ။ သူတို့က ရောက်လာသည်နှင့် ဤလူကသေချာပေါက်သေရပေလိမ့်မည်။
ရှီမန်ကျီ၏စိတ်ထဲ ထိုအတွေးကဝင်ရောက်လာစဥ် ဆူဇီမို၏လက်သီးက ကြေးမုံပေါ်သို့ ပြင်းထန်စွာ ကျဆင်းလာခဲ့လေပြီ။
ဘုန်း...
အဲ့ဒီမှာကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။
ရှီမန်ကျီက ဆတ်ခနဲတုန်ခါသွား၏။
ဘုန်း...
ထို့နောက် ချက်ချင်းပင် တစ်စုံတစ်ရာ ကြေမွသွားသည့်အလား ထူးဆန်းသောအသံတစ်သံကို ကြားလိုက်ရ၏။
နောက်ခဏ၌ သူ၏အမြင်အာရုံက မှောင်မည်းသွားပြီး သူ၏ဦးခေါင်းမှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားရကာ သူ၏အသိစိတ်က ပျောက်ဆုံးသွားရ၏။
နောက်ဆုံးအချိန်ထိကို သူကမည်သို့မည်ပုံသေသွားခဲ့ရသလဲကို နားမလည်သွားခဲ့ပေ။
သို့သော်လည်း အခြားကျင့်ကြံသူများကတော့ အရာရာတိုင်းကိုရှင်းလင်းစွာမြင်ခဲ့ရ၏။
ဒေါင်ဖန်ရီနှင့် နှိုင်းစာလျှင် ရှီမန်ကျီက ပို၍ပင်မြန်ဆန်စွာ သေဆုံးသွားခဲ့၏။
ရှီမန်ကျီသည် သူ၏ကြေးမုံကို ဆင့်ခေါ်ခဲ့ပြီး ဆူဇီမိုက ထိုးချက်တစ်ချက်ကို ထုတ်ဖော်ခဲ့၏။
ထိုထိုးချက်က ကြေးမုံကို ထိုးဖောက်သွားလေသည်။
မူလတာအိုသက်ရှိ ဓမ္မလက်နက်သည် ဆူဇီမို၏ကိုယ်ကာယဖြင့် ထိုးဖောက်ခြင်းကို ခံလိုက်ရ၏။
ထိုထိုးချက်သည် ကြေးမုံကိုထိုးဖောက်သွားပြီး ရှီမန်ကျီ၏ မျက်နှာပေါ်သို့သက်ဆင်းကာ သူ၏ဦးခေါင်းကို စိစိညက်ညက်ကြေသွားစေ၏။ သူ၏အမြုတေစိတ်ဝိညာဥ်ကလည်း နေရာမှာပင် ပျက်စီးသွားရ၏။
နေရာတစ်ခွင်လုံးက နောက်တစ်ဖန် ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွား၏။
ကျင့်ကြံသူများ၏ လည်ပင်းများသည် မမြင်ရသောလက်တစ်စုံ၏ ဖမ်းညှစ်ထားခြင်းခံနေရသည်ဟု ထင်ရ၏။ သူတို့က အသက်ပင်ကောင်းကောင်းမရှုနိုင်တော့ပေ။
ထိတ်လန့်မှု ၊ တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုတို့က လူတိုင်း၏မျက်နှာပေါ်မှာ ထင်ဟပ်လာ၏။
ရှေးတော်ဝင်မိသားစုမှ ကျင့်ကြံသူများကြားတွင် ဒေါင်ဖန်ရီ ၊ ရှီမန်ကျီနှင့် နန်းကုန်လင်းတို့သည် အသန်မာဆုံး မူလနတ္ထိများဖြစ်ကြ၏။
သူတို့၏ရင်ထဲတွင် မူလနတ္ထိများသည် အထပ်အမြင့်မှာရပ်တည်နေသော ပကတိတည်ရှိမှုများ ဖြစ်ကြ၏။
သို့သော်လည်း တစ်ခဏအတွင်းမှာပင် မူလနတ္ထိနှစ်ယောက်သည် အလောင်းနှစ်လောင်းအဖြစ် ပြောင်းလဲသွားရလေသသည်။
ဒါ့အပြင် ထိုအဖွဲ့ခေါင်းဆောာင်နှစ်ယောက်သည် သေသည့်တိုင်အောင် ထိုးနှက်ခံခဲ့ရခြင်းဖြစ်၏။
သတ်ဖြတ်ရာမှာ ဤမျှအထိ ပြတ်သားသည့်လူကို လက်ရှိအခြေတည်အဆင့် ကျင့်ကြံသူများ ၊ ရွှေအမြုတေများ သို့မဟုတ် နိုးထဝိညာဥ်များပင်လျှင် တစ်ခါမှမတွေ့မြင်ဖူးခဲ့ပေ။ သူတို့အားလုံးသည် လိပ်ပြာလွင့်မတက်ကြောက်လန့်နေပြီး နေရာမှာပင်ရပ်တန့်ကာ လုံးဝလှုပ်ရှားရဲခြင်း မရှိတော့ပေ။