အသွင်ပြောင်းလဲခြင်း
Vol. 92 Ch. 1373
“ဒီကောင်တွေက အဲ့လောက်တောင် နာခံတတ်တာလား”
ဆူဇီမိုက တုန်လှုပ်သွား၏။
သို့သော်လည်း သူက ချက်ချင်းပင် နားလည်သွား၏။
“ဟုတ်တာပေါ့… မင်းက မင်းရဲ့ မျိုးဆက်သွေးမှာရှိတဲ့ စွမ်းအားကို နိုးထစေခဲ့ပြီ.. အဲ့လိုနဲ့ မင်းကို ပေမင်ကလန်ရဲ့ ဘိုးဘေးတွေက အသိအမှတ်ပြုထားပြီးတော့ မင်းကို ဒီနေရာရဲ့ ပိုင်ရှင်အဖြစ် သတ်မှတ်လို့ ရတယ်.. ဒီကျောက်သားရုပ်သေးရုပ်တွေကို မင်းရဲ့ ဘိုးဘေးတွေက ချန်ထားခဲ့တာ ဆိုမှတော့.. မင်းမျိုးဆက်သွေးရဲ့ အော်ရာကို အာရုံခံမိသွားရင် သူတို့က မင်းရဲ့ အမိန့်ကို နာခံမှာပဲ”
ထိုနေရာအရောက်တွင် ပေမင်ရွှယ်သည်လည်း နားလည်သဘောပေါက်သွားပုံရ၏။
“နင်တို့တွေ အားလုံးပဲ အဲဒီမှာ ရပ်နေကြ.. လုံးဝ မလှုပ်နဲ့.. ဒါက ငါ့ရဲ့ဆရာပဲ.. သူ့ကို ဘယ်သူမှ ထိခိုက်အောင် လုပ်လို့ မရဘူး”
ပေမင်ရွှယ်က ကျောက်သားရုပ်သေးရုပ် ၁၈ရုပ်ကို ပြောဆိုလိုက်၏။
ကျောက်သားရုပ်သေးရုပ် ၁၈ရုပ်သည် သူတို့၏ မျက်လုံးများကို တစ်ယောက်ပြီးတစ်ယောက် မှိတ်ပြီး သူတို့၏ မျက်လုံးများထဲရှိ နတ်ဘုရားဆန်ဆန် အလင်းများက အလျင်အမြန် မှိန်ဖျော့သွားကာ ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ပေမင်ရွှယ်သည် ဆူဇီမိုကို အလောတကြီး ထူမပေးလိုက်၏။
“ငါ အဆင်ပြေပါတယ်”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
သူသည် ကျောက်သားရုပ်သေးရုပ်များ၏ ထုနှက်ခြင်း ခံခဲ့ရသော်လည်း သူ၏ အခြေခံအုတ်မြစ်က ထိခိုက်မသွားဘဲ အပေါ်ယံ ဒဏ်ရာများသာ ရရှိခဲ့၏။
ပေမင်ရွှယ်က ပြောလေသည်။
“ဆရာ.. ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းက ရှင့်ရဲ့ အမြုတေစိတ်ဝိညာဉ် ဒဏ်ရာတွေကို ကုသပေးနိုင်တယ်လို့ တစ်ခါပြောခဲ့ဖူးတယ်မလား… မြန်မြန်သွားပြီး ကုသလိုက်.. ကျွန်မက ဒီကျောက်သားရုပ်သေးရုပ်တွေနဲ့အတူ ဒီနေရာကို စောင့်ကြပ်ပြီးတော့ ဘယ်သူ့ကိုမှ အဝင်ခံမှာ မဟုတ်ဘူး”
“ကောင်းပြီလေ”
ဆူဇီမိုက ခဏမျှ စဉ်းစားတွေးတောပြီးနောက်.. ငြင်းပယ်ခြင်း မရှိတော့ပေ။
သူသည် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းဆီသို့ လျှောက်လှမ်းသွားရင်း အနည်းငယ် စိတ်လှုပ်ရှားနေ၏။
သူသည် အကန့်အသတ်မဲ့သော လေဟာနယ်စီးကြောင်းထဲကနေ လွတ်မြောက်လာနိုင်ခဲ့သည်မှာ ပေမင်ရွှယ်ကြောင့် ဖြစ်လေသည်။
နောက်ပိုင်းတွင်.. သူမ ကြုံတွေ့နေရသည့်အရာများကို သူက တွေ့မြင်ခဲ့ပြီး သူမကို တပည့်အဖြစ် လက်ခံကာ ပေမင်မြို့မှာ သုံးနှစ်ကြာအောင် နေထိုင်ခဲ့လေသည်။
ပြီးခဲ့သည့် သုံးနှစ်အတွင်း.. အသက်ဖြတ်ကျိန်စာသည် သူ့ကို ဖိစီးနှိပ်စက်နေခဲ့ပြီး အဲဒါက အရမ်းကို နာကျင်ခဲ့ရ၏။ သို့သော်လည်း သူသည် သူ၏ ကံကြွေးကို ဖြတ်တောက်ဖို့အတွက် ဤနေရာကနေ ထွက်ခွာမသွားခဲ့ပေ။
ယခု သူ၏ အပြုအမူက သူ၏ အမြုတေစိတ်ဝိညာဉ်ကို ကုသဖို့အတွက် အခွင့်အရေးတစ်ခု ပြန်ပေးလာခဲ့ခြင်း ဖြစ်၏။
ယခု အဲဒါကို သူတွေးကြည့်သောအခါ သူသည် သူ၏ဒဏ်ရာများ သက်သာပျောက်ကင်းဖို့အတွက် ထိုအချိန်တုန်းက ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းကို ရှာဖွေဖို့ ထွက်ခွာသွားခဲ့မည်ဆိုလျှင် သူသည် နှစ်ပေါင်း ၃၀ သို့မဟုတ် နှစ်ပေါင်း ၃၀၀ ကြာလျှင်တောင် သူလိုချင်သည့် အရာကို ရရှိချင်မှ ရရှိပေလိမ့်မည်။
လောကရှိ အရာရာတိုင်းသည် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများဖြင့် အလုပ်လုပ်နေကြပြီး ကံကြမ္မာ၏ ဇာတ်ကွက်ထက် ပို၍ထူးခြားတာ ဘာမှမရှိတော့ပေ။
တစ်ခဏအတွင်းမှာပင်.. ဆူဇီမိုသည် ရေကန်ဘေးသို့ ရောက်ရှိလာ၏။
သူသည် အစစ်အမှန်နဂါးခန္ဓာကိုယ်ထံမှ ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း၏ တည်ရှိမှုအကြောင်း တစ်ခါ ကြားသိခဲ့ရလေသည်။ သို့သော်လည်း အဲဒါကို သူကိုယ်တိုင် မြင်တွေ့သောအခါ သူ့မျက်နှာပေါ်ရှိ တုန်လှုပ်မှုများကို ဖုံးကွယ်မထားနိုင်ပေ။
ဤကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းက လောကရှိ ဂမ္ဘီရအဆန်ဆုံးအရာ ဖြစ်လေသည်။
ရေကန်ဘေးမှာ ရပ်နေပြီး အသက်ရှူနေရုံမျှနှင့် ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်ထဲသို့ အသက်ဓာတ်အားများ တလိပ်လိပ် တိုးဝင်လာသည်ဟု ခံစားရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ပို၍ နေသာထိုင်သာ ရှိလာလေသည်။
တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူက ရွှေရောင်ရေကန်ထဲသို့ ခုန်ချပြီး ပက်လက်လှန်ကာ တဖြည်းဖြည်းချင်း နစ်မြုပ်သွား၏။
အတောမသတ်နိုင်သော အသက်ဓာတ်စွမ်းအားများက သူ၏ မွေးညင်းပေါက်များမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်လာပြီး အသက်ဓာတ် အဆီအနှစ်စီးကြောင်းများက သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်ကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဆေးကြောပေးနေ၏။
ကြွယ်ဝသော အသက်ဓာတ်အားများ၏ လွှမ်းခြုံခြင်း ခံထားရသည်မှာ နွေးထွေး၍ အလွန်တရာ သက်သောင့်သက်သာ ရှိလေသည်။
အဲဒီနောက်.. သူ၏ အသွေးအသားများနှင့် ကိုယ်တွင်းအင်္ဂါများထဲတွင် မရေမတွက်နိုင်သော ပုရွက်ဆိတ်ကလေးများ တွားသွားနေသည့်အလား အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ယားယံ၍ ထုံကျင်လာခဲ့၏။
ဆူဇီမို၏ ခန္ဓာကိုယ်သည် ရေကန်ထဲသို့ နစ်မြုပ်သွားပြီး သူ၏အောက်ဘက်ရှိ ဧရာမ ကျောက်တုံးတစ်တုံးနှင့် တိုက်မိသွားလေသည်။
ထိုသို့ တိုက်မိသောကြောင့်လား သို့မဟုတ် တခြားကြောင့်လား မပြောတတ်ပေ။ ကျောက်တုံးများသည် ဘေးဘက်ကနေ ဆူဇီမိုပေါ်သို့ လိမ့်ဆင်းလာပြီး သူ့ကို ပို၍ ချောချောမွေ့မွေ့ နစ်မြုပ်သွားစေ၏။
ထိုအခိုက်အတန့်တွင် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ ခန္ဓာကိုယ်၊ မျိုးဆက်သွေး၊ အရိုးများ၊ ကိုယ်တွင်းအင်္ဂါများနှင့် အမြုတေစိတ်ဝိညာဉ်ကိုပင်လျှင် ဆေးကြောပေးနေ၏။
ဆူဇီမိုသည် ရေကန်ထဲရှိ ကျောက်တုံးများနှင့် ပတ်သက်၍ အရေးစိုက်မနေပေ။
ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း၏ အားဖြည့်မှုသည် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကို ကုသပေးနေရုံသာမက သူ၏ ကျင့်ကြံမှုအဆင့်ကိုပါ တိုးလာစေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အတွင်းရော အပြင်ပါ ကြီးမားသော အသွင်ပြောင်းလဲမှုတစ်ခုကို ဖြတ်ကျော်နေ၏။
သူ၏ မွေးညင်းပေါက်များမှ အညစ်အကြေးများကဲ့သို့ မည်းနက်သော အရာများက စိမ့်ထွက်လာခဲ့၏။
သူ၏ အရိုးများကတော့ သူတို့ကို အခြေခံအုတ်မြစ်အဖြစ် ကြာရိုးများနှင့် ပြုလုပ်ထားပြီး ထိပ်သီးဂိုဏ်းကြီးများမှ ရတနာများစွာကို ထပ်မံအားဖြည့်ပေးထား၏။ သူတို့သည် အစကတော့ စိမ်းရွှေရောင် ဖြစ်လေသည်။
ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း၏ ဆေးကြောသန့်စင်မှုအောက်တွင် စိမ်းရွှေရောင်အရိုးစုသည် တဖြည်းဖြည်းနှင့် အသွင်ပြောင်းလဲလာခဲ့၏။
၎င်းသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပလာခဲ့၏။ အစိမ်းရောင်သည် ပိုမိုသိပ်သည်းလာပြီး ရွှေညိုရောင်က တဖြည်းဖြည်း ဖျော့တော့သွား၏။
ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းကနေ ဖယ်ရှားပေးလိုက်သော အနက်ရောင် အညစ်အကြေးများသည် တကယ်တော့ သူ၏ အရိုးစုများကို ပုံသွင်းဖို့အတွက် ဆူဇီမို သန့်စင်အသုံးပြုခဲ့သော မဟာရတနာများပင် ဖြစ်လေသည်။
ထိုရတနာများသည် အစက မည်ကမတ္တတပည့်များ၏ ဓမ္မလက်နက်များ ဖြစ်ခဲ့ပြီး အရမ်းကို စွမ်းအားကြီးမားလေသည်။
သို့သော် ယခုအခါ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ထိုရတနာများကို အရည်ဖျော်ပြီး အညစ်အကြေးများအဖြစ် သူ၏ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပစ်လိုက်လေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာမှ အရိုးတိုင်း၏ အော်ရာသည် အစစ်အမှန်ကြာရိုးတစ်ခုကဲ့သို့ ပို၍ သန့်စင်လာပြီး ပို၍ ကြည်လင်လာခဲ့၏။
သူ၏ အရိုးများနှင့် မျိုးဆက်သွေးသည် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ရပ်ကို တွေ့ကြုံနေ၏။
ဝေါ…
သူ၏ ခြင်ဆီများ စီးဆင်းလာသောအခါ ထူးဆန်းသော အသံများက ထွက်ပေါ်လာ၏။
သူ၏ အရိုးများက ကြီးထွားလာပြီး သူ၏ ခြင်ဆီအရည်က အဆက်မပြတ် ဖလှယ်ကာ ဆင်းသက်လာသော မျိူးဆက်သွေးက ပို၍ပင် သန်မာလာ၏။
သူ၏ အသိစိတ်ထဲတွင် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်း၏ အားဖြည့်မှုအောက်၌ ဖန်တီးခြင်းကြာခုံသည် အလင်းရောင်ခြည်များနှင့်အတူ တောက်ပလာပြီး အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို အဆက်မပြတ် ဆေးကြောသန့်စင်ပေးနေ၏။
ကျိန်စာများက နတ်ဆိုးအဆန်ဆုံး ဖြစ်လေသည်။
သို့သော်လည်း ထိုစွမ်းအားသည်ပင် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းကို မခုခံနိုင်ပေ။
သူ၏ အသိစိတ်ထဲတွင် ပြိုးပြိုးပြက်ပြက် အလင်းရောင်များသည် ခံ့ညားထည်ဝါစွာ တောက်ပလာပြီး သူ၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်ကို လွှမ်းခြုံထားသော စိမ့်ဖန့်ဖန့် မြူခိုးများသည် တဖြည်းဖြည်း အရည်ပျော်ကျသွား၏။ ကျိန်စာ၏ စွမ်းအားကလည်း တဖြည်းဖြည်း ပျက်ပြယ်လာခဲ့လေသည်။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် အတွင်းရော အပြင်ပါ အကန့်အသတ်မဲ့သော အသက်ဓာတ်အားကို ဖြာထုတ်ပေးပြီး သိပ်သည်းကျစ်လစ်လာခဲ့၏။
. . . . .
ရှီမန်ရှေးတော်ဝင်မိသားစုတွင်…
ပညာရှင် ၁၀ယောက်ကျော်သည် အစည်းအဝေးခန်းမထဲမှာ ထိုင်နေကြ၏။ သူတို့အားလုံးသည် ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ဖြစ်ပြီး လေထုက သိပ်သည်းလေးလံနေ၏။
ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ၁၀ယောက်ကျော် စုစည်းနေသည့် အချက်ကပင် ဤကိစ္စက ဘယ်လောက်တောင် အရေးကြီးသလဲ သိသာလေသည်။
အလယ်တွင် ထိုင်နေသော လူက သတ်လတ်ပိုင်းအရွယ်သာ ရှိသော်လည်း သူသည် နောက်ပိုင်း ပေါင်းစည်းခန္ဓာအဆင့်သို့ ကျင့်ကြံထားခဲ့လေပြီ။ တောက်လောင်နေသော အကြည့်နှင့် ဩဇာအာဏာ ကြီးမားသော နေရာမှာ အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့သော တစ်စုံတစ်ယောက်၏ ခံ့ညားထည်ဝါသော အော်ရာနှင့်အတူရှိနေပြီး သူက ရှီမန်ရှေးတော်ဝင်မိသားစု၏ မိသားစုသခင် ဖြစ်လေသည်။
အကြီးအကဲချိုးက ခန်းမ၏ အလယ်မှာ မတ်တတ်ရပ်နေ၏။
“အထီးကျန်သိုင်းသခင်က အခုဆိုရင် တောင်ပိုင်းဒေသကို ရောက်ရှိလာခဲ့ပြီ.. သူက ဒေါင်ဖန်မိသားစုနဲ့ ကျုပ်တို့ မိသားစုနဲ့ပါ အတိုက်အခံ ဖြစ်ခဲ့တယ်.. အားလုံးပဲ ဘာလုပ်ရမလဲ စဉ်းစားကြည့်ကြပါဦး”
ရှီမန်မိသားစုသခင်သည် တည်ငြိမ်နေပြီး လက်ဖက်ရည် တစ်ငုံကို သောက်ပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အထီးကျန်သိုင်းသခင်က သီဖန်းရဲ့ တိုက်ခိုက်ခြင်း ခံရပြီးတာတောင် လေဟာနယ်စီးကြောင်းထဲကနေ အသက်ရှင်လျက် ပြန်ရောက်လာနိုင်တယ်ဆိုတာ တော်တော်ကံကောင်းတာပဲ”
“အထီးကျန်သိုင်းသခင်က ဂြိုဟ်ဆိုးပဲ… သူ သွားလေရာ နေရာတိုင်းမှာ ဘယ်အရာမှ အေးအေးချမ်းချမ်း မရှိဘူး”
“အထီးကျန်သိုင်းသခင်က မြောက်ပိုင်းဒေသနဲ့ အလယ်ပိုင်းတိုက်မှာ ကြီးမားတဲ့ ဂုဏ်သတင်းတစ်ခု ရှိနေခဲ့ပြီ.. ဒါပေမဲ့လို့ သူက တောင်ပိုင်းဒေသမှာ ငါတို့ ရှေးတော်ဝင်မိသားစုနှစ်စုကို စိန်ခေါ်ချင်တာကတော့ နည်းနည်း မောက်မာရာမကျဘူးလား”
အဘိုးအိုတစ်ယောက်က ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါ့အထင်တော့ ဒီကိစ္စကို သည်းခံပေးလို့ မရဘူး.. ငါတို့က အနာဂတ်ပြဿနာကို တစ်ခါတည်း ဖြေရှင်းဖို့အတွက် အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ရမယ်”
“အကြီးအကဲ ကျင့်ယွဲ့.. အဲဒါက သိပ်ပြီးတော့ မသင့်လျော်ဘူး”
အကြီးအကဲချိုးက မျက်မှောင်ကြုတ်လိုက်၏။
“အထီးကျန်သိုင်းသခင်က ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက် ဆိုပေမဲ့ ကောင်းကင်နဲ့မြေကြီးတောင်ကြား တိုက်ပွဲမှာ သေဆုံးခဲ့ရတဲ့ ပေါင်းစည်းခန္ဓာ ပညာရှင်တွေ ဘယ်လောက်တောင် များခဲ့သလဲ.. ကျင့်ကြံရေးလောကတစ်ခုလုံးက အခုဆိုရင် သူ့ကို တုန်လှုပ်နေကြပြီ”
“အခု အထီးကျန်သိုင်းသခင်က ပြန်ရောက်လာပြီဆိုတော့.. သူက အရမ်းကို လွှမ်းမိုးခြယ်လှယ်မှု ရှိနေမှာပဲ.. ကျုပ်အထင်တော့ သူနဲ့ ရန်ဘက်အဖြစ် ရပ်တည်ဖို့က သိပ်တော့ မသင့်လျော်ဘူး”
အကြီးအကဲ ကျင့်ယွဲ့က ညင်သာစွာ ပြုံးလိုက်၏။
“အကြီးအကဲချိုး.. ခင်ဗျားက အသက်ကြီးလာလို့ အရင်ကလောက် မထက်မြက်တော့ဘူး ထင်တယ်… ခင်ဗျား ပြောပုံအရဆိုရင် အထီးကျန်သိုင်းသခင်က သေချာပေါက် ဒဏ်ရာရထားတာလို့ ကျုပ် ပြောနိုင်တယ်”
“အဲဒါက ဘာအဓိပ္ပာယ်လဲ”
အကြီးအကဲချိုးက မျက်မှောင်ကြုတ်လိုက်၏။
အကြီးအကဲ ကျင့်ယွဲ့က အလောတကြီး မရှိဘဲ ပြောလိုက်၏။
“ခင်ဗျားရဲ့ ဖော်ပြချက်အရဆိုရင်.. အထီးကျန်သိုင်းသခင်က စတင်တိုက်ခိုက်ချိန်ကနေ နောက်ဆုံးအချိန်ထိ သူက ဘယ်ဓမ္မပညာရပ်ကိုမှ မသုံးခဲ့ပဲနဲ့ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ပဲ တိုက်ခိုက်ခဲ့တာပဲ”
“အဲဒါတော့ ဟုတ်တယ်.. ဒါပေမဲ့လို့ အဲဒါက ဘာများမှားနေလို့လဲ.. အထီးကျန်သိုင်းသခင်က သန်မာတဲ့ ကိုယ်ကာယ ရှိပြီး အနီးကပ် တိုက်ခိုက်ရည်မှာ အရမ်းကို ထူးခြားတာ လူတိုင်း သိထားတာပဲ”
အကြီးအကဲချိုးက ငြင်းဆန်လိုက်၏။
အကြီးအကဲ ကျင့်ယွဲ့က ခေါင်းခါပြလိုက်လေသည်။
“သူက ဓမ္မပညာရပ်တွေကိုပဲ အသုံးမပြုခဲ့တာကြောင့်ဆိုရင်.. အဲဒါက ဘာမှပြောစရာ မရှိဘူး.. အထီးကျန်သိုင်းသခင်က ဘယ်ဓမ္မလက်နက်နဲ့ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကိုမှ အသုံးမပြုခဲ့ဘူး… နောက်ပြီး သူက လေထဲမှာလည်း မပျံခဲ့ဘူး.. အဲဒါက ထူးခြားမှု မရှိဘူးလို့ ပြောနိုင်ပါ့မလား”
အကြီးအကဲချိုးက အလေးအနက် စဉ်းစားပြီး မျက်မှောင်ကြုတ်လိုက်၏။