ငါက အထီးကျန်သိုင်းသခင်ပဲ
Vol. 92 Ch. 1369
“ဒါတောင် သူက အဆင်ပြေနေသေးတာလား”
တာအိုအရှင် ခရမ်းတောင်ထွတ်၏ မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်သွားပြီး သူ၏မျက်လုံးနှစ်ဖက်က ကြောက်ရွံ့မှုဖြင့် ပြည့်နှက်လာ၏။
သူ့အနေဖြင့် တိုက်ခိုက်စရာနည်းလမ်း မကျန်ရှိတော့ပေ။
ဓမ္မပညာရပ်များဖြစ်စေ… ဓမ္မလက်နက်များဖြစ်စေ… အမြုတေစိတ်ဝိညာဉ် လျှို့ဝှက်အတတ်များ ဖြစ်စေ.. ဘာတစ်ခုကမှ ဤလူကို မထိခိုက်စေနိုင်ပေ။
ရွှစ်.. ရွှစ်.. ရွှစ်..
တာအိုအရှင် ခရမ်းတောင်ထွတ်နှင့် ကျန်ရှိနေသော ဓမ္မဝိသေသ ပညာရှင်များသည် သူတို့၏ လှုပ်ရှားမှု နည်းစနစ်များကို ထုတ်ဖော်ကာ ခပ်ဝေးဝေးသို့ ပြေးထွက်လိုက်ကြ၏။ သူတို့သည် လေထဲမှာ မတ်တတ်ရပ်ပြီး ဆူဇီမိုနှင့် အကွာအဝေးတစ်ခုခြားကာ မဆင်မခြင် လှုပ်ရှားရဲခြင်း မရှိတော့ပေ။
ထိုဓမ္မဝိသေသတာအိုအရှင်များ အားလုံးသည် ယခုအခါ ကြောက်ရွံ့ထိတ်လန့်နေကြပြီဖြစ်၏။ မည်သူကမှ ယခင်ကကဲ့သို့ တူညီသော မောက်မာဝံ့ကြွားမှုနှင့် ကြမ်းကြုတ်ခက်ထန်မှုတို့ မရှိကြတော့ပေ။
ဆူဇီမိုသည် စိတ်ထဲကနေ လှောင်ရယ်ပြီး ထိုသူများနောက်သို့ ဆက်လိုက်သွားခြင်း မရှိပေ။
သူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးထိခိုက်ထားပြီး သူက ဓမ္မစွမ်းအားများကို အသုံးမပြုနိုင်ပေ။ သူသည် လေထဲသို့ပင် မပျံနိုင်ပေ။
စောစောက တိုက်ပွဲတွင် သူသည် ထိုဓမ္မဝိသေသတာအိုအရှင်များနှင့် အနီးကပ်တိုက်ခိုက်ဖို့အတွက် သူ၏ ကိုယ်ကာယသက်သက်ကိုသာ မှီခိုခဲ့ရ၏။
ယခု ထိုဓမ္မဝိသေသတာအိုအရှင်များသည် အဝေးသို့ ပြေးထွက်သွားကြပြီဖြစ်ပြီး သူတို့နောက်သို့ လိုက်လံဖမ်းဆီးဖို့ဆိုလျှင် သူ့အနေဖြင့် အချိန်နှင့်စွမ်းအင်များစွာကို သုံးစွဲရပေလိမ့်မည်။
သိပ်မကြာခင်.. ယနေ့အဖြစ်အပျက်သည် ရှေးတောင်ဝင်မိသားစုသုံးစုကြားမှာ ပျံ့နှံ့သွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို ဆွဲဆောင်မိသွားခဲ့ပါက အခြေအနေသည် သူ၏ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်လာပေလိမ့်မည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဓမ္မစွမ်းအားများကို အသုံးမပြုနိုင်ပေ။ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် သူ၏ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လာမည်ဆိုလျှင် အဲဒါက သူ့အပေါ် သေချာပေါက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။
“ငါ့နောက်က လိုက်ခဲ့.. ဒီနေရာကနေ အရင်ထွက်ရအောင်”
ဆူဇီမိုက ပေမင်ရွှယ်ဘေးသို့ ရောက်ရှိလာပြီး တီးတိုးပြောဆိုလိုက်၏။
ပေမင်ရွှယ်က မည်သည့်စကားမှ မပြောဆိုဘဲ ခေါင်းညိတ်၍ လိုက်ပါသွား၏။
“ဟဟား”
ရုတ်တရက်.. ရယ်မောသံတစ်သံက အိမ်တော်ထဲကနေ ထွက်ပေါ်လာ၏။
ထို့နောက် ချက်ချင်းပင်.. အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုသည် ဖြန့်ကြက်လာပြီး ၎င်း၏ စွမ်းပကားက ဆင်းသက်လာကာ ရှီမန်အိမ်တော်တစ်ခုလုံးကို လွှမ်းခြုံသွား၏။
စောစောက ဓမ္မဝိသေသတာအိုအရှင်များ ထုတ်ဖော်ထားသော ဖိအားသည် ဤစိတ်ဝိညာဉ်အသိစိတ်နှင့် နှိုင်းစာလျှင် ကမ္ဘာတစ်ခုခြားနေလေသည်။
ကျင့်ကြံသူများသည် တုန်လှုပ်သွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ မျက်လုံးပြူး မျက်ဆန်ပြူးဖြင့်သာ ကြည့်နေကြရ၏။
ဓမ္မဝိသေသအဆင့်သည်ပင် ကျင့်ကြံသူ အများစု၏ စိတ်ကူးစိတ်သန်းများနှင့် အသိသညာကို ကျော်လွန်နေခဲ့ပြီဖြစ်၏။ ထိုအော်ရာ ဆင်းသက်လာသည့် ခဏမှာပင် ကျင့်ကြံသူများ အားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားပြီး ဘယ်လောက်တောင် စွမ်းပကားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရောက်ရှိလာသလဲ မစဉ်းစားနိုင်ကြတော့ပေ။
“မကောင်းတော့ဘူး”
နန်းကုန်လင်းက ရင်တချက်ထိတ်သွား၏။
အဆင့်နိမ့် ကျင့်ကြံသူအချို့သည် အဲဒါကို ပြောနိုင်ချင်မှ ပြောနိုင်မည် ဖြစ်သော်လည်း သူသည် အသွန်းတစ်ရာဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး စွမ်းအားကြီးပုဂ္ဂိုလ် အဆုံးစွန်မီးနှင့်ပင်လျှင် တွေ့ဆုံခဲ့ဖူးလေသည်။ အဲဒါကြောင့် သူသည် ထိုကဲ့သို့သော အော်ရာနှင့် အရမ်းကို ရင်းနှီးလေသည်။
အဲဒါက ပေါင်းစည်းခန္ဓာ အဆင့်မှာသာ ပိုင်ဆိုင်နိုင်သော စွမ်းအားတစ်ခုဖြစ်၏။
လျှိုဟန်ယန်သည် သုန်မှုန်သော အမူအရာရှိလာပြီး အသံတစ်ခုကို တိတ်တဆိတ် ပို့လွှတ်လိုက်၏။
“အဲဒါတော့ ဆိုးပြီ… ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ဒီအိမ်တော်ထဲမှာ ပုန်းလျှိုးနေခဲ့တာပဲ”
သူတို့၏ ဆရာဘိုးလေးသည် ထိခိုက်ဒဏ်ရာ မရရှိထားလျှင်.. သူတို့သည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်လောက်ကို စိုးရိမ်ပူပန်နေလိမ့်မည် မဟုတ်ပေ။
သို့သော် ယခုအခါ သူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးထိခိုက်ထားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျနေ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်နှင့် ရင်ဆိုင်ရလျှင် သူက ပျက်စီးထိခိုက်ရဖို့ များလေသည်။
မသိလိုက် မသိဘာသာနှင့်ပင်.. ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်က လေထဲမှာ ရောက်ရှိနေခဲ့ပြီဖြစ်၏။
သူသည် ထိုနေရာတွင် တစ်ချိန်လုံး ရပ်နေခဲ့သည့်အလား.. သူပေါ်ထွက်လာသည်ကို မည်သူကမှ သတိမထားမိခဲ့ကြပေ။
ထိုပုံရိပ်က သေးငယ်သော်လည်း သူသည် လောကတစ်ခုလုံးနှင့် ပေါင်းစည်းထားသည်ဟု ထင်ရ၏။ လေထဲမှာ မတ်တတ်ရပ်နေရင်း သူ့ထံမှ မနှိုင်းယှဉ်သာသော အော်ရာတစ်ခုက ဖြာထွက်နေ၏။
ကျင့်ကြံသူများ အားလုံးသည် လောကတစ်ခုလုံးနှင့် ရင်ဆိုင်နေရသည့်အလား.. ထိုပုံရိပ်ကို မော့ကြည့်လိုက်ကြ၏။
“အကြီးအကဲချိုးကို နှုတ်ဆက်ပါတယ်”
တာအိုအရှင် ခရမ်းတောင်ထွတ်နှင့် အခြားသူများသည် အဘိုးအိုကို မြင်သောအခါ ကျေနပ်နှစ်ခြိုက်သွားကြ၏။ သူတို့၏ စိတ်နှလုံးထဲရှိ အကြောက်တရားများသည် ပျက်ပြယ်သွားပြီး အလောတကြီး ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြ၏။
အကြီးအကဲချိုးသည် သူ၏ခေါင်းကို အနည်းငယ်မော့၍ တိုက်ပွဲနယ်မြေကို တစ်ချက်ဝှေ့ကြည့်လိုက်၏။ နောက်ဆုံးမှာတော့ သူ၏အကြည့်သည် အေးစက်စက် အမူအရာတစ်ခုနှင့်အတူ ဆူဇီမိုပေါ်သို့ ဆင်းသက်သွား၏။
“တာအိုရောင်းရင်း.. ခင်ဗျားက ရှီမန်ရှေးတော်ဝင်မိသားစုရဲ့ ပိုင်နက်ထဲမှာ ဘာအကြောင်းအရင်းမှ မရှိဘဲ မဆင်မခြင် သတ်ဖြတ်ခဲ့တယ်.. အခု ဘာစကားမှမပြောဘဲ ဒီတိုင်းထွက်သွားတော့မလို့လား”
“အကြောင်းအရင်း မရှိဘူးတဲ့လား”
ဆူဇီမိုက အမူအရာ ကင်းမဲ့နေ၏။
“ရှီမန်နဲ့ ဒေါင်ဖန်ရှေးတော်ဝင်မိသားစုရဲ့ မူလနတ္ထိနှစ်ယောက်က ငါ့ရဲ့တပည့်ကို သတ်ဖြတ်ဖို့အတွက် ပူပေါင်းတိုက်ခိုက်ခဲ့တာ လုံလောက်တဲ့ အကြောင်းရင်း မဟုတ်ဘူးလား”
“အဲဒါကြောင့်လား”
အကြီးအကဲချိုး၏ နှုတ်ခမ်းက လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် ကွေးညွှတ်သွား၏။
“ခင်ဗျားတပည့်က မသေသေးတာကို မပြောနဲ့ဦး.. သူသေသွားခဲ့ရင်တောင် ဘာဖြစ်လဲ”
“သူ သေသွားခဲ့မယ်ဆိုရင် အသတ်ခံရတဲ့သူတွေက ဒီလောက်ပဲကမှာ မဟုတ်ဘူး”
ဆူဇီမိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“သူသာ ဒီနေရာမှာ သေသွားမယ်ဆိုရင်.. ရှီမန်အိမ်တော်မှာရှိတဲ့ လူတိုင်းက သူနဲ့အတူ သေပေးရလိမ့်မယ်”
“မိုက်ရိုင်းလိုက်တာ”
“မောက်မာလိုက်တာ”
“တော်တော်အပြောကြီးတာပဲ”
တာအိုအရှင် ခရမ်းတောင်ထွတ်နှင့် အခြားသူများသည် တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကြ၏။
ရှီမန်ရှေးတော်ဝင်မိသားစုသည် တောင်ပိုင်းဒေသမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် စိုးမိုးခဲ့သော်လည်း ဤကဲ့သို့သော ခြိမ်းခြောက်မှုမျိုးနှင့် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ရပေ။
“မင်းက တော်တော်မောက်မာတာပဲ”
အကြီးအကဲချိုး၏ မျက်လုံးနှစ်ဖက်က သတ်ဖြတ်လိုစိတ်ဖြင့် တဖျပ်ဖျပ်လက်သွား၏။
“အခု ငါသိချင်တာက.. မင်းရဲ့ အစွမ်းအစနဲ့ဆို မင်းက သာမန်အညတရတစ်ယောက်တော့ မဟုတ်နိုင်ဘူး.. မင်းဘယ်သူလဲ.. မင်းက ရှီမန်ရှေးတော်ဝင်မိသားစုကို ဘယ်လိုတောင် ခြိမ်းခြောက်ရဲတာလဲ”
အကြီးအကဲချိုးက သတ်ဖြတ်ချင်နေ၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ အမည် သို့မဟုတ် နောက်ခံက မည်သို့ပင်ဖြစ်ပါစေ သူက သေရပေလိမ့်မည်။
ဤအစိမ်းရောင်ဝတ်ကျင့်ကြံသူသည် စိတ်ရှိတိုင်း သောင်းကျန်းခဲ့ပြီး မထိမခိုက် ထွက်ခွာသွားမည်ဆိုလျှင် ရှီမန်အိမ်တော်၏ ဂုဏ်သတင်းက မြောင်းထဲသို့ ရောက်သွားပေလိမ့်မည်။
ထိုအခါ တောင်ပိုင်းဒေသ၏ ကျင့်ကြံရေးလောကတွင် သူတို့က ဘယ်လိုရပ်တည်နိုင်ပါတော့မလဲ။
သူသည် ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းမှ တပည့်တစ်ယောက် ဆိုလျှင်တောင် သူက သူ့အသက်နှင့် ယနေ့ ပြန်ပေးဆပ်ရပေလိမ့်မည်။
အကြီးအကဲချိုး၏ ဘေးပတ်လည်တွင် ကြောက်စရာကောင်းသော ဓမ္မစွမ်းအား အတက်အကျတစ်ခုက ထွက်ပေါ်လာပြီး နေရာတစ်ခုလုံးက တုန်ခါလာ၏။ လျှပ်စီးများက တဖျပ်ဖျပ်လက်၍ ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ဆင်းသက်လာတော့မည့်အလား ကောင်းကင်ထက်မှာ မိုးကြိုးသံများက တဝုန်းဝုန်းမြည်လာ၏။
အောက်ဘက်ရှိ ကျင့်ကြံသူများသည် ထိတ်လန့်တကြား ဖြစ်လာပြီး အသံတစ်ချက် မထွက်ရဲကြတော့ပေ။
စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်၏ အမျက်ဒေါသသည် သူတို့ ရင်ဆိုင်နိုင်သော တစ်စုံတစ်ရာ မဟုတ်ပေ။
ဆူဇီမိုသည် လေထဲရှိ အကြီးအကဲချိုးကို မှင်သေသေ အမူအရာဖြင့် ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါက အထီးကျန်သိုင်းသခင်ပဲ”
ထိုစကား ထွက်ပေါ်လာသည့် အချိန်မှာပင်.. သူတို့အကြား လေထုက အေးခဲသွားလေသည်။
ထိုစကားလုံးများသည် အချိန်ကို ရပ်တန့်စေနိုင်သည့် စွမ်းအားကြီးမားသော နတ်ဆိုးစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားသည့်အလား ထင်ရ၏။
ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲအပြီး၌ တာအိုအရှင် အထီးကျန်သိုင်းသခင်သည် ကျင့်ကြံရေးလောက၏ တဗူးတစ်ခု ဖြစ်လုနီးပါးဖြစ်လာခဲ့၏။ ဓမ္မဝိသေသ တာအိုအရှင်နှင့် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်အများစုသည် ထိုကိစ္စကိုပင် ဆွေးနွေးပြောဆိုရဲခြင်း မရှိတော့ပေ။
တာအိုအရှင် ခရမ်းတောင်ထွတ်နှင့် အခြားသူများသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး လေထဲကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားကြ၏။
ရုတ်တရက်.. သူတို့သည် ကျင့်ကြံရေးလောကရှိ အထီးကျန်သိုင်းသခင်နှင့် ပတ်သက်သည့် ဖော်ပြချက်များကို အမှတ်ရလာကြ၏။ သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်ရှိကာ နုနယ်သော စာပေသမားတစ်ယောက်နှင့် တူလေသည်။
ထိုဖော်ပြချက်များ အားလုံးသည် သူတို့ရှေ့ရှိ ပုဂ္ဂိုလ်နှင့် အတော်လေးပင် ဆင်တူနေ၏။ တစ်ခုတည်းသော ကွာဟချက်မှာ သူက အနည်းငယ် ဖျားနာသည့်ပုံပေါက်နေခြင်းပင်။
အထီးကျန်သိုင်းသခင်…
အဲဒါက တာအိုအရှင် အထီးကျန်သိုင်းသခင် ဖြစ်၏။
တာအိုအရှင် အထီးကျန်သိုင်းသခင်သည် တစ်ပိုင်းမျိုးနွယ်စုဘိုးဘေးတစ်ယောက်၏ လက်ချက်ဖြင့် လေဟာနယ်စီးကြောင်းထဲသို့ တွန်းပို့ခြင်း ခံခဲ့ရသော်လည်း သူက သေမသွားခဲ့ပေ။ ဒါ့အပြင် သူက တောင်ပိုင်းဒေသသို့ ရောက်ရှိနေလေသည်။
စောစောက အကြီးအကဲချိုးသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေခဲ့၏။ သို့သော်လည်း ထိုစကားလုံးများကို ကြားရပြီးနောက် သူ၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ် လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအားများက ထိုးဖောက်ခံလိုက်ရသော လေအိတ်တစ်လုံးကဲ့သို့ ချက်ချင်းပင် ပျက်ပြယ်သွား၏။
အကြီးအကဲချိုးသည် သူ၏ခြေလက်များက အေးစက်လာသည်ဟု ခံစားရပြီး သူက ကောင်းကောင်းပင် မလှုပ်ရှားနိုင်တော့ပေ။
သူသည် အဲဒါကို လက်မခံချင်သော်လည်း ဤသူက အထီးကျန်သိုင်းသခင် ဖြစ်သည်ဆိုတာကို သူက ကောင်းကောင်းသိလိုက်လေပြီ။
ထိုအော်ရာ.. ထိုအကြည့်နှင့် မောက်မာဝံ့ကြွားသော ထိုလေသံသည် တာအိုအရှင် အထီးကျန်သိုင်းသခင်သာလျှင် ပိုင်ဆိုင်ဖို့ ထိုက်တန်သော တစ်စုံတစ်ရာ ဖြစ်၏။
သူသည် မရေမတွက်နိုင်သော ပြိုင်စံရှားများ၊ ပြန်ဝင်စား မွန်းစတားများနှင့် စွမ်းအားကြီးပုဂ္ဂိုလ်များကို သတ်ဖြတ်ပြီးမှ ထိုအော်ရာကို စုဆောင်းလာနိုင်ခဲ့ခြင်း ဖြစ်လေသည်။ အပြင်လူများက အဲဒါကို တုပချင်သည်ဆိုလျှင်တောင် တုပနိုင်လိမ့်မည် မဟုတ်ပေ။
အဲဒါကို ပုံဖော်ပြီးနောက်.. အကြီးအကဲချိုး၏ ပထမဆုံးတုံ့ပြန်မှုမှာ လှည့်ထွက်ပြေးဖို့ပင်ဖြစ်၏။
ကောင်းကင်နှင့်မြေကြီးတောင်ကြား တိုက်ပွဲမှာ သေဆုံးခဲ့ရသောသူများ ဘယ်လောက်တောင် များပြားခဲ့သလဲ..။
အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများမှ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များကို မပြောနှင့်… ကမ္ဘာဦးမျိုးနွယ်မှ တာအိုအရှင်များနှင့် စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ကြီးမားစွာ ပျက်စီးထိခိုက်ခဲ့ရ၏။
သူသည် ပေါင်းစည်းခန္ဓာအဆင့်မှာ ရှိနေသော်လည်း သူက သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေခဲ့လေပြီ။
သူ၏ တိုက်ခိုက်ရည်ခွန်အားအရ.. တာအိုအရှင် အထီးကျန်သိုင်းသခင်သည် လက်ညိုးတစ်ချောင်းနှင့်ပင် သူ့ကို သတ်ဖြတ်နိုင်လောက်၏။
ယခုအချိန်တွင် သူသည် ဆူဇီမိုကို တိုက်ခိုက်ဖို့နေနေသာ.. သူက သူ့ရင်ထဲရှိ ကြောက်ရွံ့မှုကို ဖိနှိမ်ပြီး လေထဲတွင် နောက်ဆုတ်ခြင်းမရှိဘဲ ရပ်နေနိုင်သည်ကပင် သူ့အနေဖြင့် အလွန်တရာ သတ္တိကောင်းနေခဲ့လေပြီ။