မျိုးဆက်သွေး၏ လျှို့ဝှက်ဆန်းကြယ်မှု
Vol. 92 Ch. 1371
“ဆရာ.. ဒီတစ်ခေါက် ရှင်ပေါ်ထွက်လာပြီးတဲ့နောက်.. ဒေါင်ဖန်နဲ့ ရှီမန်ရှေးတော်ဝင်မိသားစုက ကိစ္စတွေက ညှိနှိုင်းဆွေးနွေးလို့ မရတော့ဘူး… ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့က တကယ်မလွယ်တော့ဘူး”
ပေမင်ရွှယ်သည် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ဝေဖန်ဆန်းစစ်လိုက်၏။
“အဲဒီ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်က ရှင့်ရဲ့ နာမည်ဂုဏ်သတင်းမှာ ထိတ်လန့်ပြီးတော့ အကြောက်လွန်သွားခဲ့တာ.. ဒါပေမဲ့လို့ ရှေးတော်ဝင်မိသားစုသုံးစုက တောင်ပိုင်းဒေသကို အုပ်စိုးလာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့.. သူတို့မှာ ပညာရှင်တွေ အများကြီးရှိတယ်.. သူတို့က အတူတကွ စုစည်းပြီး ဆွေးနွေးတိုင်ပင်လိုက်ကြတာနဲ့.. ရှင့်ရဲ့ အားနည်းချက်ကို သတိထားမိသွားလိမ့်မယ်”
“ဆရာ.. ကျွန်မအပေါ်မှာ ရှင်လုပ်ပေးခဲ့တဲ့ အရာရာတိုင်းအတွက် ကျွန်မ ကျေးဇူးအရမ်းတင်ရပါတယ်.. ဒါပေမဲ့လို့ ကပ်ဘေးတစ်ခုက ချဉ်းကပ်လာနေပြီ.. ကျေးဇူးပြုပြီး အရင်ထွက်သွားပါတော့.. ကျွန်မကို အရေးလုပ်မနေနဲ့တော့”
ဆူဇီမို၏ လက်ရှိခွန်အားနှင့် စွမ်းအားကြီးမားသော ကိုယ်ကာယအရ.. သူက ဓမ္မစွမ်းအားများကို အသုံးမပြုနိုင်ဘူးဆိုလျှင်တောင် သူ့အနေဖြင့် ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့က အရမ်းကို လွယ်ကူကြောင်း ပေမင်ရွှယ်က သိထား၏။
သို့သော်လည်း သူမက ရွှေအမြုတေတစ်ယောက်သာ ဖြစ်၏။ သူ့အနေဖြင့် သူမကိုပါ အတူခေါ်ပြီး တောင်ပိုင်းဒေသကနေ ထွက်ပြေးလွတ်မြောက်ချင်သည်ဆိုလျှင် အဲဒါက မဖြစ်နိုင်သလောက်ပင်။
ဆူဇီမိုက တည်ငြိမ်သော အမူအရာ ရှိနေ၏။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းစိုးရိမ်စရာ မလိုဘူး.. ငါ့မှာ င့ါအစီအစဉ်နဲ့ငါ ရှိတယ်”
ပေမင်ရွှယ်သည် ဆူဇီမို၏ စကားကို ကြားသောအခါ ထပ်မံ၍ ဖျောင်းဖျမနေတော့ပေ။
သို့သော်လည်း သူမက သူမ စိတ်ထဲတွင် တစ်စုံတစ်ရာ ရှိနေသည့်အလား.. ဆက်လက်၍ မျက်မှောင်ကြုတ်နေ၏။
“မင်းက စိုးရိမ်နေတုန်းပဲလား”
သူတို့နှစ်ယောက်သည် ခဏကြာ လမ်းလျှောက်လာပြီးနောက်.. ပေမင်ရွှယ်သည် ခေါင်းအနည်းငယ်ငုံ့ကာ အခက်တွေ့နေပုံရ၏။ ထိုသည်ကို မြင်သောအခါ ဆူဇီမိုက ပြုံး၍ မေးလိုက်၏။
“ဆရာ.. ကျွန်မ..”
ပေမင်ရွှယ်သည် ဆူဇီမိုကို ကြည့်ပြီး တစ်စုံတစ်ရာကို ပြောချင်သော်လည်း ရပ်တန့်လိုက်၏။
ဆူဇီမိုသည် ပေမင်ရွှယ်၏ အိုးတိုးအမ်းတမ်း အမူအရာကို တွေ့မြင်သောအခါ.. သူက ရပ်တန့်ပြီး လှည့်မေးလိုက်၏။
“ဘာလဲ.. ဘာဖြစ်လို့လဲ”
ပေမင်ရွှယ်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။
“ဆရာ.. ကျွန်မက ဒေါင်ဖန်ရှေးတော်ဝင်မိသားစုက နိုးထဝိညာဉ်တွေနဲ့ တိုက်ခိုက်နေစဉ်အတွင်း.. သိုင်းတာအိုရဲ့ နဝမမြောက် အသွင်ပြောင်းလဲခြင်း၊ နဂါးဆင်အင်အားအဆင့်ကို ဝင်ရောက်ခဲ့တယ်.. အဲဒီနောက် ကျွန်မက မျိုးဆက်သွေးနယ်မြေတစ်ခုကိုလည်း ကျင့်ကြံနိုင်ခဲ့တယ်”
“အင်း”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
“အဲဒါကိုကြည့်ပြီး ပြောရမယ်ဆို.. မင်းရဲ့ မျိုးဆက်သွေးနယ်မြေက တကယ့်ကို တုန်လှုပ်စရာကောင်းတယ်.. အဲဒီ ပေမင်သမုဒ္ဒရာထဲမှာ အရမ်းကို ကြောက်စရာကောင်းတဲ့ သားရဲတောကောင်တစ်ကောင် ပုန်းလျှိုးနေတယ်”
“ငါထင်တာ မမှားဘူးဆိုရင်.. အဲဒါက ကမ္ဘာဦးမျိုးနွယ် ၉စုရဲ့ ခွန်မျိုးနွယ် သားရဲတောကောင် ဖြစ်ဖို့များတယ်”
ပေမင်ရွှယ်က ငေးငိုင်နေ၏။
“အဲဒါတော့ ကျွန်မလည်း မသိဘူး.. ဒါပေမဲ့လို့ ကျွန်မရဲ့ မျိုးဆက်သွေးနယ်မြေ ထွက်ပေါ်လာတဲ့ အချိန်မှာပဲ.. ကျွန်မကို ပေမင်မြို့က တစ်စုံတစ်ရာက လှမ်းခေါ်နေတယ်လို့ ဝိုးတဝါး ခံစားခဲ့ရတယ်”
“ဟမ်”
ဆူဇီမိုသည် ရင်ထဲမှာ လှုပ်ခတ်သွားပြီး အတွေးနက်စွာဖြင့် သူ၏မျက်လုံးကို မှေးကျဉ်းလိုက်၏။
“မင်းက အဲဒီခံစားချက်ကို အခု ရနေသေးလား”
ဆူဇီမိုက မေးလိုက်၏။
“အင်း”
ပေမင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။
“သွားရအောင်.. ငါတို့ ပေမင်မြို့ကိုသွားပြီး စစ်ဆေးကြည့်ရမယ်”
ဆူဇီမိုက ထိုသို့ပြောပြီး ပေမင်ရွှယ်နှင့်အတူ ပေမင်မြို့သို့ ထွက်ခွာသွားလေသည်။
သိပ်မကြာခင် သူတို့နှစ်ယောက်က ပေမင်မြို့သို့ ပြန်လည်ရောက်ရှိလာ၏။
“အဲဒါ ဘယ်လိုနေသေးလဲ”
ဆူဇီမိုက မေးလိုက်၏။
ပေမင်ရွှယ်က သူ၏မျက်လုံးကို မှေးပြီး အာရုံခံကာ ခေါင်းညိတ်ပြလိုက်၏။
“အဲဒါက ဒီနေရာပဲ ဖြစ်ရမယ်.. ဒါပေမဲ့လို့ နေရာအတိအကျကိုတော့ ကျွန်မလည်း မသိဘူး”
“ပေမင်မြို့နဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုခုရှိလား”
ဆူဇီမိုက မြို့ကိုကြည့်ပြီး မေးလိုက်၏။
ပေမင်ရွှယ်က ခါးသက်စွာ ပြုံးပြလိုက်၏။
“ထူးခြားတာ ဘာမှမရှိဘူး.. ဒီနှစ်တွေထဲမှာ ရှေးတော်ဝင်မိသားစုသုံးစုက ကျင့်ကြံသူတွေက ပေမင်မြို့ကို ပိုက်စိပ်တိုက် ရှာဖွေနေခဲ့ကြတယ်.. ရတနာတွေနဲ့ လျှို့ဝှက်ကျမ်းတွေကို မပြောနဲ့.. ရှေးဟောင်းခေတ်က ဆင်းသက်လာမယ့် ကျောက်တုံးတစ်တုံး ရှိမယ်ဆိုရင်တောင် အဲဒါကို ရှေးတော်ဝင်မိသားစုသုံးစုက ကျင့်ကြံသူတွေက ယူသွားလောက်ပြီ”
“ဘိုးဘေးခန်းမက ဘယ်နေရာမှာလဲ”
ဆူဇီမိုက ထပ်မေးလိုက်၏။
ပုံမှန်အခြေအနေမှာဆိုလျှင်.. ကလန်တစ်ခု၏ ဘိုးဘေးခန်းမသည် မိသားစုကလန်တစ်ခုအတွက် အရေးကြီးဆုံး နေရာတစ်ခုဖြစ်ပြီး လျှို့ဝှက်ချက်တချို့ ရှိနေပေလိမ့်မည်။
ပေမင်ရွှယ်က ခေါင်းခါပြလိုက်၏။
“အဲဒီနှစ်တွေထဲမှာ.. ရှေးတော်ဝင်မိသားစုသုံးစုကြောင့် ဘိုးဘေးခန်းမက ပြိုကျသွားခဲ့ပြီ… ဒီဘိုးဘေးခန်းမက နောက်ပိုင်းမျိုးဆက်တွေ ပြန်ပြီးတည်ဆောက်ထားတာပဲ.. အဲဒီမှာ ထူးခြားတာ ဘာမှမရှိဘူး”
ခဏမျှ ရပ်တန့်ပြီးနောက်.. သူမက ဆက်ပြောလိုက်၏။
“ဒီမြို့နဲ့ ပတ်သက်ပြီး ထူးခြားတဲ့ တစ်ခုတည်းသောအရာကတော့.. ဒီနေရာက ပေမင်ကလန်ရဲ့ မူလဇစ်မြစ် ဖြစ်နေတာပဲ.. အဲဒါက အခု ကျွန်မတို့ ပိုင်ဆိုင်သမျှ နောက်ဆုံးနေရာလို့ သတ်မှတ်ရမယ်”
ဆူဇီမိုက အတွေးနက်စွာဖြင့် ငေးငိုင်သွား၏။
ခဏနေပြီးနောက်.. ပေမင်ရွှယ်က မေးလိုက်၏။
“ဆရာ.. ကျွန်မရဲ့ ခံစားချက်က ပေမင်ရှေးတော်ဝင်မိသားစု စောင့်ထိန်းလာခဲ့တဲ့ လျှို့ဝှက်ချက်နဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေမယ်လို့ ဆရာ ခန့်မှန်းနေတာလား”
“အဲဒါက အများကြီးဖြစ်နိုင်တယ်”
ဆူဇီမိုက ခေါင်းညိတ်၍ သူ၏အတွေးကို ဖုံးကွယ်ထားခြင်း မရှိပေ။
ပေမင်ရွှယ်က သူမ၏ခေါင်းကို ခါယမ်းပြလိုက်၏။
“ဒါပေမဲ့လို့… ပေမင်မြို့မှာ လျှို့ဝှက်ချက်တချို့ တကယ်ပဲ ရှိနေမယ်ဆိုရင်.. အဲဒါက ရှာဖွေဖော်ထုတ်ခံရတာ ကြာခဲ့ပြီပေါ့.. ပေမင်ကလန်က ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ပြီးတော့ ကလန်သားတွေများစွာ ရှိခဲ့တယ်.. အဲဒီထဲမှာမှ ကျွန်မတစ်ယောက်တည်းကပဲ ဘာလို့ ထူးဆန်းတဲ့ ခံစားချက်ကို ရမှာလဲ”
ထိုမေးခွန်းကို ကြားသောအခါ.. ဆူဇီမို၏မျက်လုံးက ဝင်းလက်သွားပြီး လွှတ်ခနဲ ပြောလိုက်၏။
“မျိုးဆက်သွေး…”
“ဘယ်လို”
ပေမင်ရွှယ်က နားလည်သဘောပေါက်ခြင်း မရှိဘဲ အလိုလိုပြန်မေးလိုက်၏။
ဆူဇီမိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ပေမင်ရှေးတော်ဝင်မိသားစုမှာ ရှိတဲ့ ကျင့်ကြံရေး နည်းစနစ်တွေနဲ့ ရတနာတွေကို ရှေးတော်ဝင်မိသားစုသုံးစုက ခွဲဝေယူသွားကြပြီး တစ်နေ့ထက်တစ်နေ့ ကျဆင်းလာတယ်လို့ မင်းပြောခဲ့တယ်မလား”
“ဒီနေရာမှာ ကျင့်ကြံရေးရင်းမြစ်တွေ မရှိတော့ဘဲနဲ့.. ရှေးတော်ဝင်မိသားစုသုံးစုက ဒီနေရာကိုလည်း ကန့်သတ်ထားခဲ့တယ်.. ဘယ်သူကမှ အပြင်ဘက်ကို မထွက်နိုင်ကြတော့ဘူး.. အဲဒါကြောင့် ဒီနှစ်တွေထဲမှာ စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူတစ်ယောက်ယောက်က မွေးဖွားပေါ်ထွက်မလာတော့ဘူး”
“အခုဆိုရင်.. ပေမင်မိသားစုမှာ အသန်မာဆုံးက နိုးထဝိညာဉ်တွေပဲ”
ပေမင်ရွှယ်က ပြောလိုက်၏။
“ဒါပေမဲ့လို့.. ကျွန်မက ရွှေအမြုတေအဆင့်မှာပဲ ရှိသေးတယ်.. အရင်လူတွေကိုတောင် မယှဉ်နိုင်သေးဘူး”
“မင်းက သူတို့နဲ့ မတူဘူး”
ဆူဇီမိုက ပြောလိုက်၏။
“မင်းက မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံနိုင်ခဲ့တယ်”
ပေမင်ရွှယ်က သူမ၏ပါးစပ်ကို အနည်းငယ် ဖွင့်ဟပြီး တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။
ဆူဇီမိုက ပြောလိုက်လေသည်။
“မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံနိုင်တယ်ဆိုတာ.. မင်းရဲ့ မျိုးဆက်သွေးထဲမှာရှိတဲ့ စွမ်းအားတချို့ကို နိုးထစေနိုင်တာနဲ့ အတူတူပဲ… အဲဒါကြောင့်ပဲ မင်းက ပေမင်မြို့က တစ်စုံတစ်ရာကို အာရုံခံမိလာတာ ဖြစ်မယ်”
ပေမင်ရွှယ်၏ နှလုံးက စတင်၍ ခုန်ပေါက်လာခဲ့၏။
ပေမင်ရှေးတော်ဝင်မိသားစုကနေ စောင့်ထိန်းလာခဲ့သော ထိုလျှို့ဝှက်ချက်သည် ထွက်ပေါ်လာတော့မည်ဟု သူမက ဝိုးတဝါး ခံစားမိလိုက်၏။
“ဒါ.. ဒါပေမဲ့.. အဲဒီ လျှို့ဝှက်ချက်က ဘာလဲ.. ကျွန်မတို့က အဲဒါကို ဘယ်လိုရှာရမှာလဲ”
ပေမင်ရွှယ်သည် သူမ၏ပါးစပ်က ခြောက်ကပ်လာသည်ဟု ခံစားရပြီး မေးလိုက်၏။
“မျိုးဆက်သွေး”
ဆူဇီမိုက လေးနက်စွာ ပြောလိုက်၏။
“မင်းရဲ့ မျိုးဆက်သွေးက သော့ချက်ဖြစ်လိမ့်မယ် ထင်တယ်”
ပေမင်ရွှယ်က တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူမ၏ ထက်ရှသော လက်သည်းကို လှုပ်ရှားကာ သူမ၏ လက်ကောက်ဝတ်ကို ညင်သာစွာ လှီးဖြတ်လိုက်၏။
ချက်ချင်းပင် သူမ၏ လက်ကောက်ဝတ်ပေါ်မှာ ဒဏ်ရာတစ်ခုက ပေါ်ထွက်လာ၏။
ပေမင်ရွှယ်၏ လက်ရှိကိုယ်ကာယအရ.. မူလစိတ်ဝိညာဉ်လက်နက်များပင်လျှင် သူမကို ထိခိုက်စေနိုင်ဖို့ ခဲယဉ်းလေသည်။ သူတို့က သူမ၏ လက်သည်းများလောက်ပင် ထက်ရှလိမ့်မည် မဟုတ်ပေ။
လတ်ဆတ်သော သွေးများက စီးထွက်လာပြီး မြေပြင်ပေါ်သို့ တစက်စက် ကျဆင်းသွား၏။
မျိုးဆက်သွေးသည် ရွှံ့တောထဲသို့ နစ်မြုပ်သွားပြီး ပျောက်ကွယ်သွားလေသည်။
အဲဒါက အတန်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေ၏။
ပေမင်ရွှယ်၏ မျက်လုံးထဲတွင် စိတ်ပျက်သည့် အရိပ်အယောင်က ထင်ဟပ်လာ၏။
ရုတ်တရက်ဆိုသလို…
မြေပြင်က လှုပ်ခါလာ၏။
ထို့နောက် ချက်ချင်းပင်.. အလွန်တရာ ကြောက်စရာကောင်းသော အော်ရာတစ်ခုသည် ပေါက်ကွဲထွက်ပေါ်လာပြီး ပေမင်မြို့တစ်ခုလုံးက ပြင်းထန်စွာ လှုပ်ခါလာ၏။
ပေမင်ကလန်သားများစွာသည် အော်ဟစ်၍ အဘက်ဘက်သို့ ထွက်ပြေးကုန်ကြ၏။
ဝှစ်.. ဝှစ်.. ဝှစ်…
ရွှံ့ခဲများနှင့် ဖုန်မှုန့်များကြားကနေ အလင်းတန်းများက ရုန်းကန်ထွက်ပေါ်လာပြီး လေထဲမှာ ထိန်ထိန်လင်းသွားစေ၏။
“အဲဒါက ရှေးဟောင်းချိပ်စည်းတစ်ခုပဲ”
ဆူဇီမိုက ထိုအလင်းရောင်ကို တွေ့မြင်သောအခါ သူ၏မျက်လုံးကို မှေးကျဉ်းပြီး အံ့အားတသင့် ရေရွတ်လိုက်၏။
ရှေးဟောင်းခတ်က ချိပ်စည်းတစ်ခုကို ပေမင်မြို့အောက်မှာ ဖုံးကွယ်ထားပြီး ပေမင်ကလန်၏ မျိုးဆက်သွေးကသာလျှင် အဲဒါကို နှိုးဆွပေးနိုင်လေသည်။
သို့သော်လည်း… အဲဒါအတွက် မဖြစ်မနေ လိုအပ်ချက်မှာ ပေမင်ကလန်မှ တစ်စုံတစ်ယောက်သည် မျိုးဆက်သွေးနယ်မြေတစ်ခုကို ကျင့်ကြံပြီး ပေမင်ကလန်မျိုးဆက်သွေး၏ အစစ်အမှန်စွမ်းအားကို နိုးထစေနိုင်ရမည် ဖြစ်၏။
ထိုသည်ကို တွေ့မြင်သောအခါ.. ဆူဇီမိုက အနည်းငယ် ဝမ်းနည်းသလို ခံစားလိုက်ရ၏။
သမိုင်းတစ်လျှောက်တွင် ရှေးတော်ဝင်မိသားစုသုံးစုသည် ပေမင်ကလန်၏ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်ဖို့ ဘယ်တုန်းကမှ လက်မလျှော့ခဲ့ပေ။
သို့သော်လည်း ရှေးတော်ဝင်မိသားစုသုံးစု၏ ဖိအားအောက်တွင် ပေမင်ကလန်သားများက ကျင့်ကြံဖို့ပင် ခဲယဉ်းလာခဲ့၏။ သူတို့အနေဖြင့် မျိုးဆက်သွေးနယ်မြေတစ်ခုကို မပြောနှင့်… ရွှေအမြုတေနယ်မြေတစ်ခုကို ကျင့်ကြံနိုင်ဖို့ပင် အတော်လေး ခဲယဉ်းလာခဲ့၏။
ထို့ကြောင့်ပင်လျှင်.. ပေမင်ကလန်၏ လျှို့ဝှက်ချက်သည် ရှာဖွေဖော်ထုတ်ခံရခြင်း မရှိဘဲ ဤမျှအထိ ကြာမြင့်အောင် တိမ်မြုပ်နေခဲ့ရ၏။
ရှေးတော်ဝင်မိသားစုသုံးစုသည် ဦးနှောက်ခြောက်မတတ် စဉ်းစားပြီး မသမာသော နည်းလမ်းပေါင်းစုံကိုပင် အသုံးပြုခဲ့ကြ၏။ သို့သော်လည်း သူတို့၏ ထိုလုပ်ရပ်ကြောင့်ပင် ဤလျှို့ဝှက်ချက်က တိမ်မြုပ်နေခဲ့ရသည်ကို သူတို့က မသိရှိခဲ့ကြပေ။
သေလောက်အောင် ကြောက်စရာကောင်းသော တိုက်ဆိုင်မှုတစ်ခုဖြင့် ဆူဇီမိုသည် ပေမင်မြို့သို့ ရောက်ရှိလာခဲ့၏။ သူသည် သူ၏ ကံကြွေးကို ဖြတ်တောက်ဖို့အတွက် ပေမင်ရွှယ်ကို တပည့်အဖြစ် လက်ခံပြီး သူ၏တာအိုကို သင်ကြားပေးခဲ့၏။
ထိုကြောင့်သာ မဟုတ်လျှင် ပေမင်ကလန်၏ လျှို့ဝှက်ချက်သည် ဤနေရာမှာ ထာဝရ တိမ်မြုပ်နေပေတော့မည်။