ဆုတ်ခွာကြခြင်း
Vol. 92 Ch. 1370
“သွားရအောင်”
ဆူဇီမိုက ပေမင်ရွှယ်ကို ခေါင်းညိတ်ပြပြီး ရှီမန်အိမ်တော်ကနေ လှည့်ထွက်သွား၏။
ကျင့်ကြံသူများသည် ဘေးသို့ချဲပြီး လမ်းကြောင်းတစ်ခုကို ဖွင့်ပေးထားလိုက်ကြ၏။
တစ်ခဏအတွင်းမှာပင် ဆူဇီမိုနှင့်ပေမင်ရွှယ်သည် လူတိုင်း၏မြင်ကွင်းကနေ ပျောက်ကွယ်သွားကြ၏။
တစ်ချိန်လုံး သူ့ကိုတားဆီးဖို့အတွက် ရှီမန်နှင့် ဒေါင်ဖန်ရှေးတော်ဝင်မိသားစုမှ မည်သူကမှ ထွက်မလာခဲ့ပေ။
ပေါင်းစည်းခန္ဓာ အဆင့်မှာရှိသော အကြီးအကဲချိုးပင်လျှင် ပျက်ယွင်းနေသောအမူအရာဖြင့် လေထဲမှာသာမတ်တတ်ရပ်ပြီး အသံတိတ်နေခဲ့၏။
သူတို့သည် သေချာအာရုံစိုက်ကြည့်မည်ဆိုလျှင် နောက်ပစ်ထားသော အကြီးအကဲချိုး၏လက်နှစ်ဖက်သည် အနည်းငယ်တုန်ယင်နေသည်ကို သတိထားမိပေလိမ့်မည်။
ဆူဇီမိုထွက်ခွာသွားပြီး အတန်ကြာမှ အကြီးအကဲချိုးက စိတ်သက်သာစွာ နောက်ဆုံးသက်ပြင်းချလိုက်၏။
လေပြေတစ်ချက်က တိုက်ခတ်သွားပြီး မသိလိုက်မသိဘာသာနှင့်ပင် သူ၏နောက်ကျောက ချွေးများဖြင့် စိုရွှဲနေခဲ့လေပြီ။
ဆူဇီမို စကားတစ်ခွန်းပြောပြီးချိန်မှ ထွက်ခွာသွားချိန်ထိ ၈မိနစ်မျှသာ ကြာမြင့်ခဲ့၏။
သို့သော်လည်း အကြီးအကဲချိုးအတွက်တော့ အဲ့ဒါသည် နှစ်ပေါင်းတစ်ရာလောက်ကို ဖြတ်သန်းခဲ့ရသည့်အလားပင်။
သူသည် ယခုတင် ငရဲဂိတ်တံခါးကို ဖြတ်ကျော်ခဲ့ပြီး ခြေလှမ်းဝက်ဝင်မိခဲ့လေသည်။
“ကံကောင်းလို့... ကံသီပေလို့ပဲ”
အကြီးအကဲချိုးက ဖြူဖပ်ဖြူရော်အမူအရာနှင့်အတူ အနည်းငယ်မောဟိုက်နေပြီး စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။
“အဲ့ဒါက တာအိုအရှင် အထီးကျန်သိုင်းသခင်ဖြစ်နေတာကိုး... ဘယ်သူက တွေးမိမှာလဲ”
“ငါ-ငါ့ကို အပြစ်တင်လို့ မရဘူး”
“မဟုတ်သေးဘူး... ဒီကိစ္စကို ဒီတိုင်းထားလို့ မရဘူး”
သူသည် တံတွေးကိုမျိုချပြီး သူ့ဘာသာသူတွေးလိုက်၏။
“အထီးကျန်သိုင်းသခင် တောင်ပိုင်းဒေသကို ရောက်ရှိလာတာက ကြီးမားတဲ့ကိစ္စတစ်ရပ်ပဲ.. ငါက ဒီကိစ္စကို မိသားစုသခင် ၊ အကြီးအကဲနဲ့ မဟာအကြီးအကဲတွေဆီကို အစီရင်ခံတင်ပြရမယ်”
ထိုသို့အတွေးဖြင့် အကြီးအကဲချိုးသည် လှစ်ခနဲဆို အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး အဝေးတစ်နေရာသို့ ပြေးထွက်ကာ လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွား၏။
နန်းကုန်လင်းနှင့် အခြားသူများသည်လည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြ၏။
နန်းကုန်လင်းသည် ပေမင်ကလန်သားများရှေ့သို့ ရောက်ရှိလာပြီး လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“မင်းတို့တွေအားလုံးလည်း ထွက်ခွာသင့်ပြီ... ဒီကိစ္စက အရမ်းကိုအရေးကြီးတယ်... မင်းတို့ဒီမှာဆက်နေရင် မထင်မှတ်ထားတဲ့အခြေအနေတွေ ဖြစ်လာနိုင်တယ်”
“ဟုတ်-ဟုတ်ကဲ့”
ပေမင်ကလန်ခေါင်းဆောင်က အလောတကြီးခေါင်းညိတ်ပြလိုက်၏။
ပေမင်အောင်သည် သူ၏သတ္တိကို စုစည်းပြီး မေးလိုက်လေသည်။
“စီနီယာနန်းကုန် ခင်ဗျားကျုပ်တို့ကိုအရင်က ကာကွယ်ပေးခဲ့တယ်ဆိုတာ စီနီယာ အထီးကျန်သိုင်းသခင်ကြောင့်လား”
နန်းကုန်လင်းက ခေါင်းညိတ်၍ တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်း မရှိပေ။
“အထီးကျန်သိုင်းသခင်က ငါတို့ရဲ့ ဆရာဘိုးလေးပဲ.. မင်းရဲ့ အစ်မက ငါ့ရဲ့ဆရာဒေါ်လေးလို့ ပြောလို့ရတယ်”
“အာ...”
ပေမင်အောင်သည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ခဏမျှ ကြောင်အသွား၏။ သူသည် ဖြစ်ပျက်ခဲ့သည့်အရာများကို ဆက်လက်၍ ပုံမဖော်နိုင်တော့ပေ။
နောက်ဆုံးမှာတော့ ယနေ့သူတွေ့ကြုံခဲ့ရသည့်ကိစ္စများက များပြားလွန်းလေသည်။
သူကဲ့သို့ ဆယ်ကျော်သက်တစ်ယောက်ကို မပြောနှင့် နှစ်ပေါင်းထောင်ချီရှင်သန်နေထိုင်လာခဲ့သော ဓမ္မဝိသေသတာအိုအရှင်များပင်လျှင် တစ်ယောက်ပြီးတစ်ယောက် တုန်လှုပ်နေကြ၏။
နန်းကုန်လင်းက ဆက်ပြောလိုက်လေသည်။
“မင်းအသုံးပြုခဲ့တဲ့ ပကတိအဆင့် စိတ်ဝိညာဥ်လက်နက်နှစ်ခုက ဆရာဒေါ်လေးကို ငါတို့ပေးခဲ့တဲ့လက်ဆောင်တွေပဲ”
“မထူးဆန်းတော့ဘူး... မထူးဆန်းတော့ဘူး”
ပေမင်အောင်သည် တီးတိုးရေရွတ်၍ သူ၏စိတ်ထဲတွင်ရှိနေသည့် မေးခွန်းများစွာက တဖြည်းဖြည်းအဖြေတစ်ခုရလာ၏။
သူ၏အစ်မက ပကတိအဆင့်စိတ်ဝိညာဥ်လက်နက်များကို ဘာ့ကြောင့်ပိုင်ဆိုင်ထားခဲ့သလဲ နောက်ဆုံးသူနားလည်သွားခဲ့၏။
သူ့အစ်မသည် သုံးနှစ်အတွင်း သိုင်းတာအိုကို ဤမျှအတိုင်းအတာထိရောက်အောင် ကျင့်ကြံထားခဲ့ပြီး ပကတိအသွင်ပြောင်းလဲသွားရသည့် အကြောင်းအရင်းကို နောက်ဆုံးသူက နားလည်သဘောပေါက်သွား၏။
အကြောင်းမှာ သူတို့၏မိသားစုတွင် အနားယူနေခဲ့သော ချိနဲ့နေသည့် အမျိုးသားသည် ဒဏ္ဍာရီလာနာမည်ကြီး တာအိုအရှင် အထီးကျန်သိုင်းသခင်ဖြစ်နေသောကြောင့်ပင်။
သိုင်းတာအိုကို တာအိုအရှင်အထီးကျန်သိုင်းသခင်က တည်ထောင်ထားခဲ့ခြင်းဖြစ်၏။
သိုင်းတာအိုအပေါ် တာအိုအရှင်အထီးကျန်သိုင်းသခင်ထက် အခြားမည်သူက ပိုပြီးနားလည်သဘောပေါက်နိုင်မှာလဲ..။
ထိုအခိုက်အတန်တွင် ဆူဇီမိုအပေါ် ပေမင်အောင်၏ မကောင်းသောထင်မြင်ချက်များသည် လုံးဝပျောက်ကွယ်သွားပြီး သူ၏စိတ်နှလုံးထဲတွင် အတောမသတ်နိုင်သော အထင်ကြီးမှုနှင့် လေးစားမှုတို့ကသာလျှင် ကျန်ရှိခဲ့တော့၏။
သူသည် ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
တာအိုဘွဲ့တစ်ခုတည်းက ကြီးမားသော ရှီမန်အိမ်တော်၏ ကျင့်ကြံသူများအားလုံးကို ပြောစရာစကားမဲ့သွားစေခဲ့၏။
ကျင့်ကြံရေးလောက၏ အထွတ်အထိပ်နီးပါးမှာရပ်တည်နိုင်သော ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ပင်လျှင် ထိုတာအိုဘွဲ့ကို ကြားသောအခါ မည်သည့်စကားမှ ပြောဆိုရဲခြင်း မရှိတော့ပေ။
အထီးကျန်သိုင်းသခင်နှင့် ရင်ဆိုင်ရာမှာ ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ကြောက်ရွံ့မှုဖြင့် အသံတိတ်နေခဲ့ရ၏။
တာအိုဘွဲ့တစ်ခု၏ စွမ်းပကားက ထိုအဆင့်ထိ ရောက်ရှိနိုင်ခဲ့လေသည်။
“စီနီယာနန်းကုန်”
ပေမင်အောင်သည် ပေမင်ရှေးတော်ဝင်မိသားစုအတွက် အခွင့်အလမ်းတစ်ခုကို တွေးမိသွားပြီး ရင်တစ်ချက်ထိတ်သွား၏။ သူကမနေနိုင်ဘဲ မေးလိုက်လေသည်။
“ကျုပ်အစ်မက ခင်ဗျားရဲ့ဆရာဒေါ်လေးဆိုတော့ ဒီတစ်ခေါက် ကျုပ်အစ်မဘက်ကနေ ရပ်တည်ပြီး ပေမင်ကလန်ကို ကူညီပေးမှာလား”
နန်းကုန်လင်းသည် ညင်သာစွာသက်ပြင်းချ၍ တစ်စုံတစ်ရာဆက်လက်ပြောဆိုခြင်း မရှိတော့ပေ။
ထို့ကြောင့်ပင်လျှင် သူက ခက်ခဲသောအခြေအနေတစ်ခုမှာ ရောက်ရှိနေခဲ့ခြင်းဖြစ်၏။
သူ့အနေဖြင့် သူ၏ဆရာဘိုးလေးနှင့် ပေမင်ရွှယ်ဘက်ကနေ ရပ်တည်ပေးနိုင်လေသည်။ သို့သော်လည်း သူသည် ဤဆုံးဖြတ်ချက်ကို သဘောတူဖို့ သူ၏မိသားစုကလန်ကို ဖျောင်းဖျပေးနိုင်ချင်မှ ဖျောင်းဖျပေးနိုင်ပေလိမ့်မည်။
နန်းကုန်ရှေးတော်ဝင်မိသားစုသည် ဆရာဘိုးလေးနှင့် အတိုက်အခံဖြစ်လာခဲ့မည်ဆိုလျှင် သူက ကိုးယိုးကားရားနိုင်သောအခြေအနေတစ်ခုသို့ ရောက်ရှိသွားပေလိမ့်မည်။
“ငါလည်း မြန်မြန်ပြန်ပြီး ဒီကိစ္စကို မိသားစုသခင်ဆီတင်ပြရမယ်”
နန်းကုန်လင်းသည် ထိုသို့ပြောပြီး လျှိုဟန်ယန် ၊ ရူရွှမ်တို့နှင့်အတူ လှည့်ထွက်သွား၏။
နန်းကုန်ရှေးတော်ဝင်မိသားစုမှ လူတိုင်းသည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။
“ရှင်က ဘာလို့အဲ့လောက်ထိ လောနေတာလဲ”
လေထဲတွင် ရူရွှမ်က မနေနိုင်ဘဲ မေးလိုက်၏။
နန်းကုန်လင်းက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“တောင်ပိုင်းဒေသကို ဆရာဘိုးလေးရောက်နေတာက အရမ်းကိုအရေးကြီးတဲ့ ကိစ္စပဲ... ဒီကိစ္စကို မိသားစုကလန်ဆီ တင်ပြရမယ်... နောက်ပြီး သူဒဏ်ရာရရှိနေတဲ့သတင်းကလည်း သိပ်ကြာကြာဖုံးကွယ်ထားနိုင်မှာ မဟုတ်ဘူး”
လျှိုဟန်ယန်ကလည်း ခေါင်းညိတ်လိုက်၏။
“ရှီမန်ရှေးတော်ဝင်မိသားစုရဲ့ အကြီးအကဲချိုးက ဆရာဘိုးလေးရဲ့ တာအိုဘွဲ့ကို ကြားရတဲ့အချိန်မှာ အကြောက်လွန်သွားလို့သာ သူက ကောင်းကောင်းအကဲမဖြတ်နိုင်တော့တာ”
“သူက ဒီကိစ္စကို သူတို့မိသားစုထံ တင်ပြမယ်ဆိုရင် ရှီမန်ရှေးတော်ဝင်မိသားစုက မိသားစုသခင်နဲ့ အကြီးအကဲတွေက တစ်စုံတစ်ရာလွဲမှားနေတာကို သေချာပေါက်သတိထားမိလာလိမ့်မယ်”
ရူရွှမ်က စိုးရိမ်ပူပန်လာ၏။
“အဲ့ဒါဆိုရင် ဆရာဘိုးလေးက အန္တရာယ်ရှိလာတော့မှာလား”
လျှိုဟန်ယန်ကပြောလိုက်၏။
“ရှီမန်နဲ့ ဒေါင်ဖန်ရှေးတော်ဝင်မိသားစုက ပူးပေါင်းပြီးတော့ ဆရာဘိုးလေးကိုသတ်ဖြတ်ဖို့အတွက် သူတို့ရဲ့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို စေလွှတ်မယ်ဆိုရင် ဆရာဘိုးလေးရဲ့ အမြုတေ စိတ်ဝိညာဥ်က ထိခိုက်ဒဏ်ရာရရှိထားတဲ့အတွက် သူက သေကြေပျက်စီးရဖို့များတယ်”
“တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက် တိုက်ခိုက်လာမယ်ဆိုရင် ဆရာဘိုးလေးအနေနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ ပိုလို့တောင်ခက်ခဲသွားလိမ့်မယ်”
နန်းကုန်လင်းက စိုးရိမ်ပူပန်နေသော အမူအရာဖြင့်သက်ပြင်းချလိုက်၏။
“တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်ကတောင် တိုက်ခိုက်လာမှာလား”
ရူရွှမ်က ထိတ်လန့်သွားပြီး အလိုလိုမေးလိုက်၏။
ပုံမှန်အခြေအနေမှာဆိုလျှင် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးအဆင့်သို့ ကျင့်ကြံထားသည့် လူတစ်ယောက်သည် ဘိုးဘေးအတင့်သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက်ဖြင့် တံခါးပိတ်ကျင့်ကြံနေခဲ့ကြ၏။
သူတို့က အပြင်လောကသို့ ပေါ်ထွက်လာခဲလေသည်။
နန်းကုန်းလင်းကပြောလိုက်၏။
“ဒီကိစ္စက အရမ်းကိုထူးခြားတယ်... ဘာပဲပြောပြော ဒီကိစ္စမှာ တာအိုအရှင်အထီးကျန်သိုင်းသခင် ပါဝင်ပတ်သက်နေတယ်... တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးပညာရှင်တွေက ပေါ်ထွက်လာဖို့ များတယ်”
“အဲ့ဒါဆို ကျွန်မတို့ဘာလုပ်ရမလဲ”
ရူရွှမ်က စိုးရိမ်ပူပန်လာခဲ့၏။
“ကျွန်မတို့က အလယ်ပိုင်းတိုက်ကို ချက်ချင်းသတင်းပြန်ပို့ပြီး ဆရာဘိုးဘိုးအဆုံးစွန်မီးကို အကူညီတောင်းရမလား”
“အဲ့ဒါက နောက်ကျသွားပြီ”
နန်းကုန်လင်းက သူ၏ခေါင်းကို ခါပြလိုက်၏။
“တောင်ပိုင်းဒေသက အလယ်ပိုင်းတိုက်ကနေ ကီလီုမီတာ သန်းနဲ့ချီပြီးဝေးတယ်... သူက အဲ့ဒီသတင်းကိုရရှိပြီး ဒီကိုအပြင်းနှင်လာမယ်ဆိုရင်တောင် ရက်ဘယ်လောက်များများကြာနိုင်မလဲ မပြောတတ်ဘူး”
“နောက်ပြီး ဆရာဘိုးဘိုးက ရောက်လာမယ်ဆိုရင်တောင် သူက တစ်ယောက်တည်း... သူက အလယ်အလတ် ပေါင်းစည်းခန္ဓာအဆင့်ကိုဝင်ရောက်ခါစပဲ ရှိသေးတယ်... သူက လူဘယ်လောက်များများကို ခုခံပေးနိုင်မှာလဲ”
“ဒီကိစ္စမှာ နန်းကုန်ရှေးတော်ဝင်မိသားစုကပဲ ဆရာဘိုးလေးကို ကယ်တင်နိုင်လိမ့်မယ်”
လျှိုဟန်ယန်က တည်ငြိမ်စွာ ဝေဖန်ဆန်းစစ်ပြလိုက်၏။
ရူရွှမ်ကလည်း အလောတကြီးခေါင်းညိတ်လိုက်၏။
“နန်းကုန်မိသားစုက ဆရာဘိုးလေးဘက်မှာ ရပ်တည်ပေးမယ်ဆိုရင် ဒေါင်ဖန်နဲ့ ရှီမန်ရှေးတော်ဝင်မိသားစုက ပူးပေါင်းလိုက်ကြမယ်ဆိုရင်တောင် သူ့ကို ထိခိုက်စေနိုင်မှာ မဟုတ်လောက်တော့ဘူး”
“အဲ့ဒါက ပြောဖို့ခက်တယ်”
နန်းကုန်လင်းက သက်ပြင်းချလိုက်၏။
“ရှေးတော်ဝင်မိသားစု ၃စုက အမြဲတမ်းဆက်ဆံရေးကောင်းခဲ့ပြီးတော့ တစ်ဘက်တည်းမှာပဲ ရပ်တည်ခဲ့ကြတယ်... နန်းကုန်ရှေးတော်ဝင်မိသားစုက အပြင်လူတစ်ယောက်ကို ကူညီဖို့ဆိုတာ သိပ်တော့လက်တွေ့မဆန်ဘူး”
“နောက်ပြီး ဆရာဘိုးလေးရဲ့ သရုပ်သကန်က အရမ်းကိုထူးခြားတယ်... သူကို အင်မော်တယ် ၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းတွေက လက်မခံတော့တဲ့အပြင် ကမ္ဘာဦးမျိုးနွယ်တွေရဲ့ အမဲလိုက်ခြင်းကိုလည်း ခံနေရတယ်... အကျိုးအပြစ်တွေကို ခွဲခြားကြည့်မယ်ဆိုရင် ငါ့ရဲ့နန်းကုန်မိသားစုက သူ့ဘက်ကနေ ရပ်တည်ဖို့ ဖြစ်နိုင်ချေသိပ်မရှိဘူး”
ခဏမျှရပ်တန့်ပြီးနောက် နန်းကုန်လင်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။
“ဘာပဲဖြစ်ဖြစ်လေ.. ကျုပ်က ပြန်ပြီးတော့ ကြိုးစားကြည့်ရမှာပဲ အဲ့ဒါက အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကတော့ ကံကြမ္မာပေါ်ပဲ မူတည်တယ်... ကောင်းကင်ဘုံက ဆရာဘိုးလေးကို ကောင်းချီးပေးပြီး ဒီအကျပ်အတည်းကို ဖြေရှင်းပေးနိုင်ပါစေလို့ မျှော်လင့်ရမှာပဲ”